ကိုရိုနာဗိုင်းရပ်စ် - သန္ဓေတားဆေး မရနိုင်လို့ အမျိုးသမီးတွေကိုယ်ဝန်ဆောင်ရမှု များလာ

Nurse administers injectable contraception in the Philippines.

ဓာတ်ပုံ ရင်းမြစ်, JAY ARGUELLES

    • ရေးသားသူ, လာရာအိုဝင်
    • ရာထူးတာဝန်, ဘီဘီစီကမ္ဘာတလွှားအစီအစဉ်

ကိုရိုနာ ကမ္ဘာ့ကပ်ရောဂါကြီး ဖြစ်လာတော့ ကမ္ဘာတဝန်းမှာ သန်းပေါင်းများစွာသော အမျိုးသမီးတွေဟာ သန္ဓေတားဆေးတွေကို လက်လှမ်းမမီဖြစ်ကုန်ကြပြီး အကျိုးဆက်ကတော့ မလိုချင်ဘဲ ပဋိသန္ဓေတွေရသွားခဲ့ကြတာဖြစ်လာတယ်လို့ ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ (UNFPA) က သတိပေးထားပါတယ်။

ဝင်ငွေနိမ့်ကျတဲ့ နိုင်ငံတွေ၊ အလယ်အလတ်ပဲ ဝင်ငွေရှိတဲ့ နိုင်ငံတွေ စုစုပေါင်း ၁၁၄ နိုင်ငံက အမျိုးသမီး ၄၇ သန်းလောက်ဟာ ခေတ်မီသန္ဓေတားဆေး တွေကို မရယူနိုင်ဘဲ ဖြစ်ကြရတယ်လို့ UNFPA ရဲ့ အစီရင်ခံစာက ဆိုပါတယ်။

နိုင်ငံတွေအတွင်း လော့ခ်ဒေါင်းချ ပိတ်ဆို့မှုတွေ ခြောက်လလောက်ကြာခဲ့ပြီး ကျန်းမာရေးလုပ်ငန်းတွေ ရပ်ဆိုင်းနေရင် မလိုချင်ဘဲ ရတဲ့ ကိုယ်ဝန်ပေါင်း ၇ သန်းလောက်အထိ ရှိလာနိုင်မယ်၊ ပိတ်ဆို့မှုတွေက နောက်ထပ် သုံးလပိုကြာတိုင်း နောက်ထပ် အမျိုးသမီး နှစ်သန်းကျော်က သန္ဓေတားဆေး လိုလာပြီး မရနိုင်ဖြစ်နေကြလိမ့်မယ်လို့ အဲဒီအစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီလို အခြေအနေမျိုးဟာ ဖိလစ်ပိုင်လို နိုင်ငံအတွက်တော့ အထူး စိတ်ပူစရာ ဖြစ်ပါတယ်။ အဲဒီမှာက သန္ဓေဖျက်ချတာကို ဥပဒေကခွင့်မပြုပါဘူး။ အမျိုးသမီးတွေက သူတို့ သန္ဓေတားဆေးအတွက် ကျန်းမာရေးဌာနတွေနဲ့ အောက်ခြေလူထုကြားထဲ လိုက်လံဝေငှပေးတဲ့ အစီအစဉ်တွေကို အားကိုးနေကြရတာပါ။

ဖိလစ်ပိုင်မှာ ကိုဗစ်-၁၉ ဖြစ်လာတဲ့ ကာလအတွင်း မလိုချင်ဘဲ ကိုယ်ဝန်ဆောင်လိုက်ရတဲ့ အမျိုးသမီး ၁ ဒဿမ ၂သန်းအထိ ရှိသွားနိုင်တယ်လို့ မနီလာက ကုလသမဂ္ဂရုံးများဆိုင်ရာ ကိုယ်စားလှယ် ဒေါက်တာ ဂျိုးဇက်မိုက်ကယ်ဆင်းက ပြောပါတယ်။

ဒါကတော့ ကမ္ဘာ့ကပ်ရောဂါကြောင့် သန္ဓေတေားဆေး ဖြန့်ဝေရေးလုပ်ငန်းတွေ၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းတွေ ဒီတစ်နှစ်အတွင်း တဝက်ကျော် ရပ်ဆိုင်းသွားခဲ့ရရင် ဆိုတဲ့ အဆိုးဆုံးဖြစ်နိုင်မယ့် အခြေအနေအပေါ် ခန့်မှန်းတွက်ချက်ထားတာလို့ ဒေါက်တာဆင်းက ပြောပါတယ်။

မလိုချင်ဘဲ သန္ဓေရလာတဲ့အချိန် သူနာပြုဆရာ ဆရာမတွေ၊ ဝမ်းဆွဲသည်တွေကိုလည်း မတွေ့ရ၊ အရေးပေါ်ပြုစုစောင့်ရှောက်မှုတွေလည်း မရနိုင်တဲ့ အခြေအနေမျိုးနဲ့ပါ ပေါင်းစပ်လိုက်ရင် ကိုယ်ဝန်ဆောင် မိခင်တွေသေဆုံးမှု တိုးပွားလာနိုင်တယ်လို့လည်း ကုလသမဂ္ဂအဖွဲ့က သတိပေးထားပါတယ်။

ဆေးဝါးတွေလည်း နည်းနေပြီ

"ကျွန်မတို့မှာ ရှိထားတဲ့ ကွန်ဒုံးတွေ၊ ဟော်မုန်းအစားထိုးဆေးတွေနဲ့ အမျိုးသမီး ကိုယ်ဝန်ဆောင်အားဆေးတွေ နည်းလာနေပြီ" လို့ အစိုးရနဲ့ မသက်ဆိုင်တဲ့ ကျန်းမာရေးဝန်ဆောင်မှု ပရဟိတအဖွဲ့ Roots of Health ကို ဦးဆောင်သူ အမီနာ အီဗန်ဂျယ်လစ်စတာ ဆွာနီပိုဝယ်က ပြောပါတယ်။

သူ့အဖွဲ့က ဖိလစ်ပိုင်က ပွာတိုပရင်ဆက်စာနဲ့ ပါလာဝန်ပြည်နယ်ထဲက ဝေးလံသီခေါင်တဲ့အရပ်တွေက လူထုတွေဆီကို မျိုးဆက်ပွား ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေ အခမဲ့ ဆောင်ရွက်ပေးနေတာပါ။ အခုတော့ ကပ်ရောဂါကြောင့် ကမ္ဘာတလွှား လေယာဉ်တွေမထွက်၊ သင်္ဘောတွေ မသွားနဲ့ဖြစ်ကုန်လို့ သူတို့ဆီမှာ သိုလှောင်ထားတဲ့ ဆေးပစ္စည်းတွေက နည်းပါးလာနေပါပြီ။

အစိုးရရဲ့ မိသားစု စီမံကိန်းအစီအစဉ်က တာဝန်ရှိသူတွေကတော့ သူတို့ဆီမှာ သန္ဓေတားဆေးမျိုးစုံ အလုံအလောက်ရှိပါတယ်လို့ ဘီဘီစီကို ပြောပါတယ်။ ဒါပေမယ့် လက်ရှိ အကန့်အသတ်တွေကြောင့် အဲဒီဆေးတွေကို ပြည်နယ်တိုင်းကို ပို့ဖို့ လူတွေလက်ထဲ အရောက်ထည့်ဖို့ကတော့ တော်တော်လေး အခက်အခဲရှိတယ်လို့ ဆိုပါတယ်။

သန္ဓေတားဆေးတွေ ဝေပေးနေတဲ့ သူနာပြုဆရာမ ရှယ်ရီ

ဓာတ်ပုံ ရင်းမြစ်, JAY ARGUELLES

ဓာတ်ပုံ ပုံစာ, Roots of Health အဖွဲ့က သူနာပြုဆရာမ ရှယ်ရီက အောက်ခြေလူထုဆီ ဆေးတွေလိုက်ဖြန့်ပေး

"အမျိုးသမီးတစ်ယောက်ဆို ကျွန်မတို့ ဆေးခန်းဆီ အရောက်လာဖို့ ၁၀ ကီလိုမီတာလောက် လမ်းလျှောက်ခဲ့ရတယ်၊ လမ်းမှာလည်း စစ်ဆေးရေး ဂိတ်တွေကို ဖြတ်ရတယ်၊ ဂိတ်တိုင်းမှာလည်း သူ ဘာကြောင့် ကျွန်မတို့ဆီကို သွားဖို့ လိုအပ်တာလဲ ဆိုတာကို ရှင်းပြခဲ့ရတယ်" လို့ ပလာဝန်ပြည်နယ် ပွာတိုပရင်ဆက်စတာမြို့က ကျန်းမာရေးဌာနမှာ အလုပ်လုပ်တဲ့ အနာလီဇာ ဟာရဲရားက ပြောပါတယ်။

ပလာဝန်ပြည်နယ်အပါအဝင် ဖိလစ်ပိုင်က ဒေသတချို့မှာ ကွာရန်တင်းကာလအတွင်း တစ်အိမ်ထောင်က လူတစ်ဦးပဲ အပြင်ထွက်ဖို့ ခွင့်ပြုလက်မှတ် ထုတ်ပေးထားပါတယ်။

"အဲဒီလက်မှတ်က အပြင်ထွက်ခွင့် ရှိသူဟာ အမျိုးသားပဲ ဖြစ်ရမယ်လို့တော့ မသတ်မှတ်ထားပါဘူး၊ ဒါပေမယ့် တကယ့် လက်တွေ့မှာ အမျိုးသားတွေပဲ အပြင်ထွက်ကြတာမျိုး ဖြစ်နေပါတယ်" လို့ မစ္စဆွာနာပိုဝယ်က ပြောပြပါတယ်။

"ဒါကြောင့် အမျိုးသမီးတွေက အပြင်ထွက်ပြီး သန္ဓေတားဆေးလာယူဖို့ဆိုတာကလည်း လွယ်လှတဲ့ ကိစ္စမဟုတ်ဘူး၊ အထူးသဖြင့် သူတို့ ဒီလို ဆေးသုံးနေတယ်ဆိုတာကို ခင်ပွန်း ယောက်ျား အမျိုးသားအဖော်က သိမထားရင်ပေါ့။"

ပလာဝန်ပြည်နယ်လို ဒေသတွေမှာ အခုတော့ ပိတ်ဆို့ကန့်သတ်ထားတာတွေကို ဖြေလျှော့ပေးလာပြီး အများသုံး သယ်ယူပို့ဆောင်ရေး လုပ်ငန်းတွေလည်း ပြန် ပြေးဆွဲစပြုလာပါပြီ၊ ဒါပေမယ့် လူချင်း ခပ်ခွာခွာနေရေး စည်းကမ်းတွေအရ အရင်လို စီးရေ များများနဲ့ ပြေးဆွဲတာမျိုးတော့ မလုပ်သေးပါဘူး။

ဖိလစ်ပိုင်အမျိုးသမီး တစ်ယောက် သန္ဓေတားဆေး လာယူနေစဉ်

ဓာတ်ပုံ ရင်းမြစ်, JAY ARGUELLES

ဓာတ်ပုံ ပုံစာ, ကိုရိုနာကပ်ဘေးကာလမှာ ဖိလစ်ပိုင် အမျိုးသမီးတွေက သူတို့ သုံးနေကျ တားဆေးတွေ ရဖို့ ခက်လာတယ်လို့ ပြောကြပါတယ်။

"အမျိုးသမီးတွေက သူတို့မှာ ဆေးကုန်နေပြီ၊ နောက်ထပ်လိုနေပြီဆိုပြီး ကျွန်မတို့ဆီကို မက်ဆေ့ချ်တွေလှမ်းပို့ကြတာ ရှိတယ်၊ အခုအထိ လှမ်းပြောနေကြတုန်းပဲ။ ဒါပေမယ့် သူတို့ ဒီကို လာယူဖို့ကျတော့လည်း အပြင်မထွက်ရဲကြဘူး" လို့ မစ္စဆွာနာပိုဝယ်က ပြောပါတယ်။

ကွာရန်တင်းလုပ်နေကြရတုန်းမှာ ကိုယ့်အဖော်နဲ့ အတူနေနေရတဲ့ အမျိုးသမီးတွေအတွက် ပိုပြီး အခက်အခဲရှိကြတယ်လို့ သူက ဆက်ပြောပါတယ်။

"ဆေးမသုံးဘဲ ကိုယ့်ဟာကိုယ် သန္ဓေမရအောင် ရှောင်ပြီးနေကြတဲ့ ဖိလစ်ပိုင်အမျိုးသမီးတွေက ဒီလို အတူတူနေနေကြရတဲ့ ကာလတွေမှာ ကိုယ်ဝန်ရသွားနိုင်တဲ့ ရက်ရှောင်ပြီးမှ အတူနေဖို့ ယောက်ျားကို ပြောဖို့ကျတော့လည်း ပိုပြီး ခက်ခဲကြပါတယ်။"

ရှေ့တန်းက လူတွေ

Roots of Health nurse Shery wears personal protective equipment.

ဓာတ်ပုံ ရင်းမြစ်, JAY ARGUELLES

ဓာတ်ပုံ ပုံစာ, Roots of Health nurse Shery wears personal protective equipment when she visits people's homes

Roots of Health အဖွဲ့ကတော့ ဒီကာလမှာလည်း သန္ဓေတားဆေး အလိုအပ်ဆုံး သူတွေဆီ တစ်အိမ်တက်ဆင်း လိုက်ပြီး ဆေးတွေကို အခမဲ့ လိုက်ဖြန့်ပေးပါတယ်။

"အဲဒီလို အပြင်ထွက်ပြီး အိမ်တွေသွားရတာ ပထမတော့ ကျွန်မကိုယ်တိုင်လည်း ပိုးကူးခံရမှာကို အတော်ကြီး ကြောက်ခဲ့တယ်၊ ကျွန်မမှာလည်း ခြောက်လသား ကလေးလေးရှိနေတာမို့ပါ" လို့ သူနာပြုဆရာမ ရှယ်ရီဗီလာဂါဆီယာက ပြောပါတယ်။

"တော်တော်တော့ စွန့်စားရတဲ့အလုပ်ပါ။ ဒါပေမယ့်လည်း ကျွန်မတို့ သွားတွေ့တဲ့ အမျိုးသမီး အများစုက သူတို့ဟာသူတို့ဆို သန္ဓေတားဆေးတွေကို ဝယ်သုံးနိုင်ကြသူတွေ မဟုတ်ပါဘူး။"

အမျိုးသမီးတွေအတွက် တားဆေးတွေ အိမ်တိုင်ယာရောက်လိုက်ပေးနေတဲ့ သူနာပြုဆရာမရှယ်ရီ

ဓာတ်ပုံ ရင်းမြစ်, JAY ARGUELLES

ဓာတ်ပုံ ပုံစာ, ဆရာမ ရှယ်ရီက သူ့ရဲ့ ခြောက်လသား ကလေးဆီကို ဗိုင်းရပ်စ်ပိုး ကူးမှာကိုလည်း စိုးရိမ်နေခဲ့ရတယ်လို့ ဆိုပါတယ်။

ကိုရိုနာဗိုင်းရပ်စ်ကြောင့်လည်း မျိုးဆက်ပွားကျန်းမာရေး စောင့်ရှောက်မှု ဝန်ဆောင်မှုတွေကို ရယူတဲ့နေရာမှာ အမျိုးသမီးတွေအတွက် ပိုပြီး ကြီးမားတဲ့ အဟန့်အတားတွေကို ကြုံရပြန်ပါတယ်။

"အမျိုးသမီးတစ်ယောက်က သူ့ကို သန္ဓေတားဆေးကို အိမ်မှာ မဟုတ်ဘဲ တခြားတစ်နေရာမှာ ထိုးပေးဖို့ ကျွန်မကို တောင်းပန်တယ်၊ သူ ဒီလို ဆေးသုံးနေတာ သူ့ ယောက်ျားမသိလို့ပါတဲ့။ သူ အလျင်စလိုကြီး ရောက်လာပြီး အမြန်ထိုးပေးဖို့ ပြောတာ၊ သူ့မှာလည်း အိမ်တွင်း အကြမ်းဖက်ခံထားရတဲ့ လက္ခဏာတွေ တွေ့ရတယ်" လို့ ရှယ်ရီ ဗီလာဂါဆီယာက ပြန်ပြောပြပါတယ်။

ပလာဝန်ပြည်နယ်ဟာ ဖိလစ်ပိုင်မှာ သက်ငယ် ကိုယ်ဝန်ဆောင်နှုန်း အများဆုံးတွေ့ရတဲ့ ဒေသတစ်ခုဖြစ်ပါတယ်။ ကိုရိုနာကပ်ရောဂါကြီးဖြစ်မလာခင်ကတောင် အမျိုးသမီးတွေ အနေနဲ့ သန္ဓေတားဆေး၊ သားဆက်ခြားဆေးတွေ ရယူသုံးစွဲဖို့က အခက်အခဲတွေနဲ့ပါ။

ဆယ်ကျော်သက် ကိယ်ဝန်ဆောင်အမျိုးသမီး တစ်ဦး

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အိမ်ထောင်မရှိသေးတဲ့ အမျိုးသမီး တစ်ဝက်လောက်ကလည်း တားဆေးတစ်မျိုးမျိုးမသုံးကြဘူးလို့ စစ်တမ်းအရ သိရ

"ကျွန်မဆီ လာတွေ့တဲ့ မိန်းကလေးတစ်ယောက်ကဆို ဆယ်ကျော်သက်နဲ့ မိခင်ဖြစ်လာရသူပါ၊ သူက နောက်ထပ် ကိုယ်ဝန်မရအောင် ကလေးကို မိခင်နို့ပဲ တိုက်နေတယ်ဆိုပြီး ပြောပါတယ်၊ တကယ်တော့ အဲဒီနည်းကလည်း ကိုယ်ဝန်မရနိုင်ဘူးဆိုတာ လုံးဝ မဟုတ်ပါဘူး" လို့ ရှယ်ရီ ဗယ်လာဂါဆီယာက ပြောပါတယ်။

၂၀၁၇ ခုနှစ်က တစ်နိုင်ငံလုံးမှာ ကောက်ယူခဲ့တဲ့ စစ်တမ်းအရ အိမ်ထောင်မရှိသေးပဲ လိင်ပိုင်းအရ နိုးကြားအရွယ်ရောက်နေတဲ့ အမျိုးသမီးထဲက ၄၉ ရာခိုင်နှုန်းက ဘယ်လို သန္ဓေတားနည်း တားဆေးမှ မသုံးကြဘူးလို့ ဆိုပါတယ်။ အိမ်ထောင်ရှိပြီးသား ကလေးမလိုချင်သူ အမျိုးသမီး ၁၇ ရာခိုင်နှုန်းကလည်း သန္ဓေတားဆေးတွေ မသုံးဘူးဆိုတာ တွေ့ရပါတယ်။

"ဖိလစ်ပိုင်မှာ အမျိုးသမီးတွေက မိသားစုစီမံကိန်းကို မလိုက်နာကြတဲ့ နံပါတ်တစ်အကြောင်းရင်းကတော့ သူတို့က ဆေးသုံးရင် ဖြစ်လာမယ့် ဘေးထွက်ဆိုးကျိုးဆိုတာတွေကို ကြောက်တာရယ်၊ မျိုးဆက်ပွားကျန်းမာရေးစောင့်ရှောက်မှု ပေးတာကို ဆန့်ကျင်တဲ့ အုပ်စုတွေက အထောက်အထားမရှိတဲ့ သတင်းအမှားတွေ ဖြန့်နေတာကို ယုံကြည်သွားကြတာရယ်ကြောင့် ဖြစ်တယ်" လို့ UNFPA က ဒေါက်တာ ဂျိုးဇက် မိုက်ကယ်ဆင်းက ပြောပါတယ်။

"ဒီမှာ လူများစုက ကက်သလစ်ဘာသာဝင်တွေ ဖြစ်ကြတယ်၊ ရှေးရိုးအစဉ်အလာစွဲကို ကြီးကြီးမားမားကိုင်ထားတဲ့ ဘာသာရေး ခေါင်းဆောင်တွေကလည်း သြဇာကြီးကြတယ်၊ တစ်ခါ တောင်ပိုင်းမှာတော့ ဒီလိုပဲ လူထုအပေါ် သြဇာကြီးတဲ့ မွတ်ဆလင်ခေါင်းဆောင်တွေ ရှိကြပြန်တယ်" လို့ သူက ကြုံရတဲ့ အနေအထားကို ဆက်ရှင်းပြပါတယ်။

မလိုချင်ဘဲ ကိုယ်ဝန်တွေ ရလာခြင်းဟာ အမျိုးသမီးတွေအတွက် လူမှုရေး၊ စီးပွားရေးနဲ့ စိတ်ပိုင်းဆိုင်ရာ အကျိုးဆက်တွေကို တိုးပြီး ခံစားလာရစေပါတယ်။

"အထူးသဖြင့် အခုလို ကိုဗစ်-၁၉ ကပ်ရောဂါကြီးနဲ့ ရင်ဆိုင်နေရချိန်မှာ မလိုချင်ဘဲ ကိုယ်ဝန်ရလာလိုက်ရင် အမျိုးသမီးတွေအတွက် ငွေကြေးအရလည်း အခက်အခဲကြီးတွေနဲ့ တွေ့သွားရစေတယ်" လို့ သူနာပြုဆရာမ ရှယ်ရီက ဆိုပါတယ်။

" တော်တော် ဝမ်းနည်းစရာပါ၊ အမျိုးသမီးတွေအတွက် ရွေးချယ်ခွင့်နဲ့ သူတို့ရွေးချယ်တဲ့အတိုင်း မလိုချင်တဲ့ အချိန် ကိုယ်ဝန်ရမသွားအောင် ကာကွယ်နိုင်တဲ့ နည်းလမ်းတွေ ဆေးဝါးတွေကို ရယူနိုင်ခွင့် ရှိသင့်ပါတယ်။"