ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က ဘာတွေလုပ်သလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (World Health Organization - WHO) ကနေ အမေရိကန်နိုင်ငံ နုတ်ထွက်ဖို့ လုပ်ငန်းစဥ်တွေကို စဖို့အတွက် အမိန့် တရပ်ကို သမ္မတ ဒေါ်နယ်ထရမ့်က လက်မှတ်ရေးထိုးခဲ့ပါပြီ။
ကမ္ဘာတလွှားက ပြည်သူတွေရဲ့ ကျန်းမာရေးသုခအတွက်နဲ့ ရောဂါတွေကို နှိမ်နင်းဖို့ လုပ်ဆောင်ပေးနေတဲ့ ကုလသမဂ္ဂရဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကနေ အမေရိကန်ထွက်ဖို့ ထရမ့် အမိန့်ပေးတာ ဒီတကြိမ်နဲ့ ဆိုရင် ၂ ကြိမ်ရှိလာပါပြီ။
ကမ္ဘာ့ကျန်းမာရေးအကျပ်အတည်း တခုခုကြုံရပြီဆိုရင် ကျန်းမာရေးဆိုင်ရာ ပရော်ဖက်ရှင်နယ်တွေဖြစ်ဖြစ်၊ သာမန်လူတွေပဲ ဖြစ်ဖြစ် WHOက လမ်းညွှန်ချက်တွေ၊ ထောက်ပံ့မှုတွေကို အားကိုးကြရတာပါ။
WHO က သူတို့ရဲ့ တာဝန်ဟာ လူတိုင်းအတွက် ပိုပြီးကောင်းမွန်တဲ့ကျန်းမာရေးရရှိစေဖို့ ဖြစ်ပြီး "ကမ္ဘာ့နေရာတိုင်းက လူတိုင်း ဘေးကင်းကျန်းမာတဲ့ဘဝကို ညီမျှစွာရရှိနိုင်စေဖို့" ရည်ရွယ်လုပ်ဆောင်နေတာလို့ ပြောပါတယ်။
ဒီကမ္ဘာလုံးဆိုင်ရာအဖွဲ့ကို ၁၉၄၈ နှစ်က စတင်ထူထောင်တာဖြစ်ပြီး ဆွစ်ဇာလန်မှာ အခြေစိုက် ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
WHO မှာ အမေရိကန်နိုင်ငံ အပါအဝင် အဖွဲ့ဝင်နိုင်ငံပေါင်း ၁၉၄ နိုင်ငံရှိပြီး ကျန်းမာရေးဆိုင်ရာ စီမံချက်တွေအများအပြားရှိပါတယ်။
အဲဒီစီမံချက်တွေထဲ ကာကွယ်ဆေးပေးတဲ့ ကမ်ပိန်းတွေ၊ ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေတွေမှာ လူထုကို အကူအညီပေးတာ၊ နိုင်ငံတွေကို ကျန်းမာရေးဆိုင်ရာထောက်ပံ့မှုတွေ ပေးတာ စတာတွေလည်း ပါဝင်ပါတယ်။
အစားအသောက် ဘေးကင်းရေးဆိုင်ရာ၊ ဆေးဝါးစမ်းသပ်မှု လုပ်ငန်းစဥ်ဆိုင်ရာ၊ ကုသမှု စံသတ်မှတ်ရေးဆိုင်ရာတွေအတွက် ကမ္ဘာလုံးဆိုင်ရာလိုက်နာရမယ့် လမ်းညွှန်ချက်တွေ ချမှတ်ရာမှာ WHOက ပါဝင်ပါတယ်။
အလှူငွေတွေ၊ အဖွဲ့ဝင်နိုင်ငံတွေက ထည့်ဝင်တဲ့ ရန်ပုံငွေတွေကနေ WHO က ဘဏ္ဍာငွေရပါတယ်။ သူ့ရဲ့ ဘတ်ဂျက်က ၂၀၂၄-၂၅ မှာ ဒေါ်လာ ၆ ဒသမ ၈၃ ဘီလျံရှိပါတယ်။
အီသီယိုးပီးယားက သံတမန်ဟောင်း၊ ကျန်းမာရေးဝန်ကြီးဟောင်း WHO အကြီးအကဲ ဒေါက်တာ တက်ဒရို ဆန်ဒါနွမ် ဂက်ဘရီရက်စ်ဆု က WHO ကို၂၀၁၇ ခုနှစ်ကတည်းက ဦးဆောင် နေတာပါ။
အရေးပေါ်တုံ့ပြန်ဆောင်ရွက်မှု

ဓာတ်ပုံ ရင်းမြစ်, Getty Images
သဘာဝဘေးအန္တရာယ်တွေ၊ လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းတွေ၊ ကပ်ဘေးတွေလိုမျိုးမှာ ကြုံရတဲ့ ကျန်းမာရေးဆိုင်ရာ အရေးပေါ်အခြေအနေတွေကို ဖြေရှင်း ကျော်လွှားနိုင်ဖို့ သက်ဆိုင်ရာ အစိုးရတွေနဲ့အတူ WHO က ပူးတွဲအလုပ်လုပ်ပါတယ်။
စစ်ပွဲဇုန်ထဲက လူတွေ - ဥပမာ ဂါဇာက အရပ်သားတွေကို ကျန်းမာရေး စောင့်ရှောက်မှု ပေးတာတွေမှာ WHOက ပါဝင်ဆောင်ရွက်ပါတယ်။
ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ WHOရဲ့ လုပ်ဆောင်မှုတခုက ဒီနိုင်ငံတွေမှာ ကျန်းမာရေးဝန်ထမ်းတွေ၊ သူနာပြုတွေကို မွေးထုတ်နိုင်အောင် သင်တန်းတွေပေးပြီး ပြည်သူလူထုရဲ့ ကျန်းမာရေးကို တိုးတက်လာအောင် ဆောင်ရွက်ပေးတာပါ။
အဓိကရောဂါတွေနဲ့ ပတ်သက်တဲ့ ဒေတာတွေ၊ အချက်အလက် စာရင်းဇယားတွေကို ထုတ်ပြန်ပြီး လူထုကို အသိပေးတာ၊ အဲဒီကနေ တဆင့် လူထုအတွက် မူဝါဒတွေ ချမှတ်စေတာမျိုးကိုလည်း ဒီအဖွဲ့က ဆောင်ရွက်ပါတယ်။
ကာကွယ်ဆေးပေးတဲ့ အစီအစဥ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
WHO ဟာ ကူးစက်ရောဂါ၊ မကူးစက်တဲ့ရောဂါ၊ စိတ်ကျန်းမာရေးတို့နဲ့ ပတ်သက်ပြီး စောင့်ကြည့်ထိန်းသိမ်းတာ၊ ကာကွယ်တာ၊ ရောဂါသတ်မှတ်တာ၊ ကုသစောင့်ရှောက်ပေးတာတွေကို လုပ်ဆောင်ပေးပါတယ်။
ကမ္ဘာ့ကျန်းမာရေး ကမ်ပိန်းများစွာကို ဦးဆောင်ခဲ့ပြီး ရောဂါတွေ အဆုံးသတ်ချုပ်ငြိမ်း ပျောက်ကွယ်သွားအောင်လည်း လုပ်ဆောင်ခဲ့ပါတယ်။
ဥပမာအားဖြင့် WHO က ၁၉၇၄ ခုနှစ်မှာ တိုးချဲ့ ကာကွယ်ဆေးပေးရေး အစီအစဉ် (Expanded Programme on Immunisation - EPI)ကို လုပ်ဆောင်ခဲ့ပါတယ်။
အစပိုင်းမှာ ဒီအစီအစဉ်အနေနဲ့ ကမ္ဘာတဝန်းလုံးက ကလေးသူငယ်တွေ အားလုံး အောက်ပါ ရောဂါ ၆ မျိုးအတွက် ကာကွယ်ဆေးပေးနိုင်ဖို့ ရည်ရွယ်ခဲ့ပါတယ်။
- ဆုံဆို့နာ ရောဂါ
- ကြက်ညှာချောင်းဆိုး ရောဂါ
- မေးခိုင် ရောဂါ
- ပိုလီယို အကြောသေ ရောဂါ
- ဝက်သက် ရောဂါ
- တီဘီ အဆုပ်နာ ရောဂါ
ဒီအစီအစဉ်ကို နောက်ပိုင်းမှာ ကာကွယ်ဆေး ၁၃ မျိုးအထိ ချဲ့ထွင်ခဲ့ပြီး၊ တချို့ထူးခြား အခြေ အနေတွေမှာ ကာကွယ်ဆေး ၁၇ မျိုးအထိ ပေးနိုင်ခဲ့ပါတယ်။
စွမ်းဆောင်နိုင်ရည် မှတ်တမ်း

ဓာတ်ပုံ ရင်းမြစ်, Getty Images
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ကျောက်ရောဂါချုပ်ငြိမ်းပြီး ကမ္ဘာမြေကနေ ပျောက်ကွယ်သွားအောင်လုပ်နိုင်တာက WHO ရဲ့ အောင်မြင်မှုကြီး တွေထဲက တခုဖြစ်ပါတယ်။
ဒီရောဂါဟာ လူသန်းပေါင်းများစွာရဲ့ အသက်တွေကို ခြွေခဲ့တဲ့ ရောဂါဆိုးကြီးတခုပါ။
၁၉၆၇ ခုနှစ်က စပြီး WHOဟာ ကျောက်ရောဂါ ကွယ်ပျောက်ရေးအတွက် အားထုတ်ဆောင်ရွက်ခဲ့ပြီး ကမ္ဘာတလွှားမှာ ကျောက်ဆေးထိုး အစီအစဉ်တွေ၊ စောင့်ကြည့်ထိန်းသိမ်းတဲ့ အစီအစဉ်တွေကို နှစ်အတော်ကြာ လုပ်ခဲ့ပါတယ်။
ဆယ်စုနှစ် တစုကျော် အဲဒီလို လုပ်လာခဲ့ပြီးတဲ့နောက် WHOဟာ ကမ္ဘာမှာ ကျောက်ရောဂါ ချုပ်ငြိမ်းပြီဆိုတာကို ၁၉၈၀ ခုနှစ်မှာ ကြေညာနိုင်ခဲ့ပါတယ်။ ကူးစက်ရောဂါတွေထဲ ဒီရောဂါ တမျိုးတည်းသာ ကွယ်ပျောက်အောင် လုပ်နိုင်တဲ့ အထိ အောင်မြင်ခဲ့တာပါ။
"သမိုင်းမှာ ပြည်သူ့ကျန်းမာရေးဆိုင်ရာ အောင်မြင်မှုတွေထဲ အထူးကဲဆုံးသော အောင်မြင်မှု" လို့ WHOက ဆိုပါတယ်။
ကမ္ဘာလုံးဆိုင်ရာဆောင်ရွက်ချက်တွေကြောင့် အခုဆိုရင် နိုင်ငံအများစုမှာ ပိုလီယို အကြောသေရောဂါကို တိုက်ဖျက်နိုင်ခဲ့ပါပြီ၊ ပါကစ္စတန်နဲ့ အာဖဂန် နစ္စတန် နိုင်ငံတွေသာ ကျန်ပါတော့တယ်။
ဒါပေမဲ့ ငှက်ဖျားရောဂါ ချုပ်ငြိမ်းသွားစေရမယ်လို့ ရည်ရွယ်ပြီး ၁၉၅၅ မှာ ကမ်ပိန်း စတင်ခဲ့ပေမဲ့ ၁၉၆၉ မှာ အဲဒီ အစီအစဉ်ကို ရပ်ဆိုင်းထားလိုက်ရပါတယ်၊ အဲဒီ အချိန်ကတည်းက ငှက်ဖျားရောဂါ တိုက်ဖျက်ရေး ကမ်ပိန်းဟာ အရှိန်လျော့ကျ နေပါတယ်။
အဖွဲ့ဝင်နိုင်ငံတွေက ကိုယ်စားလှယ်တွေ နှစ်စဉ်တက်ရောက်တဲ့ ကမ္ဘာ့ကျန်းမာရေး ညီလာခံကနေ ဆုံးဖြတ်ချက်တွေကို ချမှတ်ကြပါတယ်၊ ၁၉၅၅ ကတည်းက အခုလို လုပ်ခဲ့ကြတာဖြစ်ပြီး နောက်ဆုံး ညီလာခံကတော့ ၂၀၁၅ မှာ ကျင်းပခဲ့ကြတာပါ။
၂၀၁၅ ကတည်းက နိုင်ငံ ၁၂ နိုင်ငံဟာ ငှက်ဖျားရောဂါ ကင်းစင်သွားပြီ ဖြစ်ကြောင်း WHOက ကြေညာခဲ့ပါတယ်။ ၂၀၃၀ ကျရင် အနည်းဆုံး နိုင်ငံပေါင်း ၃၀ မှာ ငှက်ဖျား ကင်းစင်အောင် အတွက်ရည်ရွယ်ပြီး WHOက "ကမ္ဘာလုံးဆိုင်ရာ ငှက်ဖျား ဗျူဟာ ၂၀၁၆ - ၂၀၃၀ ကို ချမှတ် လုပ်ကိုင်နေပါတယ်။
ကလေးတွေ ငှက်ဖျားဖြစ်မှာကို တားဆီးဖို့အတွက် ငှက်ဖျားကာကွယ်ရေးထိုးဆေး ကို ပထမဆုံးအနေနဲ့ ၂၀၂၁ မှာ WHO က သတ်မှတ်နိုင်ခဲ့ပါတယ်။ ၂၀၂၅ မှာ အာဖရိကတိုက် နိုင်ငံ ၁၂ နိုင်ငံအတွက် ငှက်ဖျား ကာကွယ်ရေးထိုးဆေး အလုံးပေါင်း ၁၈ သန်းကို ပေးနိုင်ဖို့အတွက် ငှက်ဖျားတိုက်ဖျက်ရေး ကမ်ပိန်းကို WHOက ၂၀၂၃ မှာ စတင်ခဲ့ပါတယ်။
ဝေဖန်မှု

ဓာတ်ပုံ ရင်းမြစ်, Getty Images
အာဖရိကတိုက် အနောက်ပိုင်းနိုင်ငံတွေမှာ၂၀၁၄က အီဘိုလာ ဗိုင်းရပ်စ် ပြန့်ပွားစဉ် WHOရဲ့ တုံ့ပြန်ဆောင်ရွက်မှုတွေနဲ့ ပတ်သက်ပြီး ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပါတယ်။
ဒီရောဂါဖြစ်ပွားမှုကို အလျင်အမြန် တုံ့ပြန်ဆောင်ရွက်ဖို့ မလုပ်နိုင်ခဲ့တာ၊ ဆက်သွယ်ဆက်ဆံရေး မကောင်းမွန်တာ၊ ဝန်ထမ်းတွေရဲ့ စွမ်းဆောင်ရည် မပြည့်ဝတာ စတာတွေကြောင့် WHOဟာ အပြစ်တင်မှုတွေ ခံခဲ့ရပါတယ်။
WHOကို ထောက်ခံကြသူတွေကတော့ အဲဒီအချိန်က ဝေဖန်မှုတွေက မမျှတဘူး၊ မျှော်လင့်ထားမှုတွေက ကြောင်းကျိုးဆီလျော်မှု မရှိဘူးလို့ တုံ့ပြန်ကြပါတယ်။
WHO အနေနဲ့ အချက်အလက် ဒေတာတွေ၊ သုံးသပ်ချက်တွေကိုပဲ ပံ့ပိုးနိုင်တာပါ၊ တကယ်တမ်း လွတ်လပ်စွာ ဆောင်ရွက်နိုင်ဖို့အတွက်ကတော့ သူတို့မှာ လုပ်ပိုင်ခွင့် မရှိပါဘူး။ အဖွဲ့ဝင်နိုင်ငံက လာရောက်ဆောင်ရွက်ပေးပါလို့ ဆိုမှာသာ သူတို့က ဝင်ရောက် လုပ်ကိုင်ပေးနိုင်တာပါ။
ကိုဗစ်ကပ်ကို တုံ့ပြန်လုပ်ကိုင်ပုံနဲ့ ပတ်သက်ပြီး အနီးကပ် စောင့်ကြည့် ဆန်းစစ်မှုတွေ ကို WHO ကြုံနေရပါတယ်။
ကိုဗစ်ပျံ့နှံ့မှုကို တားဆီးဖို့ WHOက လုံလောက်အောင် မလုပ်နိုင်ခဲ့ဖူးဆိုတဲ့ အကြောင်းပြချက်နဲ့ ၂၀၂၀ မှာ ဒေါ်နယ်ထရမ့်က သူ့နိုင်ငံကို အဲဒီ ကျန်းမာရေးအဖွဲ့ကြီး ကနေ ထွက်တယ်လို့ ကြေညာခဲ့ပါတယ်။
ဒီကပ်ဖြစ်လာပြီး နောက်ပိုင်းကတည်း က ဒီအဖွဲ့ဟာ တရုတ်ရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်သွားပြီလို့လည်း သူက စွပ်စွဲပါတယ်။
WHOကို ရန်ပုံငွေထည့်ရာမှာ အမေရိကန်ဟာ အများဆုံးထည့်တဲ့ နိုင်ငံဖြစ်တဲ့ အတွက် အမေရိကန် ထွက်တဲ့အရေးဟာ WHO အဖို့ အကြီးအမား ထိခိုက်ခံခဲ့ရတာပါ။
ဂျိုးဘိုင်ဒန်က သူ သမ္မတ ဖြစ်ဖြစ်ချင်းပဲ မစ္စတာ ထရမ့်လုပ်ခဲ့တဲ့ဟာကို ပြောင်းပြန် ပြန်လှည့်ပြီး အမေရိကန်အနေနဲ့ WHOကို နိုင်ငံရေးအရ၊ ဘဏ္ဍာရေးအရ ဆက်ပြီး ထောက်ခံ ပံ့ပိုးဖို့ အာမခံခဲ့ပါတယ်။
WHOက ကမကထလုပ်ပြီး ဖွဲ့စည်းတဲ့ လွတ်လပ်သော ကျွမ်းကျင်သူများ ဘုတ်အဖွဲ့ က ဒီ ရောဂါကို ကမ္ဘာ့ကပ်အထိ မပျံ့ပွားခဲ့အောင် ကာကွယ်တားဆီးဖို့ လုပ်နိုင်သင့် ခဲ့တယ် လို့ သုံးသပ်ခဲ့ပြီး WHO နဲ့ ကမ္ဘာ့နိုင်ငံတွေရဲ့ ပေါင်းစု တုံ့ပြန်မှုတွေက "အဆိပ်ဖြစ်သွားတဲ့ ကောက်တေး ယမကာဖျော်ရည်" လို ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။
တရုတ်မှာ ဒီရောဂါ ဖြစ်ပွားပြီး ပြန့်ပွားနေတာကို နိုင်ငံတကာ အရေးပေါ် အဖြစ် အခု ကြေညာခဲ့တာထက် အချိန် တပတ်စောပြီး WHO အရေးပေါ် ကော်မီတီက ကြေညာသင့်ခဲ့တယ်လို့ ဒီဘုတ်အဖွဲ့ သုံးသပ်ပါတယ်။
အနာဂတ်မှာ ကပ်ရောဂါ တခုကို ရင်ဆိုင်ဖြေရှင်းကြမယ်ဆိုရင် ကမ္ဘာလုံးဆိုင်ရာ ပူးပေါင်း စီမံမှုတွေ ပိုကောင်းအောင် လုပ်ဆောင်ဖို့နဲ့ WHOကို ရန်ပုံငွေ ပိုထည့်ကြဖို့ အဲဒီ ဘုတ်အဖွဲ့က တောင်းဆိုခဲ့ပါတယ်။











