ပိုလီယိုဖြစ်နှုန်းတိုးလာတာက ပိုလီယိုကင်းစင်ကမ္ဘာရည်မှန်းချက်ကို နှေးသွားစေသလား

အစက်ချပိုလီယိုကာကွယ်ဆေးသောက်သုံးနေတဲ့ ကလေးငယ်ပုံဖော်ထားစဉ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက ကမ္ဘာတလွှားက ကလေးငယ်တွေအတွက် ပိုလီယံကာကွယ်ဆေး ၁၀ ဘီလီယံကျော် တိုက်ကျွေးခဲ့ပါတယ်
    • ရေးသားသူ, ဆွာမီနသန် နာတာရာဂျန်၊ ဇာဟွာန ကာဂါ
    • ရာထူးတာဝန်, ဘီဘီစီကမ္ဘာတလွှား

အခုနှစ်အတွင်း ပိုလီယိုရောဂါဖြစ်ပွားမှုအသစ်တွေကို တွေ့လာရပေမဲ့ ကူးစက်မှု ကွင်းစက်ကို ဖြတ်တောက်ပြီး ၂၀၂၅ နှစ်ကုန်မှာ ရောဂါကို အမြစ်ပြတ်ချေမှုန်းနိုင်မယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ယုံကြည်နေပါတယ်။

နိုင်ငံပေါင်း (၁၂၅) နိုင်ငံက ပြည်သူ ၃ သိန်းခွဲကို သဘာဝကြောင့်ဖြစ်တဲ့ ပိုလီယိုဗိုင်းရပ်စ်တွေကူးစက်ခဲ့တဲ့ ၁၉၈၈ ခုနှစ်မှာ ကမ္ဘာလုံးဆိုင်ရာ ပိုလီယိုပပျောက်ရေးစီမံချက်ကို စတင်ခဲ့ပါတယ်။

လက်ရှိ ဒီလိုပိုလီယို ကူးစက်ခံရမှုကို အာဖဂန်နစ္စတန်နဲ့ ပါကစ္စတန် နှစ်နိုင်ငံတည်းမှာသာ တွေ့ရှိရတာဖြစ်ပြီး ၂၀၂၃ ခုနှစ်အတွင်း အဲဒီနှစ်နိုင်ငံကနေ ကူးစက်ခံရတဲ့ဖြစ်စဉ် (၆) ခုရှိခဲ့ပါတယ်။ အခုနှစ်မှာတော့ ပါကစ္စတန်မှာ ၃၉ ခု နဲ့ အာဖဂန်နစ္စတန်မှာ၂၂ ခု ဖြစ်ပွားခဲ့တာကို တွေ့ရပါတယ်။

ပိုလီယိုဖြစ်ပွားနှုန်းတိုးလာတာက ပိုလီယိုကင်းစင်ကမ္ဘာဖြစ်ဖို့ရည်မှန်းချက်ကို နှေးသွားစေသလား။

ဦးထုပ်ဆောင်းထားတဲ့ ဂျလီအယ် အာမက်ဒ်ဟာ ပိုလီယိုရောဂါခံစားနေရတဲ့ သားဖြစ်သူ ဂျဝက် ကို ချီပိုးထားရင် နောက်ထပ်အမျိုးသားတဦးနဲ့စကားပြောနေစဉ်
ဓာတ်ပုံ ပုံစာ, ဂျဝက်ရဲ့ ဖခင်ဖြစ်သူ ဂျလီအယ် အာမက်ဒ်က သားဖြစ်သူကိုကိုင်ထားရင်း ကောင်လေးဘယ်လိုစိန်ခေါ်ချက်တွေရင်ဆိုင်ရမလဲဆိုတာ မသေချာဖြစ်နေပါတယ်

ငယ်ငယ်ရွယ်ရွယ် လူနာတွေ

ဂျဝက်ဟာ ပါကစ္စတန်အနောက်မြောက်ပိုင်း၊ ကွာတာမြို့က (၃၀) လသား (၂ နှစ်နဲ့ ၆ လသား) အရွယ် ကလေးငယ်လေး ဖြစ်ပါတယ်။ သူဟာ သဘာဝအတိုင်းကူးစက်တဲ့ အရိုင်း ပိုလီယိုဗိုင်းရပ်စ်ကူးစက်ခံရသူတွေထဲ နောက်ဆုံးကူးစက် ခံထားရသူပါတယ်။ ပြီးခဲ့တဲ့ နိုဝင်ဘာလတုန်းက အဖျားကြီးပြီး ရင်ခေါင်းပိုးဝင်တဲ့လက္ခဏာတွေ သူခံစားခဲ့ရပါတယ်။

“မနက်ပိုင်းကျွန်တော့်သားနိုးလာချိန်မှာ တွေ့လိုက်ရတာက သူ့ရဲ့ ခြေထောက်တဖက်က လှုပ်မရတော့ဘူး။ သူ မတ်တပ်တောင် မရပ်နိုင်တော့ဘူး” လို့ ဂျဝက်ရဲ့ ဖခင်ဖြစ်သူ ဂျလီအယ် အာမက်ဒ်က ပြန်ပြောင်းပြောပြပါတယ်။

ဂျဝက်တယောက် ကြွက်သားအားနည်းပြီး မလှုပ်ရှားနိုင်တော့လို့ ဆရာဝန်တွေက အတည်ပြုပေးခဲ့ ပါတယ်။

“ကျွန်တော့်ဇနီးအတွက်ရော ကျွန်တော့်အတွက်ပါ ဒါဟာ တော်တော်စိတ်ဖိစီးစေတယ်။ ကလေးကို အခြားဆရာဝန်တွေဆီခေါ်သွားပေမဲ့ သူတို့လည်း ကုပေးဖို့ မတတ်နိုင်ကြဘူးလို့ပြောတယ်”

ပိုလီယိုအတွက်က ကုသဆေးတော့ မရှိသေးပါဘူး။ ဒါပေမဲ့ ဒီရောဂါကို ကာကွယ်ဆေးနဲ့တော့ ကြိုတင်ကာကွယ်နိုင်ပါတယ်။

“သူ့ကို မွေးချိန်တုန်းက သူ့ကို အစက်ချ ကာကွယ်ရေးတွေ မတိုက်နိုင်ခဲ့ဘူး။ သုံးလအကြာမှာတော့ အစက်ချကာကွယ်ဆေးတိုက်နိုင်ပေမဲ့ ထိုးဆေးတွေတော့ ဘာမှမလုပ်နိုင်ခဲ့ဘူး”

ဂျလီအယ် အာမက်ဒ်ဟာ သားဖြစ်သူကို သူ့ရဲ့ကုန်စုံဆိုင်ကို မကြာခဏခေါ်သွားပြီး အားပေးနိုင်ဖို့ ကြိုးစားပါတယ်။ သူကိုယ်တိုင်လည်း သူ့သားရဲ့ရှေ့ရေးကိုတွေးမိတဲ့အခါတိုင်း စိတ်ဓာတ်ကျလာ ပါတယ်။

“သူလမ်းလျှောက်ဖို့ ကြိုးစားတဲ့အချိန်တိုင်း သူ့ခြေထောက်ကိုတောင် မဆန့်နိုင်ဘူး။ ဒါက ပုံပျက်သွားပြီ”

ရောဂါတိုက်ဖျက်ရေး အကောင်းမြင်မှု

ကရာချီက ကာကွယ်ဆေးတိုက်ကျွေးရင်းကမ်ပိန်းကာလအတွင်း ကျန်းမာရေးဝန်ထမ်းတဦးက ကလေးငယ်တဦးကို ပိုလီယိုအစက်ချကာကွယ်ဆေးတိုက်ကျွေးစဉ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပိုလီယိုအတွက်က ကုသဆေးမရှိဘဲ ကာကွယ်ဆေးနဲ့သာ ကြိုတင်ကာကွယ်နိုင်တာပါ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ပိုလီယိုဖြစ်စဉ်တွေတိုးလာပေမဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ကတော့ ဒီရောဂါ အန္တရာယ် ကြိုတင်တပ်လှန့်တာမျိုး မရှိသေးပါဘူး။

“ပိုလီယိုဗိုင်းရပ်စ်ကို အမြစ်မဖြတ်နိုင်သေးတဲ့အချိန်အထိ အခါအားလျော်စွာ ပြန်ပြန်တက်လာတယ်။ အခုမြင်နေကြတဲ့ပုံစံမျိုးနဲ့ပေါ့” လို့ WHO ရဲ့ အရှေ့မြေထဲပင်လယ်ဒေသ၊ ပိုလီယို ပပျောက်ရေးအတွက် ဒါရိုက်တာဖြစ်သူ ဒေါက်တာ ဟာမက်ဇ် ဂျာဖာရီက ပြောပါတယ်။

အာဖဂန်နစ္စတန် နဲ့ ပါကစ္စတန်မှာ ပိုလီယိုပပျောက်ရေးအတွက် ငါးနှစ်အောက်ကလေးငယ်တိုင်းကို ပိုလီယို ကာကွယ်ဆေး နှစ်စက် ပုံမှန်ကြားကာလမှာတိုက်ကျွေးဖို့လည်း ပါဝင်ပါတယ်။

“ပြည်တွင်းကာကွယ်ဆေးထိုးပေးတဲ့အဖွဲ့တွေဟာ ပိုလီယိုအပါအဝင် အခြားကာကွယ်ဆေးတွေထိုးဖို့ လက်လှမ်းမီဖို့ခက်တဲ့ ပြည်တွင်း ရွှေ့ပြောင်းသွားလာနေကြတဲ့သူတွေဆီကိုရောက်အောင် ခြေရာကောက်တယ်၊ မြေပုံယူတယ်၊ ပြီးတော့ သူတို့ဆီ ရောက်အောင် သွားကြတယ်” လို့ ဂျာဖာရီက ရှင်းပြပါတယ်။

ကာကွယ်ဆေးထိုးနှံပေးသူတွေဟာ ရွေ့ပြောင်းသွားလာနေထိုင်ကြသူတွေရဲ့ နေရာတွေဆီကို မော်တော်ဆိုင်ကယ်တွေ ခရီးဆက်ကြပါတယ်။

ရောဂါကူးစက်မှုနှုန်းတွေ တိုးလာနေပေမဲ့ “၂၀၂၀ ပြည့်နှစ်တုန်းက ဗိုင်းရပ်စ်မျိုးကွဲ ၁၂ ခု ရှိခဲ့တာနဲ့ယှဉ်ရင် အခုက မျိုးကွဲ ၂ ခုပဲ ကျန်တော့ပြီး တော်တော်နည်းပါတယ်” လို့ ဂျာဖာရီက ဆက်ပြောပါတယ်။

စစ်ပွဲနဲ့ ပဋိပက္ခကြောင့် မြန်မာမှာ ပိုလီယိုကူးစက်မှု အန္တရာယ် သတိပေးမှုတွေရှိနေ

စစ်ပွဲနဲ့ ပဋိပက္ခကြောင့် မြန်မာမှာ ပိုလီယိုကူးစက်မှု အန္တရာယ် သတိပေးမှုတွေရှိနေ

ဓာတ်ပုံ ရင်းမြစ်, UNICEF Myanmar

မြန်မာနိုင်ငံအနေအထားကိုကြည့်မယ်ဆိုရင်လည်း အရပ်သားအစိုးရလက်ထက် ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာနှစ်တုန်းက ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ပိုလီယိုကာကွယ်ဆေးအပါအဝင် ကာကွယ်ဆေးတွေဝယ်ယူဖို့ အမေရိကန်ဒေါ်လာ ၁၀ သန်း အသုံးပြုမယ်လို့ ထုတ်ပြောခဲ့ပါတယ်။

မြန်မာနိုင်ငံမှာတော့ ၂၀၁၉ ခုနှစ်၊ ဇွန်လ ၂၃ ခုနှစ်မှာ ကရင်ပြည်နယ်၊ ဖာပွန်မြို့မှာ ပိုလီယိုကူးစက်မှု တစ်ခု ထွက်ပေါ်လာတဲ့အခါ ကျန်းမာရေးဝန်ကြီးဌာနဟာ ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့(UNICEF) နဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့(WHO) တို့ရဲ့ထောက်ပံ့မှုနဲ့ ကာကွယ်ရေးထိုးလှုပ်ရှားမှုကို မြန်မြန်ဆန်ဆန်စတင်ခဲ့ပါတယ်။

မြို့နယ်ပေါင်း ၁၂ မြို့နယ်ကို ရွေးထုတ်ပြီး အဲဒီထဲက အသက် ၅ နှစ်အောက် ကလေး ၃ သိန်းကျော်ကို ကာကွယ်ရေးတွေ လွှမ်းခြုံခဲ့ပါတယ်။

၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်မှာတော့ ကာကွယ်ဆေးနဲ့ ကာကွယ်လို့ရတဲ့ရောဂါစောင့်ကြပ်ကြည့်ရှုတဲ့လုပ်ငန်းတွေ အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်ဖို့ လိုအပ်နေတဲ့အကြောင်း ၂၀၂၂ ခုနှစ်မှာ စစ်ကောင်စီကျန်းမာရေးဝန်ကြီး ဌာနက တရားဝင်ပြောထားပါတယ်။

ဒါအပြင် မြန်မာဟာ ၂၀၂၆ ခုနှစ်မှာ ကမ္ဘာပေါ်က ပိုလီယိုရောဂါလုံးဝကင်းစင်ပပျောက်ဖို့ ရည်မှန်းချက်အောင် မြင်ဖို့ ကြိုးပမ်းနေတယ်လို့ စစ်ကောင်စီက ဆိုပါတယ်။

မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF Myanmar) ကတော့ မြန်မာမှာ ပိုလီယိုရောဂါ ကူးစက်မှု ကင်းစင်နေဆဲဖြစ်တာကြောင့် ဒီအခြေအနေကို ဆက်ပြီး ထိန်းသိမ်းဖို့ လိုအပ်တဲ့အကြောင်း ၂၀၂၃ ခုနှစ်တုန်းက ပြောထားပါတယ်။

ဒါပေမဲ့ အာဏာသိမ်းပြီး လေးနှစ်နီးပါးအကြာမှာတော့ နိုင်ငံတဝန်းစစ်မက်ဖြစ်ပွားရာဒေသတွေတိုးပွားလာနေပြီး ရာသီဥတုဘေးအန္တရာယ်ကြောင့်ပါ မြန်မာကပြည်သူတွေမှာ စားနပ်ရိက္ခာ၊ ဆေးဝါးအကူအညီတွေလိုအပ်နေတဲ့အကြောင်း နိုင်ငံတကာကလည်း ထောက်ပြထားပါတယ်။

ဒါကြောင့် မြန်မာမှာ ပိုလီယိုရောဂါကာကွယ်ထိန်းချုပ်ရေးနဲ့ပတ်သက်လို့ တိကျတဲ့ အချက်အလက်တွေ ရရှိနိုင်ဖို့ ခက်ခဲနေပါတယ်။

ပိုလီယိုဆိုတာဘာလဲ၊ သူ့ကိုဘယ်လိုကူးစက်ပြန့်ပွားတာလဲ

၂၀၂၃ ခုနှစ်၊ သြဂုတ်လတုန်းက ဂျာလာလာဘတ်မြို့မှာ ပိုလီယို ရောဂါ ကာကွယ်ရေး(အစက်ချ) တိုက်ကျွေးနေတဲ့ အာဖဂန်က ကျန်းမာရေးအမျိုးသမီးတွေ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပိုလီယိုရောဂါ ကာကွယ်ဆေး တစ်အိမ်တက် တစ်အိမ်ဆင်း တိုက်ကျွေးမှုကို တာလီဘန် အာဏာပိုင်တွေက ပိတ်ပင်ခဲ့

ပိုလီယိုရောဂါဟာ ပိုလီယိုဗိုင်းရပ်စ်ကြောင့်ဖြစ်တာပါ။ ရောဂါဖြစ်ပွားသူရဲ့ မစင်ကို ထိတွေ့မိတာ ဒါမှမဟုတ် နှာစေးချောင်းဆိုရာကထွက်တဲ့ တံတွေး စ၊ နှာချေ စ တို့နဲ့ ထိတွေ့မိရင်တောင် ဗိုင်းရပ်စ်ပြန့်ပွားစေပါတယ်။

အထူးသဖြင့် ငါးနှစ်အောက်ကလေးတွေမှာ ပိုလီယိုရောဂါ ကူးစက်မှုအန္တရာယ်များပါတယ်။

“ကူးစက်မှု ၂၀၀ မှာ ၁ ခုကတော့ အကြောသေသွားတာမျိုးဖြစ်နိုင်တယ်။ အဲဒီလို အကြောသေသွားရင် ၅ ရာခိုင်နှုန်းနဲ့ ၁၀ ရာခိုင်နှုန်းကြားကတော့ အသက်ရှုကြွက်သားတွေ အလုပ်မလုပ်နိုင်တော့လို့ သေဆုံးတတ်ပါတယ်” လို့ WHO က ပြောထားပါတယ်။

ကာကွယ်ဆေး ထိုးပေးတဲ့အစီအစဉ်တွေက တောရိုင်းဗိုင်းရပ်စ်အဓိကမျိုးကွဲသုံးခုထဲက နှစ်ခုကို အောင်မြင်စွာတိုက်ထုတ်ထားနိုင်ပေမဲ့ တိုက်ပွဲက မပြီးဆုံးသေးပါဘူး။

“ရောဂါကူးစက်ခံရတဲ့ ကလေးငယ်တစ်ယောက်ကျန်နေသေးရင်တောင် တစ်ကမ္ဘာလုံးက ကလေးငယ်တွေကို ပိုလီယိုကူးစက်နိုင်တဲ့ အန္တရာယ်ရှိတယ်” လို့ WHO က ပြောပါတယ်။

ပိုလီယိုဟာ ကာကွယ်ဆေးကြောင့်လည်း ကူးစက်မှုဖြစ်လာနိုင်ပါတယ်။ ပိုလီယို ကာကွယ်ဆေးမှာ အားနည်းတဲ့ဗိုင်းရပ်စ် အရှင်တွေကို ထည့်ထားပြီး ပုံစံတူအဖြစ် အစာအိမ်အူလမ်းကြောင်းတလျှောက် အန္တရာယ်မပြုပဲ တည်ရှိနေကာ ဝမ်းအဖြစ် အဲဒီဗိုင်းရပ်စ်က ဝမ်းထဲမှာပါသွားပါတယ်။ ဒါကြောင့် ကာကွယ်ဆေးမထိုးရသေးတွေကို မိလ္လာရေကနေတဆင့် ကူးစက်နိုင်ပါသေးတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ ကူးစက်ရောဂါကာကွယ်ထိန်းချုပ်ရေးစင်တာ (CDS) ပြောတာက ကာကွယ်ဆေးကြောင့်ဖြစ်တဲ့ ပိုလီယိုဗိုင်းရပ်စ် ကူးစက်ပြန့်ပွားတာကို အာဖရိကမှာ အဓိကတွေ့နေရပါတယ်။

၂၀၂၃ ခုနှစ် ဇန်နဝါရီကနေ ၂၀၂၄ ခုနှစ် ဇွန်အထိ လေ့လာထားတဲ့ (CDS) ရဲ့ စာတမ်းအရ ကာကွယ် ဆေးကြောင့် ဖြစ်တဲ့ ပိုလီယိုဗိုင်းရပ်စ်ကူးစက်ပြန့်ပွားမှု ၇၄ ကြိမ်ဖြစ်ခဲ့ပြီး ၃၉ နိုင်ငံမှာ ကူးစက်မှု ၆၇၂ အထိရှိခဲ့ပါတယ်။

အခုနှစ် သြဂုတ်တုန်းက စစ်ပွဲဇုန် ဂါဇာဒေသမှာ ၁၀ လသားအရွယ်ယောကျာ်းလေးတဦးမှာ ကာကွယ်ဆေးကြောင့်ဖြစ်တဲ့ ပိုလီယိုနဲ့ ခန္ဓာကိုယ်တခြမ်း အကြောသေ သွားခဲ့ပါတယ်။ အဲဒီလိုဖြစ်ဖြစ် ချင်းမှာပဲ အဲဒီဒေသတွေမှာ ကာကွယ်ဆေးထိုး ကမ်ပိန်းတွေကို အကြီးအကျယ်ဆောင်ရွက်ခဲ့ပါတယ်။

ကာကွယ်ဆေးထိုးနှံခြင်း

 ကလေးငယ်တဦးကို ပိုလီယိုအစက်ချကာကွယ်ဆေးတိုက်ကျွေးနေတဲ့ ဂူလ်နာဇ် ရှီရာဇီ

ဓာတ်ပုံ ရင်းမြစ်, ဂူလ်နာဇ် ရှီရာဇီ

ဓာတ်ပုံ ပုံစာ, ပိုလီယိုလုပ်သားတွေ ပစ်မှတ်ထားတဲ့စာရင်းထဲပါနေတယ်ဆိုတာ ဂူလ်နာဇ် ရှီရာဇီသိပေမဲ့ ပိုလီယို ကာကွယ်ဆေးထိုးလုပ်ငန်းတွေကိုသာ တစိုက်မက်မက်ဆက်လုပ်နေပါတယ်။

“လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်း အစက်ချကာကွယ်ဆေး (OPV) အရေအတွက် ၁၀ ဘီလျံကျော်ကို ကမ္ဘာတလွှားက ကလေး သန်းသုံးထောင်နီးပါး အတွက် ဖြန့်ဝေပေးခဲ့တယ်” လို့ ပိုလီယိုပပျောက်ရေး ဦးဆောင်အဖွဲ့က ပြောပါတယ်။

ပါကစ္စတန်မှာဆိုရင် အိမ်တိုင်ရာရောက် ကာကွယ်ဆေးထိုး လှုပ်ရှားမှုတွေ ပုံမှန်လုပ်နေတယ်။ နောက်ဆုံးလှုပ်ရှားမှုကို ပြီးခဲ့တဲ့စက်တင်ဘာတုန်းကမှ ဆောင်ရွက်ထားတာပါ။

ငါးနှစ်အကွာ ၂၀၂၄ ခုနှစ် ဇွန်မှာစပြီး အာဖဂန်နစ္စတန်မှာ တနိုင်ငံလုံးအတိုင်းအတာနဲ့ အိမ်တိုင်ရာ ရောက် ကာကွယ်ဆေး ထိုးတဲ့အစီအစဉ်ကို စတင်ပါတယ်။ စက်တင်ဘာမှာပြုလုပ်ရမယ့် ပါးစပ်ထဲ ကာကွယ်ဆေးတိုက်ကျွေးတဲ့အစီအစဉ်ကိုတော့ တာလီဘန်အစိုးရက ပယ်ဖျက်ခဲ့ပါ တယ်။

တာလီဘန်ထိန်းချုပ်ထားတဲ့ ကျန်းမာရေးဝန်ကြီးဌာနကို ပိုလီယိုကမ်ပိန်းအသစ်တွေနဲ့ပတ်သက်လို့ ဘီဘီစီက မေးခွန်းတွေ မေးမြန်းခဲ့ပေမဲ့ ပြန်လည်‌ဖြေကြားတာမရှိပါဘူး။

ကာကွယ်ဆေးထိုးနှံပေးသူတွေ အကြမ်းဖက်ခံရ

ချိုင်းထောက်ကိုညာဘက်ပေးမှာချထားပြီး ခုံမှာထိုင်နေတဲ့ အမီရာ အာလီ

ဓာတ်ပုံ ရင်းမြစ်, အမီရာ အာလီ

ဓာတ်ပုံ ပုံစာ, အမီရာ အာလီ အတွက်လှုပ်ရှားသွားလာဖို့ ချိုင်းထောက်အကူအညီယူနေရ

ကြောက်ရွံမှု၊ သံသယနဲ့ သတင်းအမှားတွေက ပါကစ္စတန်နဲ့ အာဖဂန်နစ္စတန်မှာ ကာကွယ်ရေး တိုက်ကျွေးတာနဲ့ပတ်သက်ပြီး ခုခံကာကွယ်ရေးနဲ့ အကြမ်းဖက်မှုတွေကို ဦးတည်သွားစေပါတယ်။

ပါကစ္စတန်နိုင်ငံက ပိုလီယို ပပျောက်ရေးအစီအစဉ်ရဲ့ အပြောအရတော့ ကာကွယ်ဆေးထိုးလုပ်ငန်းစဉ်မှာပါဝင်သူ ၂၂ ဦး အခုတစ်နှစ်တည်းမှာတင် အသတ်ခံခဲ့ရပါတယ်။

အာဖဂန်နစ္စတန်မှာတော့ ၂၀၀၄ ခုနှစ်၊ ဖေဖော်ဝါရီတုန်းက နောက်ဆုံးအကြိမ်အဖြစ် အသေခံ တိုက်ခိုက်မှုနဲ့ ကြုံခဲ့ရတာဖြစ်ပြီး တရက်တည်းမှာတင် ပိုလီယိုလုပ်သား ၈ ဦးဟာ လေးနေရာမှာ အသတ်ခံလိုက်ရပါတယ်။

ဂူလ်နာဇ် ရှီရာဇီ နဲ့ အမီရာ အာလီ တို့လို မှတ်သားလောက်တဲ့ခံနိုင်ရည်စွမ်းတွေရှိတဲ့ ကာကွယ်ဆေး ထိုးနှံသူတွေကြောင့်သာ ဒီကမ်ပိန်းကို ဆက်လုပ်နိုင်နေတာပါ။

ရှီရာဇီ ဟာ ပါကစ္စတန်မြို့တော် ကက်ရှ်မီယာက အုပ်ချုပ်တဲ့ မူဇာဖာရာဘတ်မှာ ပိုလီယိုလုပ်သား အဖြစ် ၂၀၁၁ ခုနှစ်မှာ စတင်ဆောင်ရွက်ခဲ့ပါတယ်။ သူ့ရဲ့ မိသားစုဝင်လေးဦးစလုံး ကမ်ပိန်းမှာ လုပ်ကိုင်ခဲ့ပြီး နှစ်ဦးသတ်ဖြတ်ခံခဲ့ရပါတယ်။

“ကျွန်မတူမလေးရော ယောင်းမကိုရော ထမ်းစင်နဲ့တင်ခေါ်သွားတာ ကိုယ်တိုင်မြင်လိုက်ရတယ်။ မဒီဟီ (၁၈ နှစ်အရွယ်)ဆိုရင် အိပ်နေသလားတောင် ထင်ရတယ်၊ သူ သိပ်ငယ် သေးတယ်။ ကျွန်မ ယောင်းမ ဖာမီဒါ (၄၆ နှစ်အရွယ်) ဆိုရင်လည်း ဘေးက ထမ်းစင်ပေါ်မှာလေ။ နှစ်ယောက်လုံးက သွေးအလိမ်းလိမ်းပဲ နေရာမှာတင်သေဆုံးခဲ့တာပါ”

“သိပ်ရက်စက်တာပဲ၊ ကျွန်မရင်တွေကွဲခဲ့ရတယ်”

ပိုလီယိုလုပ်သားတွေ ဘာကြောင့် ပစ်မှတ်ထားခံရတာလဲဆိုတာ ရှီရာဇီ တယောက် နားမလည်နိုင်ခဲ့ပါဘူး။ ပိုလီယိုလုပ်သားတွေဟာ ပစ်မှတ်ထားတဲ့စာရင်းထဲပါနေတယ်ဆိုတာ သူသိပေမဲ့ ပိုလီယို ကာကွယ်ဆေးထိုးလုပ်ငန်းတွေကိုသာ တစိုက်မတ်မတ် ဆက်လုပ်နေပါတယ်။

အမီရာ အာလီ ဟာ အသက် ၄ နှစ်အရွယ်မှာ ပိုလီယိုခံစားခဲ့ရပြီး သူ့ရဲ့ခြေထောက်တဖက် အကြော သေခဲ့ပါတယ်။ ကရာချီမြို့ကနေ သူကာကွယ်ဆေးထိုးနှံသူအဖြစ် အလုပ်လုပ်ကိုင်နေတဲ့ ဆွဇ်တောင်ကြားကို ပြောင်းရွှေ့ခဲ့ပါတယ်။

“ကြီးပြင်းလာတဲ့ကာလတလျောက် ခွဲစိတ်မှု (၈) ကြိမ်တိတိလုပ်ခဲ့ရပေမဲ့ ကုသနိုင်တာမရှိပါဘူး။ ကျွန်တော်ဒါနဲ့ပဲ အသက်ဆက်ရှင်နေရပါတယ်”

သွားလာလှုပ်ရှားနိုင်ဖို့အခက်အခဲတွေကြောင့် သူဟာ အားကစားလည်းမလုပ်နိုင်သလို ခရီးထွက်ဖို့ အတွက်လည်း ရုန်းကန်ရလေ့ ရှိပါတယ်။ သူ့အမေဖြစ်သူလည်း စိတ်ပိုင်းဆိုင်ရာဝေဒနာတွေ ခံစားခဲ့ရပါတယ်။

“တရက်မှာ ပိုလီယိုလုပ်သားအတွက် အလုပ်ခေါ်စာတွေ့တာနဲ့ လျှောက်ဖို့ဆုံးဖြတ်ချက်ချခဲ့တယ်။ ကျွန်တော်ရည်မှန်းချက်က ပိုလီယို အမြစ်ဖျက်နိုင်ရေးအတွက်ပဲ”

အသက် ၃၆ နှစ်အရွယ် သူ့အတွက် လှုပ်ရှားသွားလာဖို့ ချိုင်းထောက်အကူအညီယူနေရပြီး သူ့ရဲ့ ကိုယ်တွေ့ဖြစ်ရပ်ကို ပြောပြပြီး ပြည်သူတွေကို အင်အားဖြစ်စေပါတယ်။

“သူတို့ကလေးတွေကို ကာကွယ်ဆေးမထိုးပေးရင် ကျွန်တော်လိုမျိုးနေရလိမ့်မယ်လို့ ကျွန်တော်က သူတို့ကို ပြောတာပဲ”

လာမယ့် အောက်တိုဘာ ၂၈ ရက်မှာ စတင်တဲ့ နောက်ထပ်ကာကွယ်ဆေးထိုး အစီအစဉ်အတွက် သူပြင်ဆင်နေပါတယ်။

ကွတ်တာမှာ ပိုလီယိုတိုက်ကျွေးနေချိန်ကာလအတွင်း ပိုလီယိုကျန်းမာရေးလုပ်သားတွေကို ပါကစ္စတန်လူမျိုး ရဲတွေကို အကာအကွယ် ပေးထားစဉ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ပါကစ္စတန်မှာ ပိုလီယိုလုပ်သားတွေကို လုံခြုံရေးတင်းတင်းကြပ်ကြပ်ပေးထားတဲ့ကြားက ပစ်မှတ်ထားခံနေရပါတယ်။ အခု တစ်နှစ်တည်းမှာပဲ ကာကွယ်ဆေးထိုးလုပ်ငန်းစဉ်မှာပါဝင်သူ ၂၂ ဦး အသတ်ခံခဲ့ရပါတယ်။

ပိုလီယိုကင်းစင်ကမ္ဘာ

ကာကွယ်ဆေးကို ငြင်းပယ်ကြတဲ့ အဓိကအကြောင်းအရင်းတွေကို ဖြေရှင်းဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကြိုးစားနေပါတယ်။

ကာကွယ်ဆေးနဲ့ပတ်သက်တဲ့ သတင်းအမှားတွေ ဒီဂျစ်တယ်မီဒီယာတွေမှာ ပြန့်နှံ့လာတာက အဓိက ပြဿနာပါ။ ဒီလိုလွဲမှားတဲ့အယူအဆတွေကို တိုက်ဖျက်နိုင်ဖို့ ပိုလီယိုကမ်ပိန်းတွေမှာ အနုပညာရှင်သံတမန်တွေနဲ့ ပြည်တွင်းသြဇာရှိသူတွေကို အသုံးပြုတဲ့ နည်းလမ်းအပါအဝင် ပုံစံမျိုးစုံကို အသုံးပြုခဲ့ပါတယ်။

“နှစ်နိုင်ငံနယ်စပ်က ကလေးငယ်တွေအပါအဝင် အကုန်လုံးဆီ ရောက်နိုင်ဖို့ အရည်အသွေးရှိတဲ့ ကမ်ပိန်းတွေအဖြစ် ပူးပေါင်းမှု၊ ထောက်ပံ့မှုအပြည့်အဝပေးနိုင်အောင်၊ ၂၀၂၅ ခုနှစ်မှာ နှစ်နိုင်ငံစလုံးက ပိုလီယိုကူးစက်မှုအမြစ်ဖျက်ဖို့အတွက် နိုင်ငံရေးအရကတိကဝတ်တွေပါ ကျွန်မတို့ရထားပြီ” လို့ ရှီရာဇီ က ပြောပါတယ်။

အောင်မြင်ခဲ့မယ်ဆိုရင် ပိုလီယိုရောဂါဟာ ကျောက်ရောဂါပြီးရင် လူသားတွေရဲ့ အားထုတ်ကြိုးပမ်း မှုကြောင့် အမြစ်ပြတ်သွားမယ့် နောက်ထပ်ရောဂါတခုဖြစ်လာမှာပါ။