ကိုရိုနာဗိုင်းရပ်စ် - ဗိုင်းရပ်စ်စစ်တာ ဘာလို့အရေးကြီးတာလဲ

ဓာတ်ပုံ ရင်းမြစ်, PA Media
ယူကေနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရှိမရှိ စစ်ဆေးမှုတွေကို ဧပြီလကုန် မတိုင်ခင် တစ်နေ့ကို လူတစ်သိန်းအထိ လုပ်သွားနိုင်ဖို့ အစိုးရက ကြိုးစားနေပါတယ်။
စစ်ဆေးမှုတွေ ပိုမြန်မြန် တိုးမြှင့် မလုပ်နိုင်တဲ့အတွက် အစိုးရအနေနဲ့ ဝေဖန်ခံနေရတာပါ။
ဘယ်လိုစစ်ဆေးနည်းတွေ လုပ်နေလဲ
ယူကေနိုင်ငံက ဆေးရုံတွေမှာ လက်ရှိအသုံးပြုနေတဲ့ စစ်ဆေးနည်းတွေက လူတစ်ယောက်မှာလောလောဆယ် ကိုဗစ်-၁၉ ရောဂါရှိမရှိဆိုတာကို သိဖို့ ဖြစ်ပါတယ်။
အဲဒီလူရဲ့ နှာခေါင်း ဒါမှမဟုတ် လည်ချောင်းက နမူနာ အရည်ကို ယူပြီး ဗိုင်းရပ်စ်ပိုး မျိုးဗီဇ လက္ခဏာရှိမရှိ ဆိုတာကို ဓာတ်ခွဲခန်းမှာ စစ်ဆေးပါတယ်။
အစိုးရ လုပ်ချင်တဲ့ နောက်တစ်နည်းကတော့ ခန္ဓာကိုယ်ရဲ့ခုခံနိုင်စွမ်း ပဋိပစ္စည်းကို သွေးစစ်စမ်းသပ်တဲ့နည်းပါ။ ဒါက လူတစ်ယောက်မှာ ဗိုင်းရပ်စ်ပိုး ရှိထားပြီးသားလား ဆိုတာကိုသိဖို့ပါ။
ကိုယ်ဝန်ရှိမရှိ စမ်းတဲ့ ကိရိယာလို ပစ္စည်းမျိုးနဲ့ အဲဒီလူရဲ့သွေးထဲက ရောဂါ ခုခံနိုင်စွမ်း လက္ခဏာကို စမ်းသပ်ရှာဖွေတာပါ။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒီစစ်ဆေးမှုတွေက ဘယ်လောက် တိကျသလဲ
ဆေးရုံတွေမှာ သုံးနေတဲ့ ရောဂါရှာဖွေ စစ်ဆေးနည်းတွေက သိပ်ကို စိတ်ချရပါတယ်။
ဒါပေမဲ့ ကိုရိုနာ ဗိုင်းရပ်စ်ရှိသူ အယောက်တိုင်းကို စစ်ဆေးတွေ့ရှိနိုင်မယ့်သဘောတော့ မဟုတ်ပါဘူး။ရောဂါ စကူးစက် ခံရရချင်းအချိန် ဒါမှမဟုတ် ဗိုင်းရပ်စ်ပိုးပမာဏ အထိုက်အလျောက် နည်းနေချိန်မျိုးမှာ ဆိုရင် ရောဂါမရှိဘူးလို့ အဖြေထွက်ပါလိမ့်မယ်။
ဒါ့အပြင် လည်ချောင်းမှာ ဗိုင်းရပ်စ်ပိုး အလုံအလောက် ရှိမနေဘူးဆိုရင်လည်း နမူနာအရည်မှာ ရောဂါမရှိဘူးလို့ပဲ အဖြေ ထွက်လာနိုင်ပါတယ်။
ခုချိန်ထိတော့ သွေးစစ်ပြီး စမ်းသပ်နည်းတွေက သိပ်စိတ်မချရသေးပါဘူး။အကောင်းဆုံးဆိုတဲ့ အဲဒီနည်း စမ်းသပ်မှုတွေထဲက ၁၅ ခုကို လုပ်ခဲ့ပေမဲ့ သိပ်မကောင်းလှဘူးလို့ ဗြိတိန် ကျန်းမာရေးဝန်ကြီး မက်တ် ဟန်ကော့ခ် က ပြီးခဲ့တဲ့သီတင်းပတ်က ပြောပါတယ်။
တရုတ်နိုင်ငံကနေ ဝယ်ခဲ့တဲ့ ဒီစမ်းသပ်နည်းတွေဟာ ကိုရိုနာဗိုင်းရပ်စ်ရောဂါနဲ့ အသည်းအသန် နေမကောင်းဖြစ်နေသူ လူနာတွေမှာသာ ရောဂါပိုး ရှာဖွေနိုင်ခဲ့ပြီး ရောဂါသိပ်မပြင်းတဲ့သူတွေမှာတော့ ရောဂါပိုး မစမ်းသပ်နိုင်ခဲ့ဘူးလို့ ဒီစမ်းသပ်မှုတွေကို ကြီးကြပ်ဆောင်ရွက်ခဲ့သူ ပါမောက္ခ ဂျွန် နျူတန် က The Times သတင်းစာကိုပြောပြပါတယ်။
လူဘယ်နှစ်ယောက်မှာ ကိုရိုနာဗိုင်းရပ်စ် ရှိနေသလဲ ဆိုတာ သိနိုင်ဖို့ မျှော်လင့်ချက်နဲ့ ယူကေအစိုးရကအဲဒီ သွေးစစ် စမ်းသပ်နည်း ၃ သန်းခွဲကို ဝယ်ခဲ့တာပါ။ ဒါပေမဲ့ တကယ်တမ်း အလုပ်ဖြစ်တယ် ဆိုတာမသေချာမချင်းတော့ ဒီနည်းတွေကို အသုံးမပြုချင်သေးပါဘူး။


ဓာတ်ပုံ ရင်းမြစ်, PA Media
ရောဂါ စစ်ဆေးဖို့က ဘာ့ကြောင့်အရေးကြီးတာလဲ
အဓိက အကြောင်းရင်းနှစ်ခု ရှိပါတယ်။ တစ်ခုက လူတစ်ယောက်ချင်းစီမှာ ရောဂါ ရှိမရှိ စစ်ဆေး ဖော်ထုတ်ဖို့ ဖြစ်ပြီး နောက်တစ်ခုကတော့ ဗိုင်းရပ်စ်ပိုး ဘယ်လောက်အထိ ပြန့်ပွားနေသလဲဆိုတာ သိရဖို့ ဖြစ်ပါတယ်။
ဒုတိယ အချက်ကို သိရရင် ကျန်းမာရေးဝန်ဆောင်မှုဌာနအနေနဲ့ အထူးကြပ်မတ်ဆောင်တွေ အပါအဝင် နောက်ထပ် လိုအပ်လာချက်တွေအတွက် ကြိုတင်ပြင်ဆင်ထားနိုင်မှာ ဖြစ်ပါတယ်။ဒီစစ်ဆေးမှုတွေအရ လူတွေအချင်းချင်း နီးနီးကပ်ကပ် မနေကြဖို့လို ညွှန်ကြားချက်မျိုးတွေ ထုတ်နိုင်မှာ ဖြစ်ပါတယ်။ဥပမာ တကယ်လို့ လူအများကြီး ရောဂါကူးစက် ခံထားရပြီးသား ဆိုရင် လူတွေကို လုံးဝအပြင်ပေးမထွက်တာမျိုးတွေ လုပ်ဖို့ သိပ်လိုအပ်မှာ မဟုတ်တော့ပါဘူး။
ဒါ့အပြင် ပိုကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးတာမျိုးမလုပ်ရင် ကျန်းမာရေးဝန်ထမ်းတွေ အပါအဝင် လူအတော်များများ ကိုယ့်မှာ ရောဂါ ရှိတယ် ထင်ပြီး အိမ်ထဲက အိမ်ပြင်မထွက်ဘဲနေနေတာဟာ အဓိပ္ပာယ်မရှိ ဖြစ်သွားပါလိမ့်မယ်။
ရောဂါရှိမရှိ စစ်ဆေးခံချင်ရင် လူတိုင်းစစ်ဆေးခံခွင့်ရှိသလား
လူအများစုအတွက်တော့ လုပ်မပေးသေးပါဘူး။
လောလောဆယ်မှာ စစ်ဆေးမှု အများစုကို ဆေးရုံရောက်နေတဲ့ ရောဂါသည်းတဲ့ လူနာတွေအတွက်ပဲသီးသန့်ထားထားပါတယ်။
အဲဒီအတွက် ရောဂါလက္ခဏာ ပြတဲ့ လူအများစုအနေနဲ့ သူတို့မှာ ကိုရိုနာဗိုင်းရပ်စ် ရှိနေသလားဆိုတာသိရမှာ မဟုတ်ပါဘူး။
အခုအခါမှာတော့ ရောဂါလက္ခဏာ ပြတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေ ဒါမှမဟုတ် သူတို့နဲ့အတူနေသူတွေကတော့ စစ်ဆေးခံခွင့် ရကြပါတယ်။ တခြား ကျန်းမာရေး ဝန်ထမ်းတွေနဲ့ လူနာစောင့်တွေ လည်း မကြာခင် စစ်ဆေးခံခွင့်ရကြတော့မှာပါ။
ကျန်းမာရေးဝန်ဆောင်မှုဌာနက ဝန်ထမ်း ၆၅၀၀ နဲ့ သူတို့ရဲ့မိသားစုဝင်တွေကို ရောဂါပိုးစစ်ဆေးပေးခဲ့ပြီးပြီလို့ ယူကေ ကျန်းမာရေးနဲ့ လူမှု စောင့်ရှောက်ရေးဌာနက ပြောပါတယ်။
ခြုံပြောရမယ်ဆိုရင် ယူကေမှာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့အထိ လူပေါင်း ၁၉၅၅၂၄ ဦးကို ရောဂါရှိမရှိ စစ်ဆေးခဲ့ပြီးဖြစ်ပါတယ်။
ယူကေမှာ ရောဂါ စစ်ဆေးမှု ဘာ့ကြောင့် ပိုမလုပ်တာလဲ
ယူကေမှာက လူတွေအများကြီးကို စစ်ဆေးနိုင်ဖို့ အရင်းအမြစ် မရှိထားပါဘူး။
"ကျွန်တော်တို့မှာ ကမ္ဘာ့အကောင်းဆုံး ဓာတ်ခွဲစမ်းသပ်ခန်းတွေ ရှိပါတယ်၊ ဒါပေမဲ့ ပမာဏ များများမရှိပါဘူး၊ ဥပမာ ဂျာမနီ နိုင်ငံဆိုရင် ကိုရိုနာဗိုင်းရပ်စ် ပြဿနာကြီး စဖြစ်ချိန်မှာ ဓာတ်ခွဲခန်း ၁၀၀ ကို အဆင်သင့်ပြင်ထားနိုင်ပါတယ်"လို့ ယူကေ ကျန်းမာရေးဝန်ကြီး မက်တ် ဟန်ကော့ခ် က ပြောပါတယ်။
ယူကေ အစိုးရက ဧပြီလမကုန်ခင် အင်္ဂလန်မှာ တစ်နေ့ လူတစ်သိန်း ရောဂါ စစ်ဆေးနိုင်ဖို့ ရည်မှန်းထားပါတယ်။ ဧပြီလ ၅ ရက်နေ့အထိတော့ တစ်နေ့ကို လူ ၁၂၀၀၀ လောက်အထိ စစ်ဆေးနိုင်ခဲ့ပါတယ်။ စစ်ဆေးကိရိယာတွေ၊ နမူနာ အရည်ယူဖို့ ဂွမ်းစတွေ၊ ဓာတ်ခွဲခန်းသုံးပစ္စည်းတွေ ရနိုင်ဖို့ စတဲ့ အခက်အခဲတွေကို ဓာတ်ခွဲခန်းတွေမှာ လုပ်နေတဲ့ သိပ္ပံပညာရှင်တွေ ကြုံနေရတယ်လို့ သတင်းတွေက ဆိုပါတယ်။

အဲဒီထဲက ဓာတ်ခွဲခန်းသုံး ပစ္စည်းတမျိုးဆိုရင် ဗိုင်းရပ်စ် အကြောင်းအလွယ်တကူ လေ့လာဖို့အတွက် ဗိုင်းရပ်စ်ရဲ့ မျိုးဗီဇ ခွဲထုတ်ရာမှာသုံးရတဲ့ပစ္စည်းဖြစ်ပါတယ်။ လောလောဆယ် တကမ္ဘာလုံးက အကြီးအကျယ် လိုနေကြတဲ့အတွက်လည်း ဒီပစ္စည်းက ရဖို့ ခက်နေတာ ဖြစ်ပါတယ်။
အစပိုင်းမှာတော့ အင်္ဂလန် ပြည်သူ့ကျန်းမာရေးဌာနက သူတို့ ကိုယ်ပိုင်ဓာတ်ခွဲခန်း ၈ ခုကိုပဲ သုံးနေတာပါ။ အဲဒီကနေ NHS ယူကေ ကျန်းမာရေးဝန်ဆောင်မှုဌာနကြီးရဲ့ ဓာတ်ခွဲခန်း ၄၀ ကိုပါ အသုံးပြုခဲ့တဲ့အတွက် အခုအခါ စုစုပေါင်း ဓာတ်ခွဲခန်း ၄၈ ခုကို သုံးနေပါပြီ။
အခုအခါ တက္ကသိုလ်တွေနဲ့ သုတေသနအဖွဲ့တွေမှာ ရှိတဲ့ ဓာတ်ခွဲခန်းတွေကိုပါ အသုံးပြုဖို့ စီစဉ်နေတယ်လို့ အစိုးရက ပြောပါတယ်။ အဲဒီဓာတ်ခွဲခန်းတွေကို ကျန်းမာရေးဝန်ဆောင်မှုဝန်ထမ်းတွေကို စစ်ဆေးရာမှာ သုံးမှာ ဖြစ်ပါတယ်။
ယူကေနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါ စစ်ဆေးဖော်ထုတ်နိုင်အား တိုးမြှင့်နိုင်ဖို့အတွက် Boots နဲ့Amazonတို့လို စီးပွားရေးဖက်စပ်ကုမ္ပဏီတွေနဲ့ရော ဆေးကုမ္ပဏီကြီးတွေနဲ့ပါ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ထုတ်ဖော်ကြေညာထားပါတယ်။
ကျန်တဲ့ကမ္ဘာ့နိုင်ငံတွေမှာရော ဘယ်လိုအခြေအနေ ရှိသလဲ
ယူကေနိုင်ငံထက် ပိုကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးမှုတွေ လုပ်ခဲ့တဲ့ တောင်ကိုရီးယားနိုင်ငံဆိုရင် စစ်ဆေးကိရိယာတွေ ထုတ်လုပ်မှုကို အလျင်အမြန် အတည်ပြုပေးခဲ့ပြီး စစ်ဆေးကိရိယာတွေ အများကြီးစုဆောင်း ထားရှိခွင့်ရခဲ့ပါတယ်။
ယူကေထက် လူဦးရေ နည်းနည်းလေး ပိုနည်းပေမဲ့ တောင်ကိုရီးယားမှာ ဓာတ်ခွဲခန်း ၂ ဆ ပိုများပြီး သီတင်းပတ်နှုန်း စစ်ဆေးနိုင်မှုအားကလည်း ၂ ဆခွဲလောက်ပိုများပါတယ်။
ဂျာမနီနိုင်ငံဟာ ယူကေနိုင်ငံထက် ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးမှု ၃ ဆ ပိုလုပ်ခဲ့ပါတယ်။
မတ်လ၂၇ ရက်မတိုင်ခင် ဂျာမနီနိုင်ငံသား တစ်သိန်းမှာ ၁၀၉၆ ယောက် စစ်ဆေးခံခဲ့ရပေမဲ့ ယူကေမှာတော့ ဧပြီလ၁ ရက်နေ့အထိ လူတစ်သိန်းမှာ ၃၄၈ ဦးပဲ စစ်ဆေးခံခဲ့ရပါတယ်။
အီတလီမှာတော့ လူတစ်သိန်းမှာ ၈၉၅ ဦး၊ တောင်ကိုရီးယားမှာ လူတစ်သိန်းမှာ ၈၄၂ ဦး၊ အမေရိကန်ပြည်ထောင်စုမှာ လူတစ်သိန်းမှာ ၃၄၈ ဦး၊ ဂျပန်မှာ လူတစ်သိန်းမှာ ၂၇ ဦး သာ စစ်ဆေးခံခဲ့ရပါတယ်။








