ဆယ်ကျော်သက် အရွယ် ကိုယ်ဝန် မယူဖို့ ပညာပေး

Pregnant woman
ဓာတ်ပုံ ပုံစာ, ဆယ်ကျော်သက် မြန်မာ မိန်းကလေး တစ်ထောင်မှာ ၁၇ ယောက် က ကလေး မွေးဖွားခဲ့

၂၀၁၃ ခုနှစ် ဇူလိုင်လ ၁၁ ရက် ကမ္ဘာ့ လူဦးရေနေ့ အတွက် ကုလ သမဂ္ဂရဲ့ ဆောင်ပုဒ်က Adolescent Pregnancy သီးချိန် ပွင့်ချိန်တန်ပါမှ ကျန်းမာလှပ ပျိုရွယ်ဘဝလို့ သတ်မှတ် ထားပါတယ်။

မြန်မာ နိုင်ငံမှာလည်း မိန်းကလေးတွေ အရွယ်ရောက် မှသာ ကိုယ်ဝန်ဆောင်ဖို့ ၊ ဆယ်ကျော်သက် အရွယ်မှာ ကိုယ်ဝန် မယူဖို့ ကုလ သမဂ္ဂနဲ့ အတူ မြန်မာ အစိုးရက ကြိုးပမ်း ပညာ ပေးနေတယ်လို့ ပြည်သူ့ အင်အား ဦးစီးဌာန ညွှန်ကြား ရေးမှူးချုပ် ဦးမြင့်ကြိုင်က ဘီဘီစီကို ပြောပါတယ်။

၂၀၀၇ ခုနှစ် က နောက်ဆုံး ကောက်ယူခဲ့တဲ့ မွေးဖွားမှုနဲ့ မျိုးဆက်ပွား စစ်တမ်း အရ အသက် ၁၅ နှစ် ကနေ ၁၉ နှစ်ကြား မြန်မာ မိန်းကလေး တစ်ထောင်မှာ ၁၇ ယောက်ဟာ ကိုယ်ဝန်ဆောင် ကလေး မွေးခဲ့တာ တွေ့ခဲ့ တယ်လို့ သူက ပြောပါတယ်။

မြန်မာ နိုင်ငံရဲ့ လူဦးရေ ၆၁ သန်း နီးပါး လောက်မှာ ၁၅ နှစ်ကနေ ၁၉ နှစ် အရွယ် မိန်းကလေးက သုံးသန်း နီးပါး ရှိတယ်လို့ ဆိုပါတယ်။

အသက် ၂၀ မတိုင်ခင် အရွယ် တွေဟာ ဖွံ့ဖြိုးတုန်း အရွယ် ဖြစ်ပြီး ကြီးထွားနှုန်း မရပ်သေးတဲ့ အတွက် အဲဒီ အရွယ်မှာ ကလေး မွေးဖွားရင် မိခင်ရော ကလေးပါ ကျန်းမာရေး အန္တရယ် ရှိနိုင်တယ်လို့ ဦးမြင့်ကြိုင်က ပြောပါတယ်။

အသက် ၂၀ ကနေ ၃၅ နှစ် အတွင်း အရွယ်ဟာ ကျန်းမာရေး အတွက် ကိုယ်ဝန် ဆောင်ဖို့ အသင့်တော်ဆုံး ဖြစ်တဲ့ အတွက် အရွယ် မတိုင်ခင် ကိုယ်ဝန် ဆောင်တာ မဖြစ်ရအောင် အစိုးရ ကျန်းမာရေးနဲ့ ပညာရေး ဌာနတို့က UNFP ကုလ သမဂ္ဂ လူဦးရေ အဖွဲ့ရဲ့ အကူအညီနဲ့ ပညာပေး လုပ်ငန်းတွေ ဆောင်ရွက် နေတယ်လို့ သူက ပြောပါတယ်။