စွန့်ပစ်ခံရနှုန်းတိုးလာတဲ့ရင်ခွင်ပျောက်ကလေးတွေ

စွန့်ပစ်ခံကလေးငယ်တစ်ဦး ကိုသရုပ်ဖော်ပုံ

ဓာတ်ပုံ ရင်းမြစ်, AFP via Getty Images

ဓာတ်ပုံ ပုံစာ, စွန့်ပစ်ခံကလေးငယ်တစ်ဦး ကိုသရုပ်ဖော်ပုံ

ချက်ကြိုးတောင် မဖြတ်ရသေးတဲ့ မွေးကာစ ကလေးတွေကစလို့ လူမမယ်ကလေး စွန့်ပစ်ခံရတဲ့ ဖြစ်စဥ်တွေ ပြီးခဲ့တဲ့ နှစ်နှစ်အတွင်း တိုးမြင့်လာပါတယ်။

ဒါ့အပြင် ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မူဆယ်၊ တောင်ငူ စတဲ့ မြို့နယ်တွေက ပရဟိတအဖွဲ့ ၅ ဖွဲ့ထက်မနည်းကလည်း ဒီနှစ်ပိုင်းမှာ မိဘမဲ့သွားတာ၊အုပ်ထိန်းသူက စွန့်ပစ်တာ၊ မွေးစားဖို့ပေးလာတာ စတဲ့ကလေးတွေ ပိုများလာတယ်လို့ ပြောကြပါတယ်။

အဲဒီပရဟိတ အဖွဲ့အစည်းတွေကို မေးမြန်းချက်အရ ဒီနှစ်အတွင်းမှာ စွန့်ပစ်ခံ ကလေးအရေအတွက် စုစုပေါင်း ရာနဲ့ချီ ရှိနေတာကို တွေ့ရပါတယ်။

ဘီဘီစီက စာရင်းပြု လေ့လာချက်အရ မွေးကင်းစကနေ တစ်နှစ်သားဝန်းကျင်အထိ ကလေးငယ်စွန့်ပစ်ခံရမှုဟာ ၂၀၂၃ နဲ့ ၂၀၂၄ ခုနှစ်မှာ ၃ ယောက်စီပဲရှိခဲ့ရာကနေ ၂၀၂၅ ခုနှစ်မှာ ၁၃ ယောက်အထိတိုးလာနေပါတယ်။

မိဘမဲ့ဂေဟာတွေမှာ ကလေးတွေ ရာချီ ရှိနေပါတယ်။

ဓာတ်ပုံ ရင်းမြစ်, ရှင်ချမ်း မိဘမဲ့ကလေးများဂေဟာ

ဓာတ်ပုံ ပုံစာ, မိဘမဲ့ဂေဟာတွေမှာ ကလေးတွေ ရာချီ ရှိနေပါတယ်။

စွန့်ပစ်ခံရတဲ့ နောက်ခံအကြောင်းတွေ

လူမှုရေး၊ စီးပွားရေး၊ အိမ်ထောင်ရေး အဆင်မပြေမှုတွေကြားမှာ ကလေးတွေက စွန့်ပစ်ခံ ဖြစ်လာကြပါတယ်

ဓာတ်ပုံ ရင်းမြစ်, Save The Trees

ဓာတ်ပုံ ပုံစာ, လူမှုရေး၊ စီးပွားရေး၊ အိမ်ထောင်ရေး အဆင်မပြေမှုတွေကြားမှာ ကလေးတွေက စွန့်ပစ်ခံ ဖြစ်လာကြပါတယ်

ရှမ်းမြောက်ပိုင်းနဲ့ တနင်္သာရီတိုင်းလို ပဋိပက္ခတွေ ရှိနေတဲ့ နေရာဒေသတွေသာမက ရန်ကုန်၊ မွန်၊ နေပြည်တော်၊ ပဲခူး၊ မန္တလေး စတဲ့ တိုင်းနဲ့ပြည်နယ်တွေမှာလည်း ကလေးစွန့်ပစ်တဲ့ဖြစ်ရပ်တွေ တွေ့ရပါတယ်။

"တောင်ငူက ဘုန်းကြီးကျောင်းတွေ၊ ခရစ်ယာန်ဘာသာ‌ရေးကျောင်းတွေ၊ မိဘမဲ့ ပရဟိတ ဂေဟာတွေကို လာပို့ကြတာ မနည်းဘူး။ တချို့ ဂေဟာတွေဆိုရင် ထပ်ပြီး လက်မခံနိုင်တာတွေ ရှိလာတယ်" လို့ စွန့်ပစ်ကလေးတွေကို ကူညီပေးနေတဲ့ တောင်ငူမြို့က Save The Trees အဖွဲ့ ဦးဆောင်သူ ကိုကျော်သူရက ပြောပါတယ်။

Save The Trees အဖွဲ့က ဒီနှစ်မှာ မွေးစားထားတဲ့ မွေးကင်းစ စွန့်ပစ်ခံကလေး ၃ ယောက်နဲ့ မူလတန်းတက်နေတဲ့ ကလေး ၅ ယောက်ရှိနေတယ်လို့ သိရပါတယ်။

လူသူမသိခင်၊ လူတွေအာရုံမစိုက်မိချိန်မှာ တိတ်တဆိတ် စွန့်ပစ်ထားတာ ဖြစ်တာကြောင့် စွန့်ပစ်ခံရတဲ့ ကလေး အများစုရဲ့ မိဘ၊ အုပ်ထိန်းသူတွေဟာ ဘယ်သူဘယ်ဝါဆိုတာ သိကြရတာ နည်းပါတယ်။

CCTV မှတ်တမ်းတွေကနေ ဖော်ထုတ်တာ၊ ပရဟိတအဖွဲ့တချို့က ကလေးတွေ့ရှိထားတဲ့အကြောင်း ကြေညာတာတွေကြောင့် တချို့ မိဘအုပ်ထိန်းသူတွေ ထွက်ပေါ်လာတာလည်း ရှိပါတယ်။

ဖခင်က နောက်အိမ်ထောင်ပြုပြီး မိခင်က စိတ်ဝေဒနာ ခံစားနေရလို့ စောင့်ရှောက်သူ မဲ့နေတဲ့ ကလေးတွေကိုလည်း ပရဟိတအဖွဲ့တွေက မိဘမဲ့ဂေဟာကို ပို့ပေးခဲ့ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Save The Trees

ဓာတ်ပုံ ပုံစာ, ဖခင်က နောက်အိမ်ထောင်ပြုပြီး မိခင်က စိတ်ဝေဒနာ ခံစားနေရလို့ စောင့်ရှောက်သူ မဲ့နေတဲ့ ကလေးတွေကိုလည်း ပရဟိတအဖွဲ့တွေက မိဘမဲ့ဂေဟာကို ပို့ပေးခဲ့ကြပါတယ်။

စွန့်ပစ်ခံရမှုတွေရဲ့ ရင်းမြစ်ပြဿနာအများစုမှာ မိဘတွေရဲ့ အိမ်ထောင်ရေးအဆင်မပြေတာ၊ လူမှုရေးပြဿနာတွေ၊ စီးပွားရေးကျပ်တည်းတာတွေ၊ မိဘသေဆုံးတာတွေကြောင့် လို့လည်း ပရဟိတအဖွဲ့တွေက ပြောကြပါတယ်။

"ကိုယ်ဝန်ရချိန်မှာ အမျိုးသားက မတော်တဆဖြစ်ပြီး ဆုံးသွားတာ၊ တချို့က ကိုယ်ဝန်ဆောင်အမျိုးသမီးကို ထားခဲ့တာမျိုးပေါ့။ အဲဒီတော့ ကျန်ခဲ့တဲ့ အမေ၊ ဒါမှမဟုတ် အဖေက ကလေးမစောင့်ရှောက်နိုင်လို့ မွေးစားဖို့ ပေးချင်တာတွေလည်း ရှိကြတယ်"လို့ ကလေးတွေကို ကူညီပေးနေတဲ့ ပရဟိတ လုပ်နေသူ ကိုဖြိုးက ပြောပါတယ်။

သူက မန္တလေး၊ ကျောက်ဆည်နဲ့ စစ်ကိုင်း တကြောမှာ ကူညီနေသူဖြစ်ပါတယ်။

တချို့ နွမ်းပါးတဲ့ မိသားစုတွေမှာဆိုရင် အနည်းဆုံး ကလေး ၅ ယောက်လောက် ရှိနေပြီး နောက်ထပ်မွေးလာတဲ့ ကလေးကို မစောင့်ရှောက်နိုင်တော့တာမျိုးလည်း ရှိနေကြပါတယ်။

"ကလေးတွေများပြီး ထမင်းတောင် နပ်မမှန်ကြတာတွေလည်း တွေ့ရတယ်"လို့ ကိုဖြိုးက ပြောပါတယ်။

ဆေးရုံဆင်း အထောက်အထားတွေနဲ့အတူ လမ်းဘေးမှာ ကလေးစွန့်ပစ်ခံထားရတာပါ။

ဓာတ်ပုံ ရင်းမြစ်, Save The Trees

ဓာတ်ပုံ ပုံစာ, ဆေးရုံဆင်း အထောက်အထားတွေနဲ့အတူ လမ်းဘေးမှာ ကလေးစွန့်ပစ်ခံထားရတာပါ။
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ရှမ်းပြည်နယ်မြောက်ပိုင်းမှာလည်း ၂၀၂၃ ခုနှစ် ၁၀၂၇ စစ်ဆင်ရေး စပြီးနောက်ပိုင်း မိဘမဲ့သွားတဲ့ ကလေးတွေပိုများလာတယ်လို့ မူဆယ်မြို့က ပရဟိတလုပ်နေသူတစ်ယောက်က ပြောပါတယ်။

"မူဆယ်ပတ်ဝန်းကျင် မြို့တွေမှာ တိုက်ပွဲတွေကြား လက်နက်ကြီးထိလို့၊ လေကြောင်းတိုက်လို့၊ ပစ်ခတ်ခံရလို့၊ မိုင်းစထိလို့ မိဘသေဆုံးသွားတဲ့ မိဘမဲ့ ကလေးတွေရောက်လာတယ်။ တချို့က အမေမရှိတော့တာ၊ တချို့က အဖေမရှိတော့တာတွေလည်းပါတယ်" လို့ သူက ပြောပါတယ်။

၁၀၂၇ စစ်ဆင်‌ရေး မစခင်မှာ စွန့်ပစ်ကလေးနဲ့ မိဘမဲ့ကလေး အရေအတွက် ၇၀ လောက်ပဲ ရှိပေမဲ့ ၁၀၂၇ စစ်ဆင်ရေးစတဲ့ ၂၀၂၃ ခုနှစ် အောက်တိုဘာကစပြီး အယောက် ၁၀၀ ဝန်းကျင် ရောက်လာတယ်လို့ မူဆယ်မြို့ မိဘမဲ့ကလေးဂေဟာ တာဝန်ရှိသူက ပြောပါတယ်။

တိုက်ပွဲတွေမရှိတဲ့ ရန်ကုန်မြို့မှာတော့ မှန်ကင်းပရဟိတကျောင်းမှာတင် ရင်ခွင်မဲ့ စွန့်ပစ်ကလေး အယောက် ၂၀၀ ဝန်းကျင်ကို တာဝန်ယူစောင့်ရှောက်နေပါတယ်။

အများစုက ရန်ကုန်တိုင်းနဲ့ ဧရာဝတီတိုင်းက ကလေးငယ်တွေ ဖြစ်တယ်လို့လည်း သိရပါတယ်။

ရှိနေတဲ့ ကလေးတွေကို သေချာစောင့်ရှောက်ပေးဖို့အတွက် နောက်ထပ် လာပေးသမျှ ကလေးကို အလွယ်တကူ လက်မခံဘဲ မဖြစ်မနေ အခြေအနေမှသာ လက်ခံတာလို့ မှန်ကင်း မိဘမဲ့ ပရဟိတကျောင်း တာဝန်ရှိ ဆရာတော်က မိန့်ပါတယ်။

"မဖြစ်မနေမှ လက်ခံတာတောင် အယောက် ၃၀ လောက်ရှိတယ်။ ပန်းခြံနားမှာ ပစ်ခဲ့တာ၊ သောက်ရေအိုးစင်မှာ ထားခဲ့တာ၊ ကွင်းပြင်ထဲ ပစ်ခဲ့တဲ့ ကလေးတွေကို ပတ်ဝန်းကျင်က လာပို့တော့ ကိုယ်ကယ်မှ ဖြစ်တော့မှာမို့ လက်ခံလိုက်ရတာ"လို့ မိန့်ပါတယ်။

စီးပွားရေး၊ လူမှု‌ရေး၊ အိမ်ထောင်ရေး၊ အလုပ်အကိုင်စတဲ့ ဘက်ပေါင်းစုံ ကျပ်တည်းမှုတွေအပြင် စစ်မှုထမ်းမှာ အမျိုးသားပါသွားပြီး ကိုယ်ဝန်နဲ့ကျန်ခဲ့တာ၊ ကလေးတွေနဲ့ ကျန်ခဲ့တာတွေကြောင့် ကလေးတွေ စွန့်ပစ်ခံရတာတွေ ရှိနေတယ်လို့လည်း ပရဟိတအဖွဲ့တွေက ပြောကြပါတယ်။

အာရက္ခတပ်တော် AA ဦးဆောင်သူ ဗိုလ်ချုပ်ထွန်းမြတ်နိုင်ရဲ့ ဇနီးဖြစ်သူ ဒေါ်နှင်းဇာဖြူကလည်း ‌ရခိုင်ပပြည်နယ်မှာ ဂေါတမီရင်ခွင် ဆိုပြီး စွန့်ပစ်ခံ ကလေးတွေအတွက် ဂေဟာဖွင့်ထားပါတယ်။

ရခိုင်ပြည်နယ်ထဲက တိုက်ပွဲတွေမှာ မိဘဆုံးပါးသွားပြီး ကလေးကို စောင့်ရှောက်နိုင်မယ့် ဆွေမျိုးတွေ မရှိတာ၊ လိင်အကြမ်းဖက်ခံရတာတွေကနေ ကလေးရလာပြီး မွေးဖွားတာ၊ အိမ်တွင်းအကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးလာရတဲ့ ကလေးတွေကို စောင့်ရှောက်ပေးနေတာပဲ ဖြစ်ပါတယ်။

ကလေးတွေကို အမွေစားအမွေခံအဖြစ် မွေးစားတဲ့အကြောင်း ဥပဒေအရ စာချုပ် ချုပ်ဆိုပြီးမှ မွေးစားတာလို့လည်း ပရဟိတအဖွဲ့တွေကလည်း ဆိုပါတယ်။

မနိုင်ဝန် ဖြစ်နေတဲ့ ပရဟိတအဖွဲ့တွေ

ရာချီရှိတဲ့ မိဘမဲ့ကလေးတွေအတွက် တစ်လအသုံးစရိတ်ကလည်း သိန်း ရာချီ သုံးရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, တိုင်းရင်းသား မိဘမဲ့ ပရဟိတကျောင်း

ဓာတ်ပုံ ပုံစာ, ရာချီရှိတဲ့ မိဘမဲ့ကလေးတွေအတွက် တစ်လအသုံးစရိတ်ကလည်း သိန်း ရာချီ သုံးရပါတယ်။

မွေးကင်းစ ကလေးတွေရဲ့ အစာအိမ်တွေက သေးငယ်သေးတာကြောင့် ၂ နာရီကြားတစ်ခါ နို့တိုက်ရပါတယ်။ ဒါ့ကြောင့် နေ့ဘက်တင်မက ညဘက်ကိုပါ နို့တိုက်ချိန်မှန်အောင် လုပ်ပေးရတာကြောင့် ၂၄ နာရီ အချိန်ပြည့်နီးပါး စောင့်ရှောက်ပေးကြရတာပါ။

ဒီလို လုပ်ပေးနိုင်တဲ့ မိခင်စိတ်ပြည့်ဝတဲ့ အသင်းဝင်တွေ၊ စောင့်ရှောက်သူတွေ ရှိပေမဲ့လည်း နို့မှုန့်ဖိုး၊ ကလေးသေးခံ အပါအဝင် ကလေးပစ္စည်း လိုအပ်ချက်ကလည်း မြင့်ပါတယ်။

"မွေးကင်းစကလေး စောင့်ရှောက်တာကတော့ ဝန်ထုတ်ဝန်ပိုးတော့ နည်းနည်းဖြစ်တာပေါ့။ အဓိက ရင်ဆိုင်ရတာက နို့မှုန့်ဖိုးပဲ။ အလှူခံရတာပဲပေါ့။ ကျန်တဲ့ကလေးကတော့ ကိစ္စမရှိပါဘူး။ ကိုယ်တွေစားသလို ကျွေးလို့ရတယ်လေ"လို့ တောင်ငူမြို့နယ် Save The Trees အဖွဲ့က ဦးဆောင်သူ ဦးကျော်သူရက ပြောပါတယ်။

စစ်ကိုင်းမြို့က ရှင်ချမ်း မိဘမဲ့ဂေဟာမှာဆိုရင် ၂၀၂၅ ခုနှစ်အတွင်းမှာ စွန့်ပစ်ခံ မွေးကင်းစကလေး ၇ ယောက်ရှိနေပါတယ်။

မွေးကင်းစစွန့်ပစ်ခံ ကလေးတွေနဲ့ မိဘမဲ့ ကလေးတွေ အပါအဝင် အယောက် ၁၀၀ ကျော်ရှိနေပြီး တစ်လကို သိန်းရာချီ ကုန်ကျစရိတ်ရှိနေပါတယ်။

မူဆယ်မြို့က ကလေးအယောက် ၂၀၀ နီးပါးရှိတဲ့ မိဘမဲ့ကလေးကျောင်းဆိုရင်လည်း ကလေးတွေရဲ့ ကျောင်းပို့ရတဲ့ စက်သုံးဆီစရိတ်၊ စားစရိတ်နဲ့ ကျောင်းသုံးစရိတ်တွေကလည်း သိန်း ရာချီ ကုန်ကျတယ်လို့ သိရပါတယ်။

ဒီငွေကြေး ကုန်ကျမှုတွေအတွက် မိသားစု လုပ်ငန်းတွေက ဝင်ငွေတွေကို အသုံးပြုရသလို အလှူရှင်တွေရဲ့ ပံ့ပိုးမှုတွေနဲ့ ရပ်တည်နေကြရပါတယ်။

ဒါ့အပြင် ကလေးတွေကို မိဘမဲ့ဖြစ်လို့ ၊ မိဘက စွန့်ပစ်ထားလို့ ဆိုတဲ့ သိမ်ငယ်စိတ် မခံစားရအောင် စိတ်ပိုင်းဆိုင်ရာ မထိခိုက်အောင်လည်း သတိထား စောင့်ရှောက်ကြရတယ်လို့ ပြောပါတယ်။

ပရဟိတအဖွဲ့တချို့အနေနဲ့ လူမှုဝန်ထမ်းက စွန့်ပစ်ကလေးငယ်တွေလက်ခံတဲ့ လုပ်ငန်းစဥ်ကို သူတို့အနေနဲ့ တိတိကျကျ မသိကြတာကြောင့် ကယ်တင်ခဲ့တဲ့ ကလေးတွေကို သွားရောက်အပ်နှံမရှိကြကြောင်းဖြေပါတယ်။

တချို့ပရဟိတအဖွဲ့တွေကလည်း မြို့နယ်အများစုမှာ လူမှုဝန်ထမ်းဌာနတွေ မရှိတာကြောင့် စွန့်ပစ်ခံကလေးတွေကို အပ်နှံလို့ မရတဲ့ အခက်အခဲရှိတယ်လို့ ဖြေပါတယ်။

"လူမှုဝန်ထမ်းနဲ့ ချိတ်ဆက်တာမျိုးတော့ မရှိဘူး။ ကလေးသီးသန့်စောင့်ရှောက်တဲ့ ဂေဟာမရှိဘူး။ လိုအပ်ရင်တော့ ချိတ်ဆက်လို့ရပါတယ်။ ကလေးအကြမ်းဖက်ခံရတာမျိုးတွေ၊ ကလေးပြစ်မှုပိုင်းဆိုင်ရာတွေမှာတော့ သူတို့ကို အကူအညီတောင်းရတာမျိုးတော့ ရှိတယ်။ သူတို့ လိုက်ပြီးဆောင်ရွက်ပေးတယ်။ ကလေးမွေးစားဖို့ ချိတ်ဆက်ဆောင်ရွက်တာမျိုးတော့ မရှိဘူး။ သူတို့ လူမှုဝန်ထမ်းမှာ ထားရလောက်တဲ့ အနေအထား မရှိဘူးလေ လက်ရှိ သိသလောက်ပေါ့" တောင်ငူမြို့နယ် ပရဟိတအဖွဲ့တစ်ခုက ဦးဆောင်သူက ပြောပါတယ်။

မန္တလေးမြို့နယ်ထဲက စွန့်ပစ်ခံ ကလေးတွေအတွက် ကူညီပေးနေတဲ့ ပရဟိတအဖွဲ့ ဦး‌ဆောင်သူတစ်ယောက်ကတော့ " လူမှုဝန်ထမ်းရုံးတွေကိုတော့ မအပ်ဖြစ်ဘူး။ ကျွန်တော် တတ်နိုင်သလောက် လက်လှမ်းမီသလောက်ကူညီပေးလိုက်တာမျိုးပဲရှိတယ်။သူတို့လည်း သူတို့အလုပ်တော့ လုပ်တာလည်း ရှိမှာပါ။ မိဘတွေကလည်း လူမှုဝန်ထမ်းကို ဘယ်လိုသွားပြီး ဘယ်လိုချိတ်ဆက်တယ်ဆိုတာမျိုးလည်း မသိကြတာပါတယ်။ နောက်ပြီးတော့ ရုံးတွေသွားရင်လည်း ဘာဖြစ်လို့ ပေးချင်တာလဲ၊ စစ်လားဆေးလားနဲ့ စိုးရိမ်ကြတာ ကြောက်ကြတာပါတယ်" လို့ ပြောပါတယ်။

လူမှုဝန်ထမ်းဦးစီးဌာနကတော့ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေနဲ့အညီ ပရဟိတဂေဟာများကို စစ်ဆေးပြီး တည်ထောင်ခွင့်ပြုမိန့်ထုတ်ပေးခြင်း၊ အသိပညာပေးခြင်း၊ ထောက်ပံ့ကြေးပေးအပ် ခြင်းတွေကို ဆောင်ရွက်နေတယ်လို့ ဘီဘီစီကို ပြောပါတယ်။

လူမှုဝန်ထမ်းဦးစီးဌာနကတော့ စွန့်ပစ်ခံရတဲ့ကလေးသူငယ်များကို တွေ့ရှိကြောင်း သတင်း ရရှိပါက ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေ ပုဒ်မ ၅၇ အရ ကာကွယ် စောင့်ရှောက်ရန် လိုအပ်သောကလေးသူငယ်အဖြစ် ကလေးပြုစုရေးဌာန ၈ ခု မှာ လက်ခံစောင့်ရှောက်ပေးနေတယ်လို့ တုံ့ပြန်ပါတယ်။

ကလေးသူငယ်အခွင့်အရေးများဆိုင်ရာဥပဒေအရ ကာကွယ်စောင့်ရှောက်ဖို့ လိုအပ်တဲ့ ကလေးအမျိုးအစား(၁၆)မျိုးသတ်မှတ်ထားတယ်လို့ဆိုပြီး လူမှုဝန်ထမ်းဦးစီးဌာနက ဖွင့်ထားတဲ့ သင်တန်းကျောင်းတွေအပြင် စေတနာ့ဝန်ထမ်းအဖွဲ့အစည်းများက တည်ထောင် တဲ့ ပရဟိတဂေဟာတွေကိုလည်း စိစစ်တည်ထောင်ခွင့်ပြုခွင့်ပေးထားတယ်လို့ ဆိုပါတယ်။

၂၀၂၀အစောပိုင်းကတည်းက ကလေးပြုစုရေးဌာန ၇ ခုဖွင့်လှစ်ထားပြီး မွေးကင်းစကနေ အသက် ၁၀ နှစ်အထိ ကာကွယ်စောင့်ရှောက်ဖို့လိုတဲ့ ကလေးသူငယ်တွေကို လက်ခံ စောင့်ရှောက်နေတယ်လို့ တုံ့ပြန်ပါတယ်။

ဒါအပြင် ကလေးတွေကို လက်ခံစောင့်ရှောက်တဲ့ ဂေဟာနဲ့ သင်တန်းကျောင်းတွေအနေနဲ့ အနိမ့်ဆုံးရှိ ရမယ့်'' ပြုစုစောင့်ရှောက်ခြင်းနှင့် အကာအကွယ်ပေးခြင်းဆိုင်ရာ စံချိန်စံညွှန်းများ''နဲ့ အညီ သက်ဆိုင်ရာ လူမှုဝန်ထမ်းရုံးတွေက ကြီးကြပ်စစ်ဆေးနေပြီး ကိုက်ညီမှုမရှိရင်ဂေဟာပိတ်သိမ်းတဲ့အထိ အရေးယူဆောင်ရွက်တယ်လို့ ပြောပါတယ်။

မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်း လှုပ်ရှားမှုတွေကို ၂၀၂၁ ခုနှစ် နောက်ပိုင်းမှာ တွေ့ရနည်းသွားပါတယ်

ဓာတ်ပုံ ရင်းမြစ်, MOI

ဓာတ်ပုံ ပုံစာ, မြန်မာနိုင်ငံ ရင်ခွင်မဲ့ကလေးငယ်များ လျှော့ချရေးနှင့် ကာကွယ်စောင့်ရှောက်ရေး အသင်း လှုပ်ရှားမှုတွေကို ၂၀၂၁ ခုနှစ် နောက်ပိုင်းမှာ တွေ့ရနည်းသွားပါတယ်

မိဘမဲ့ ဂေဟာတွေဟာ ကလေးတွေရဲ့ နောင်ရေးအတွက် ကျောင်းပညာရေးပံ့ပိုးပေးရသလို၊ ကျောင်းပညာ‌ရေးမှာ စိတ်ဝင်စားမှု အားနည်းတဲ့ ကလေးတွေအတွက် အသက်မွေးဝမ်းကြောင်းပညာတွေကို လုပ်ငန်းရှင်တွေနဲ့ ချိတ်ဆက်ပြီး သင်ကြားပေးကြရပါတယ်။

မြန်မာနိုင်ငံက ရင်ခွင့်မဲ့ကလေးငယ်များ လျှော့ချရေးနဲ့ ကာကွယ်စောင့်ရှောက်ရေး အသင်းဆိုပြီး ပြီးခဲ့တဲ့ NLD အစိုးရလက်ထက်မှာ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထား‌ရေး ဝန်ကြီးဌာနက ဖွဲ့စည်းပေးခဲ့ပါတယ်။

ကာကွယ်စောင့်ရှောက်ဖို့ လိုအပ်တဲ့ မွေးကင်းစကနေ ၁၀ နှစ်အရွယ်အထိ ကလေးအရေအတွက် မြင့်တက်နေတာကြောင့် ရန်ကုန်၊ မန္တလေး၊ မကွေး၊ မွန်၊ ရှမ်း (အရှေ့ပိုင်း)၊ ဧရာဝတီနဲ့ ရခိုင်ပြည်နယ်တွေမှာ ကလေးပြုစုရေးဌာန ၇ ခု ဖွင့်လှစ်ခဲ့ပါတယ်။

မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးရေးရာကော်မတီက ဦးဆောင်ပြီး ရင်ခွင့်မဲ့ကလေးငယ်များ လျှော့ချရေးနဲ့ ကာကွယ်စောင့်ရှောက်ရေး လှုပ်ရှားမှုတွေဟာ ၂၀၂၀ ခုနှစ်အထိသာ တွေ့ခဲ့ရပြီး စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မတွေ့ရတော့ပါဘူး။

လက်ရှိ စစ်ကော်မရှင်လက်အောက် လူမှုဝန်ထမ်းဦးစီးဌာနကို ၂၀၂၀-၂၀၂၅ ခုနှစ် ၅ နှစ်အပိုင်း အခြားမှာ စွန့်ပစ်ခံကလေးငယ်အရေအတွက်ဘယ်လောက်ရှိသလဲ ဘီဘီစီက မေးမြန်းရာမှာတော့ ၂၀၂၀ - ၂၀၂၅ ခုနှစ် ၆ နှစ် နီးပါးအတွင်း စွန့်ပစ်ခံကလေးသူငယ် ၂၅၆ ဦးကို လက်ခံစောင့်ရှောက်ထားတယ်လို့ ဖြေပါတယ်။

အဲဒီ အရှေ့ ၅ နှစ်ဖြစ်တဲ့ ၂၀၁၅ ကနေ ၂၀၁၉ ကာလအတွင်းမှာတော့ စွန့်ပစ်ခံကလေးသူငယ် ၃၅၈ ဦး ကို လက်ခံစောင့်ရှောက်ပေးထားတယ်လို့ပြောပါတယ်။

လူမှုဝန်ထမ်းဦးစီးဌာနကတော့ မိခင်က မလိုချင်ဘဲ ကိုယ်ဝန်ဆောင်ရမှုတွေနဲ့ မိသားစုများတာတွေကြောင့် စွန့်ပစ်ခံရတဲ့ကလေးများလာတာ ဖြစ်နိုင်တယ်လို့ ကောက်ချက်ချပါတယ်။

ကလေးစွန့်ပစ်မှုအတွက် ပြစ်ဒဏ်က ဘာလဲ

လမ်းဘေးမှာ စွန့်ပစ်ခံထားရတဲ့ ကလေးကို လာရောက်ခေါ်ယူတဲ့ ခိုင်နှင်းဝေ

ဓာတ်ပုံ ရင်းမြစ်, Khine Hnin Wai

ဓာတ်ပုံ ပုံစာ, လမ်းဘေးမှာ စွန့်ပစ်ခံထားရတဲ့ ကလေးကို လာရောက်ခေါ်ယူတဲ့ သရုပ်ဆောင် ခိုင်နှင်းဝေ

"ကလေးအမေက ဆေးရုံဆင်းဖို့ အထုတ်အပိုးတွေကို အောက်ထပ်ကို သယ်တယ်။ နောက်ဆုံးသယ်တဲ့အခေါက်မှာ ကလေး ခဏချီထားပါဦးဆိုပြီး တခြားလူနာစောင့် ကောင်လေးကို အကူအညီတောင်းတယ်။ ပြီးတော့ အောက်ဆင်းသွားပြီး ကလေးကို ပြန်လာမခေါ်တော့ဘူး"လို့ မဝါက ပြောပါတယ်။

မဝါဟာ ရန်ကုန်မြို့ ဗဟို အမျိုးသမီးဆေးရုံမှာ ဒီနှစ် အောက်တိုဘာ ၂၅ ရက်က မွေးလူနာ သတင်းမေးသွားရင်း ကလေးစွန့်ပစ်ခဲ့တာကို မျက်မြင်ကြုံတွေ့ရတာပါ။

နာရီဝက်လောက်ကြာတဲ့အထိ ကလေးမိခင်က ရက်သားကလေးကို ပြန်လာမခေါ်တာကြောင့် သူနာပြုတွေက ကလေးအမေကို ဖုန်းဆက်ပေမဲ့ စက်ပိတ်သွားပါတယ်။

"အဲဒါနဲ့ သူနာပြုတွေက ကလေးကို ခေါ်သွားတယ်။ ကလေးအမေက သူဆေးရုံမဆင်းခင် ခိုင်နှင်းဝေကို ဘယ်လိုဆက်သွယ်လို့ရလဲ မေးနေတာ"လို့ မဝါက ပြောပါတယ်။

သရုပ်ဆောင်ခိုင်နှင်းဝေဟာ စွန့်ပစ်ကလေးငယ်တွေကို "ခိုင်နှင်းဝေ ရင်သွေးများဂေဟာ"ဖွင့်လှစ်ပြီး စောင့်ရှောက်ပေးနေသူပါ။

မြန်မာနိုင်ငံရဲ့ ရာဇသတ်ကြီး ဥပဒေပါ ပုဒ်မ ၃၁၇ အရ အသက် ၁၂ နှစ်အောက် ကလေးရဲ့ မိခင် ဒါမှမဟုတ် ဖခင်၊ အုပ်ထိန်းသူ၊ ထိန်းသိမ်းသူတွေက ကလေး စွန့်ပစ်ရင် ထောင်ဒဏ် ၇ နှစ်အထိ ကျခံရနိုင်ပါတယ်။

ကလေးကို စွန့်ပစ်ထားလို့ ကလေးသေဆုံးခဲ့မယ်ဆိုရင်တော့ လူသတ်မှုဖြစ်ဖြစ်၊ ရာဇဝတ်ပြစ်ဒဏ်နဲ့ ထိုက်တန်တဲ့ လူသေမှုနဲ့ ဖြစ်ဖြစ် စီရင်ရမှာ ဖြစ်တယ်လို့ ပါရှိပါတယ်။

စစ်တပ်ရဲ့ အုပ်ချုပ်ရေး ယန္တရားအောက်က တိုက်ပွဲတွေမရှိတဲ့ ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်မှာ အမှိုက်ပုံးအတွင်း ချက်ကြိုးတန်းလန်းနဲ့ သေဆုံးနေတဲ့ မွေးကင်းစကလေးအလောင်း စွန့်ပစ်တာလည်း ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်းက ရှိခဲ့ပါတယ်။

ဒါ့အပြင် မရမ်းကုန်းမြို့နယ်မှာ ၂၀၂၄ ခုနှစ်က မီးရထားလမ်းဘေးမှာ စွန့်ပစ်ခံရတဲ့ ရက်သားကလေးငယ်နဲ့ ၂၀၂၅ ခုနှစ် ဩဂုတ်က မြိတ်မြို့နယ် ဟိန္ဒူသုဿန်နားက မြောင်းထဲမှာ စွန့်ပစ်ခံရတဲ့ ကလေးငယ် သေဆုံးခဲ့တာ ရှိပါတယ်။

ရာဇသတ်ကြီး ဥပဒေပုဒ်မ ၃၁၈ မှာ ကလေးမမွေးခင်၊ မွေးဖွားပြီးနောက် ကလေးသေဆုံးသွားရင် တိတ်တဆိတ် မြေမြှုပ်တာ၊ ကလေးမွေးဖွားတာကို ထိန်ချန်တာကလည်း ထောင်ဒဏ် နှစ်နှစ်အထိ ချမှတ်ခံရနိုင်တယ်လို့ ပြဋ္ဌာန်းထားတာ တွေ့ရပါတယ်။

ဒါ့ကြောင့် ကလေးတွေကို စွန့်ပစ်တာမျိုးဟာ ဥပဒေအရ အရေးယူနိုင်သလို စွန့်ပစ်ထားတဲ့ ကလေးသေဆုံးရင်လည်း လူသတ်မှုအထိ ပြစ်မှုမြောက်တာကို သိရှိထားဖို့ကို ပရဟိတ အဖွဲ့တွေက သတိပေးထားကြပါတယ်။

"ကလေးတွေကို ကြုံသလို စွန့်ပစ်ပြီး ပြီးပြီးရော မလုပ်ပါနဲ့။ ပရဟိတအဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး သေချာအပ်ပေးလို့ရပါတယ်"လို့ Save The Trees အဖွဲ့က ကိုကျော်သူရက တိုက်တွန်းပါတယ်။