အနောက်အာဖရိကမှာ အိုပီရွိုက် ဆေးဝါးပြဿနာ ဖန်တီးနေတဲ့ အိန္ဒိယဆေးကုမ္ပဏီ

ဆံပင်ကာဦးထုပ်ဝတ်ဆင်ထားသူ ဗီနိုရှာမာနဲ့ ဓါတ်ပုံညာဘက်တွင် အစိမ်းရောင်နဲ့ အဖြူရောင်ပုံစံ ဆေးလုံးပုံစံတူရေးဆွဲထားပုံ
ဓာတ်ပုံ ပုံစာ, ဆံပင်ကာဦးထုပ်ဝတ်ဆင်ထားသူ ဗီနိုရှာမာနဲ့ ဓါတ်ပုံညာဘက်တွင် အစိမ်းရောင်နဲ့ အဖြူရောင်ပုံစံ ဆေးလုံးပုံစံတူရေးဆွဲထားပုံ
    • ရေးသားသူ, ဘီဘီစီအိုင်း စုံစမ်းထောက်လှမ်း သတင်းဆောင်းပါး
    • ရာထူးတာဝန်, ဘီဘီစီကမ္ဘာတလွှားအစီအစဉ်

အိန္ဒိယက ဆေးဝါးကုမ္ပဏီတစ်ခုဟာ ပြင်းပြင်းထန်ထန်စွဲလမ်းစေနိုင်ပြီး ဘိန်းပါဝင်တဲ့ဆေးဝါး (အိုပီရွိုက်)တွေကို ထုတ်လုပ်ခွင့်မရှိဘဲ ထုတ်လုပ်နေသလို အနောက်အာဖရိကကို တရားမဝင် တင်ပို့နေမှုကြောင့် အဲဒီဒေသမှာ ပြည်သူ့ကျန်းမာရေး အကျပ်အတည်းနဲ့ ရင်ဆိုင်နေရတာကို ဘီဘီစီရဲ့ စုံစမ်းဖော်ထုတ်သတင်းရေးသားတဲ့အစီအစဉ် BBC Eye က ဖော်ထုတ်လိုက်ပါတယ်။

မွန်ဘိုင်းအခြေစိုက် အေဗီယို ဆေးဝါး (Aveo Pharmaceuticals) ဆိုတဲ့ ကုမ္ပဏီဟာ တံဆိပ်အမျိုးမျိုးအောက်ကနေ ဆေးဝါးမျိုးစုံထုတ်လုပ်နေပြီး တရားဝင်တဲ့ပုံစံမျိုးနဲ့ ထုပ်ပိုးပြင်ဆင်ရောင်းချနေတာပါ။

ဒါပေမဲ့ အဲဒီ‌ဆေးတွေအားလုံးထဲမှာတော့ အန္တရာယ်ဖြစ်စေနိုင်အောင်ထိ ရောစပ်ပါဝင်နေတဲ့ တပန်တဒေါ (Tapentadol) ဆိုတဲ့ အားပြင်းတဲ့ အိုပီရွိုက်နဲ့ ကြွက်သားဖြေလျော့ပေးတဲ့ ကာရီဆိုပရိုဒေါ (Carisoprodol) တို့လို အလွန်စွဲလမ်း စေတဲ့အရာတွေ ပါဝင်ပြီး ဒီဆေးတွေကို ဥရောပမှာ ပိတ်ပင်ထားပါတယ်။

အဲဒီနှစ်ခုပေါင်းစပ်ထားတာတွေ ပါဝင်တဲ့ ဆေးဝါးတွေဟာ ကမ္ဘာပေါ်က ဘယ်နေရာမှမဆို သုံးစွဲဖို့ခွင့်ပြု ထားတာမျိုးမရှိသလို အသက်ရှူကျပ်တာနဲ့ ရုတ်တရက်နှလုံးဖောက်ခြင်းတာတွေကို ဖြစ်စေနိုင်ပါတယ်။

ပမာဏကျော်လွန်သုံးစွဲရင် သေတဲ့အထိဖြစ်နိုင်ပါတယ်။ အဲဒီလို ဘေးအန္တရာယ်တွေရှိနေပေမဲ့လည်း အဲဒီ ဘိန်းပါဝင်တဲ့ အိုပီရွိုက်ဆေးတွေဟာ အနောက်အာဖရိက နိုင်ငံတွေရဲ့ လမ်းဘေးဆေးဆိုင်တွေမှာတော့ စျေးပေါပြီး ဘယ်နေရာမဆိုမှာ ရရှိနိုင်တာကြောင့် အလွန်နာမည်ကြီးနေတာပါ။

အေဗီယို အမှတ်တံဆိပ်နဲ့ ဆေးထုပ်တွေကို ဂါနာ၊ နိုင်ဂျီးရီယားနဲ့ အိုင်ဗရီကို့စ်နိုင်ငံတွေက လမ်းတွေပေါ်မှာ ရောင်းချနေတာကို ဘီဘီစီကမ္ဘာတလွှားအစီအစဥ်က တွေ့ ခဲ့ရပါတယ်။

ဆေးဝါးတွေရဲ့ လမ်းကြောင်းကို ခြေရာခံရာမှာ အိန္ဒိယနိုင်ငံက အေဗီယိုစက်ရုံကနေ စတင်ခဲ့တယ်ဆိုတာ သိရပြီးနောက် ဘီဘီစီကနေ အသွင်ယူစုံစမ်းမှုတစ်ခု လုပ်ခဲ့ပါတယ်။ အဲဒါကတော့ အိုပီရွိုက်ဆေးတွေကို နိုင်ဂျီးရီးယားစျေးကွက်ထဲ သွင်းဖို့ လုပ်နေတဲ့ အာဖရိကက စီးပွားရေးသမားတစ်ဦး အသွင်ယူခဲ့တာပါ။

အေဗီယိုရဲ့ ဒါရိုက်တာတစ်ဦးဖြစ်တဲ့ ဗင်နို့ ရှားမားက အဲဒီလို အန္တရာယ်ရှိတဲ့ ဆေးဝါးတွေ သူတို့ ထုတ်လုပ်ထားတာကို ဂုဏ်ယူစွာနဲ့ ထုတ်ပြခဲ့ပြီး ဒါကို ဘီဘီစီက လျှို့ဝှက်ကင်မရာနဲ့ ရိုက်ယူနိုင်ခဲ့ပါတယ်။ အဲဒီဆေးတွေဟာ အနောက် အာဖရိကတစ်ကြောမှာ ရောင်းချနေတဲ့ ဆေးတွေနဲ့တူနေတာကိုလည်း ဘီဘီစီက တွေ့ရှိထားပါတယ်။

လျှို့ဝှက်ရိုက်ကူးထားတဲ့ဗီဒီယိုထဲမှာ အသွင်ယူစီးပွားရေးသမားက ''ဒီထုတ်ကုန်ကို ကြိုက်ကြတဲ့'' နိုင်ဂျီးရီးယားဆယ်ကျော်သက်တွေဆီ ဒီဆေးတွေရောင်းချဖို့ စီစဉ်ထားကြောင်း ပြောခဲ့ပါတယ်။

ရှားမားကလည်း မတွန့်မဆုတ်ဘဲ "အိုကေ" လို့ပြန်ပြောပါတယ်။ အဲဒီလိုမပြောခင်မှာတော့ ဒီဆေးကို တစ်ကြိမ်မှာ ၂ လုံးကနေ ၃ လုံးအထိ သုံးတဲ့သူတွေအတွက် "အပန်းပြေစေတယ်" ပြီးတော့ ဆေးအာနိသင်ကြောင့် "ယစ်မူးလွင့်မျောနေတဲ့ ခံစားမှု" ကိုပါ ရနိုင်တယ်ဆိုတာ သူက လက်ခံပါတယ်။

အစည်းအဝေးရဲ့ အဆုံးမှာတော့ "ဒါက ကျန်းမာရေးအတွက် အရမ်းကို အန္တရာယ်ရှိတယ်" လို့ ရှားမားကပြောပါတယ်။ "ဒီနေ့ခေတ်မှာတော့ ဒါက စီးပွားရေးပဲ"

ဗီဒီယို ပုံစာ, အိန္ဒိယဆေးကုမ္ပဏီ ဒါရိုက်တာကို လျှို့ဝှက်ရိုက်ကူးထားတဲ့ဗီဒီယို
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒီလုပ်ငန်းက အနောက်အာဖရိကက အလားအလာရှိတဲ့ လူငယ် သန်းပေါင်းများစွာကို ဖျက်ဆီးနေသလို ကျန်းမာရေးကိုလည်း ထိခိုက်စေတဲ့ လုပ်ငန်းဖြစ်ပါတယ်။

ဂါနာမြောက်ပိုင်း၊ တမာလီမြို့ထဲမှာတော့ လူငယ်အများအပြားဟာ အဲဒီတရားမဝင်ဆေးတွေကို သုံးစွဲနေကြတာပါ။ မြို့ရဲ့အကြီးအကဲတစ်ဦးဖြစ်သူ အယ်လ်ဟာဆန် မာဟမ်က တော့ ဆေး‌ရောင်းသူတွေကို စီးနင်းဖမ်းဆီးတာနဲ့ လမ်းပေါ်တွေမှာ အလွယ်ရနေတဲ့ အဲဒီဆေးတွေကို ရှင်းလင်းရေးလုပ်ဖို့ ဒေသခံလုပ်အားပေး ၁၀၀ လောက်နဲ့ လူထုအခြေပြု လုပ်ငန်းအဖွဲ့ကို ဖွဲ့စည်းထားပါတယ်။

"ဒီဆေးတွေကို မူးယစ်ဆေးအနေနဲ့ သုံးစွဲတဲ့အခါမှာ လူတွေရဲ့ ပုံမှန်စိတ်ကိုပါ ထိခိုက်လာတယ်" လို့ မာဟမ်းက ပြောပါတယ်။ "မီးထဲကို ရေနံဆီလောင်းထည့်လိုက်သလိုပဲ။" တမာလီမြို့က ဆေးစွဲသူတစ်ဦးကတော့ ဒီဆေးတွေက "ကျွန်တော်တို့ဘဝတွေကို ဖြုန်းတီးပစ်ခဲ့တာ"လို့ ခပ်ရှင်းရှင်းပဲ ပြောလိုက်ပါတယ်။

တမာလီမြို့ရဲ့ အဆင်းရဲဆုံးရပ်ကွက်တစ်ခုမှာ ဆေးအရောင်းအဝယ်လုပ်မယ့်အကြောင်း သတင်းပေးလာတဲ့အတွက် ဒေသခံလူထုအခြေပြုလုပ်ငန်းအဖွဲ့က ဆိုင်ကယ်တွေစီးပြီး အဲဒီနေရာကို သွားရောက်စီးနင်းတဲ့အခါ ဘီဘီစီလည်း နောက်က လိုက်ပါသွားခဲ့ပါတယ်။

အဲဒီကို သွားတဲ့လမ်းကြောင်းမှာလည်း မိန်းမောပြီး ခွေလျက်သားကျနေတဲ့လူငယ်တစ်ယောက်ကို တွေ့ခဲ့ပါတယ်။ ဒေသခံတွေပြောပြတာကတော့ အဲဒီလူငယ်က ဒီဆေးတွေ သုံးထားတဲ့သူ ဖြစ်ပါတယ်။

မိန်းမောပြီးခွေလျက်သားရှိနေပြီး သူမျက်နှာကို မမြင်ရတဲ့ အုတ်ဘောင်ပေါ်မှာထိုင်နေတဲ့ လူငယ်တစ်ဦး
ဓာတ်ပုံ ပုံစာ, တမာလီမြို့မှာတွေ့ရတဲ့ တဖရိုဒေါ ဆေးစွဲနေသူတစ်ဦး

တဖရိုဒေါ (Tafrodol) ဆိုတဲ့ အမှတ်တံဆိပ်နဲ့ အစိမ်းရောင်ဆေးလုံးတွေ ပလတ်စတစ်အိတ် အပြည့်နဲ့ သယ်ဆောင်လာတဲ့ ဆေးရောင်းသူကို ဖမ်းဆီးမိခဲ့ပါတယ်။ အဲဒီအထုပ်တွေမှာတော့ အေဗီယို ကုမ္ပဏီရဲ့ တံဆိပ်အမှတ်အသားကို ထင်ထင်ရှားရှား တွေ့ရပါတယ်။

အေဗီယိုရဲ့ဆေးတွေဟာ တမာလီမြို့တစ်ခုတည်းအတွက်သာ ဒုက္ခရောက်စေတာမဟုတ်ပါဘူး။ အေဗီယို ထုတ်တဲ့ အလားတူဆေးတွေကို ဂါနာနိုင်ငံထဲမှာလည်း ရဲတပ်ဖွဲ့က ဖမ်းမိထားတယ်ဆိုတာ ဘီဘီစီက တွေ့ခဲ့ရပါတယ်။

နိုင်ဂျီးရီးယားနဲ့ အိုင်ဗရီကို့စ်တို့က လမ်းတွေပေါ်မှာလည်း အေဗီယိုရဲ့ ဆေးတွေ ရောင်းချနေတဲ့ အထောက်အထားတွေ ဘီဘီစီက တွေ့ရှိခဲ့ပါတယ်။ အဲဒီနိုင်ငံတွေမှာ ဆယ်ကျော်သက်တွေဟာ ပိုပြီး ယစ်မူးလွင့်မျောနိုင်အောင် ဒီဆေးကို အရက်ပါတဲ့ အားဆေးအချိုရည်ထဲ ထည့်သောက်ကြပါတယ်။

အေဗီယိုကုမ္ပဏီဟာ သူ့ရဲ့ မိတ်ဖက်ကုမ္ပဏီဖြစ်တဲ့ ဝက်စ်ဖင်း အင်တာနေရှင်နယ် (Westfin International) နဲ့အတူ သန်းနဲ့ချီတဲ့ ဆေးပြားတွေကို ဂါနာနဲ့ အနောက်အာဖရိကန်နိုင်ငံတွေကို တင်ပို့ရောင်းချခဲ့တာကို အများပြည်သူသိရှိနိုင်တဲ့ ပြည်ပပို့ကုန်စာရင်းတွေမှာ ဖော်ပြထားပါတယ်။

လူဦးရေ ၂၂၅ သန်းရှိတဲ့ နိုင်ဂျီးရီးယားနိုင်ငံဟာ ဒီဆေးတွေနဲ့ပတ်သက်ရင် အကြီးဆုံး စျေးကွက်ဖြစ်ပါတယ်။ ဒီလို အိုပီရွိုက်ဆေးမျိုးတွေကို နိုင်ဂျီးရီးယားနိုင်ငံသား လေးသန်းလောက်က အလွဲသုံးနေတယ်လို့ နိုင်ဂျီးရီးယား အမျိုးသားစာရင်းအင်းများဗျူရိုက ခန့်မှန်းထားပါတယ်။

"အဲဒီဆေးတွေက ကျွန်တော်တို့ လူငယ်တွေ၊ မိသားစုတွေကို အကြီးအကျယ် ဖျက်ဆီးနေတာ။ နိုင်ဂျီးရီးယားရဲ့ လူမှုအသိုင်းအဝိုင်းတိုင်းမှာ ဒီလို ဖြစ်နေတာ" လို့ နိုင်ဂျီးရီးယားရဲ့ ဆေးဝါးနဲ့ တရားဥပဒေစိုးမိုးရေးအေဂျင်စီ ဥက္ကဋ္ဌ ဗိုလ်မှူးချုပ် မိုဟာမက် ဘူဘာ မာဝါက ဘီဘီစီကို ပြောပါတယ်။

အလုံး ၃၀ ကျော် အဖြူနဲ့အစိမ်းဆေးကဒ်များကို လက်ထဲမှာ ကိုင်ဆောင်ထား
ဓာတ်ပုံ ပုံစာ, ဂါနာနိုင်ငံ၊ တမာလီမြို့အတွင်း စီးနင်းမှုက ဖမ်းဆီးရမိတဲ့ အေဗီယို အမှတ်တံဆိပ်ပါ တဖရိုဒေါ ဆေးများ

လမ်းတွေပေါ်မှာ ရောင်းနေတဲ့ အိုပီရွိုက်ဆေးတွေနဲ့ ပတ်သက်ပြီး ၂၀၁၈ ခုနှစ်တုန်းက ဘီဘီစီ အာဖရိကအိုင်း ထောက်လှမ်းစုံစမ်းထားတဲ့ သတင်းဖော်ပြမှုနောက်ပိုင်း နိုင်ဂျီးရီးယား အာဏာပိုင်တွေဟာ ကျယ်ကျယ်ပြန့်ပြန့်အလွဲသုံးနေတဲ့ အိုပီရွိုက်အကိုက်အခဲပျောက်ဆေး ထရာမဒေါ (Tramadol) ကို လည်း ထိန်းချုပ်နိုင်ဖို့ ကြိုးပမ်းခဲ့ကြပါတယ်။

အစိုးရကလည်း ထရာမဒေါကို ဆရာဝန်ညွှန်းကြားချက်မပါဘဲ အရောင်းအဝယ်မလုပ်ဖို့ တားဖြစ်တာ၊ အများဆုံးသောက်သုံးနိုင်တဲ့ အကြိမ်အရေအတွက် ကန့်သတ်တာနဲ့ တရားမဝင်တင်းသွင်းမှုကို ဖြိုခွင်းတာတွေကို လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီတစ်ချိန်တည်းမှာပဲ အိန္ဒိယအာဏာပိုင်တွေကလည်း ထရာမဒေါ ပြည်ပတင်ပို့မှု စည်းမျဉ်းတွေကို တင်းကျပ်ခဲ့ပါတယ်။

အဲဒီလိုဖြိုခွင်းမှုတွေလုပ်ပြီးနောက်မကြာခင်မှာပဲ အေဗီယိုက တပန်တာဒေါကို အခြေခံပြီး သူ့ထက်ပြင်းတဲ့ အိုပီရွိုက်ဆေးတစ်မျိုးကို ကြွက်သားဖြေလျော့ပေးတဲ့ ကာရီဆိုပရိုဒေါနဲ့ ပေါင်းစပ်ပြီး ထုတ်လုပ်တင်ပို့ရောင်းချခဲ့ပါတယ်။

ထရာမဒေါဆေး နှိမ်နင်းနေမှုကို ရှောင်ကွင်းနိုင်ဖို့နဲ့ ထရာမဒေါကို အစားထိုးဖို့ အိုပီရွိုက်တင်ပို့သူတွေဟာ ဒီပေါင်းစပ်ဆေးအသစ်တွေကို အသုံးပြုနေပုံရတယ်လို့ အနောက်အာဖရိက အာဏာပိုင်တွေက သတိပေးနေကြပါတယ်။

အေဗီယို စက်ရုံထဲမှာဆိုရင် ဒီပေါင်းစပ်ဆေးပုံးတွေ အဆင့်ဆင့်ထပ်ထားတာက မျက်နှာကျက်ကို ထိနေတဲ့အထိ များပြားပါတယ်။ စျေးကွက်အတွင်း နာမည်အကြီးဆုံး တဖရိုဒေါ (Tafrodol) အပါအဝင် တီမာကင်း (TimaKing) နဲ့ စူပါရော်ရယ်လ်-၂၂၅ (Super Royal-225) ဆိုတဲ့နာမည်အမျိုးမျိုးနဲ့ တပန်တဒေါ-ကာရီဆိုပရိုဒေါ ပေါင်စပ်ဆေးတွေကို ဗင်နို့ ရှားမားက သူစားပွဲပေါ်တင်ပြီး တစ်ခုပြီးတစ်ခု ပြသပေးခဲ့ပါတယ်။

ဒီစက်ရုံထဲမှာ အလုပ်လုပ်နေကြတဲ့ "သိပ္ပံပညာရှင်တွေ"က "ပစ္စည်းအသစ် ထုတ်နိုင်ဖို့" ဆေးတွေကို ပေါင်းစပ်နိုင်ကြကြောင်း ရှားမားက လုပ်ငန်းရှင်အသွင်ယူ ဘီဘီစီသတင်းအဖွဲ့ကို ပြောပြခဲ့ပါတယ်။

ထရာမဒေါ နေရာမှာ အစားထိုးထုတ်လိုက်တဲ့ အေဗီယိုရဲ့ ဆေးအသစ်ဟာ ထရာမဒေါထက်တောင် ပို အန္တရာယ်များပါတယ်။ အိန္ဒိယနိုင်ငံ၊ ဘင်္ဂါလုရုမြို့က ကျန်းမာရေးနဲ့ အာရုံကြောသိပ္ပံဆိုင်ရာ နေရှင်နယ်အင်စတီကျုက လက်ထောက်ပါမောက္ခ ဒေါက်တာ လက်ခန်းနစ်ရှ် ရှူကလာက တပန်တဒေါဟာ "အိုပီရွိုက် အာနိသင်ပေးတာ" ဖြစ်ပြီး အဲဒီထဲမှာ အရမ်း နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်စေမှုလည်း ပါဝင်တယ်လို့ ပြောပါတယ်။

"အသက်မရှူတော့တဲ့အထိ ဖြစ်နိုင်ပါတယ်။ နောက်ပြီး ဆေးအလွန်အကျွံသုံးတဲ့ဘက်ကို ဦးတည်သွားနိုင်တယ်" လို့ ရှင်းပြပါတယ်။ "အဲဒါအပြင် ကာရီဆိုပရိုဒေါရဲ့ အာနိသင်က အရမ်းနှစ်နှစ်ခြိုက်ခြိုက်အိပ်စေပြီး အပန်းဖြေမှုပေးနိုင်တယ်။ ဒါက အရမ်းကို အန္တရာယ်ကြီးတဲ့ ပေါင်းစပ်မှုမျိုးပါ။"

ကာရီဆိုပရိုဒေါဟာ စွဲစေနိုင်တာကြောင့် ဥရောပမှာ ပိတ်ပင်ထားပါတယ်။ အမေရိကန်မှာတော့ အသုံးပြုခွင့်ပေးထားပေမဲ့ သုံးပတ်နဲ့အထက်မသုံးစွဲဖို့ တားမြစ်ထားပါတယ်။ ဒီဆေးကို ဖြတ်လိုက်တဲ့အခါမှာတော့ စိုးရိမ်ပူပန်တာ၊ အိပ်မပျော်တာ နဲ့ စိတ်ချောက်ချားတာတွေလို လက္ခဏာတွေ ခံစားရပါတယ်။

နိုင်ဂျီးရီးယားအာဏာပိုင်များ ဖမ်းဆီးပြီးနောက်သိမ်းဆည်းထားတဲ့ တရားမဝင်ဆေးဝါးများ။ အများစုမှာ ပြင်းပြင်းထန်ထန်စွဲလမ်းစေတဲ့ဘိန်းကထုတ်လုပ်တဲ့ဆေးမျိုးတွေဖြစ်ပြီး မြို့တော် လေးဂို့စ်က သိုလှောင်ရုံမှာသိမ်းဆည်းထား။
ဓာတ်ပုံ ပုံစာ, နိုင်ဂျီးရီးယားနိုင်ငံ၊ လေးဂေါ့စ်မြို့က ဂိုဒေါင်ထဲမှာ အာဏာပိုင်တွေ သိမ်းဆည်းရမိတဲ့ တရားမဝင်ဆေးဝါးများ။ အများစုက အိုပီရွိုက်တွေ ဖြစ်ပါတယ်။

တပန်တာဒေါနဲ့ ပေါင်းစပ်ထားတဲ့ဆေးတွေက ဆေးဖြတ်တဲ့အခါမှာ ပုံမှန် အိုပီရွိုက်တွေထက် "ပိုမိုပြင်းထန်"တာကို ခံစားရတယ်လို့ ဒေါက်တာ ရှူကလာက ပြောပါတယ်။ "အဲဒါက အတော်လေးနာကျင်စရာကောင်းတဲ့ အတွေ့အကြုံပါ။"

ဒီလို ပေါင်းစပ်ထားတဲ့ဆေးတွေရဲ့ ဆေးအာနိသင်နဲ့ပတ်သက်လို့ သုတေသနပြု လက်တွေ့စမ်းသပ်ထားတယ်လို့ ကြားသိထားတာ မရှိကြောင်း သူက ပြောပါတယ်။

ကန့်သတ်ပမာဏနဲ့ တရားဝင်အသုံးပြုခွင့်ရှိတဲ့ ထရာမဒေါလိုမျိုးမဟုတ်ဘဲ တပန်တာဒေါ-ကာရီဆိုပရိုဒေါ ပေါင်းစပ်ဆေးဟာ "ညီညွတ်မျှတစွာ ပေါင်းစပ်ထားပုံ မရှိဘူး" လို့ ပြောပါတယ်။ "အဲဒီလိုအရာတွေကို ကျွန်တော်တို့နိုင်ငံထဲမှာ တရားဝင်သုံးစွဲခွင့် ပေးမထားဘူး။"

အိန္ဒိယမှာ ဆေးဝါးကုမ္ပဏီတွေဟာ လိုင်စင်မဲ့ဆေးတွေကို တင်သွင်းတဲ့နိုင်ငံရဲ့ စံချိန်စံနှုန်းတွေနဲ့ မကိုက်ညီခဲ့ရင် တရားဝင် ထုတ်လုပ်ခွင့်မရှိသလို တင်ပို့ခွင့်လည်း မရှိပါဘူး။

အေဗီယိုကတော့ တဖရိုဒေါနဲ့ အလားတူဆေးတွေကို ဂါနာကို တင်ပို့ပါတယ်။ ဂါနာမှာတော့ တပန်တာဒေါနဲ့ ကာရီဆိုပရိုဒေါ ပေါင်းစပ်ဆေးတွေကို ခွင့်ပြုချက် ပေးမထားသလို တရားမဝင်တာကို ဂါနာအမျိုးသား ဆေးဝါးကွပ်ကဲရေးအေဂျင်စီရဲ့ အချက်အလက်အရ သိရပါတယ်။ ဂါနာကို တဖရိုဒေါ ပို့နေတာဟာ အေဗီယိုက အိန္ဒိယရဲ့ ဥပဒေကို ချိုးဖောက်နေတာ ဖြစ်ပါတယ်။

ဒီအချက်တွေနဲ့ပတ်သက်လို့ ဗင်နို့ ရှားမားနဲ့ အေဗီယို ကုမ္ပဏီတို့ထံ ဘီဘီစီက မေးမြန်းခဲ့ပေမဲ့ ပြန်လည် ဖြေကြားတာ မရှိခဲ့ပါဘူး။

အိန္ဒိယဆေးဝါးကြီးကြပ်ရေး CDSCO ဘက်က ပြောကြားရာမှာတော့ အိန္ဒိယအစိုးရအနေနဲ့ ကမ္ဘာလုံးဆိုင်ရာ ပြည်သူ့ကျန်းမာရေးအတွက် တာဝန်ရှိမှုအပေါ် အသိအမှတ်ပြုထားသလို အိန္ဒိယမှာ တာဝန်သိပြီး ခိုင်မာတဲ့ ဆေးဝါးဆိုင်ရာကြီးကြပ်မှုစနစ်တစ်ခု သေသေချာချာ ရှိနေစေရေးအတွက် နှစ်မြှုပ်လုပ်ဆောင်ထားတယ်လို့ ပြောပါတယ်။

အိန္ဒိယကနေ အခြားနိုင်ငံတွေကို တင်ပို့တဲ့အရာတွေကို အနီးကပ် စောင့်ကြည့်သလို လတ်တလော တင်းကြပ်ထားတဲ့စည်းမျဥ်းတွေကို တိတိကျကျလိုက်နာစေတယ်လို့ ပြောပါတယ်။ နောက်ပြီး တင်သွင်းတဲ့နိုင်ငံတွေအနေနဲ့လည်း အလားတူ အားကောင်းတဲ့ကြီးကြပ်မှုစနစ်မျိုးတွေကို သေသေချာချာထားရှိခြင်းအားဖြင့် အိန္ဒိယရဲ့ကြိုးပမ်းအားထုတ်မှုကို ထောက်ပံ့ပေးဖို့လည်း တိုက်တွန်းပါတယ်။

အခုကိစ္စကို အနောက်အာဖရိက နိုင်ငံတွေအပါအဝင် အခြားနိုင်ငံတွေနဲ့ အတူ ဒီကိစ္စကို အရေးတယူနဲ့ ဆောင်ရွက်နေသလို အမှားမလုပ်နိုင်အောင် ကြိုတင်ကာကွယ်ဖို့ အဲဒီနိုင်ငံတွေနဲ့ ပူးပေါင်းလုပ်ဆောင်ရေး စိတ်ပိုင်းဖြတ်ထားတယ်လို့ CDSCO ဘက်က ပြောပါတယ်။

တဖရိုဒေါ ၁၂၀ မီလီဂရမ် ဆေးကပ်ပုံစံ။
ဓာတ်ပုံ ပုံစာ, ဂါနာ လူထုအခြေပြု လုပ်ငန်းအဖွဲ့က ဖမ်းဆီးရမိတဲ့ အေဗီယိုတံဆိပ် တဖရိုဒေါဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ပါတယ်။

လိုင်စင်မဲ့ အိုပီရွိုက်ဆေးတွေကို ထုတ်လုပ် တင်ပို့တာမျိုးလုပ်တာက အိန္ဒိယမှာ အေဗီယို ကုမ္ပဏီ တစ်ခုတည်း မဟုတ်ပါဘူး။ အခြားသော ကုမ္ပဏီတွေကလည်း အခုလို အလားတူဆေးတွေ ထုတ်လုပ်နေကြတာကို အများပြည်သူသိရှိနိုင်တဲ့ တင်ပို့မှုအချက်အလက်တွေမှာ တွေ့နိုင်ပါတယ်။ တံဆိပ်မျိုးစုံအောက်က ဆေးဝါးတွေကို အနောက်အာဖရိကတစ်ခွင်မှာ ကျယ်ကျယ်ပြန့်ပြန့် လက်လှမ်းမီ ရရှိနိုင်နေပါတယ်။

အခုလိုဆေးထုတ်လုပ်သူတွေဟာ အလျင်အမြန်ကြီးထွားနေတဲ့ အိန္ဒိယရဲ့ ဆေးဝါးထုတ်လုပ်ရေး လုပ်ငန်းရဲ့ ဂုဏ်သိက္ခာကို ဖျက်ဆီးနေပါတယ်။ ဒီလုပ်ငန်းကနေ လူသန်းပေါင်းများစွာမှီခိုနေရတဲ့ အရည်အသွေးမြင့် သာမန်ဆေးဝါးတွေနဲ့ လူအသက်ပေါင်းများစွာကို ကယ်တင်နိုင်တဲ့ ကာကွယ်ဆေးတွေကို ထုတ်လုပ်ပေးနေပါတယ်။

အိန္ဒိယဆေးဝါးထုတ်လုပ်ရေးလုပ်ငန်းကနေ တစ်နှစ်ကို အနည်းဆုံး အမေရိကန်ဒေါ်လာ ၂၈ ဘီလျံ တန်ဖိုးရှိတဲ့ တင်ပို့မှုတွေ လုပ်နေပါတယ်။

ရှားမားနဲ့တွေ့ဆုံစကားပြောခဲ့တဲ့အကြောင်းကို အသွင်ယူစုံစမ်းထောက်လှမ်းခဲ့တဲ့ ဘီဘီစ သတင်းထောက်က "အခုလိုဆေးတွေနဲ့ပတ်သက်ပြီးတော့ နိုင်ဂျီးရီးယား သတင်းထောက်တွေက သတင်းတွေဖော်ပြခဲ့တာ အနှစ် ၂၀ ကျော်နေပါပြီ။ နောက်ဆုံးမှာတော့ အာဖရိကရဲ့ အိုပီရွိုက်ပြဿနာရဲ့ အရင်းအမြစ်က လူတစ်ဦးနဲ့ ကျွန်တော် မျက်နှာချင်းဆိုင် တွေ့ခဲ့ရတယ်။ သူက ဒီဆေးတွေကို အမှန်တကယ် ထုတ်လုပ်ပြီး ကွန်တိန်နာပမာဏနဲ့ ကျွန်တော်တို့နိုင်ငံဆီ တင်ပို့နေတဲ့ သူတွေထဲက တစ်ဦးပါ။ ဒီဆေးတွေက အန္တရာယ်ရှိတာကိုလည်း သူ သိထားပါတယ်။ ဒါပေမဲ့ သူက ဂရုစိုက်ပုံမရဘူး။ ဒါက ရှင်းရှင်းပြောရရင် စီးပွားရေးပဲလို့ ပြောခဲ့တယ်" လို့ ပြောပါတယ်။

သတင်းသမားရဲ့ လုံခြုံရေးအတွက် သူဘယ်သူဘယ်ဝါဆိုတာကိုတော့ ဆက်လက်ဖုံးကွယ်ထားပါ တယ်။

ဂါနာနိုင်ငံ၊ တမာလီမြို့မှာတော့ ဒေသခံလူထုအခြေပြု လုပ်ငန်းအဖွဲ့ရဲ့ နောက်ဆုံးအကြိမ်စီးနင်းဖမ်းဆီးမှုမှာ ဘီဘီစီအဖွဲ့လည်း နောက်ကလိုက်ပါခဲ့ပြီး ဒီတစ်ကြိမ်မှာဆို အေဗီယိုရဲ့ တဖရိုဒေါဆေးတွေကို ပိုလိုတောင် များပြားတာ တွေ့ရပါတယ်။ အဲဒီညက မြို့ကပန်းခြံထဲမှာ ဖမ်းဆီးရမိတဲ့ဆေးတွေကို မီးရှို့ ခဲ့ကြပါတယ်။

"လူတိုင်း ထင်ထင်ရှားရှားမြင်တွေ့နိုင်အောင် ဒီလို ဟင်းလင်းပြင်မှာ မီးရှို့တာပါ" လို့ မူးယစ်ဆေးဝါး အထုပ်တွေကို ဓါတ်ဆီလောင်းပြီးမီးရှို့ခဲ့တဲ့ အဖွဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်သူ ဇစ်ကေးက ပြောပါတယ်။ "ဒီလိုလုပ်တာက မင်းတို့ကိုဖမ်းလို့မိတာနဲ့ မင်းတို့ရဲ့ဆေးတွေကို မီးရှို့ပစ်မယ်ဆိုတဲ့ သတင်းစကားကို ရောင်းသူရော ထုတ်လုပ်ပေးသူတွေဆီကိုပါ အချက်ပြလိုက်တာပါ။"

ဒါပေမဲ့ တဖရိုဒေါ အထုပ် ရာနဲ့ချီပြီး မီးရှို့ဖျက်ဆီးနိုင်ချိန်မှာ ဒီနေရာနဲ့ မိုင်ထောင်ချီအဝေးက အိန္ဒိယမှာ ဒီလုပ်ငန်းကွင်းဆက်ထိပ်မှာရှိနေကြတဲ့ "ရောင်းတဲ့သူတွေနဲ့ ထုတ်လုပ်သူတွေ" ကတော့ နောက်ထပ် သန်းနဲ့ချီတဲ့ဆေးတွေ ထုတ်လုပ်နေကြပြီး သူများရဲ့ဒုက္ခတွေပေါ်ကနေ ချမ်းသာပြီးရင်း ချမ်းသာနေကြပါတယ်။