မိခင်နို့ရည်တိုက်ကျွေးမှုနဲ့ပတ်သက်ပြီး လွဲမှားတဲ့ အယူအဆ ၇ ချက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, အက်ဖရမ် ဂျဘရိဘ်
- ရာထူးတာဝန်, ဘီဘီစီ ကမ္ဘာတလွှား အသံလွှင့်ဌာန
ကမ္ဘာမှာ နှစ်စဉ် ကလေးသေဆုံးမှုစုစုပေါင်းရဲ့ ၁၆ ရာခိုင်နှုန်းဟာ မိခင်နို့ ရည်ကို လုံလုံလောက်လောက် မသောက်သုံးရတာကြောင့် ဖြစ်ရတာလို့ ကုလသမဂ္ဂကလေးများရန်ပုံငွေအဖွဲ့ (UNICEF)ရဲ့ နောက်ဆုံးရအချက်အလက်တွေအရ သိရပါတယ်။
ကမ္ဘာတဝန်း လူမှုအဖွဲ့အစည်း၊ အသိုင်းအဝိုင်းတွေနဲ့ ကျန်းမာရေးဝန်ထမ်းတွေအနေနဲ့ နို့တိုက်မိခင်တွေအတွက် ထောက်ပံ့အားပေးမှုတွေပိုရအောင် လုပ်ကြဖို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO)က တိုက် တွန်းနေပါတယ်။
ဒီအထဲမှာ နို့တိုက်ရလွယ်ကူစေမယ့် ကျန်းမာရေးစောင့်ရှောက်မှုစနစ်တွေ ဖန်တီးပေးတာ၊ နေရာမရွေး၊ အချိန်မရွေး အမျိုးသမီးတွေ နို့တိုက်နိုင်ခွင့်ကို လေးစားလိုက်နာတာ၊ ရပ်ရွာကနေ အားပေးကူညီမှု မြှင့်တင်ပေးတာတွေ ပါဝင်ပါတယ်။
ကမ္ဘာ့ နို့တိုက်မိခင်များအထိမ်းအမှတ် သီတင်းပတ်အဖြစ် နှစ်စဉ် သြဂုတ်လ ပထမပတ်မှာ ကျင်းပလေ့ ရှိပါတယ်။ ၂၀၂၄ ခုနှစ်အတွက် ဆောင်ပုဒ်ကတော့ "နို့တိုက်မိခင်တွေကို အားပေးကူညီရင်း လစ်ဟာမှုတွေ ဖြည့်ဆည်းပေးကြပါစို့ " ဖြစ်ပါတယ်။
ဒါပေမဲ့လည်း အမျိုးသမီးတွေ မိခင်နို့ တိုက်ချင်စိတ် မရှိအောင် တားဆီးစေတဲ့ အယူအဆ အလွဲအမှား အတော်များများကလည်း ခုချိန်ထိ ရှိနေဆဲပါ။ အဲဒီ အလွဲမှားဆုံး အယူအဆတွေထဲက တချို့ကို ပြင်ဆင် အသိပညာပေးနိုင်ဖို့ ကျွမ်းကျင်သူနှစ်ဦးကို ဘီဘီစီက မေးမြန်းခဲ့ပါတယ်။
သူတို့ကတော့ လစ်ဗာပူးတက္ကသိုလ် လက်တွေ့ဆေးဝါးဗေဒနဲ့ ကမ္ဘာတဝန်းကျန်းမာရေးဌာနက ပါမောက္ခလည်းဖြစ်၊ ယူဂန်ဒါနိုင်ငံ ကမ်ပါလာမြို့ မကရီရီ ကျန်းမာရေးတက္ကသိုလ် ကောလိပ်က သုတေသီလည်း ဖြစ်တဲ့ ကက်ထရီယိုနာ ဝေ့တ် နဲ့ လန်ဒန် တက္ကသိုလ် ကောလိပ်က အထွေထွေ ကလေးအထူးကု ပါမောက္ခ အလက်စတာ စွတ်ကလစ်ဖ် တို့ ဖြစ်ပါတယ်။
ယူဆချက်အလွဲ ၁ - နို့တိုက်ရင် မိခင်ရင်သားနဲ့ နို့သီးခေါင်း နာတတ်သလား
ပါမောက္ခ ဝေ့တ် - ကနဦးပိုင်း ရင်သား နာတတ်တာက ပုံမှန်ဖြစ်ပြီး နို့သီးခေါင်း နာတာကလည်း နောက်ပိုင်းမှာ ကျင့်သားရသွားတတ်တာမို့ ဒီအချက်က ဖြေဖို့ ခက်လှပါတယ်။ ဒါပေမဲ့လည်း နို့တိုက်လို့ ရင်သားနာတာမျိုး၊ အကြီးအကျယ် နာကျင်စေတာမျိုး မဖြစ်သင့်ပါဘူး။ ဒီလိုနာတယ်ဆိုတာက နို့သီးခေါင်းထိပ်မှာ ရောဂါပိုးဝင်လို့ ဒါမှမဟုတ် ကလေးက ကောင်းကောင်း နို့မစို့တတ်လို့ ဖြစ်ပါလိမ့်မယ်။
အနေခက်တာမျိုးတော့ ဖြစ်တတ်ပါတယ်။ အထူးသဖြင့် ပထမဆုံး ရင်သွေးရတဲ့ မိခင်တွေအတွက် ကလေးနို့တိုက်တာ ကျင့်သားရဖို့ အချိန်ယူရနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ယူဆချက်အလွဲ ၂ - ကလေးမွေးပြီးပြီးချင်း နို့မတိုက်ရင် နောက်ပိုင်း နို့တိုက်လို့မရတော့ဘူးလား
ပါမောက္ခ ဆွတ်ကလစ်ဖ် - ကလေးနို့တိုက်ကြဖို့ မိခင်တွေကို အားပေးအားမြှောက်ပြုတာက လူ့ကျန်းမာရေးအတွက် အဖက်ဖက်မှာ အကျိုးပြုပါတယ်။ ဘယ်အချိန်မှာ ဘာလုပ်သင့်တယ်ဆိုပြီး လူ့သဘာဝ အပြုအမူကို ကန့်သတ်ချုပ်ချယ်တာမျိုးက သိပ္ပံနည်းမကျလှပါဘူး။
ဒါပေမဲ့ မွေးကင်းစ ရင်သွေးကလေးငယ်ကို မွေးမွေးချင်း နို့ချိုတိုက်ကျွေးတာကတော့ အကျိုးကျေးဇူးအများကြီး ဖြစ်ထွန်းစေပါတယ်။
အသိသာဆုံးအချက်ကတော့ နို့ရည်ကနေ အာဟာရဓာတ်ရတယ်ဆိုတဲ့အချက်ပါ။ တခါ နို့တိုက်တဲ့အတွက် မီးဖွားအပြီး မိခင်ရဲ့ သားအိမ်ကနေ သွေးထွက်တာကို တားဆီး ဒါမှမဟုတ် နှေးသွားစေပြီး သားအိမ် ပြန်ကျုံ့သွားစေဖို့ အထောက်အကူ ပြုပါတယ်။ ဒါ့အပြင် မီးဖွားပြီးစ ရက်ပိုင်းတွေမှာ လူ့ခန္ဓာကိုယ်ကနေ ကိုလော့စ်ထရမ် လို့ခေါ်တဲ့ ပရိုတိန်းဓာတ် ကြွယ်ဝတဲ့ ဒြပ်ပစ္စည်းတစ်မျိုးကို ထုတ်ပေးပါတယ်။ ဒီပစ္စည်းက နို့ချိုထုတ်ပေးတဲ့ ကြွယ်ဝတဲ့ ဒြပ်ပစ္စည်း ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ယူဆချက်အလွဲ ၃ - ကလေးနို့တိုက်နေတုန်း ဘာဆေးမှ သောက်လို့မရဘူးလား
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ပါမောက္ခ ဝေ့တ် - ဒါက ကမ္ဘာပေါ်က ကလေးမိခင်တိုင်း ပထမဆုံး မေးလေ့ရှိတဲ့ မေးခွန်း ဖြစ်ပါတယ်။ "ကျွန်မ ဆေးသောက်ရင် ကျွန်မကလေးကို ထိခိုက်နိုင်သလား" ဆိုတဲ့ မေးခွန်းပါ။ တကယ်တမ်းက မိခင်သောက်လိုက်တဲ့ ဆေးအတော်များများဟာ ကလေးကိုယ်ထဲ အတိုင်းအတာ နည်းနည်းလေးပဲ ရောက်ပါတယ်။ တကယ်လို့ ဆေးသောက်ဖို့ လိုတယ်လို့ ဆရာဝန်က ပြောရင် ဒီမေးခွန်းကို ဆရာဝန်ကို ပြန်မေးပါ။ ဒါပေမဲ့ ဆရာဝန်ညွှန်းတဲ့ ဆေးက စိတ်ချရမယ့်ပုံ အများကြီး ရှိပါတယ်။ ကလေးအတွက် အလိုအပ်ဆုံးက ကျန်းမာသန်စွမ်းတဲ့ မိခင်ဖြစ်ဖို့ ပါပဲ။ အသောက်အများဆုံး ဆေးက ရောဂါကူးစက်မှုကို ပျောက်ကင်းစေတဲ့ ဆေးမျိုး၊ စိတ်ဓာတ်ကျရင် သောက်တဲ့ ဆေးမျိုးနဲ့ သာမန် အကိုက်အခဲပျောက်ဆေးမျိုးတွေဖြစ်ပြီး ဒီဆေးတွေက အန္တရာယ်ရှိမယ့်ပုံ မရှိပါဘူး။
နို့တိုက်တုန်း မသောက်ရတဲ့ ဆေးတွေက အရေအတွက် နည်းနည်းလေးပဲ ရှိပါတယ်။ အဲဒါတွေက ကင်ဆာလို ဆိုးဝါးတဲ့ ရောဂါမျိုးကို ကုတဲ့အခါ သောက်ရတဲ့ ဆေးမျိုးတွေ ဖြစ်ပါတယ်။ ကောင်းကျိုး၊ ဆိုးကျိုး ချိန်ဆဖို့ လိုတဲ့ ဆေးတချို့လည်း ရှိပါတယ်။ ကလေးနို့တိုက်နေတဲ့ မိခင်တစ်ဦး ဆေးသောက်ဖို့ အညွှန်းခံရပြီဆိုရင် ဆေးညွှန်းတဲ့ ဆရာဝန်ကို ပြန်မေးခွန်းထုတ်နိုင်ခွင့် ရှိပါတယ်။
သတိထားရမယ့် ဆေးတွေကတော့ ဆရာဝန်လက်မှတ်မပါဘဲ ဆေးဆိုင်တွေမှာ ဝယ်လို့ရတဲ့ နှာစေး ချောင်းဆိုးပျောက်ဆေးလို ဆေးမျိုးတွေ ဖြစ်ပါတယ်။ ဒီဆေးတွေက နို့ထွက်နှုန်း နည်းစေနိုင်ပါတယ်။ ဒါ့အပြင် ပရဆေး လို ဆေးမျိုးတွေကိုလည်း အမြဲ သတိထားဖို့ လိုပါတယ်။ အဲဒီဆေးတွေထဲမှာ ဘာတွေပါတယ် ဆိုတာကို အတိအကျ မသိကြသလို အဲဒီဆေးအတော်များများကို အသေအချာ လေ့လာထားတာမျိုးလည်း မရှိလို့ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ယူဆချက်အလွဲ ၄ - ကလေးနို့မတိုက်ခင် အငံအစပ်တွေ ရှောင်သင့်သလား
ပါမောက္ခ ဝေ့တ် - ကလေးနို့တိုက်နေတုန်း မစားသင့်တဲ့ အစာဆိုတာ မရှိပါဘူး။ ဒါပေမဲ့ ကိုယ်စားတဲ့ အစားအသောက်က ကိုယ့်ရဲ့ နို့ရည်ထဲက ပါဝင်ပစ္စည်းတွေအပေါ် သက်ရောက်မှု ဖြစ်စေပါလိမ့်မယ်။ တချို့အမျိုးသမီးတွေက ဒီသက်ရောက်မှုကို သတိပြုမိကောင်း ပြုမိပါလိမ့်မယ်။ ဥပမာအားဖြင့် ကျွန်မဆိုရင် လိမ္မော်ရည်လိုမျိုး ဖျော်ရည်အချဉ် သောက်လိုက်တယ်ဆိုရင် ကလေးက ဝမ်းသွားတတ်တာ သတိပြုမိပါတယ်။
တစ်ခါတလေ ကိုယ်စားတဲ့အစားတစ်ခုခုက ကလေးမှာ သွားထိတတ်တာကို သတိထားမိပါလိမ့်မယ်။ ဒါပေမဲ့လည်း အန္တရာယ်ဖြစ်စေလောက်တဲ့ ဒါမှမဟုတ် ဆေးပညာအရ မစားသင့်တဲ့ အစာမျိုး၊ ရှောင်ဖို့လိုတဲ့ အစာမျိုး ဆိုတာ မရှိပါဘူး။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ယူဆချက်အလွဲ ၅ - ကလေးကို နို့ဘူးတိုက်ရင် အမေ နို့ထွက်နည်းသွားတတ်သလား
ပါမောက္ခ ဝေ့တ် - ဒါက တပ်အပ် ပြောလို့မရပါဘူး။ ဒါပေမဲ့ မိခင်နို့ ထုတ်လုပ်မှုဟာ ကလေးရဲ့ နို့စို့နိုင်အား၊ နို့ထုတ်နိုင်အားနဲ့ ထိန်းညှိထားတာ ဖြစ်ပါတယ်။ ရင်သွေးကလေးငယ်အတွက် နို့ရည် အလုံအလောက် ထုတ်ပေးနိုင်လောက်အောင် အမျိုးသမီးတစ်ဦးရဲ့ ကိုယ်ခန္ဓာက အံ့သြစရာ ဖွဲ့စည်းထားတာ ဖြစ်ပါတယ်။ ကလေး နို့စို့တဲ့အချိန်မှာ သင့်တော်တဲ့ နို့ရည်ပမာဏ ထုတ်ပေးနိုင်ဖို့ ဟော်မုန်းကို လှုံ့ဆော်ပေးပါတယ်။ ဒါ့ကြောင့် ကလေးအသေးလေးပဲဖြစ်ဖြစ်၊ ကလေးထွားထွားပဲဖြစ်ဖြစ် ဒါမှမဟုတ် ကလေးအမွှာပဲဖြစ်ဖြစ်ကို နို့တိုက်တဲ့အခါမျိုးမှာ မိခင်ရဲ့ ခန္ဓာကိုယ်ကနေ နို့ရည် အလုံအလောက် ထုတ်ပေးမှာ ဖြစ်ပါတယ်။
တကယ်လို့ ကလေးကို နို့မှုန့်ဖျော်တိုက်မယ် ဆိုရင် နို့စို့နိုင်အား၊ နို့ထုတ်နိုင်အား ဆိုတဲ့ ဒီကွင်းဆက်က ပျက်သွားမှာပါ။ နို့ဘူးသောက်နေရင် ကလေး နို့ပိုစို့ချင်တယ်ဆိုတဲ့ အချက်ပြမှုကို မိခင်ခန္ဓာကိုယ်က အပြည့်အဝ လက်ခံရမှာ မဟုတ်တော့ပါဘူး။ တကယ်လို့ နို့ရည် ကောင်းကောင်း မထုတ်ပေးနိုင်လို့ နို့ဘူး စတိုက်ပြီဆိုရင် ကလေးနို့မဝတဲ့ ပြဿနာကို ရေတို ဖြေရှင်းနိုင်မှာ ဖြစ်ပေမဲ့ နောက်ပိုင်း ဒီပြဿနာက ပိုဆိုးလာနိုင်ပါတယ်။
တစ်ဘက်မှာလည်း ညဘက် အိပ်ရေးပျက်လို့ ဒါမှမဟုတ် နေမကောင်းဖြစ်ပြီး ပင်ပန်းနေလို့ အမေကို အနားပေးတဲ့အနေနဲ့ တစ်ခါတလေ အဖေဖြစ်သူက ကလေးကို နို့ဘူးတိုက်တာမျိုး ရှိတတ်ပါတယ်။ ဒီ အတွက်ကြောင့်တော့ အမေ နို့မထွက်တော့တာမျိုး ဖြစ်မလာနိုင်ပါဘူး။ ဒါ့ကြောင့် အခြေခံအားဖြင့် ပြောရမယ်ဆိုရင် ကလေးနို့ဘူးတိုက်လို့ အမေနို့မထွက်တော့ဘူးလို့ တပ်အပ်မပြောနိုင်ပါဘူး။ ဒါပေမဲ့လည်း နို့ထွက်ဖို့ကိုတော့ အဟန့်အတား ဖြစ်စေနိုင်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ယူဆချက်အလွဲ ၆ - အမေဖျားနေရင် ကလေးနို့မတိုက်သင့်ဘူး
ပါမောက္ခ ဆွတ်ကလစ်ဖ် - မဟုတ်ပါဘူး။ ဒါက လွဲမှားတဲ့အယူအဆပါ။ ကိုယ့်မှာ HIV ဒါမှမဟုတ် အသည်းရောင် ရောဂါ ရှိနေတဲ့ မိခင်တွေကသာ နို့မတိုက်သင့်တာ ဖြစ်ပါတယ်။ ဒီဗိုင်းရပ်စ်ပိုးတွေက နို့ရည်ကနေတဆင့် ကလေးဆီ ကူးစက်နိုင်ပါတယ်။ ဒီလို အတွေ့အကြုံဆိုးတွေ အရင်က ကြုံခဲ့ရဖူးပါတယ်။
အများအားဖြင့်တော့ မိခင် ဖျားနေချိန်မှာ နို့ဆက်တိုက်တာက ဘာအန္တရာယ်မှ မရှိပါဘူး။ နို့တိုက်ခြင်းအားဖြင့် မိခင်ရဲ့ ခန္ဓာကိုယ်ကနေ မွေးကင်းစ ကလေးငယ်ကို ကာကွယ်ပေးတဲ့ ပဋိပစ္စည်းတွေ ထုတ်လုပ်ပေးလို့ဖြစ်ပါတယ်။ နို့တိုက်နေတဲ့ မိခင်ထံကနေ ကလေးကို အဖျားကူးတာမျိုးက အလွန့်အလွန်ကို ရှားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ယူဆချက်အလွဲ ၇ - ကလေးကို တစ်နှစ်ကျော်လောက် နို့တိုက်နေရင် နို့ဖြတ်ဖို့ ခက်တယ်
ပါမောက္ခ ဝေ့တ် - ကလေးကို မိခင်နို့ချည်းပဲ ၆ လကြာ သီးသန့်တိုက်ဖို့နဲ့ အဲဒီနောက်မှာ ဖြည့်စွက် အာဟာရစာ စကျွေးဖို့ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးက အကြံပြုပါတယ်။ ဒါပေမဲ့ ကိုယ်ကြိုက်သလောက် အချိန်ကြာကြာ နို့ဆက်တိုက်နိုင်တယ်လို့ ပြောပါတယ်။ ဘယ်အချိန် နို့ဖြတ်ရမလဲဆိုတာကို အတိအကျ အကြံပြုတာမျိုးတော့ မရှိပါဘူး။
ဝင်ငွေ လစာကောင်းတဲ့ ယူကေလို နိုင်ငံတချို့မှာတော့ ကလေးအများစုက တစ်နှစ်သားကနေ နှစ်နှစ်သားအရွယ်အကြားမှာ နို့ဖြတ်လေ့ ရှိကြပါတယ်။ ယူဂန်ဒါ လို တခြား ဝင်ငွေနည်းတဲ့ နိုင်ငံတွေမှာတော့ လမ်းလျှောက်တတ်စ နှစ်နှစ်သားကနေ သုံးနှစ်သားအရွယ်အကြားအထိ မိခင်နို့ ဆက်တိုက်လေ့ ရှိပါတယ်။ ကမ္ဘာတဝန်း ကြုံနေရတဲ့ ပြဿနာကတော့ နိုင်ငံအတော်များများမှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ အကြံပြုချက်အတိုင်း မိခင်တွေ နို့ရည် သီးသန့်တိုက်ကျွေးခွင့် ရနိုင်ဖို့ မီးဖွားခွင့် ခွင့်ရက်ရှည် အလုံအလောက် မရကြတဲ့ ပြဿနာပဲ ဖြစ်ပါတယ်။













