တောင်ကြီး - ပုဂ္ဂလိကကျောင်းက အဓမ္မပြုကျင့်ခံရမှုဖြစ်စဥ်ကို သိရှိထားသူရဲ့ ပြောပြချက်

ဓာတ်ပုံ ရင်းမြစ်, လူမှုကွန်ရက်
ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၊ အောင်မြေသစ် ပုဂ္ဂလိကျောင်းမှာဖြစ်ခဲ့တဲ့ အဓမ္မပြုကျင့်မှုဖြစ်စဥ်က ပြစ်မှုကျူးလွန်သူကို ရဲက ဖမ်းဆီးအမှုဖွင့် အရေးယူထားပြီဖြစ်ပါတယ်။
နစ်နာသူ Grade-12 ကျောင်းသူ လုံမေ(အမည်လွှဲ) ကတော့ လိုအပ်တဲ့ ဆေးစစ်မှုပြုလုပ်ပြီး နောက်မှာ ဆေးကုသမှုခံယူနေရတယ်လို့ လုံမေရဲ့ သူငယ်ချင်းကပြောပါတယ်။
လုံမေနဲ့အတူ အဆောင်တစ်ခန်းတည်းနေခဲ့တဲ့ သူငယ်ချင်းတွေထဲက ကျောင်းသူတစ်ဦးနဲ့ ဇန်နဝါရီ ၂၁ ရက်မှာ ဘီဘီစီက စကားပြောခွင့်ရခဲ့ပါတယ်။
"သူ့ကို ရုပ်ပိုင်းကျန်းမာရေးကုသမှုအပြင် စိတ်ပိုင်းဆိုင်ရာအတွက်လည်း ကုသနေရတယ်"လို့ လုံမေရဲ့သူငယ်ချင်း ကျောင်းသူက ပြောပြပါတယ်။
တောင်ကြီးရဲစခန်း သတင်းရင်းမြစ်ကတော့ ရဲဘက်က နစ်နာသူရဲ့ ဆေးစစ်ချက်တွေကို ရရှိထားပြီး နစ်နာသူအတွက် တရားမျှတမှုရအောင် ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။
ဘီဘီစီက လုံမေရဲ့ သူငယ်ချင်းဖြစ်သူကတဆင့် နစ်နာသူ မိန်းကလေးရဲ့ မိသားစုဝင်တစ်ဦးကို ဆက်သွယ်ခဲ့ပေမယ့် လုံခြုံရေးအခြေအနေအရ ပြန်ဖြေဆိုဖို့ မိသားစုဘက်က ငြင်းဆိုပါတယ်။
စစ်ကော်မရှင်ကတော့ ပြစ်မှုကျူးလွန်ခဲ့တဲ့တရားခံကို ဖမ်းဆီးထားပြီး ကျောင်းဘက်ကိုလည်း ဥပဒေတွေနဲ့အညီ အရေးယူသွားမယ်လို့ ဇန်နဝါရီ ၂၁ ရက်မှာ ကြေညာပါတယ်။
အခုဆောင်းပါးထဲမှာ စိတ်အနှောင့်အယှက်ဖြစ်နိုင်စရာအချက် အချို့ပါဝင်ပါတယ်။
အောင်မြေသစ်က ကျောင်းသားတွေအတွက် ကူညီမယ်လို့ ပုဂ္ဂလိကကျောင်းတွေ စာထုတ်

ဓာတ်ပုံ ရင်းမြစ်, Screen Grab
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အောင်မြေသစ်ကျောင်းက အဓမ္မပြုကျင့်မှုဖြစ်စဥ်ကြောင့် ကျောင်းသားမိဘအများစုနဲ့ မြို့ခံလူထုတွေကလည်း ကျောင်းသူ၊ ကျောင်းသားတွေရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်း လုံခြုံရေးအတွက် အောင်မြေသစ်ကျောင်းမှာ ဆက်မထားကြဖို့ ဆော်ဩနေကြပါတယ်။
တောင်ကြီးမှာရှိတဲ့ အခြားပုဂ္ဂလိကကျောင်း ၄ ကျောင်းထက်မနည်းကလည်း အောင်မြေသစ်ကျောင်းကနေ ရွှေ့ပြောင်းလိုတဲ့ ကျောင်းသူ၊ ကျောင်းသားတွေကို ပညာဒါနပြုတဲ့အနေနဲ့ လက်ခံပြီး လက်ရှိစာသင်နှစ်ပြီးတဲ့အထိ အခမဲ့ သင်ကြားပေးသွားမယ်လို့ စာထုတ်ကြေညာထားကြပါတယ်။
ဒါ့အပြင် Grade 12 ကျောင်းသူ/သားတွေကိုလည်း စာမေးပွဲဖြေဆိုနိုင်အောင် ကူညီပေးသွားမယ်လို့ ကျောင်းတွေဘက်က ကြေညာကမ်းလှမ်းထားကြပါတယ်။ အောင်မြေသစ်ကျောင်းမှာ တက်နေတဲ့ တောင်ကြီးမြို့ခံကလေးငယ်အများစုကိုတော့ ကျောင်းသားမိဘတွေက ပြန်ခေါ်သွားကြပြီလို့ မြို့ခံတစ်ဦးက ပြောပါတယ်။
နယ်ဝေးကနေ လာတက်ရပြီး အောင်မြေသစ်မှာ အဆောင်နေရတဲ့ ကျောင်းသားတွေကတော့ မိဘတွေက အဝေးမှာဖြစ်နေတာကြောင့် အဆောင်ဆက်နေပြီး ကျောင်းဆက်တက်နေရတယ်လို့ အဆောင်ဆက်နေကြတဲ့ ကျောင်းသူတချို့နဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။
တစ်ဖက်မှာလည်း အောင်မြေသစ်ကျောင်း တာဝန်ရှိသူတွေက ဖြစ်စဥ်ထွက်ပေါ်ပြီးနောက်မှာ ကျောင်းသားမိဘတွေကို ခေါ် ယူတွေ့ဆုံပြီး ကလေးတွေကို ကျောင်းဆက်ထားဖို့ တိုက်တွန်းခဲ့တယ်လို့ ကျောင်းသားမိဘတချို့ဆီကနေ သိရပါတယ်။
ဒီလို ခေါ်ယူတွေ့ဆုံမှုမတိုင်ခင် အောင်မြေသစ်ကျောင်းဘက်က Grade-12 တက်ရောက်နေတဲ့ ကျောင်းသူ/သား တွေကို ကျောင်းဆက်တက်ဖို့ပြောပြီး ဆက်မတက်ရင် စာမေးပွဲဖြေဆိုခွင့်ကတ်ကို ထုတ်မပေးဘူးလို့ ဖိအားပေးပြောဆိုမှုတွေလည်း ရှိခဲ့တယ်လို့ ကျောင်းသူတချို့က ပြောပြပါတယ်။
စာမေးပွဲဖြေဆိုခွင့်ကတ်ကိစ္စနဲ့ ပတ်သက်တဲ့အချက်ကို သီးခြားအတည်ပြုနိုင်ဖို့ အောင်မြေသစ် ကျောင်းအုပ်ဖြစ်သူနဲ့ ကျောင်းဖုန်းကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။
လက်ရှိမှာတော့ အောင်မြေသစ်ပုဂ္ဂလိကကျောင်းကို ဆက်ဖွင့်ထားပြီး ပုံမှန်အတိုင်းလည်ပတ်နေတယ်လို့ တောင်ကြီးမြို့ခံတစ်ဦးက ဆိုပါတယ်။
"ဆရာမတွေကိုလည်း ယူနီဖောင်းတွေနဲ့ ကျောင်းရှေ့မှာ တွေ့ခဲ့တယ်။ ကျောင်းမပိတ်ပါဘူး" လို့ ဇန်နဝါရီ ၂၁ ရက်မှာ မြင်တွေ့ခဲ့ရတာကို သူက ပြောပြပါတယ်။
ကျူးလွန်သူကို ဖမ်းထားပြီလို့ စစ်ကော်မရှင်စာထုတ်

ဓာတ်ပုံ ရင်းမြစ်, အောင်မြေသစ်
စစ်ကော်မရှင်ကတော့ အောင်မြေသစ်ကျောင်းက အဓမ္မပြုကျင့်မှုနဲ့ပတ်သက်ပြီး ပြစ်မှုကျူးလွန်သူကို ဇန်နဝါရီ ၁၈ ရက်ကတည်းက တောင်ကြီးအမှတ် ၁ နယ်မြေရဲစခန်းမှာ ဖမ်းဆီးထားတယ်လို့ ဒီနေ့ ဇန်နဝါရီ ၂၁ ရက်မှာ ဖြေကြားပါတယ်။
ပြစ်မှုကျူးလွန်သူဟာ အောင်မြေသစ်အထက်တန်းကျောင်းအုပ်ရဲ့ သားဖြစ်သူ အသက် ၂၉ နှစ်အရွယ် ဖြစ်ပြီး အဲဒီကျောင်းမှာပဲ အလယ်တန်းအတွက် မြန်မာစာသင်ကြားပေးနေတဲ့ ဆရာတစ်ဦးဖြစ်တယ်လို့ ကျောင်းသားတချို့က ဘီဘီစီကို ပြောကြပါတယ်။
အဓမ္မကျင့်မှုဖြစ်ပွားခဲ့တဲ့ အောင်မြေသစ်ပုဂ္ဂလိကအထက်တန်းကျောင်းကို ပုဂ္ဂလိကပညာရေးဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ အရေးယူတာတွေ ဆက်လုပ်မယ်လို့ စစ်ကော်မရှင်က ကြေညာပါတယ်။
လက်ရှိမှာ ပြစ်မှုကျူးလွန်သူကို တောင်ကြီးမြို့မရဲစခန်းမှာ ဖမ်းဆီးထိန်းသိမ်းထားပြီး ရာဇသတ်ကြီးပုဒ်မ ၃၇၆ (မုဒိမ်းမှု)နဲ့ နစ်နာသူဘက်က အမှုဖွင့်ထားတယ်လို့ သိရပါတယ်။
ပြစ်မှုကျူးလွန်သူဟာ ထိုင်းကနေ ကျောင်းတက်ပြီးပြန်လာတာ မကြာသေးဘူးလို့လည်း ရဲစခန်းနဲ့ နီးစပ်သူတစ်ဦးက ပြောပါတယ်။ လက်ရှိမှာ ကျူးလွန်သူဘက်ကနေ အမှုလိုက်ပေးမယ့် ရှေ့နေမရှိတဲ့အထိဖြစ်လာတယ်လို့ တောင်ကြီးရဲစခန်း က သတင်းရင်းမြစ်ကပြောပါတယ်။
စစ်ကော်မရှင်ကတော့ Grade 12 စာမေးပွဲကာလက ကပ်နေပြီဖြစ်လို့ ပြစ်မှုကျူးလွန်ခံရတဲ့ မိန်းကလေးငယ်ရဲ့ ဆန္ဒအရ ပြင်ပဖြေအဖြစ် တက္ကသိုလ်ဝင်စာမေးပွဲကိုဖြေဆိုဖို့ စီစဉ်ဆောင်ရွက်ထားတယ်လို့ ထုတ်ပြန်ထားပါတယ်။
ဒါပေမဲ့ လုံမေနဲ့ နီးနီးကပ်ကပ်ရှိတဲ့ သူငယ်ချင်းဖြစ်သူကတော့ လုံမေ့အနေနဲ့ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာရော ထိခိုက်မှုက ကြီးမားတာကြောင့် စာမေးပွဲဖြေဆိုဖို့ မသေချာသေးဘူးလို့ ဘီဘီစီကို ပြောပါတယ်။
အဓမ္မပြုကျင့်မှု ဘယ်လိုဖြစ်ခဲ့လဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဇန်နဝါရီ ၁၅ ရက်မှာ Grade 12 ကျောင်းသူ လုံမေဟာ ဖျားနာပြီး နေမကောင်းဖြစ်နေတာကြောင့် အဆောင်ပြန်နားချင်တဲ့အကြောင်း ဆရာမဖြစ်သူကို အသိပေးပြောပြခဲ့တယ်လို့ လုံမေရဲ့ သူငယ်ချင်းက ပြောပါတယ်။
ကျောင်းသူ/သားတွေ နေမကောင်းဖြစ်ရင် ကျောင်းဘက်က ဆရာမတစ်ယောက်ပါ ထည့်ပေးပြီး ကျောင်းကပိုင်တဲ့ကားနဲ့ပဲ ဆေးခန်းလိုက်ပို့ပေးလေ့ရှိတယ်လို့ သူကဆိုပါတယ်။
အဲဒီနေ့ကတော့ လုံမေအပါအဝင် နောက်ထပ်နေမကောင်းဖြစ်နေတဲ့ ကျောင်းသူ ၂ ဦးတို့ကို ပြစ်မှုကျူးလွန်ခဲ့တဲ့ ကျောင်းဆရာကပဲ ဆေးခန်းလိုက်ပို့ပေးခဲ့တယ်လို့ သိရပါတယ်။
ဆေးခန်းကအပြန် လုံမေကတော့ သူနေတဲ့ လေးထပ်တိုက်က မြေညီထပ်အဆောင်ကို ပြန်လာခဲ့ပြီး နောက်ထပ်ကျောင်းသူတစ်ဦးကတော့ လေးလွှာမှာရှိတဲ့ သူ့ရဲ့အခန်းကို ပြန်သွားတယ်လို့ ဆိုပါတယ်။
ပြစ်မှုကျူးလွန်တဲ့ ကျောင်းဆရာက လုံမေရဲ့ အခန်းထဲအထိ ဝင်လာပြီး အဲဒီနောက်ပိုင်းမှာ အဓမ္မမှုကျူးလွန်ခဲ့တာလို့ လုံမေ ပြောပြခဲ့တဲ့အခြေအနေတွေအတိုင်း သူငယ်ချင်းဖြစ်သူက ဘီဘီစီကို ပြန်ပြောပြပါတယ်။
လုံမေ အဆောင်ပြန်ရောက်တဲ့အချိန်နဲ့ အဓမ္မပြုကျင့်ခံခဲ့ရတဲ့အချိန်ဟာ ဇန်နဝါရီ ၁၅ ရက် နေ့လယ် ၁၂ နာရီနဲ့ ၁ နာရီခွဲကြားလောက်မှာဖြစ်ပြီး အတန်းတက်နေတဲ့ သူငယ်ချင်း ၃ ဦးကတော့ အဆောင်ကို နေ့လယ် ၃ နာရီခွဲဝန်းကျင်မှာ ပြန်ရောက်လာခဲ့ကြတာလို့ လုံမေရဲ့ သူငယ်ချင်းက ပြောပါတယ်။
လုံမေဟာ သူငယ်ချင်းတွေကြားမှာ သတ္တိရှိပြီး သွက်လက်တဲ့ ကျောင်းသူတစ်ယောက်ဖြစ်ပေမယ့် အဲဒီနေ့က သူငယ်ချင်းတွေ အဆောင်ကို ပြန်ရောက်လာချိန်မှာတော့ လုံမေဟာ ကုတင်အောက်မှာ ပုန်းကာ ငိုယိုနေပြီး "အိမ်ပြန်ချင်တယ်...ကြောက်တယ်" ဆိုပြီး အကြိမ်ကြိမ်ရေရွတ်နေခဲ့တယ်လို့ သူမြင်တွေ့ရတဲ့အခြေအနေကို သူငယ်ချင်းဖြစ်သူက ပြန်ပြောပြပါတယ်။
သူငယ်ချင်းတွေရောက်လာပြီးတဲ့နောက်မှာတော့ လုံမေဟာ သူအဓမ္မပြုကျင့်ခံရပုံနဲ့ ခြိမ်းခြောက်ငွေညှစ်ခဲ့ရတဲ့ အခြေအနေအသေးစိတ်ကို သူငယ်ချင်းတွေကို ဖွင့်ပြောပြခဲ့တယ်လို့ သူကဆိုပါတယ်။
ပြစ်မှုကျူးလွန်တဲ့ ဆရာဟာ လုံမေ့ကို အဆောင်က အခန်းထဲပြန်လိုက်ပို့ပေးချိန်မှာ မဖွယ်မရာစကားတွေ စတင်မေးမြန်းခဲ့တယ်လို့ သူကပြောပါတယ်။
"ရည်းစားထားဖူးလားလို့ မေးတယ်၊ လုံမေကလည်း ထားဖူးတယ်လို့ဖြေတယ်၊ ပြီးတော့ ကာမဆက်ဆံဖူးလားလို့ ထပ်မေးတယ်။ လုံမေက မသိဘူး၊ မလုပ်ဖူးဘူးလို့ ပြန်ဖြေခဲ့တယ်"ဆိုပြီး လုံမေဆီက ကြားခဲ့ရတဲ့အချက်တွေကို သူငယ်ချင်းဖြစ်သူက ထုတ်ပြောပါတယ်။
အဲဒီနောက်မှာတော့ ပြစ်သူကျူးလွန်သူက "တယ်လီဂရမ်မှာ လုံမေရဲ့ မဖွယ်မရာဓာတ်ပုံတွေ တွေ့တယ်လို့ လုပ်ကြံပြောတယ်။ ဒီဓာတ်ပုံတွေကို ကျောင်းမှာ ဖြန့်လိုက်ရမလား၊ မဖြန့်စေချင်ရင် ငွေပေးရမယ်ဆိုတာမျိုး ခြိမ်းခြောက်တယ်'' လို့လည်း ဆိုပါတယ်။
အဲဒီနောက် ငွေမပေးနိုင်ရင် ခိုင်းတာလုပ်ရမယ်လို့ ခြိမ်းခြောက်ပြီး မြေညီထပ်က လုံမေနေတဲ့ အဆောင်အခန်းရဲ့ ဘေးအခန်းတစ်ခုကို အတင်းအကျပ် ဆွဲခေါ်သွားခဲ့တယ်လို့ သူငယ်ချင်းဖြစ်သူက ဆိုပါတယ်။
ဘေးအခန်းရောက်တဲ့အချိန် ပြစ်မှုကျူးလွန်သူဟာ လုံမေရဲ့ အပေါ်ပိုင်းမှာ ဝတ်ဆင်ထားတဲ့ "အင်္ကျီတွေကို ဆွဲချွတ်ပြီး မျက်နှာကို ဖုံးတယ်။ ဖုန်းနဲ့ဓာတ်ပုံတွေ ရိုက်ယူခဲ့တယ်'' လို့ လုံမေပြောပြခဲ့တဲ့အထဲက အချက်တချို့ကို သူငယ်ချင်းဖြစ်သူကျောင်းသူက ပြန်ပြောပြပါတယ်။
ဇန်နဝါရီ ၁၅ ရက်မှာ ဖြစ်ပျက်ခဲ့တဲ့အမှုဖြစ်ပေမယ့် ပြစ်မှုကျူးလွန်သူ ဖမ်းဆီးခံရတဲ့ ၁၈ ရက်နေ့နောက်ပိုင်းမှာမှ လူမှုကွန်ရက်မှာ ဒီအမှုက ပျံ့နှံ့သွားခဲ့တာဖြစ်ပါတယ်။
ပြစ်မှုကျူးလွန်သူရဲ့ မိသားစုက မိန်းကလေးကို ဘာတွေပြောခဲ့လဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပြစ်မှုကျူးလွန်သူ ကျောင်းဆရာရဲ့ မိခင်ဖြစ်သူ ကျောင်းအုပ်ဆရာမကြီးက ဇန်နဝါရီ ၁၆ ရက်မှာ လုံမေ့ကို ခေါ်တွေ့ပြီး သူ့သားရဲ့ လုပ်ရပ်တွေကို မပေါက်ကြားဖို့ ညှိနှိုင်းခဲ့တယ်လို့ သူငယ်ချင်းဖြစ်သူက ပြောပါတယ်။
လုံမေရဲ့သူငယ်ချင်းဖြစ်သူ ကျောင်းသူရဲ့ ပြန်ပြောပြချက်ထဲမှာ ပြစ်မှုကျူးလွန်သူရဲ့ မိခင် ကျောင်းအုပ်ဆရာမကြီးက "လိုချင်တာ အကုန်ဝယ်ပေးမယ်။ ဒီကိစ္စကိုမပြောနဲ့" ဆိုပြီး နှုတ်ပိတ်နေပေးဖို့ ပြောတယ်လို့ ဆိုသလို ဖခင်ဖြစ်သူကလည်း လုံမေ့ကို သူ့သားနဲ့ ပေးစားလို့ မဖြစ်နိုင်ဘူးလို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။
ပြစ်မှုကျူးလွန်သူရဲ့ ဖခင်နဲ့ မိခင်တို့ရဲ့ ပြောဆိုချက်နဲ့ပတ်သက်လို့ ဘီဘီစီက သီးခြားအတည်ပြုနိုင်ဖို့ သူတို့ကို ဆက်သွယ်ခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။
လုံမေကတော့ ကျောင်းအုပ်ဆရာမကြီးနဲ့တွေ့တဲ့အချိန် ဖုန်းပေးသုံးဖို့ တောင်းဆိုခဲ့ပြီး ဖြစ်ရပ်တွေအားလုံးကို မပြောပါဘူးလို့ သူ့ဘက်က ကတိပေးပြီးမှ ဖုန်းအသုံးပြုခွင့်ရခဲ့တယ်လို့ သိရပါတယ်။
အောင်မြေသစ်ကျောင်းမှာ အဆောင်နေ ကျောင်းသူ/သားတွေကို ကျောင်းစည်းကမ်းအရ တစ်ပတ်မှာ တနင်္ဂနွေနေ့ တစ်ရက်တည်းပဲ ဖုန်းအသုံးပြုခွင့်ပေးပြီး ကျန်တဲ့ရက်တွေမှာတော့ ကျောင်းဘက်က ဖုန်းကိုသိမ်းထားတယ်လို့ လုံမေရဲ့ သူငယ်ချင်းက ပြောပါတယ်။
ဖုန်းရပြီးတဲ့နောက် လုံမေဟာ အိမ်ကိုဆက်သွယ်ပြောပြပြီး ကျောင်းမှာမနေချင်တော့တာကြောင့် ပြန်လာခေါ်ပေးဖို့ ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
ဇန်နဝါရီ ၁၇ ရက်မှာတော့ လုံမေ့ရဲ့ မိဘတွေက လုံမေ့ကို ပြန်ခေါ်ဖို့ ကျောင်းရောက်လာပြီး အဲဒီရက်မှာပဲ အမှုဖွင့်ခဲ့တာလို့ သိရပါတယ်။
ဇန်နဝါရီ ၁၈ ရက် (တနင်္ဂနွေနေ့) မှာလည်း ကျောင်းဘက်က သတင်းပေါက်ကြားမှာစိုးပြီး ကျောင်းသူ/သားတွေကို ဖုန်းပေးမသုံးတာကြောင့် ကျောင်းသူ/သားတွေအနေနဲ့ ငိုယိုပြီးတောင်းဆိုခဲ့ရတယ်လို့ ကျောင်းသူတချို့က ပြောပြပါတယ်။
ပြစ်မှုကျူးလွန်သူဟာ ပြစ်မှုကျူုးလွန်ပြီးတဲ့နောက်မှာလည်း လုံမေ့ရဲ့ သူငယ်ချင်းဖြစ်သူတွေအပေါ် ဆွဲလားရမ်းလားလုပ်ပြီး လုံမေက လုပ်ကြံပြောဆိုနေတာဖြစ်ပြီး မဟုတ်မမှန်တဲ့အကြောင်း ပြောဆိုခဲ့တယ်လို့ ဒီအခြေအနေကိုသိတဲ့ ဘီဘီစီရဲ့ သတင်းရင်းမြစ်က ပြောပါတယ်။
အောင်မြေသစ်ကျောင်းမှာ တက်ရောက်နေတဲ့ ကျောင်းသူတစ်ဦး အဓမ္မကျူးလွန်မှုခံရတာနဲ့ပတ်သက်လို့ ဘီဘီစီက ကျောင်းကို ဇန်နဝါရီ ၂၀ ရက်က တယ်လီဖုန်းခေါ် ဆိုခဲ့တဲ့အခါ ကျောင်းဘက်က အောင်မြေသစ်ကျောင်းကပါလို့ ဖုန်းကိုင်ဖြေဆိုပေမဲ့ မေးခွန်းတွေမေးမြန်းချိန်မှာတော့ တစ်စုံတရာတုံ့ပြန်ဖြေကြားတာမရှိဘဲ ဖုန်းချသွားပါတယ်။
ဇန်နဝါရီ ၂၂ ရက်မနက်ပိုင်းမှာ အောင်မြေသစ်ကျောင်းကို ဘီဘီစီက ထပ်မံဖုန်းခေါ်ဆိုခဲ့ပေမဲ့ ဖုန်းလက်ခံဖြေဆိုတာမရှိသေးပါဘူး။
အောင်မြေသစ်ကျောင်းမှာ တက်ရောက်နေတဲ့ ကျောင်းသားမိဘတစ်ဦးကတော့ "ကလေးကိုတော့ ဒီလို စိတ်ပိုင်းဆိုင်ရာရော၊ ရုပ်ပိုင်းဆိုင်ရာရော လုံခြုံမှုမရှိတဲ့ကျောင်းမှာ ဆက်မထားနိုင်လို့ ကျောင်းကနေ ထုတ်လာခဲ့ပြီ" လို့ လူမှုကွန်ရက်မှာ မျှဝေထားပါတယ်။
နယ်ဝေးကနေ အဆောင်လာတက်ရတဲ့ ကျောင်းသား/သူတချို့ကလည်း မိဘတွေက အဝေးမှာရောက်နေတာကြောင့် ကျောင်းပြောင်းစီစဉ်ပေးဖို့အခက်အခဲရှိတာကြောင့် စိုးရိမ်စိတ်တွေနဲ့ ကျောင်းဆက်တက်နေကြရတယ်လို့ သတင်းရင်းမြစ်က ပြောပါတယ်။
"သူတို့လည်း ရက်ပိုင်းလောက်ပါပဲ၊ မိဘတွေလာခေါ်ရင် ပြန်ကြမှာ၊ အဆောင်မှာဘယ်သူမှမနေရဲကြတော့ဘူး။"












