ကိုဗစ်-၁၉ ကြောင့် နည်းပညာရှေ့တိုးခြင်းရဲ့ ကောင်းကျိုးဆိုးကျိုးများ

သာမန်ဆေးသုတေသန လုပ်ငန်းစဉ်နဲ့ဆိုရင် နှစ်နဲ့ချီပြီး ကြာနိုင်တဲ့ ဆေးဖော်စပ်မှုတွေမှာ အေအိုင် အသုံးပြုမှုကြောင့် ဆေးသစ်ဖော်နိုင်တဲ့ သာဓကတွေ ရှိထား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သာမန်ဆေးသုတေသန လုပ်ငန်းစဉ်နဲ့ဆိုရင် နှစ်နဲ့ချီပြီး ကြာနိုင်တဲ့ ဆေးဖော်စပ်မှုတွေမှာ အေအိုင် အသုံးပြုမှုကြောင့် ဆေးသစ်ဖော်နိုင်တဲ့ သာဓကတွေ ရှိထား

ကမ္ဘာတလွှား ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုတွေ ရပ်ဖို့အတွက် ကြိုတင် သိရှိကာကွယ်ခြင်းအပိုင်းလို့ ဆိုနိုင်တဲ့ ရောဂါပိုး ရှိမရှိ စမ်းသပ်ခြင်းကစလို့၊ အသက်ရှူစက် အစရှိတဲ့ ကုသရေးအပိုင်းမှာ လိုအပ်တဲ့ နည်းပညာ တိုးတက်မှု အလယ်၊ ကုသနိုင်တဲ့ ဆေးထုတ်ပြီး ဒီရောဂါကို အနိုင်တိုက်ဖို့ အဆုံး၊ နည်းပညာရဲ့ အခန်းကဏ္ဍက အရေးပါနေပါတယ်။

အဲဒီ အထဲက အရေးအပါဆုံးလို့ ဆိုနိုင်တဲ့ ကုသတဲ့ဆေး ထုတ်တဲ့အပိုင်းမှာ ကွန်ပြူတာ အသိဉာဏ် (အေအိုင်) ရဲ့ အခန်းကဏ္ဍက အဓိက ဖြစ်နေပြီး အေအိုင် ကို အသုံးပြုပြီး ဆေးသစ်ထုတ်လုပ်ရာမှာ အောင်မြင်မှုတွေ ရှိထားပြီးပြီ ဖြစ်ပါတယ်။

သာမန်ဆေးသုတေသန လုပ်ငန်းစဉ်နဲ့ဆိုရင် နှစ်နဲ့ချီပြီး ကြာနိုင်တဲ့ ဆေးဖော်စပ်မှုတွေမှာ အေအိုင် အသုံးပြုမှုကြောင့် ရက်ပိုင်းအတွင်း ရုပ်ပိုင်းရော စိတ်ပိုင်းအတွက်ပါ ဆေးသစ်ဖော်နိုင်တဲ့ သာဓကတွေ ရှိထားပြီး ပြီးခဲ့တဲ့ လပိုင်းအတွင်းမှာပဲ ဗိုင်းရပ်စ် ၃၅ မျိုး သတ်နိုင်တဲ့ ဟယ်လီဆင် ပဋိဇီဝဆေး နဲ့ စိတ်စွဲ ထပ်တလဲလဲ ပြုမူမိတဲ့ OCD ရောဂါကုသဖို့အတွက် ဖော်စပ်လိုက်တဲ့ DSP-1181 တို့ကို အေအိုင် အသုံးပြုပြီး ဖော်စပ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ဒါပေမယ့် တဖက်မှာလည်း အခုလို တိုးတက်လာတဲ့ အေအိုင် ထည့်သွင်းထားတဲ့ စက်ရုပ်တွေက လူလုပ်သားတွေကို ဖယ်ရှား အစားထိုးလာမှာကို စိုးရိမ်မှုတွေကလည်း ရှိနေခဲ့ပြီးသား ဖြစ်ပါတယ်။

အခုလို ကိုဗစ်-၁၉ ကမ္ဘာ့ ကပ်ရောဂါဖြစ်နေတဲ့ ကာလအတွင်း လူလူချင်း တိုက်ရိုက်ဆက်ဆံမှုကို အနည်းဆုံးဖြစ်အောင် လုပ်နေရတဲ့အချိန်မှာ လူလူချင်း မဟုတ်ပဲ နည်းပညာကြားခံပြီး ကူးလူးဆက်ဆံမှုကို အသားကျလာတဲ့အတွက် လူ့လုပ်အားကို အစားထိုးနိုင်မယ့် အေအိုင် တိုးတက်မှု အရှိန်ကောင်းအောင် လုပ်သလိုလည်း ဖြစ်နေတယ်လို့ အနာဂါတ်ဝါဒီ ပညာရှင်တဦးဖြစ်တဲ့ မာတင်ဖို့ဒ်က ဘီဘီစီကို ပြောပါတယ်။

ဝေါလ်မတ်လို့ အမေရိကန်ရဲ့ အကြီးဆုံး အရောင်းဆိုင်လုပ်ငန်းက ဆိုင်တွေမှာ သန့်ရှင်းရေးအတွက် စက်ရုပ်တွေကို တိုးမြှင့် အသုံးပြုနေပြီ ဖြစ်သလို တောင်ကိုရီးယားမှာလည်း လူတွေကို ကိုယ်အပူချိန်တိုင်းတာနဲ့ လက်သန့်ဆေးရည် ပေးတာတွေမှာ စက်ရုပ်တွေကို အသုံးပြုခဲ့ပါတယ်။

ကိုဗစ်-၁၉ ဗိုင်းရပ်စ်ကြောင့် လုပ်ရတဲ့ လူအများမစုဝေးပဲ ခပ်ခွာခွာလည်း နေရတဲ့ social distancing စည်းကမ်းတွေကို နောက်တနှစ် ၂၀၂၁ အထိ ဆက်လက် လိုက်နာဖို့ လိုတဲ့ အခြေအနေတွေ ရှိနိုင်ဆိုပြီး ကျန်းမာရေးပညာရှင်တချို့က ပြောထားတာလည်း ရှိတဲ့အတွက် ဒီလို စက်ရုပ်လုပ်သား အရေအတွက် လိုအပ်မှုက ပိုများလာနိုင်ပါတယ်။

တဖက်မှာလည်း အေအိုင် ထည့်သွင်းထားတဲ့ စက်ရုပ်တွေက လူလုပ်သားတွေကို ဖယ်ရှား အစားထိုးလာမှာကို စိုးရိမ်မှုတွေကလည်း ရှိနေခဲ့

ဓာတ်ပုံ ရင်းမြစ်, - UVD-ROBOTS

ဓာတ်ပုံ ပုံစာ, တဖက်မှာလည်း အေအိုင် ထည့်သွင်းထားတဲ့ စက်ရုပ်တွေက လူလုပ်သားတွေကို ဖယ်ရှား အစားထိုးလာမှာကို စိုးရိမ်မှုတွေကလည်း ရှိနေခဲ့

ကိုဗစ်-၁၉ စေ့ဆော်မှုကြောင့် နည်းပညာ ရှေ့တိုးခြင်း၏ ကောင်းကျိုး

ကိုဗစ်-၁၉ ပျောက်ကင်းနိုင်တဲ့ ဆေးကို အေအိုင် အသုံးပြု ထုတ်လုပ်ဖို့ ကြိုးစားရာမှာ လုံးဝ ဆေးသစ် ဖော်ထုတ်ဖို့နဲ့ ရှိပြီးသား ဆေးတွေထဲက ဖော်စပ် အသုံးပြုဖို့ နည်းလမ်း နှစ်ခုရှိပြီး လုံးဝ အသစ်ဖော်ပြီး စိတ်ချရကြောင်းလည်း အတည်ပြုနိုင်ဖို့ဆိုရင် နှစ်နဲ့ချီပြီး ကြာနိုင်တယ်လို့ ဆိုပါတယ်။

အခုလို ရှိပြီးသား ဆေးတွေနဲ့ပဲ ဆေးသစ်ဖော်စပ်တဲ့ အေအိုင်စနစ်မှာ အပိုင်း (၃) ပိုင်း ခွဲထားပြီး ပထမပိုင်းကတော့ ရောဂါသစ်နဲ့ ပတ်သက်တဲ့ သုတေသန ရေးသားမှု မှန်သမျှကို စုဆောင်းဖို့၊ ဒုတိယပိုင်းက ရောဂါပိုးရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံနဲ့ မျိုးဗီဇ DNA အချက်အလက်တွေ စုဆောင်းဖို့နဲ့ တတိယပိုင်းကတော့ သင့်တော်နိုင်တဲ့ ဆေးအမျိုးအစား မှန်သမျှရဲ့ အချက်အလက် စုဆောင်းဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။

ကိုဗစ်-၁၉ ကိုရိုနာဗိုင်းရပ်စ် အတွက် ကာကွယ်ဆေး ဖော်စပ်ဖို့အတွက် အောက်စဖို့မြို့ အခြေစိုက် Exscientia ဆိုတဲ့ ကုမ္ပဏီက ကြိုးစားနေပြီး အမေရိကန်နိုင်ငံ ကယ်လဖိုးနီးယားပြည်နယ်မှာရှိတဲ့ စခရစ်ပ် သုတေသန ဌာနက ဆေးအမျိုးအစားပေါင်း တသောင်းခွဲလောက်ကို အေအိုင်အသုံးပြု ဆေးစပ်ဖို့ ကြိုးစားနေတယ်လို့ ဆိုပါတယ်။

နာမည်ကျော် အမျိုးသားလိင်အားတိုးဆေး ဗိုင်ရာဂရာကို ပူးတွဲ ဖော်ထုတ်သူ တဦးဖြစ်တဲ့ ဒေါက်တာ ဒေးဗစ် ဘရောင်း ထူထောင်တဲ့ ကိန်းဘရစ်မြို့အခြေစိုက် Healx ဆိုတဲ့ ကုမ္ပဏီကလည်း သူတို့ရဲ့ အေအိုင်စနစ်ကို ဖြစ်ခဲတဲ့ ရောဂါတွေအတွက် ဆေးရှာမှာ အသုံးပြုနိုင်ဖို့ ပုံစံပြောင်းနေတယ်လို့ ဆိုပါတယ်။

အမေရိကန်နိုင်ငံမှာ ဆိုရင်လည်း ဟားဗတ်ဆေးတက္ကသိုလ်၊ စတန်းဖို့ကွန်ယက် သိပ္ပံကျောင်း၊ အရှေ့မြောက်တက္ကသိုလ်ရဲ့ ဘာရာဘာစီ ဓါတ်ခွဲခန်းနဲ့ ရှစ်ဖာ ဆေးဝါး ဇီဝ နည်းပညာ ကုမ္ပဏီသစ် တို့ ပူးပေါင်းပြီး ရှိပြီးသား ဆေးတွေကို ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကုသရေးမှာ ပြောင်းလဲ အသုံးပြုနိုင်ဖို့ ကြိုးစားနေကြပါတယ်။

ကိုဗစ်-၁၉ ပျောက်ကင်းနိုင်တဲ့ ဆေးကို အေအိုင် အသုံးပြု ထုတ်လုပ်ဖို့ ကြိုးစားရာမှာ လုံးဝ ဆေးသစ် ဖော်ထုတ်ဖို့နဲ့ ရှိပြီးသား ဆေးတွေထဲက ဖော်စပ် အသုံးပြုဖို့ နည်းလမ်း နှစ်ခုရှိ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကိုဗစ်-၁၉ ပျောက်ကင်းနိုင်တဲ့ ဆေးကို အေအိုင် အသုံးပြု ထုတ်လုပ်ဖို့ ကြိုးစားရာမှာ လုံးဝ ဆေးသစ် ဖော်ထုတ်ဖို့နဲ့ ရှိပြီးသား ဆေးတွေထဲက ဖော်စပ် အသုံးပြုဖို့ နည်းလမ်း နှစ်ခုရှိ

Healx ကုမ္ပဏီရဲ့ ကြိုးပမ်းမှု

Healx ကုမ္ပဏီက ဒေါက်တာ ဒေးဗစ် ဘရောင်းရဲ့ အဆိုအရ အေအိုင်မသုံးပဲ ဆေးသုတေသန အပိုင်းသုံးပိုင်းကို လုပ်ဆောင်ရာမှာ သူ့ရဲ့ လုပ်ငန်းသက်တမ်း ၄၅ နှစ်အတွင်း ဆေးသုံးမျိုးကိုပဲ ထုတ်လုပ် ရောင်းချနိုင်ခဲ့တယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဒါပေမယ့် အေအိုင် အသုံးပြုမှုကြောင့် အပိုင်း သုံးပိုင်းစလုံးအတွက် လိုအပ်တဲ့ အချက်အလက်တွေကို စုဆောင်းအပြီးမှာ ရက်ပိုင်းအတွင်း တွေ့ရှိမှု အသစ်တွေ ထုတ်နိုင်ခဲ့တယ်လို့လည်း သူကပြောပါတယ်။

လက်ရှိ ၂၀၂၀ အီစတာပွဲတော် ကာလဖြစ်တဲ့ ဧပြီလဆန်းပိုင်းမှာ အေအိုင်က အချက်အလက်တွေကို Algorithms ထဲမှာ ထည့်သွင်း ပေါင်းစပ်ကြည့်ပြီး ဧပြီလကုန်ပိုင်းလောက်မှာတော့ ကုသရေး နည်းလမ်း သုံးခု ထွက်လာဖို့ မှန်းထားတယ်လို့ ဆိုပါတယ်။

Healx ကုမ္ပဏီ အနေနဲ့ အဲဒီ အချက်အလက်တွေကို အသုံးပြုပြီး ၂၀၂၀ မေလဆန်းမှာ ဆေးသစ်စာရင်း ထုတ်နိုင်ဖို့ ရည်မှန်းထားရာမှာ လက်တွေ့ စမ်းသပ်ကြည့်ဖို့လည်း ဆေးပညာ ဓါတ်ခွဲခန်းတွေနဲ့ တိုင်ပင်နေပြီလို့ ဆိုပါတယ်။

ဒါပေမယ့် အခုလို ရှိပြီးသား ဆေးတွေကို ပေါင်းစပ်ပြီး ဆေးသစ်ဖော်ရာမှာ တမျိုးတည်းနဲ့ မလုံလောက်နိုင်ဘူးလို့လည်း ဒေါက်တာ ဘရောင်းက ပြောပါတယ်။

သူရဲ့ Healx ကုမ္ပဏီ အနေနဲ့ ဈေးကွက်ထဲမှာ အသုံးပြုခွင့်ရပြီးသား ဆေး အမျိုး ၄၀ဝ၀ ကို ဆေးနှစ်မျိုးပေါင်းစပ်မှု ပုံစံ ၈ သန်းနဲ့ ဆေးသုံးမျိုး ပေါင်းစပ်မှု ပုံစံ ၁၀ ဘီလျံ ခွဲ အမျိုးမျိုးကို အေအိုင် အသုံးပြု ဖော်ထုတ်ပြီး ဆေးသစ် စာရင်းထုတ်မှာ ဖြစ်ပါတယ်။

ဗီဒီယို ပုံစာ, ကိုရိုနာဗိုင်းရပ်စ် ဘာကြောင့် အဖျက်စွမ်းအား ကြီးမားသလဲ

ရှစ်ဖာဆေး ကုမ္ပဏီရဲ့ ကြိုးပမ်းမှု

ရှစ်ဖာ ကုမ္ပဏီရဲ့ အမှုဆောင် အရာရှိချုပ် အလစ်ဖ် ဆယ်လာ ကလည်း သူတို့ရဲ့ ကုမ္ပဏီဟာ နှစ်ဝက်လောက် ကြာနိုင်တဲ့ တိုးတက်မှုတွေကို လတ်တလော သုံးပတ်အတွင်း လုပ်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ရှစ်ဖာ ကုမ္ပဏီရဲ့ တက္ကသိုလ်တွေနဲ့ ပူးပေါင်း ဆောင်ရွက်မှုကြောင့် အံ့အားသင့်စရာ တွေ့ရှိမှုတွေလည်း ရှိခဲ့ပြီး အဲဒီအထဲမှာ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုးက ဦးနှောက်ထဲကို ဝင်နိုင်ချေ ရှိမှုနဲ့ မျိုးပွားအင်္ဂါတွေကိုလည်း တိုက်ခိုက်နိုင်မှုတို့ ဖြစ်ပါတယ်။

ဒါ့ကြောင့်လည်း တချို့ ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူတွေမှာ အနံ့နဲ့ အရသာခံနိုင်စွမ်း မရှိတော့တာ ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

သူတို့ ကုမ္ပဏီ သုတေသနရဲ့ ထူးခြားချက်ကတော့ အေအိုင်နည်းပညာနဲ့အတူ ကွန်ယက်ဖြန့် ကုသတဲ့ ဆေးကို ရှာဖွေမှုဖြစ်ပြီး ရောဂါတခုဟာ ဗီဇတခု၊ ပရိုတိန်းတခုတည်းကို တိုက်ခိုက်မှု မဟုတ်ပဲ ပရိုတိန်း အမျိုးအစားတွေ စုပေါင်း ရိုက်ခတ် အကျိုးပြုမှုဆိုတဲ့ အယူအဆပဲ ဖြစ်ပါတယ်။

အဲဒီအယူအဆကို အသုံးပြုပြီး ကုသနိုင်စွမ်းရှိတဲ့ ဆေး ၈၁ မျိုးကို တွေ့ရှိထားရာမှာ အေအိုင်နည်းပညာနဲ့ ပေါင်းစပ် အသုံးပြုမယ်ဆိုရင် အေအိုင် တခုတည်းကို အားကိုးတာထက် ပိုပြီး ထိရောက် နိုင်တယ်လို့ မစ္စတာ ဆယ်လာက ပြောပါတယ်။

အလီဘာဘာ ကလည်း ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကူးစက်ခံရတာ ဟုတ်မဟုတ် စက္ကန့် ၂၀ အတွင်း အဖြေထုတ်ပေးနိုင်မယ့် အေအိုင် Algorithm တခု ဖော်နိုင်ကြောင်း ကြေညာခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အလီဘာဘာ ကလည်း ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကူးစက်ခံရတာ ဟုတ်မဟုတ် စက္ကန့် ၂၀ အတွင်း အဖြေထုတ်ပေးနိုင်မယ့် အေအိုင် Algorithm တခု ဖော်နိုင်ကြောင်း ကြေညာခဲ့

အခြားကုမ္ပဏီများ၏ ကြိုးပမ်းမှုများ

BenevolentAI ဆိုတဲ့ ကုမ္ပဏီကတော့ ဘယ်ရီစစ်တ်နစ်ဘ် ဆိုတဲ့ အရိုးအဆစ် ကိုက်ခဲတဲ့ ရောင်ရမ်းခြင်း ကုသတဲ့ ဆေးကို အဆုတ်တွင်း ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကူးစက်မှု ကာကွယ်ရာမှာ အသုံးပြုနိုင်ချေ ရှိတယ်လို့ ဆိုပါတယ်။

အဲဒီဆေးကို လက်တွေ့ စမ်းသပ်ကြည့်တဲ့ အဆင့်ရောက်နေပြီ ဖြစ်ပြီး အမေရိကန်နိုင်ငံလုံးဆိုင်ရာ ကူးစက်ရောဂါနဲ့ ဓါတ်မတည့် ရောဂါဆိုင်ရာ ဌာနက ကြပ်မတ်ပေးနေတယ်လို့ ဆိုပါတယ်။

တဆက်တည်းမှာပဲ တောင်ကိုရီးယားနဲ့ အမေရိကန်သိပ္ပံပညာရှင်တွေ ပူးပေါင်းထားတဲ့ အဖွဲ့ကလည်း လက်ရှိ ဗိုင်းရပ်စ်တိုက်ဖျက်တဲ့ ဆေးတွေရဲ့ သဘာဝကို အေအိုင် အသုံးပြု လေ့လာအပြီးမှာ ကုခံအား ကျဆင်းတဲ့ AIDS ရောဂါ ကုရာမှာသုံးတဲ့ အတာဇနာဗိုင်း (atazanavir) ဆိုတဲ့ဆေးကို ကိုဗစ်-၁၉ ဗိုင်းရပ်စ် တိုက်ဖျက်ရေးမှာ သုံးနိုင်လောက်တယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

တချို့ အေအိုင်ကုမ္ပဏီတွေကတော့ ဒီဗိုင်းရပ်စ်ကူးနေပြီးသား လူတွေထဲက နောင်မှာ အသက်ရှူစက်နဲ့ ထားဖို့ လိုမလို ခန့်မှန်းတဲ့ အပိုင်းမှာ အေအိုင် အသုံးပြုလို့ရအောင် ကြိုးစားနေကြတယ်လို့ ဆိုပါတယ်။

ပုံမှန်အားဖြင့် ဒီလို ခန့်မှန်းတာကို ဓါတ်မှန် ပညာရှင်တွေက ပြုလုပ်ရပြီး အေအိုင်က အစားထိုး ခန့်မှန်းပေးနိုင်ဖို့ ရည်မှန်းတယ်လို့ ဆိုပါတယ်။

တရုတ်ရဲ့ နည်းပညာကုမ္ပဏီကြီးတခု ဖြစ်လာတဲ့ အလီဘာဘာ ကလည်း ကိုဗစ်-၁၉ ဗိုင်းရပ်စ် ကူးစက်ခံရတာ ဟုတ်မဟုတ် စက္ကန့် ၂၀ အတွင်း အဖြေထုတ်ပေးနိုင်မယ့် အေအိုင် Algorithm တခု ဖော်နိုင်ကြောင်း ကြေညာခဲ့ပြီး ၉၆% တိကျမှု ရှိတယ်လို့ ဆိုပါတယ်။

ဒါပေမယ့်လည်း အေအိုင်စနစ်တွေက ရောဂါရင့်ပြီးသူတွေရဲ့ အချက်အလက်တွေနဲ့ ပိုမိုအသားကျပြီး ရောဂါကူးကာစ လူတွေကို ခန့်မှန်းရာမှာ အားနည်းသွားနိုင်တယ်လို့ သတိပေးတဲ့ ကျွမ်းကျင်ပညာရှင်တွေလည်း ရှိနေပါတယ်။

လန်ဒန် အင်ပီရီယယ် ကောလိပ်က ပါမောက္ခ အရာ ဒါဇီကတော့ အေအိုင်အသုံးပြုမှု ပိုပြီး ထိရောက်ဖို့အတွက် ဆေးကုမ္ပဏီကြီးတွေဘက်က ပရဟိတ သုတေသန ပြုသူတွေ၊ ပညာရှင်တွေနဲ့တကွ ဆေးဘက်ဆိုင်ရာ အချက်အလက် ရောင်းချတဲ့ ကုမ္ပဏီငယ်တွေနဲ့ အချက်အလက်တွေ မျှဝေ ဖို့လိုပြီး နိုင်ငံတကာက မူဝါဒချမှတ်သူ အသီးသီးကလည်း ဒီလို ဖြစ်လာအောင် တိုက်တွန်းပေးရမယ်လို့ ဆိုပါတယ်။

ယူဗီဒီ စက်ရုပ်ကုမ္ပဏီ

ဓာတ်ပုံ ရင်းမြစ်, ADRIENNE MURRAY

ဓာတ်ပုံ ပုံစာ, ယူဗီဒီ စက်ရုပ်ကုမ္ပဏီက သူတို့ရဲ့ ခရမ်းလွန်ရောင်ခြည်သုံး ပိုးသတ် စက်ရုပ်တွေကို တရုတ်နဲ့ ဥရောပနိုင်ငံတွေဆီက ရာနဲ့ချီပြီး လှမ်းမှာကြတယ်လို့ ဆို

ကိုဗစ်-၁၉ စေ့ဆော်မှုကြောင့် နည်းပညာ ရှေ့တိုးခြင်း၏ ဆိုးကျိုး ဖြစ်နိုင်ချေ

ကိုဗစ်-၁၉ အခြေအနေကြောင့် လူနေရာ စက်အစားထိုးမှု တိုးလာရာမှာ ဒိန်းမတ် အခြေစိုက် ယူဗီဒီ စက်ရုပ်ကုမ္ပဏီက သူတို့ရဲ့ ခရမ်းလွန်ရောင်ခြည်သုံး ပိုးသတ် စက်ရုပ်တွေကို တရုတ်နဲ့ ဥရောပနိုင်ငံတွေဆီက ရာနဲ့ချီပြီး လှမ်းမှာကြတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် စားသောက်ဆိုင်နဲ့ ကုန်စုံဆိုင်တွေကလည်း မှာယူတဲ့သူတွေကို ပေးပို့ရာမှာ စက်ရုပ်တွေ သုံးလာကြပါတယ်။

ဒီလို ပြောင်းလဲလာရာမှာ ကိုဗစ်-၁၉ အခြေအနေ တည်ငြိမ်လာလို့ စီးပွားရေးလုပ်ငန်းတွေ ပြန်ဖွင့်လာတဲ့အခါကျရင်လည်း တချို့နေရာတွေမှာ လူတွေအစား စက်ရုပ်တွေကိုပဲ ဆက်အသုံးပြုသွားနိုင်ချေ ရှိနေတယ်လို့ ကျွမ်းကျင်သူတွေက ပြောဆိုလာကြပါတယ်။

ဒါပေမယ့် ကုန်စုံဆိုင်လို လုပ်ငန်းမှာသုံးတဲ့ အလိုအလျောက် ငွေချေကောင်တာ စနစ်မျိုးမှာ ကန့်သတ်ချက်တွေ ရှိနေဆဲဖြစ်ပြီး လွယ်လွယ်နဲ့ ချို့ယွင်းသွားတတ်တဲ့အတွက် လူထိုင်တဲ့ ငွေချေကောင်တာကိုပဲ ပြန်အားကိုးရတာမျိုး ရှိနေဆဲ ဖြစ်တယ်လို့ အနာဂါတ်စားသုံးသူ ဆိုတဲ့ စာအုပ်ကို ရေးသားသူ မစ္စ ဘလိတ် မော်ဂန်က ဘီဘီစီကို ပြောပါတယ်။

လူနေရာမှာ စက်တွေ ပိုပြီး အစားထိုးလာနိုင်တဲ့ လုပ်ငန်းတခုကတော့ အစားအသောက် လုပ်ငန်းဖြစ်ပြီး မက်ဒေါ်နယ်လို ကမ္ဘာအနှံ့ ဖွင့်လှစ်ထားတဲ့ စားသောက်ဆိုင်ခွဲရှိတဲ့ လုပ်ငန်းမှာ ချက်ပြုတ်တဲ့ အပိုင်းရော၊ ဝန်ဆောင်မှု အပိုင်းမှာပါ စက်ရုပ်တွေကို စမ်းသပ် အသုံးပြုလာတယ်လို့ ဆိုပါတယ်။

အမေဇွန်လို ကုမ္ပဏီကြီးတွေက ကုန်လှောင်ရုံမှာ ပစ္စည်းတွေ ခွဲခြား သိုလှောင်မှု၊ ထုပ်ပိုးမှုနဲ့ ဝယ်သူ အရောက် ပို့ဆောင်မှုတွေမှာ စက်ရုပ်တွေ ထောင်ချီ အသုံးပြုနေပြီးသားဖြစ်

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, အမေဇွန်လို ကုမ္ပဏီကြီးတွေက ကုန်လှောင်ရုံမှာ ပစ္စည်းတွေ ခွဲခြား သိုလှောင်မှု၊ ထုပ်ပိုးမှုနဲ့ ဝယ်သူ အရောက် ပို့ဆောင်မှုတွေမှာ စက်ရုပ်တွေ ထောင်ချီ အသုံးပြုနေပြီးသားဖြစ်

နောက်ထပ် အလားတူ လုပ်ငန်းတခုကတော့ အွန်လိုင်းကမှာယူတဲ့ ပစ္စည်းတွေကို ပို့ပေးရတဲ့ လုပ်ငန်းတွေ ဖြစ်ပြီး အမေဇွန်နဲ့ ဝေါမတ်တ်လို ကုမ္ပဏီကြီးတွေဟာ ပစ္စည်းတွေ ခွဲခြား သိုလှောင်မှု၊ ထုပ်ပိုးမှုနဲ့ ဝယ်သူ အရောက် ပို့ဆောင်မှုတွေမှာ စက်ရုပ်တွေ အသုံးပြုနေပြီးသားဖြစ်လို့ နောက်ပိုင်း ပိုတိုးလာဖို့ပဲ ရှိတယ်လို့ ဆိုပါတယ်။

ဒီလို အခြေအနေတွေကြောင့် ကုန်လှောင်ရုံလို လုပ်ငန်းခွင်တွေမှာ social distancing ခေါ် လူအများ မစုဝေးပဲ ခပ်ခွာခွာ နေဖို့ မဖြစ်နိုင်ဘူးလို့ စောဒက တက်ကြတဲ့ အလုပ်သမားတွေ အတွက် အလုပ်မရတော့ပဲ ဖြစ်သွားနိုင်တဲ့ အလားအလာတွေ ရှိလာပါတယ်။

လူအစားထိုး စက်ရုပ်တွေကို ဖန်တီးဖို့နဲ့ ဝယ်ယူ အသုံးပြုဖို့ ကုန်ကျစရိတ် ကြီးတယ်ဆိုပေမယ့် စတင် အသုံးပြုလာပြီ ဆိုရင် ရေရှည်မှာ လူကို အသုံးပြုတာထက် စရိတ်သက်သာတဲ့အတွက် စက်ရုပ်နဲ့ အစားထိုးပြီးသွားတဲ့ နေရာမျိုးတွေမှာ လူတွေကို ထပ်ခန့်နိုင်ချေလည်း နည်းသွား နိုင်ပါတယ်။

ကျောင်းဆရာအလုပ်၊ ခန္ဓာကိုယ် ကြံ့ခိုင်ရေး နည်းပြ အလုပ်၊ ဘဏ္ဍာရေး အကြံပေး အလုပ်လို အလုပ်တွေမှာ ဆိုရင်လည်း အေအိုင် အသုံးပြုတဲ့ စက်ရုပ်တွေကို အသုံးပြုနိုင်ဖို့ ကုမ္ပဏီကြီးတွေက အရှိန်မြှင့်လာ ကြပါတယ်။

ဖေ့စ်ဘွတ်နဲ့ ဂူဂဲလို ကုမ္ပဏီကြီးတွေကလည်း သူတို့ရဲ့ အင်တာနက် စာမျက်နှာတွေပေါ်မှာ မသင့်လျော်တဲ့ ရေးသားဖော်ပြမှုတွေကို ဖယ်ရှားရာမှာ လူအစား အေအိုင်ကို ပိုပြီး အားကိုးလာကြပါတယ်။

နိုင်ငံတကာ အတိုင်ပင်ခံ ကုမ္ပဏီ တခုဖြစ်တဲ့ မက်ကင်ဆီ ရဲ့ ၂၀၁၇ အစီအရင်ခံစာ အရ ၂၀၃၀ အရောက်မှာ အမေရိကန်က အလုပ်သမား သုံးပုံ တပုံလောက်ကို စက်ရုပ်တွေက အစားထိုးသွားမယ်လို့ ခန့်မှန်ထားပြီး ဥရောပ၊ အမေရိကနဲ့ ပစိဖိတ်ဒေသက ၃၆ နိုင်ငံနဲ့ စီးပွားရေး ပူးပေါင်း ဆောင်ရွက်ဖို့ ဖွဲ့စည်းထားတဲ့ OECD အဖွဲ့ကလည်း သူတို့ရဲ့ အလုပ်သမား ၁၄ ရာခိုင်နှုန်းလောက်ကို စက်ရုပ်တွေက အစားထိုးသွားနိုင်ချေ ရှိတယ်လို့ ၂၀၁၉ အစီအရင်ခံစာမှာ ဖော်ပြခဲ့ပါတယ်။

ဒါပေမယ့် လက်ရှိ ကိုဗစ်-၁၉ လို ကပ်ရောဂါ အခြေအနေမျိုးကြောင့် လူ့လုပ်အား နေရာ စက်ရုပ်အစားထိုးမှုတွေ ပိုပြီး မြန်မြန် ဖြစ်လာနိုင်ပြီး အဲဒီ အခြေအနေနဲ့ လိုက်လျောညီထွေ ဖြစ်အောင် နေထိုင်ဖို့က လူသားတွေရဲ့ ဆုံးဖြတ်ချက်တွေ အပေါ်မှာပဲ မူတည်မှာ ဖြစ်ပါတယ်။