"ကျွန်မတို့ကို မေ့မပစ်ကြပါနဲ့"- ဒုတိယကမ္ဘာစစ် ဂျပန်တွေရဲ့ လိင်ကျွန်ပြုခံခဲ့ရသူ အဘွားတွေက တေးသီချင်းဖွဲ့ဆို ပန်ကြား
ဘီဘီစီသတင်းထောက် ဂျိုဝယ်လ် ဂွင်တို နှင့် ဗီယာမာ ဆီမွန်နက်တို့က စင်္ကာပူနှင့် မနီလာမြို့တို့မှ သတင်းပေးပို့ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, VIRMA SIMONETTE/ BBC
ဒီဆောင်းပါးမှာ စိတ်အနှောင့်အယှက် ဖြစ်စရာ အကြောင်းအရာတွေ ပါဝင်ကြောင်း ကြိုတင်အသိပေးပါရစေ။
ဖိလစ်ပိုင်နိုင်ငံက တိတ်ဆိတ်ငြိမ်သက်တဲ့ မြို့လေးတမြို့က အသက် ၈၀ ကျော်အရွယ် အဘွားအိုတွေနဲ့ ပြည့်နေတဲ့ အခန်းတစ်ခန်းထဲကို အသက် ၈၈ နှစ်အရွယ် အဘွားအို ပီလာ ဂါလန်း တစ်ယောက် လမ်းလျှောက်တုတ်နဲ့ ထော့ကျိုး ထော့ကျိုး ဝင်လာချိန်မှာ သူ့ကို သူ့အကြိုက်ဆုံး ပန်းပွင့်ဂါဝန် ဘာ့ကြောင့် ပေးဝတ်ထားသလဲ ဆိုတာကို မနည်း ပြန်စဉ်းစားယူရပါတယ်။
ပီလာက သူ့ယောင်းမ မာရီယာ ကီလန်တန်းကို လှမ်းတွေ့လိုက်တော့မှ ဘာ့ကြောင့်ဆိုတာကို သဲလွန်စ ရသွားခဲ့ပါတယ်။
သူတို့နှစ်ဦးစလုံးဟာ စစ်အတွင်း လိင်ကျွန်အဖြစ် စေခိုင်းခံခဲ့ရတဲ့ အမျိုးသမီးတွေ ပြန်လည်တွေ့ဆုံကြတဲ့ပွဲမှာ ရောက်နေတာ ဖြစ်ပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်းတုန်းက တောင်ကိုရီးယား၊ ဖိလစ်ပိုင်၊ ထိုင်ဝမ်၊ တရုတ်နဲ့ အင်ဒိုနီးရှားနိုင်ငံတွေက အမျိုးသမီးတွေကို ဂျပန်တော်ဝင်စစ်တပ်က စစ်တပ် ပြည့်တန်ဆာခန်းတွေမှာ ဇိမ်မယ်တွေအဖြစ် အဓမ္မ စေခိုင်းခဲ့ကြပါတယ်။
မာပါနီကီရွာလေးက အယောက် ၂၀ လောက်ရှိတဲ့ ဒီအမျိုးသမီးကြီးတွေက ဖိလစ်ပိုင်မှာ နောက်ဆုံး အသက်ရှင်ကျန်ရစ်တဲ့ ဇိမ်မယ်ဟောင်းကြီးတွေ ဖြစ်ပါတယ်။
ဆယ်ကျော်သက်အရွယ်မှာ သူတို့ကို သူတို့အိမ်တွေကနေ ဖုန်ထူထူ လမ်းမပေါ် အတင်းဆွဲထုတ်သွားပြီး အိမ်တစ်အိမ်ထဲ ပိတ်လှောင်ထားခဲ့ပါတယ်။ အဲဒီမှာ သူတို့ အကြိမ်ကြိမ် အဓမ္မ ပြုကျင့်ခံခဲ့ရပါတယ်။ အခု အသက် ၈၀ ကျော် ၉၀ နီးပါး အရွယ်ရောက်နေပြီ ဖြစ်တဲ့ အဲဒီအမျိုးသမီးကြီးတွေက ဂျပန်အစိုးရဆီက လူသိရှင်ကြား ဝန်ချတောင်းပန်မှု လုပ်ဖို့နဲ့ လျော်ကြေးရဖို့ကို ဆက်တောင်းဆိုနေကြပါတယ်။ ဒီနှစ်ခုစလုံးကို ရဖို့ ကြိုးပမ်းနေတာ ဆယ်စုနှစ်နဲ့ချီ ကြာနေပါပြီ။ အသက်ကြီးလာလို့ သူတို့ကိုယ်တိုင် သတိမေ့လျော့လာနေသလို ကမ္ဘာကလည်း သူတို့ကို မေ့မသွားစေဖို့ မျှော်လင့်ရင်း ဒီအမျိုးသမီးကြီးတွေက သူတို့ခံစားခဲ့ရတဲ့ ဒုက္ခတွေအကြောင်းတွေကို ပြန်ပြောင်းပြောပြကြပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဒုတိယကမ္ဘာစစ်အတွင်းက လိင်ကျွန်အဖြစ် အဓမ္မ စေခိုင်းခံခဲ့ရသူ အမျိုးသမီးပေါင်း ၂ သိန်းနီးပါး ရှိခဲ့ပြီး အများစုက ကိုရီးယား အမျိုးသမီးတွေ ဖြစ်ပါတယ်။ အခုအခါ တောင်ကိုရီးယားမှာ နောက်ဆုံးအသက်ရှင် ကျန်ရစ်တဲ့ ဇိမ်ခံမယ်ဟောင်း အမျိုးသမီးကြီးတွေက ၉ ယောက်လောက်ပဲ ရှိပါတော့တယ်။ ထိုင်ဝမ်မှာ နောက်ဆုံးကျန်တဲ့ ဇိမ်ခံမယ်ဟောင်းအမျိုးသမီးကြီးကတော့ မေလတုန်းက ကွယ်လွန်သွားခဲ့ပါပြီ။ ဂျပန်အစိုးရက စစ်အတွင်းကာလက သူတို့ရဲ့ လုပ်ရပ်တွေကို ရင်ဆိုင်ဖြေရှင်းပေးဖို့နဲ့ လျော်ကြေးပေးဖို့ ငြင်းဆန်နေတာကြောင့် အိမ်နီးချင်းနိုင်ငံတွေနဲ့ တင်းမာမှုတွေ ဖြစ်ခဲ့ရပါတယ်။
၁၉၅၁ ခုနှစ်က ဂျပန်နဲ့ ငြိမ်းချမ်းရေး သဘောတူချက် ရယူခဲ့စဉ် ဖိလစ်ပိုင်အစိုးရက စစ်အတွင်းကာလအတွက် လျော်ကြေးငွေ မတောင်းဖို့ သဘောတူခဲ့ပါတယ်။ ဖိလစ်ပိုင် ဇိမ်ခံမယ်ဟောင်း အမျိုးသမီးကြီးတွေက ဒီသဘောတူချက်ကို သူတို့ လက်မခံဘူးလို့ ပြောနေကြပေမဲ့ ဂျပန်နိုင်ငံဆီက ဖွံ့ဖြိုးတိုးတက်ရေး ထောက်ပံ့ငွေတွေ အများဆုံးရနေတဲ့ ဖိလစ်ပိုင်အစိုးရက ဂျပန်အစိုးရကို ဒီကိစ္စနဲ့ ပတ်သက်လို့ ဖိအားပေးဖို့ တွန့်ဆုတ်နေပါတယ်။
ကျွန်မတို့ မသေခင် တရားဥပဒေအရ ဖြစ်ဖို့ မျှော်လင့်တယ် လို့ အဲဒီအမျိုးသမီးအုပ်စုရဲ့ ခေါင်းဆောင်လည်းဖြစ်၊ သူတို့ထဲမှာ ပွင့်ပွင့်လင်းလင်း ထုတ်ဖော်အပြောဆုံးသူလည်းဖြစ်တဲ့ မစ်စ် ကီလန်တန် က ပြောပါတယ်။
“အခုဆိုရင် အသက်ရှင်ကျန်တဲ့သူ အနည်းအပါးပဲ ရှိပါတော့တယ်။ ကျွန်မတို့အားလုံး ဘဝနေဝင်ချိန် ရောက်နေကြပါပြီ”

ဓာတ်ပုံ ရင်းမြစ်, VIRMA SIMONETTE/ BBC
“လွတ်လပ်တဲ့ ဘွားဘွားကြီးများ”လို့ အဓိပ္ပာယ်ရပြီး ဖိလစ်ပိုင်ဘာသာလို “မလာယာ လိုလာ့စ်” လို့ သူတို့ကိုသူတို့ အမည်ပေးထားတဲ့ အဲဒီအမျိုးသမီးအုပ်စုဟာ ပူပြင်းတဲ့ နေ့လယ်ခင်းတစ်ခုမှာ စုဝေးတွေ့ဆုံခဲ့ကြပြီး ဆယ်စုနှစ်နဲ့ချီ ရေးဖွဲ့သီကုံးထားတဲ့ သူတို့ဘဝဇာတ်ကြောင်း တေးသီချင်းကို အတီးအမှုတ်ကိရိယာမပါဘဲ သံပြိုင် သီဆိုခဲ့ကြပါတယ်။
“ကျွန်မတို့ ငိုကြွေးတောင်းပန်ခဲ့ကြပါတယ်။ စာနာသနားစိတ် ရှိဖို့ တောင်းပန် တိုးလျှိုးခဲ့ကြပါတယ်။ သူတို့ကတော့ သားရဲတိရစ္ဆာန်တွေလိုပဲ သူတို့လိုအင်ရမက် ပြည့်ဖို့ကိုပဲ ဆန္ဒရှိခဲ့ကြတယ်။ အသက် ၁၄ နှစ်သမီးအရွယ်မှာ ပိတ်လှောင် အဓမ္မပြုကျင့်ခံခဲ့ရပါတယ်”လို့ “မလာယာ လိုလာ့စ်” အဖွဲ့က သူတို့ဘဝဇာတ်ကြောင်းကို တေးဖွဲ့သီဆိုခဲ့ကြပါတယ်။
ပရိသတ်ရှေ့ သီချင်းဆိုတာက ကာရာအိုကေ ဖျော်ဖြေတာတုန်းကနဲ့ အတူတူပါပဲလို့ ပြောရင်း မစ်စ် ကီလန်တန်က သူ့အဖေါ် အဘွားအိုတွေ စိတ်သက်သာစေဖို့ နောက်ပြောင်ကျီစယ်နေပါတယ်။ အဘွားအိုတွေက သူတို့ရဲ့ ရှက်ရွံ့ကြောက်လန့်မှုတွေ ပြေပျောက်သွားအောင် ကွမ်းတွေဝါးနေကြတာတွေ့ရပါတယ်။
အဲဒီနောက်မှာ မစ်စ် ကီလန်တန်က အလေးအနက် ပြောပြခဲ့ပါတယ်။ စပါးကွင်းအလယ်က အိမ်နီကြီးထဲမှာ သူအဓမ္မပြုကျင့်ခံရတုန်းက သူ အသက် ၈ နှစ်ပဲ ရှိပါသေးတယ်။ အဝေးပြေးလမ်းမကို ဖြတ်သွားရင်း အဲဒီအိမ်နီကြီးကို တွေ့ရင် မစ်စ် ကီလန်တန်ဟာ ဒီကနေ့အချိန်ထိ သူအတိတ်က အကြောင်းတွေ ပြန်မြင်ယောင် သတိရလာလေ့ ရှိပါတယ်။ ခုချိန်ထိ ရှိနေဆဲပေမဲ့ ချုံးချုံးကျ ပျက်စီးနေပြီ ဖြစ်တဲ့ အဲဒီအိမ်နီကြီးက အခုအခါ နာနာဘာဝ လိုက်စားသူတွေ၊ သမိုင်းပညာရှင်တွေ စိတ်ဝင်စားစရာ နေရာဖြစ်နေပါတယ်။
မနီလာမြို့တော်ရဲ့ မြောက်ဖက် ကားနဲ့ နှစ်နာရီလောက်မောင်းရင် ရောက်တဲ့ ကန်ဒါဘာမြို့နားက အဲဒီအဘွားအိုတွေရဲ့ ရွာမှာ ဒုတိယကမ္ဘာစစ်ကာလ အဆောက်အအုံ အတော်များများ ရှိနေဆဲပါ။ အခုတော့ အဲဒီရွာဟာ စစ်အတွင်းက ဖြစ်ရပ်ဆိုးတွေ ဖြစ်ခဲ့ရာနေရာထက်ကို ဘဲဥနဲ့ တီလားပီးယားငါးတွေ ထွက်ရာ ရွာအဖြစ် လူသိများပါတယ်။

ဓာတ်ပုံ ရင်းမြစ်, VIRMA SIMONETTE/ BBC
တွေ့မြင်နေကျ အရာတွေကလည်း အတိတ်ဆိုးကို ပြန်တူးဆွပေးသလို ဖြစ်နေတယ်လို့ မစ်စ် ကီလန်တန်က ပြောပါတယ်။ မြေကြီးတွေ မိုးရေရွှဲနေတဲ့အခါမျိုးဆိုရင် သူပိတ်လှောင်ခံခဲ့ရတုန်းက အချိန်ကို ပြန်သတိရစေတယ်လို့ ဆိုပါတယ်။ အဲဒီတုန်းက စပါးခင်းတွေထဲက ကျွဲခြေရာခွက်တွေထဲမှာ ကျန်ရစ်တဲ့ မိုးရေတွေကိုပဲ သောက်ခဲ့ရတာပါ။
“ကျွန်မတို့ ဒုက္ခသုက္ခတွေ အရမ်းကို ကြုံခဲ့ရတာပါ” “ကျွန်မ ကလေးဘဝတုန်းကဆိုရင် မျှော်လင့်ချက် အိပ်မက်တွေ အများကြီး ရှိခဲ့ပါတယ်” လို့ မစ်စ် ကီလန်တန်က ပြောပြပါတယ်။
စစ်အတွင်း သူ့ဖခင် ဆုံးပါးသွားခဲ့တဲ့အတွက် သူ့ရဲ့ ငယ်စဉ်ကလေးဘဝ၊ ကောင်းမွန်တဲ့ ပညာရေး၊ ပျော်ရွှင်စရာ မိသားစုဘဝ အားလုံး ဆုံးရှုံးသွားခဲ့ရတယ်လို့ ဆိုပါတယ်။ “ကလေးဘဝမှာ အဝတ်အစား ကောင်းကောင်း ဝတ်ခွင့်ရခဲ့ရမှာ၊ အခုတော့ တစ်နေရာကနေ တစ်နေရာကို တချိန်လုံး ပြောင်းနေရပြီး ဂျပန်စစ်သားတွေကို ကျီးလန့်စာစား ကြောက်နေရတယ်” လို့ ပြောပြပါတယ်။
ဒါပေမဲ့ တစ်နည်းအားဖြင့် သူ့ကိုသူ ကံကောင်းတယ်လို့ မှတ်ယူထားပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ လယ်သမားတစ်ယောက်နဲ့ သူအိမ်ထောင်ကျပြီး တစ်အိုးတအိမ် ထူထောင်နိုင်ခဲ့လို့ပါ။ တခြား ဖိလစ်ပိုင် ဇိမ်ခံမယ်တွေကတော့ သူတို့ရဲ့ လူမှုအသိုင်းအဝိုင်းနဲ့ မိသားစုရဲ့ ဖယ်ကျဉ်တာကို ခံခဲ့ကြရပါတယ်။
အသက် ၉၄ နှစ် ရှိပြီဖြစ်တဲ့ မက်ဆီမာ ဒယ်လာ ခရုဇ် ဆိုတဲ့ အမျိုးသမီးကြီးကတော့ အဲဒီနေ့ နေ့လယ်တွေ့ဆုံပွဲကို အရမ်းလာချင်ပေမဲ့ အိပ်ရာထဲ လဲနေလို့ မလာနိုင်ခဲ့ပါဘူး။ သူတို့အုပ်စုထဲက အသက်အကြီးဆုံးသူတွေထဲမှာ သူလည်းပါပါတယ်။
မစ်စ် ဒယ်လာ ခရုဇ် တစ်ယောက် မပန်နီကီမြို့က ပျင်းရိငြီးငွေ့ဖွယ်နေ့တွေကို သူ့အိမ်ပြတင်းပေါက်ကနေ ငေးကြည့်ရင်း ကျော်ဖြတ်လေ့ရှိပါတယ်။ သူအသက်နည်းနည်း ငယ်တုန်းကတော့ “မလာယာ လိုလာ့စ်အဖွဲ့”ရဲ့ လှုပ်ရှားတက်ကြွသူတွေထဲမှာ အပါအဝင် ဖြစ်ခဲ့ပါတယ်။
ဆန္ဒပြပွဲအတော်များများထဲ ကျွန်မ ပါခဲ့ပါတယ်။ ဂျပန်၊ ဟောင်ကောင်နဲ့ ဥရောပကိုတောင် ရောက်ခဲ့သေးတယ်လို့ သူက ပြောပြပါတယ်။
“ကျွန်မတို့ကို ကူညီပေးတဲ့ ရှေ့နေတွေက အဲဒီနေရာတွေကို ခေါ်သွားခဲ့တာ။ ခုချိန်ထိ အားလုံးကို ခုချိန်ထိ ပြတ်ပြတ်သားသား မြင်ယောင်နေဆဲပဲ။ ကျွန်မခန္ဓာကိုယ်က ချိနဲ့လာပေမဲ့ စိတ်ထဲမှာ အားလုံး စွဲထင်နေဆဲပဲ။”

ဓာတ်ပုံ ရင်းမြစ်, VIRMA SIMONETTE/ BBC
စစ်အပြီးမှာ သူ့မိဘရဲ့ လယ်ထဲမှာ အလုပ်ကူလုပ်ပေးခဲ့ရတဲ့အတွက် ကျောင်းတက်ခွင့် မရခဲ့ဘူးလို့ မစ်စ် ဒယ်လာ ခရုဇ် က ပြောပြပါတယ်။ အသက် ၁၆ နှစ်အရွယ် အိမ်ထောင်ကျစဉ်မှာ မင်္ဂလာဆောင်အခမ်းအနား မလုပ်နိုင်ဘဲ ကြက်တစ်ကောင်ကို မိသားတစ်စုလုံး ဝေမျှစားခဲ့ရပုံကို ကောင်းကောင်း အမှတ်ရနေတယ်လို့ ဆိုပါတယ်။
တကယ်လို့များ ဂျပန်အစိုးရက ကျွန်မတို့ နေ့စဉ် အသုံးစရိတ်အတွက် နည်းနည်းပါးပါး ထောက်ပံ့ပေးမယ်ဆိုရင် ဘယ်လောက်ကောင်းလိုက်မလဲ လို့ သူက ပြောပါတယ်။
မလာယာ လိုလာ့စ် အဘွားအိုတွေအနေနဲ့ သူတို့ရဲ့ အတိတ်ကို ပြန်ပြောင်း ပြောပြခြင်းအားဖြင့် စိတ်သက်သာရာ ရစေတယ်လို့ သူတို့ရဲ့ ရှေ့နေ ဗာဂျီးနီးယား ဆွားရက်ဇ် က ပြောပါတယ်။
သူတို့ရဲ့ ဘဝဇာတ်ကြောင်းကို တေးသီချင်း သီကုံး ဖွဲ့ဆိုတာက သူတို့အတွက် အရမ်းကို စိတ်သက်သာမှု ဖြစ်စေပါတယ်။ ကိုယ်ခံစားခဲ့ရတာတွေကို ကြိတ်ပြီး မျိုသိပ်ထားနေလို့ မရပါဘူး။ ဒါဆိုရင် နောက်ထပ် စိတ်ဒုက္ခခံစားရပါလိမ့်မယ် လို့ မစ်စ် ဆွားရက်ဇ်က ပြောပါတယ်။
လျော်ကြေးငွေ တောင်းဖို့ ဖိလစ်ပိုင်အမျိုးသမီးတွေရဲ့ ကြိုးပမ်းမှု မှန်သမျှဟာ ဖိလစ်ပိုင်အစိုးရဆီက ထောက်ခံ အတည်ပြုချက် ယူဖို့လိုတယ်လို့ ဂျပန်အစိုးရက အခိုင်အမာ ပြောနေပါတယ်။
မလာယာ လိုလာ့စ် အဘွားအိုတွေက သူတို့အစိုးရကို ဖိအားပေးဖို့ တရားရုံးချုပ်အထိ တက်ခဲ့ပေမဲ့ မအောင်မြင်ခဲ့ပါဘူး။
သူတို့အမှုကို အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှု တားဆီးရေး ကုလသမဂ္ဂ ကော်မတီ (Cedaw) အထိ တင်ခဲ့ရာမှာ ဖိလစ်ပိုင်အစိုးရအနေနဲ့ ဒီအဘွားအိုတွေ ဆယ်စုနှစ်ပေါင်းများစွာ နစ်နာခဲ့ရမှု၊ ခွဲခြားဆက်ဆံခံခဲ့ရမှုတွေအတွက် လျော်ကြေးငွေပေးဖို့နဲ့ တောင်းပန်စကား ပြောဖို့ အခုနှစ် မတ်လမှာ အမိန့်ချမှတ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, VIRMA SIMONETTE/ BBC
“ဒါဟာ အရင်က နှုတ်ပိတ်ခံထားရ၊ လစ်လျူရှုခံထားရပြီး ဖိလစ်ပိုင်နိုင်ငံရဲ့ သမိုင်းမှာ အဖျောက်ခံထားရတဲ့ သူတွေအတွက် အောင်ပွဲခံလိုက်တဲ့ သင်္ကေတပြယုဂ် တစ်ခုဖြစ်ပါတယ်။”လို့ Cedaw ကော်မတီဝင် မာရီယွန် ဘီသယ်လ် ကပြောပါတယ်။
မလာယာ လိုလာ့စ် အဖွဲ့ရဲ့ ရှေ့နေ မစ်စ် ဆွားရက်ဇ် ကလည်း Cedaw ကော်မတီရဲ့ ဆုံးဖြတ်ချက် ထွက်ပေါ်ခဲ့ပြီးကတည်းက သူ့အမှုသည်တွေအတွက် အစိုးရအေဂျင်စီအဖွဲ့တွေက ပီဆိုငွေ ထောင်ပေါင်းများစွာ ထောက်ပံ့ပေးခဲ့တယ်လို့ ပြောပါတယ်။ ဒါပေမဲ့လည်း ဂျပန်အစိုးရဆီက ဝန်ချတောင်းပန်မှု ရလာရေး တောင်းဆိုလှုပ်ရှားမှုတွေကိုတော့ သူတို့ ဘယ်တော့မှ ရပ်တန့်မှာ မဟုတ်ဘူးလို့ ဖြည့်စွက်ပြောသွားခဲ့ပါတယ်။
“ဝန်ချတောင်းပန်စကား က ဒီအဘွားအိုတွေအတွက် တကယ့်ကို အရေးပါပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ ဒါဟာ သူတို့ မဟုတ်တာ လုပ်ခဲ့တယ်ဆိုတာကို ထုတ်ဖော်ဝန်ခံမှု ဖြစ်လို့ပါပဲ”လို့ သူက ပြောပါတယ်။
“ဂျပန်တွေက ဒီအဘွားအိုတွေအပေါ် ကြီးမားတဲ့ အပြစ်တွေ ကျူးလွန်ခဲ့ကြပါတယ်။ ဒါကို ကမ္ဘာက မမေ့ပျောက်သင့်သလို သူတို့အနေနဲ့ ဒါကို ပြန်ပေးဆပ်သင့်ပါတယ်။”
မစ်စ် ကီလန်တန် အတွက်ကတော့ လူတွေ နားထောင်နေသမျှ ဆက်ကြိုးပမ်း တိုက်ပွဲဝင်သွားမှာ ဖြစ်ပါတယ်။
“ကျွန်မတို့က အရမ်းရင်းနှီးချစ်ခင်ကြတဲ့ သူငယ်ချင်း အုပ်စုတစ်ခုပါ။ လူအတော်များများကလည်း အကူအညီပေးကြပါတယ်။ တရားမျှတမှုကို ကျွန်မတို့ လိုချင်ပါတယ်။ လူတွေဖိတ်ခေါ်နေသမျှတော့ ကျွန်မတို့ရဲ့ ဘဝဇာတ်ကြောင်းကို ကျွန်မတို့ ဆက်သီဆို ဖျော်ဖြေသွားမှာပါ။”








