ကလေးငယ် သုံးသန်းကျော် သေဆုံးခဲ့မှု ပဋိဇီဝဆေး ယဉ်ပါးမှုနဲ့ ဆက်နွှယ်နေ

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, ဒေါမနစ်ခ် ဟူးစ်
- ရာထူးတာဝန်, ကမ္ဘာတဝန်း ကျန်းမာရေးဆိုင်ရာ ဘီဘီစီသတင်းထောက်
ကမ္ဘာတဝန်းက ကလေးငယ် သုံးသန်းကျော်ဟာ ပဋိဇီဝဆေး ယဉ်ပါးတဲ့ ရောဂါပိုးဝင်မှုကြောင့် ၂၀၂၂ ခုနှစ်အတွင်း အသက်ဆုံးရှုံးခဲ့ကြရတယ်လို့ ကလေးကျန်းမာရေး ကျွမ်းကျင်သူ ထိပ်တန်းပညာရှင် နှစ်ဦးရဲ့ လေ့လာချက်အရ သိရပါတယ်။
အာဖရိကနဲ့ အရှေ့တောင်အာရှဒေသက ကလေးငယ်တွေ အထိအခိုက်အများဆုံးဆိုတာ လေ့လာတွေ့ရှိခဲ့ရပါတယ်။
AMR လို့ခေါ်တဲ့ Antimicrobial resistance ပဋိဇီဝဆေးယဉ်ပါးမှုဆိုတာ ဘက်တီးရီးယား ရောဂါပိုးတွေကို ပဋိဇီဝဆေးနဲ့ သတ်လို့ မရတော့တာ ဖြစ်ပါတယ်။
ဒီ ပဋိဇီဝဆေးယဉ်ပါးမှုဟာ ကမ္ဘာ့လူဦးရေ ရင်ဆိုင်နေရတဲ့ အကြီးမားဆုံး လူထုကျန်းမာရေး အန္တရာယ်ထဲမှာ တစ်ခုအပါအဝင် ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
AMR ပဋိဇီဝဆေးယဉ်ပါးမှု အန္တရာယ်ဟာ ကလေးတွေအပေါ် ဆိုးဆိုးဝါးဝါး ကျရောက်နေတယ်ဆိုတာကို အခုအခါ ဒီလေ့လာချက်သစ်မှာ ဖော်ပြထားပါတယ်။
WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့နဲ့ ကမ္ဘာ့ဘဏ် အပါအဝင် သတင်းရင်းမြစ် ပေါင်းစုံက ရရှိတဲ့ အချက်အလက်တွေကို အသုံးပြုပြီး လေ့လာခဲ့ရာမှာ ၂၀၂၂ ခုနှစ်က သေဆုံးခဲ့သူ ကလေးငယ် သုံးသန်းကျော်ဟာ ပဋိဇီဝဆေးယဉ်ပါးမှုနဲ့ ဆက်နွှယ်နေတယ်ဆိုတာကို အစီရင်ခံစာ လေ့လာသူတွေက ထုတ်ဖော်တွေ့ရှိခဲ့ကြပါတယ်။
သုံးနှစ်တာ ကာလအတွင်းမှာတင် ကလေးတွေမှာ AMR နဲ့ ဆက်နွှယ်တဲ့ ရောဂါပိုးဝင်မှုက ဆယ်ဆကျော် တိုးလာနေတာကို ဒီလေ့လာချက်သစ်က မီးမောင်းထိုးပြနေတယ်လို့ ကျွမ်းကျင်သူတွေကပြောပါတယ်။
ကိုဗစ်ကပ်ဘေးကြောင့် အရေအတွက် ပိုများလာနိုင်ဖွယ် ရှိနေပါတယ်။
ပဋိဇီဝဆေး အသုံးပြုမှု ပိုတိုးလာ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အရေပြား ရောဂါပိုးဝင်တာကအစ အဆုတ်ရောင်ရောဂါ အဆုံး ဘက်တီးရီးယား ပိုးဝင်မှု အများအပြားကို ကုသဖို့ ဒါမှမဟုတ် ကြိုတင်တားဆီးဖို့ အတွက် ပဋိဇီဝ ပိုးသတ်ဆေးတွေကို သုံးလေ့ရှိကြပါတယ်။
ဒါ့အပြင် ရောဂါပိုးဝင်မှုကို ကုသဖို့ထက် ရောဂါပိုးမဝင်အောင် ကြိုတင် ကာကွယ်ဖို့ ဥပမာအားဖြင့် ကင်ဆာအတွက် ခွဲစိတ်ကုသခံမယ့်သူ ဒါမှမဟုတ် chemotherapy ဓာတုကုထုံး ခံယူနေသူတွေက ပဋိဇီဝဆေးတွေကို မကြာခဏ သုံးတတ်ကြပါတယ်။
ပဋိဇီဝဆေးတွေက သာမန်အအေးမိ၊ တုပ်ကွေး ဒါမှမဟုတ် ကိုဗစ် လို ရောဂါမျိုးတွေ ဖြစ်စေတဲ့ ဗိုင်းရပ်စ်ပိုးအတွက်တော့ ဘာမှအကျိုးသက်ရောက်မှု မရှိပါဘူး။
ဒါပေမဲ့ ပဋိဇီဝဆေး အသစ်တွေ ထုတ်ဖို့ အချိန်အကြာကြီး ယူရပြီး အကုန်အကျလည်း များတာကြောင့် ချက်ချင်း မထုတ်နိုင်သေးချိန်မှာ ပဋိဇီဝဆေးတွေကို လိုတာထက် ပိုသုံးတာ၊ မလျော်မကန် သုံးတာတွေကြောင့် ဘက်တီးရီးယားပိုးတချို့က တချို့ ပဋိဇီဝဆေးတွေကို ခံနိုင်ရည် ရှိလာခဲ့ပါတယ်။
ပဋိဇီဝဆေး တွေ အသုံးပြုမှု သိသိသာသာ တိုးလာနေတာကြောင့် အဆိုးဝါးဆုံး ရောဂါပိုးဝင်မှုတွေကို ကုသရာမှာ အနှောင့်အတား ဖြစ်လာဖို့ပဲ ရှိတယ်လို့ သြစတြေးလျနိုင်ငံ Murdoch Children's Research Institute ဌာနက ဒေါက်တာ ယန်ဟောင် ဂျက်ဆီကာ ဟူ နဲ့ Clinton Health Access Initiative ဌာနက ဒေါက်တာ ဟာ့ဘ် ဟာဝဲလ် တို့က ထောက်ပြကြပါတယ်။
၂၀၁၉ ခုနှစ်နဲ့ ၂၀၂၁ ခုနှစ်အကြား "ခံနိုင်ရည်အား ယဉ်ပါးမှု အန္တရာယ်မြင့်မားတဲ့" ပဋိဇီဝဆေးတွေ အသုံးပြုမှုဟာ အရှေ့တောင်အာရှမှာ ၁၆၀% နဲ့ အာဖရိကမှာ ၁၂၆% တိုးလာတာတွေ့ရပါတယ်။
အလားတူ ကာလအတွင်းမှာပဲ ပဋိဇီဝဆေးပေါင်းစုံ ယဉ်ပါးနိုင်တဲ့ ဆိုးဝါးတဲ့ ရောဂါတွေအတွက် "နောက်ဆုံးမှသာ မဖြစ်မနေအသုံးပြုသင့်တဲ့" ပဋိဇီဝဆေးတွေ အသုံးပြုမှုဟာ အရှေ့တောင်အာရှမှာ ၄၅% နဲ့ အာဖရိကမှာ ၁၂၅ % တိုးလာတာ တွေ့ရပါတယ်။
လျော့ပါးလာနေတဲ့ ရွေးချယ်မှုများ

ဓာတ်ပုံ ရင်းမြစ်, Getty Images
တကယ်လို့ ဘက်တီးရီးယားက ဒီပဋိဇီဝဆေးတွေကို ယဉ်ပါးလာမယ်ဆိုရင် ပဋိဇီဝဆေးပေါင်းစုံကို ခံနိုင်ရည်စွမ်း ရှိတဲ့ ရောဂါတွေကို ကုသနိုင်ဖို့ ရွေးချယ်စရာ မရှိသလောက် ဖြစ်လာလိမ့်မယ်လို့ အစီရင်ခံစာ ရေးသားသူတွေက သတိပေးနေပါတယ်။
ပါမောက္ခ ဟားဝဲလ်က ဒီလေ့လာချက်ကို အခုလနှောင်းပိုင်း သြစတြီးယားနိုင်ငံ ဗီယန်နာမြို့တော်မှာ ကျင်းပမယ့် လက်တွေ့အဏုဇီဝဗေဒနဲ့ ကူးစက်ရောဂါဆိုင်ရာ ဥရောပအသိုင်းအဝိုင်း ညီလာခံမှာ တင်ပြဆွေးနွေးမှာ ဖြစ်ပါတယ်။
AMR ပဋိဇီဝဆေးယဉ်ပါးမှုဟာ ကမ္ဘာတစ်ခုလုံးရဲ့ ပြဿနာ ဖြစ်ပါတယ်။ လူတိုင်းကို ထိခိုက်စေပါတယ်။ ကလေးတွေမှာ ပဋိဇီဝဆေးယဉ်ပါးမှု မတန်တဆ ဖြစ်နေတာအပေါ် အဓိက အာရုံစိုက် လေ့လာခဲ့တာလို့ ပါမောက္ခ ဟားဝဲလ် က ညီလာခံမတိုင်ခင် ပြောပါတယ်။
"ပဋိဇီဝဆေးယဉ်ပါးမှုနဲ့ ဆက်နွှယ်ပြီး ကမ္ဘာတဝန်းက ကလေးသူငယ် သုံးသန်းကျော်လောက် သေဆုံးခဲ့ရတယ်လို့ ခန့်မှန်းထားပါတယ်" လို့သူကပြောပါတယ်။
ပဋိဇီဝဆေးယဉ်ပါးမှုကို ဖြေရှင်းနိုင်မယ့် နည်းရှိသလား

ဓာတ်ပုံ ရင်းမြစ်, Getty Images
AMR ပဋိဇီဝဆေးယဉ်ပါးမှုဟာ ကမ္ဘာတဝန်း လက်ရှိရင်ဆိုင်နေရတဲ့ အဆိုးဝါးဆုံး ကျန်းမာရေးအန္တရာယ်တွေထဲမှာ တစ်ခုအပါအဝင် ဖြစ်တယ်လို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ဖော်ပြထားပါတယ်။ ဒါပေမဲ့လည်း ဒါကို ဖြေရှင်းဖို့ အဖြေ လွယ်လွယ်မရှိဘူးလို့ ပါမောက္ခ ဟားဝဲလ်က သတိပေးပါတယ်။
"ဒါက ဆေးဘက်ဆိုင်ရာရှုထောင့်အားလုံးအတွက်ရော၊ လူ့အသက်တွေအတွက်ပါ ဘက်ပေါင်းစုံကြုံနေရတဲ့ ပြဿနာတစ်ခု ဖြစ်ပါတယ်" လို့ သူကပြောပါတယ်။
"ပဋိဇီဝဆေးတွေဟာ လူတွေရဲ့ အနား ပတ်ဝန်းကျင် နေရာအနှံ့မှာရှိနေပြီး အစားအသောက်တွေထဲမှာရော၊ သဘာဝပတ်ဝန်းကျင်မှာပါ ဝင်ရောက်လာနေတာကြောင့် ဖြေရှင်းနည်း တစ်ခုတည်းနဲ့ ဖြေရှင်းနိုင်ဖို့က မလွယ်လှပါဘူး" လို့ သူကဆက်ပြောပါတယ်။
ရောဂါပိုးယဉ်ပါးမှုကို ရှောင်ကြဉ်နိုင်ဖို့ အကောင်းဆုံးနည်းကတော့ ရောဂါပိုးမဝင်အောင် ရှောင်ရှားဖို့ ဖြစ်ပါတယ်။
ကာကွယ်ဆေး ထိုးမှုအတိုင်းအတာ ပိုမြင့်မားလာအောင် လုပ်ဖို့၊ သန့်ရှင်းတဲ့ သောက်သုံးရေ အသုံးပြုဖို့နဲ့ တစ်ကိုယ်ရည်သန့်ရှင်းဖို့ ကိုပါ လုပ်ဆောင်ဖို့ လိုတယ်လို့ သူက ဖြည့်စွက်ပြောပါတယ်။
"ပဋိဇီဝဆေး လိုအပ်တဲ့ လူတွေ ပိုများလာနေတာကြောင့် ဒီဆေးတွေကို အသုံးပြုမှုကတော့ ပိုများလာမှာ ဖြစ်ပါတယ်။ ဒါပေမဲ့ ပဋိဇီဝဆေးတွေကို လူတွေ မှန်မှန်ကန်ကန် အသုံးပြုဖို့နဲ့ သင့်လျော်တဲ့ ပဋိဇီဝဆေးတွေကိုသာ အသုံးပြုဖို့ကို အသေအချာ လမ်းညွှန်ဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။"
လန်ဒန်မြို့ King's College တက္ကသိုလ်က အဏုဇီဝဗေဒ ထိပ်တန်း ကထိက ဒေါက်တာ လင်းဆေး အက်ဒွက်စ်ကလည်း ဒီလေ့လာချက်သစ်အရ AMR ပဋိဇီဝဆေးယဉ်ပါးမှုဟာ အရင်လေ့လာတွေ့ရှိချက်တွေနဲ့ယှဉ်ရင် "ထိတ်လန့်စရာကောင်းလောက်အောင် သိသိသာသာ တိုးလာနေတာတွေ့ရတယ်'' လို့ ဆိုပါတယ်။
"ဒီလေ့လာတွေ့ရှိချက်တွေက ကမ္ဘာတဝန်းက ကျန်းမာရေးခေါင်းဆောင်တွေအတွက် သတိပေး တပ်လှန့်မှုကြီးတစ်ခု ဖြစ်လာသင့်ပါတယ်။ တိကျပြတ်သားတဲ့ လုပ်ဆောင်မှုမျိုး မရှိဘူးဆိုရင်တော့ AMR ပဋိဇီဝဆေးယဉ်ပါးမှုကြောင့် ဆယ်စုနှစ်ပေါင်းများစွာ ကလေးသူငယ် ကျန်းမာရေး တိုးတက်ဖြစ်ထွန်းမှုကို ထိခိုက်သွားစေနိုင်ပါတယ်။ အထူးသဖြင့် ခံနိုင်ရည်စွမ်း နည်းပါးတဲ့ ကမ္ဘာ့အဆင်းရဲဆုံး ဒေသတွေမှာ အကြီးအကျယ် ထိခိုက်လာနိုင်ပါတယ်" လို့ သူက ပြောပါတယ်။










