တော်လှန်ရေးနယ်မြေထဲက လိင်အကြမ်းဖက်ခံရမှုတွေကို တရားမျှတမှု ဘယ်လိုရှာကြရလဲ

စစ်ခုံရုံးဥက္ကဋ္ဌစာတမ်း၊စစ်ဦးထုပ်နဲ့ စစ်ခုံရုံးကတပ်ဖွဲ့ဝင်တစ်ဦး

ဓာတ်ပုံ ရင်းမြစ်, NUG/MOD

ဓာတ်ပုံ ပုံစာ, ၂၀၂၄ နိုဝင်ဘာမှာတွေ့ရတဲ့ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ကာကွယ်ရေးဝန်ကြီးဌာန ရဲ့ စစ်ခုံရုံး

စစ်ပွဲပဋိပက္ခတွေရှိနေတဲ့ဒေသတွေမှာ ကလေးသူငယ်၊ အမျိုးသမီးနဲ့ လိင်စိတ်ခံယူမှု ကွဲပြားသူတွေအပေါ် လိင်ပိုင်းဆိုင်ရာနှောင့်ယှက်မှုနဲ့ အကြမ်းဖက် ကျူးလွန်မှုတွေ ပိုတိုးဖြစ်လာတယ်လို့ အမျိုးသမီးအရေးလှုပ်ရှားတဲ့အဖွဲ့တွေက အသံထုတ်ပြောလာကြပါတယ်။

ဒါတင်မက ကျူးလွန်ကြသူအများစုဟာလည်း အပြစ်ပေးခံရမှုကနေ လွတ်မြောက်နေတယ်လို့ ထောက်ပြကြပါတယ်။

၂၀၂၁ ဖေဖော်ဝါရီကနေ ၂၀၂၅ မေလအထိ ပဋိပက္ခအတွင်း လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ ကျားမအခြေပြု အကြမ်းဖက်မှုပေါင်း ၉၆၃ မှုရှိခဲ့တယ်လို့ အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ (WLB)ရဲ့ အချက်အလက်က ဖော်ပြပါတယ်။

ဒီအမှုတွေမှာ အများစု ကျူးလွန်သူက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဖြစ်သလို တချို့ အမှုတွေမှာတော့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ တိုင်းရင်းသား လက်နက် ကိုင်တပ်ဖွဲ့ EROs တွေရဲ့ အဖွဲ့ဝင်တွေက အမြတ်ထုတ်ခဲ့တာလို့ ဆိုပါတယ်။

ဒီလိုအမှုရာချီမှာ နစ်နာသွားကြရတဲ့ အမျိုးသမီးနဲ့ကလေးသူငယ်အများစုဟာ တရားမျှတမှု မရကြတဲ့အပြင် ခြိမ်းခြောက်မှုတွေပါ ကြုံနေကြရတယ်လို့ အမျိုးသမီးအဖွဲ့တွေက ပြောပါတယ်။

"အာဏာရှိတဲ့သူက ကျူးလွန်ရင် ပိုပြီး ကိုင်တွယ်ရခက်တယ်"လို့ ကယန်းအမျိုးသမီး အဖွဲ့အစည်း (KWO)ရဲ့ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ကာကွယ်တားဆီးရေးလုပ်ငန်းစဉ် တာဝန်ခံ မယုယုဆွေက ဘီဘီစီကို ပြောပါတယ်။

အဲဒီလို ဖြစ်စဥ်ဖြစ်ရပ်တွေ အများစုထဲကမှ အမှုတချို့ကို ဘီဘီစီက ဆွဲထုတ်ကြည့်ခဲ့ပါတယ်။

ရွေးချယ်စရာ တရားရေးနည်းလမ်း ၃ သွယ်

လိင်အကြမ်းဖက်မှုအများစုကို စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေက ပဋိပက္ခဖြစ်ပွားတဲ့ ဒေသတွေမှာ ကျူးလွန်ကြတာတွေ့ရပြီး အဲဒီကျူးလွန်သူတွေက လုံးဝလွတ်မြောက်နေဆဲလို့ အမျိုးသမီးအရေးလှုပ်ရှားတဲ့အဖွဲ့တွေက ထောက်ပြပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒါတင်မက အမျိုးသားညီညွတ်ရေးအစိုးရ NUG လက်အောက်ခံ ဝန်ထမ်းတွေ၊ လက်နက်ကိုင်တပ်ဖွဲ့ဝင်တွေက အရပ်သားတွေအပေါ် ကျူးလွန်တဲ့ အမှုတွေကလည်း ''ထူးမခြားနားပါပဲ'' လို့ အမျိုးသမီးအရေးတက်ကြွလှုပ်ရှားသူတစ်ဦးက ဝေဖန်ပါတယ်။

၂၀၂၅ မတ်လ ၈ ရက် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှာ အမျိုးသမီးအဖွဲ့အစည်း ၂၅ ဖွဲ့က ပူးပေါင်းထုတ်ပြန်ခဲ့တဲ့ အစီရင်ခံစာမှာ လိင်အခြေပြု ခွဲခြားဆက်ခံတာတွေနဲ့ လိင်ပိုင်းဆိုင်ရာ (နှောင့်ယှက်မှု) အပါအဝင် လိင်အကြမ်းဖက်မှုတွေကို ထင်သာမြင်သာတွေ့နေရတယ်လို့ ထည့်ပြောထားပါတယ်။

စစ်အာဏာသိမ်းထားတဲ့အခြေအနေမှာ ဒေသအများစုရဲ့ တရားရေးစနစ်တွေ ပုံမှန်လည်ပတ်နိုင်တာမရှိသလို စီရင်ချက်တွေ အပေါ်မှာလည်း တိတိကျကျအရေးယူနိုင်တာ မရှိပါဘူး။

ဒါကြောင့် အခုလိုကာလမှာ လိင်ပိုင်းဆိုင်ရာထိပါးနှောက်ယှက်အကြမ်းဖက်ခံရရင် တရားမျှတမှုရှာဖွေဖို့ ရွေးချယ်စရာ နည်းလမ်း ၃ ခုရှိတယ်လို့ အမျိုးသမီးအရေးတက်ကြွလှုပ်ရှားတဲ့အဖွဲ့တွေက ရှင်းပြထားပါတယ်။

  • စစ်ကောင်စီရဲ့ တရားရေးနည်းလမ်း
  • ဒေသအလိုက် စိုးမိုးတဲ့လက်နက်ကိုင်အဖွဲ့အစည်းတွေရဲ့ တရားရေးနည်းလမ်း
  • ဓလေ့ထုံးတမ်းဖြေရှင်းမှုနည်းလမ်း

ဒါပေမဲ့ စစ်တပ်ထိန်းချုပ်‌ဒေသတွေက အမျိုးသမီးတွေတောင် သူတို့မှာလိင်ပိုင်းဆိုင်ရာကျူးလွန်ခံရတဲ့ ပြဿနာကြုံရတဲ့အခါ စစ်ကောင်စီရဲ့ တရားရေးနည်းလမ်းကို ယုံကြည်မှုနည်းတယ်လို့ အမျိုးသမီးအဖွဲ့တချို့က သူတို့ကောက်ယူထားတဲ့ အချက်အလက်တွေကို ကိုးကားပြီး ဖြေဆိုပါတယ်။

ဒါကြောင့် စစ်ပွဲနဲ့ လက်နက်ကိုင်တိုက်ပွဲတွေရှိတဲ့ ဒေသတွေက အမျိုးသမီးတွေဆိုရင် စစ်တပ်လက်အောက် တရားစီရင်ရေးယန္တရားတွေကို မသုံးတာပိုများတယ်လို့ ဆိုပါတယ်။

သူတို့ရဲ့ အကြောင်းပြချက်က လုံခြုံရေးစိုးရိမ်ချက်အပြင် ယုံကြည်မှုမရှိတာကြောင့်လို့ ဆိုပါတယ်။

ထိန်းချုပ်ဒေသအလိုက် အာဏာပိုင်တွေရဲ့တရားရေးစီရင်မှုနဲ့ ဓလေ့ထုံးတမ်းအရ စီရင်မှုတွေကရော အခြေအနေ ဘယ်လိုရှိနေပါသလဲ။

NUG က လိင်အကြမ်းဖက်မှုတွေကို ဘယ်လိုကိုင်တွယ်နေလဲ

NUG နဲ့ လက်သုံးချောင်းထောင် ဆန္ဒထုတ်ဖော်ပုံ ရေးဆွဲထားတဲ့ အလံအနီ

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနကို တိုင်ကြားတဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပေါင်း ၂၆၅ မှု ရှိပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG ရဲ့ လူ့အခွင့်အရေးဝန်ကြီးဌာနရဲ့ စာရင်းအရ ၂၀၂၁ ကနေ ၂၀၂၄ ခုနှစ်အထိ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု နဲ့ ပတ်သက်ပြီး ၂၆၅ မှု တိုင်ကြားချက်ရခဲ့ပါတယ်။

ဒီထဲမှာ စစ်တပ်ဘက်က ကျူးလွန်တဲ့အမှု ၂၁၈ မှု၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နဲ့ လက်နက်ကိုင်တပ်ဖွဲ့ဝင် တွေက ကျူးလွန်တဲ့အမှု ၁၇ မှု နဲ့ အရပ်သားက ကျူးလွန်တဲ့အမှု ၃၀ ရှိပါတယ်။

"အမှုအားလုံးကို စီရင်နိုင်တယ်တော့ မဟုတ်ပါဘူး။ ကြန့်ကြာမှုတွေ၊ပူးပေါင်းဆောင်ရွက်မှု အားနည်းမှုတွေ၊ တရားဥပဒေအရ အမှန်အတိုင်းထိရောက်မှု မရှိသေးတဲ့အားနည်းချက်တွေ ရှိတာတော့ ဝန်ခံပါတယ်"လို့ လူ့အခွင့်အရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်မျိုးမင်းက ဘီဘီစီကို ပြောပါတယ်။

ဒီထဲမှာ ၂၀၂၃ ခုနှစ်အတွင်းကဖြစ်ခဲ့ပြီး အခုအချိန် ၂ နှစ်နီးပါးကြာပြီဖြစ်တဲ့ ကန့်ဘလူအချုပ်စခန်းက လိင်အကြမ်းဖက်မှုတွေလည်း ပါပါတယ်။

ပြည်သူ့အုပ်ချုပ်ရေး(ပအဖ) နဲ့ ပြည်သူ့လုံခြုံရေး (ပလဖ) ထိပ်ပိုင်းခေါင်းဆောင်တွေက အချုပ်စခန်းထဲက အကျဉ်းသူတွေကို လိင်အကြမ်းဖက်ခဲ့တာပါ။

ဒီဖြစ်စဉ်မှာ နစ်နာသူ ၃ ဦး နဲ့ တိုင်ကြားခံရသူ ၃ ဦး ဖြစ်တယ်လို့ ၂၀၂၅ ဖေဖော်ဝါရီလက NUG ကိုယ်တိုင်ထုတ်ပြန်ပြောဆိုထားပါတယ်။ NUG ရဲ့ အဲဒီအချိန်က ပြောရေးဆိုခွင့်ရှိသူ ဦးကျော်ဇော်က ပြည်သူကို အစီရင်ခံတင်ပြတဲ့ အစီအစဉ်မှာ ပြောခဲ့တာပါ။

ဒါပေမဲ့ NUG တရားရေးဌာနနဲ့ ကန့်ဘလူ ပလဖ တာဝန်ရှိသူတစ်ဦးက ဘီဘီစီကို ၂၀၂၅ မတ်လအတွင်း ဖြေကြားထားတာတွေမှာတော့ ဦးကျော်ဇော်ပြောဆိုချက်နဲ့ ကွဲလွဲပါတယ်။

တိုင်ကြားခံရသူတွေကို တပ်တဲ့ ပုဒ်မတွေနဲ့ နစ်နာသူအရေအတွက် ကွဲလွဲနေတာပါ။

ကန့်ဘလူအချုပ်စခန်းရဲ့ စခန်းမှူး ဦးအောင်ဇေယျကို ပုဒ်မ ၃၇၆ နဲ့ ရမန်ယူထားပြီး ရဲအုပ်ဦးရဲရင့်နဲ့ ပအဖတာဝန်ခံ ခေါင်းဆောင် ဦးမဲခေါင်တို့ကို အားပေးကူညီမှု ပုဒ်မ ၁၄၄ နဲ့ ရမန်ယူထားတယ်လို့ NUG တရားရေးဌာနက ဆိုပါတယ်။

ကန့်ဘလူပလဖ တာဝန်ရှိသူကတော့ အမှုတိုင်ကြားတဲ့ အမျိုးသမီး ၂ ဦး ဖြစ်ပြီး စခန်းမှူးဦးအောင်ဇေယျကို ပုဒ်မ ၃၇၆ နဲ့ တစ်မှု၊ ဦးမဲခေါင်ကို ပုဒ်မ ၃၇၆ နဲ့ တစ်မှုမှာ ဦးရဲရင့်က အားပေးကူညီမှုပုဒ်မ ၁၄၄ နဲ့ ရမန်ယူထားတယ်လို့ ပြောပါတယ်။

သူတို့က Non CDM ကျန်းမာရေးဝန်ထမ်း အကျဉ်းသူ ၁ ဦးနဲ့ တစ်လင်တစ်မယားဥပဒေနဲ့ဖမ်းဆီးထိန်းသိမ်းခံရတဲ့ အကျဉ်းသူ ၁ ဦးတို့ကို ကျူးလွန်ခဲ့တာ ဖြစ်ပါတယ်။

Non CDM ကျန်းမာရေးဝန်ထမ်း အကျဉ်းသူက အသက် ၂၇ နှစ်အရွယ်ဖြစ်ပြီး တစ်လင်တစ်မယား ဥပဒေနဲ့ ဖမ်းဆီးခံထားရသူအကျဥ်းသူက ၃၁ နှစ်ထဲမှာ ဖြစ်ပါတယ်။

ဒါပေမဲ့ ဦးကျော်ဇော်တင်ပြချက်ထဲကလို နောက်ထပ် နစ်နာသူ အကျဉ်းသူတစ်ယောက် ရှိနေသေးလားဆိုတာတေ့ာ တရားရေးဌာနနဲ့ ကန့်ဘလူပလဖက အတိအကျ မပြောကြပါဘူး။

ဒီလိင်အကြမ်းဖက်ခံရမှုကို ထုတ်ဖော်ရေးသားခဲ့တဲ့ HI အမျိုးသမီး အွန်လိုင်း သတင်းစာမျက်နှာကတော့ နစ်နာသူ ၃ယောက်ရှိတယ်လို့ ဆိုထားပါတယ်။

ဘီဘီစီက တိုင်ကြားစာအသေးစိတ်ကို သိရဖို့ NUG ကိုတောင်းခံခဲ့ပေမဲ့ ဦးကျော်ဇော် ရဲ့ တင်ပြချက်ကို သာကိုးကားဖို့ NUG က အကြောင်းပြန်လာပါတယ်။

ဒီအမှုဟာ လူ့အခွင့်အရေးဝန်ကြီးဌာနအပြင် ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေးဝန်ကြီးဌာနကိုပါ ၂၀၂၃ ခုနှစ်ကတည်းက ပြည်ထဲရေးလက်အောက်က ဒုရဲအုပ်၊ပလဖအဖွဲ့ဝင်နဲ့ တရားရေးဘက်က ဌာနတွင်း တိုင်ကြားခဲ့တဲ့ အမှု ဖြစ်ပါတယ်။

ပြည်ထဲရေးဘက်က ၂၀၂၄ ခုနှစ်မှာ စုံခုံဖွဲ့စစ်ဆေးတာ ရှိခဲ့ပေမဲ့ အမှုကို ဘယ်လိုအမိန့်ချခဲ့သလဲဆိုတာ ဌာနတွင်း တိုင်ကြားသူ၊သက်သေနဲ့ကာယကံရှင်တွေ ကိုယ်တိုင် မသိရပါဘူး။

၂၀၂၄ စက်တင်ဘာ ၁၁ ရက်၊ NUG သတင်းစာရှင်းလင်းပွဲတစ်ခုမှာတော့ ပြည်ထဲရေးဝန်ကြီးဦးလွင်ကိုလတ်က ကန့်ဘလူအချုပ်စခန်းက တချို့အမှုတွေကို ကာယကံရှင်တွေကိုယ်တိုင် ကျေအေးတယ်ဆိုတဲ့ အစီရင်ခံချက်ရရှိတယ်လို့ ပြောခဲ့ပါတယ်။

၂၀၂၅ ဇန်နဝါရီ ၁ ရက်မှာတော့ အချုပ်သူတွေက ဖြစ်စဉ်အသေးစိတ်နဲ့တကွ ထပ်မံအမှုဖွင့်တိုင်ကြားခဲ့တယ်လို့ HI သတင်းစာမျက်နှာက ဖော်ပြပါတယ်။ အချုပ်သူအမျိုးသမီးတွေဟာ ခြိမ်းခြောက်အကျပ်ကိုင်ခံရပြီး အဓမ္မပြုကျင့်ခံခဲ့ရတယ်လို့ တိုင်ကြားထားတာဖြစ်ပါတယ်။

Non CDM ကျန်းမာရေးဝန်ထမ်းအကျဉ်းသူကို ကန့်ဘလူခရိုင်နဲ့ မြို့နယ်အဆင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံ ဦးမဲခေါင်(ခ) ဦးမြင့်ဇော်ဦး က ၃ ကြိမ် အဓမ္မပြုကျင့်ခဲ့ပြီး အသက်အန္တရာယ် ခြိမ်းခြောက်ပြောဆိုတယ်လို့ ဆိုပါတယ်။

နောက်ထပ်အကျဉ်းသူတစ်ဦးကိုလည်း ကန့်ဘလူအချုပ်ခန်း C2(အခုဖျက်သိမ်း) စခန်းမှူး တာဝန်ယူခဲ့တဲ့ ဦးအောင်ဇေယျက အဓမ္မပြုကျင့်တယ်လို့ စွပ်စွဲတိုင်ကြားထားတာ ဖြစ်ပါတယ်။​

ဦးရဲရင့်ကလည်း ဒီအချုပ်ထဲက အကျဉ်းသူတစ်ဦးကို အဓမ္မပြုကျင့်တာရှိတယ်လို့ ဒီသတင်းမှာဖော်ပြပေမဲ့ NUG ရဲ့ ရမန်ယူ စစ်ဆေးတဲ့ အမှုထဲမှာ သီးခြားအမှုတစ်ခုအနေနဲ့ ပါဝင်လာခြင်းမရှိပါဘူး။

အဲဒီနောက် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ကန့်ဘလူခရိုင်နဲ့မြို့နယ်အဆင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ခံ ဦးမဲခေါင်(ခ) ဦးမြင့်ဇော်ဦး အပါအဝင် လိင်အကြမ်းဖက်မှုနဲ့ တိုင်ကြားခံရသူ ပြည်ထဲရေး လက်အောက်ခံဝန်ထမ်း ၃ ယောက်ကို တာဝန်က ရပ်နားလိုက်တယ်လို့ ၂၀၂၅ ဖေဖော်ဝါရီ ၁၈ ရက်မှာ ပြောခဲ့ပါတယ်။

''အချုပ်သူတွေကို လုံခြုံတဲ့ နေရာ ပြောင်းရွှေ့ထားဖို့ ညွှန်ကြားထားပြီးဖြစ်တယ်"လို့ ပြည်ထောင် စုဝန်ကြီး ဦးအောင်မျိုးမင်းက ဆိုပါတယ်။

အဲဒီနောက် ပြည်ထဲရေးဝန်ကြီးဌာနက ဖေ‌ဖော်ဝါရီ ၂၁ ရက်မှာ ဖမ်းမိန့်ချခဲ့ပြီး နောက်တစ်ရက်မှာ ဦးမဲခေါင်ကို သွား‌ရောက်ဖမ်းဆီးချိန်မှာ သူက တိမ်းရှောင်နေခဲ့ပါသေးတယ်။

ဖေဖော်ဝါရီ ၂၁ ရက် ညနေပိုင်း ဖမ်းမိန့် ကျလာချိန်မှာ အချိန်လင့်နေတယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ မြို့နယ် ပလဖကနေ ချက်ချင်းသွားရောက်ဖမ်းဆီးတာမရှိခဲ့ပါဘူး။

ဦးမဲခေါင်လွတ်မြောက်သွားတာနဲ့ပတ်သက်လို့ ဘီဘီစီက ဆက်သွယ်မေးမြန်းရာမှာ သတင်းအမှားသာဖြစ်တယ်လို့ ဖေဖော်ဝါရီ ၂၄ ရက်မှာ NUG ရဲ့ ပြည်ထဲရေး ဌာနကဖြေခဲ့ပါတယ်။

ဒါပေမဲ့ တိမ်းရှောင်သွားပြီးမှ သူကိုယ်တိုင် တန့်ဆည် ပလဖ (ပြည်သူ့လုံခြုံရေး - ရဲတပ်ဖွဲ့) မှာ သွားအဖမ်းခံခဲ့တယ်လို့ ကန့်ဘလူပြည်သူ့လုံခြုံရေးတပ်ဖွဲ့နဲ့နီးစပ်သူက ပြောပါတယ်။

ဦးမဲခေါင်ကို ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၇၆၊ပလဖ စခန်းမှူး ဦးရဲရင့်ကို အားပေးကူညီမှု ၃၇၆/၁၁၄ နဲ့တရားစွဲထားပြီး ရဲအုပ် ဦးအောင်ဇေယျ ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၃၇၆ နဲ့ တရားစွဲထား တယ်လို့ ကန့်ဘလူ ပလဖက တာဝန်ရှိသူတစ်ဦးက ဘီဘီစီကို ၂၀၂၅ မတ်လအတွင်းမှာပြောပါတယ်။

ဒီအမှုတိုင်ကြားချိန်ကနေ ၅ လအကြာ မေလအတွင်းမှာ ဘီဘီစီက NUGကို အမှုနဲ့ပတ်သက်လို့ ထပ်မံမေးမြန်းချိန်မှာတော့ တရားစွဲဆိုထားဆဲဖြစ်တယ်လို့ ပြည်ထဲရေးနဲ့ လူဝင်မှုကြီးကြပ်ရေး ဝန်ကြီးဌာန MOHAI က အကြောင်းပြန်လာပါတယ်။

တိုင်ကြားချက်ရချိန်ကနေ အခုအချိန်ကာလအားဖြင့် ၇လထဲဝင်လာချိန်မှာ တရားလိုပြ သက်သေ စစ်ဆေးနေဆဲဖြစ်တယ်လို့ NUG တရားရေးဌာနက အကြောင်းပြန်ပါတယ်။

NUG ဟာ ဒီအမှုအပါအဝင် လိင်ပိုင်းဆိုင်ရာထိပါးမှု၊အကြမ်းဖက်မှုတွေကို အွန်လိုင်းဂယက်ကနေတဆင့် ပြည်သူဝေဖန်မှုမြင့်တက်လာမှ စစ်ဆေးရေးကော်မတီဖွဲ့စည်းပြီး ကိုင်တွယ်လေ့ရှိတယ်လို့ အမျိုးသမီး အရေးလှုပ်ရှားတဲ့အဖွဲ့တွေက ဝေဖန်ပါတယ်။

NUGရဲ့ အိန္ဒိယနိုင်ငံဆိုင်ရာ ကိုယ်စားလှယ်ရုံးတာဝန်ခံ ဆလိုင်းအိုက်ဇက်ခင်က ဝန်ထမ်းအမျိုးသမီးကို လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်တဲ့ဖြစ်စဉ်ဟာလည်း ကျူးလွန်ခံရသူက အများသိအောင် လူအခွင့်အရေးအဖွဲ့အစည်းအကူအညီနဲ့ အွန်လိုင်းပေါ်ဖြန့်မှ အာရုံစိုက်ဖြေရှင်းခဲ့တဲ့ အမှုတစ်ခုပါ။

ကျူးလွန်ခံရသူဘက်က လိုက်ပါကူညီခဲ့တဲ့ India for Myanmar မှ ဆလိုင်းဒိုခါရ်က" ဒီကိစ္စဆို NUGရဲ့ကိုင်တွယ်ပုံကိုင်တွယ်နည်းမှားတာတွေ တွေ့ရတယ်။ ဌာနတွင်း ကိုင်တွယ်တာမတရားတာကို အွန်လိုင်းပေါ် ဖော်ထုတ်လာတော့မှ အဲ့ဒီကိုယ်စားလှယ်ကို ကော်မတီဖွဲ့ စစ်ဆေး အလုပ်ထုတ်ခဲ့တယ်" လို့ဝေဖန်ပါတယ်။

သူ့ကိုတော့ NUG ရဲ့ PSHEA (လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်ခြင်း၊ အမြတ်ထုတ်ခြင်းနှင့်မဖွယ်မရာပြုမူခြင်းဆိုင်ရာ အကာအကွယ်‌ပေးရေးမူဝါဒ) အရ ထုတ်ပယ်ခဲ့တာလို့ နားလည်ရပါတယ်။

PSHEA ဆိုတာ အမျိုးသမီး၊ ကလေး၊ လူငယ်နဲ့ လိင်စိတ်ကွဲပြားသူတွေအပေါ် NUG အစိုးရ ဝန်ထမ်း တွေ၊ ကာကွယ်ရေး အဖွဲ့အစည်းဝင်တွေနဲ့ ဝန်ကြီးဌာနနဲ့ဆက်စပ်သူတွေက လိင်ပိုင်းဆိုင်ရာ နှောင့်ယှက် အမြတ်ထုတ်တာကို ကာကွယ်ဖို့ ၂၀၂၃ ခုနှစ်မှာ ဖေဖော်ဝါရီလမှာ အတည်ပြုခဲ့တဲ့ မူဝါဒ တစ်ရပ် ဖြစ်ပါ တယ်။

PSHEA မူဝါဒကို ချိုးဖောက်ရင် ဒါမှမဟုတ် လိုက်နာဖို့ ပျက်ကွက်ရင် ဝန်ထမ်းဖြစ်နေရင် နှုတ်/စာနဲ့ အသိပေး တားမြစ်တာ၊ ဌာနပြောင်းတာ၊ ရာထူးလျှော့တာ၊ တာဝန်က ဆိုင်းငံ့တာနဲ့ ထုတ်ပယ်တာတွေကနေ တရားစွဲ အဖွဲ့အစည်းတွေဆီ လွှဲပြောင်းအရေးယူတဲ့ထိ လုပ်နိုင်တယ်လို့ ပြဋ္ဌာန်းပါရှိပါတယ်။

ကန့်ဘလူအချုပ်ခန်းလိင်အကြမ်းဖက်မှုမှာတော့ ပြည်ထဲရေးကနေ လုပ်ဆောင်တဲ့ စစ်ဆေးရေး လုပ်ငန်းစဉ် အားလုံးကို ပွင့်ပွင့်လင်းလင်းချပြပြီး တာဝန်ခံ ဖြေရှင်းဖို့ အမျိုးသမီးအဖွဲ့တွေက တောင်းဆိုနေကြပါတယ်။

ဒီအမှုက PSHEA မူဝါဒအရ အရေးယူမှုအပြင် တရားစွဲအဖွဲ့အစည်းဆီ လွှဲပြောင်းအရေးယူစေတဲ့အဆင့်ကို ရောက်နေပြီလို့ ပြောလို့ရပါတယ်။

ဒါပေမဲ့ NUG အစိုးရရဲ့ တရားရေး၊ ပြည်သူ့လုံခြုံရေးနဲ့ အစိုးရအဖွဲ့အတွင်းမှာတင် ဒီအမှုရဲ့ တရားခံ၊တရားလိုနဲ့ ပုဒ်မတွေကို တသမတ်တည်း သိရှိထားခြင်း မရှိကြတာ တွေ့ရပါတယ်။

"NUGမှာ စနစ်တကျကိုင်တွယ်ဖြေရှင်းတဲ့ နည်းလမ်းရှိသယောင်ယောင်ပေမဲ့ ပုံမှန်လည်ပတ်တာ မဟုတ်ဘူး။ NUGအနေနဲ့ စနစ်တကျ ကိုင်တွယ်နိုင်အောင် ပိုအားစိုက်ဖို့လိုသေးတယ်" လို့ ဆလိုင်းဒိုခါရ်က ပြောပါတယ်။

ဓလေ့ထုံးတမ်းအရ ကျေအေးခဲ့တဲ့ ဖယ်ခုံကျောင်းဆရာအမှု

ဖယ်ခုံစစ်ရှောင်စခန်းတစ်ခု

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လေးနှစ်အတွင်း ကရင်နီပြည်နယ်မှာ လိင်အကြမ်းဖက်မှုနဲ့ ကျားမအခြေပြုအကြမ်းဖက်မှု ၆၄ မှု ဖြစ်ခဲ့ပါတယ်။

ရှမ်းနဲ့ ကရင်နီပြည်နယ်အစပ် ဖယ်ခုံမြို့နယ်၊လက်ထွန်ကျေးရွာ ကိုယ်ထူကိုယ်ထကျောင်းက အသက် ၁၆ နှစ်အောက် ကျောင်းသား ၇ ယောက် ကို ကျောင်းတာဝန်ခံ ကိုဇော်ဇော်ထွန်းက လိင်ပိုင်းဆိုင်ရာထိပါးနှောင့်ယှက်တဲ့ဖြစ်စဉ် ဖြစ်ခဲ့ပါတယ်။

ကျောင်းသားတွေဟာ Grade 9 နဲ့ 10 က ကျောင်းသားတွေဖြစ်ပါတယ်။​

အဓမ္မပြုကျင့်တဲ့အဆင့်ထိမရောက်ပေမဲ့ ကျောင်းသားတွေကို ထိတွေ့ကိုင်တွယ်တဲ့ ကျူးလွန်မှုမျိုးလုပ်ခဲ့တယ်လို့ ကျောင်းသားတွေက ထွက်ဆိုခဲ့ကြပါတယ်။

ကျူးလွန်သူက ဝန်ခံတဲ့အတွက် အလုပ်ကထုတ်ပယ်ပြီး ဇန်နဝါရီ ၂၈ ရက်ကစတင်ကာ ဇူလိုင် ၂၈ ရက်အထိ အချုပ် ၆ လချခံရပါတယ်။

ရာဇသတ်ကြီးဥပဒေအရ ကလေးသူငယ်ကို မုဒိမ်းပြုကျင့်ရင် ထောင်ဒဏ် နှစ် ၂၀ ကနေ တစ်သက် တစ်ကျွန်း အထိ ချမှတ်နိုင်ပါတယ်။

ကလေးသူငယ်အခွင့်အရေးအတွက် သီးခြားပြဋ္ဌာန်းလာတဲ့ ၂၀၁၉ ခုနှစ် ကလေးသူငယ်အခွင့်အရေးဆိုင်ရာ ဥပဒေမှာတော့ ကလေးသူငယ်ကို လိင်ပိုင်းဆိုင်ရာထိတွေ့ကိုင်တွယ်ရင် ထောင်ဒဏ် ၃ လကနေ ၁ နှစ်အထိ ချမှတ်နိုင်ပါတယ်။

ဒါအပြင် ငွေဒဏ် ၃ သိန်းကနေ ၅ သိန်းထိလည်း ချမှတ်နိုင်သလို ဒဏ် ၂ ရပ်စလုံးလည်း ချနိုင်တာပါ။

ကျူးလွန်သူက ကလေးတစ်ဦးထက်ပိုပြီး ကျူးလွန်ခဲ့ရင် တစ်ဦးချင်းအမှုစွဲတဲ့အပေါ်မှာ ပြစ်ဒဏ်စီရင်ခံရနိုင် တယ်လို့ တရားလွှတ်တော်ရှေ့နေတစ်ဦးက ဘီဘီစီကိုပြောပါတယ်။

ဖယ်ခုံမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) နဲ့နီးစပ်သူကတော့ "ဒေသန္တရရဲ့ ဓလေ့ထုံးတမ်းကိုလည်း ကျော်လွန်လို့မရတဲ့အခြေအနေရှိပါတယ်။ မြေပြင်မှာလည်း မိသားစုက ကျေအေးပေးတာကြောင့် အခုလို ဆုံးဖြတ်တာ ဖြစ်ပါတယ်"လို့ ဘီဘီစီကိုပြောပါ တယ်။

ဖယ်ခုံမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပလဖ) တိုက်ရိုက် စာပို့ထားတဲ့နေရာမှာ ပြန်လည်ဖြေဆိုတာမရှိပါဘူး။

ဓလေ့ထုံးတမ်းအရဖြေရှင်းတယ်ဆိုတာကတော့ ကျူးလွန်သူက ကြက်၊ဝက်တို့နဲ့ ရွာကိုဆေးကြောတဲ့သဘော အလျော်ပေးရတာ၊ ကျူးလွန်ခံရသူကို ငွေကြေးပေးပြီး အလျော်ပေးရတာမျိုးကိုဆိုလိုတာ ဖြစ်ပါတယ်။

ကျောင်းသားမိဘတွေက လျော်ကြေးလက်ခံပြီး ဓလေ့ထုံးတမ်းအရဖြေရှင်းခဲ့တာကိုမှ ပလဖက အချုပ် ၆ လကို ထပ်ဆောင်းပြစ်ဒဏ်ပေးတဲ့သဘောလို့ သူက ဆိုပါတယ်။

"တချို့ဖြစ်စဉ်တွေမှာ မိသားစုဘက်က ဥပဒေနားလည်မှုအားနည်းလို့ ကျေအေးပေးတယ်ဆိုရင်တောင် ကျသင့် ကျထိုက်တာထက် ပေါ့လျော့ချတာမျိုးဆို လက်မခံနိုင်စရာမရှိပါဘူး။ ကျူး လွန်တဲ့ ပြစ်မှုနဲ့ညီမျှတဲ့ ပြစ်ဒဏ် ပေးကိုပေးရမှာပါ။ " အမျိုးသမီးများအဖွဲ့ချုပ် မြန်မာနိုင်ငံ (WLB) အထွေထွေအတွင်းရေးမှူး မနန်းမို့မို့က ဘီဘီစီကို ပြောပါတယ်။

ဒီဖြစ်စဉ်မှာ ထူးခြားချက်က အမှုကို တရားရုံးက စီရင်ခဲ့တာမဟုတ်ဘဲ ရဲတပ်ဖွဲ့လို့ပြောလို့ရတဲ့ ဖယ်ခုံ ပြည်သူ့ လုံခြုံရေးတပ်ဖွဲ့ (ပလဖ) ကနေ စုံခုံဖွဲ့ ဆုံးဖြတ်ခဲ့တာပါ။

စုံခုံမှာ ဖယ်ခုံပလဖအပြင် ဖယ်ခုံမြို့နယ် အုပ်ချုပ်ရေးအဖွဲ့၊ ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC) နဲ့ သက်ဆိုင်ရာအဖွဲ့(အမည်ဖော်ပြခြင်းမရှိ) တို့ပါဝင်တယ်လို့ ဇန်နဝါရီ ၂၈ ရက်ထုတ်ပြန် ချက်မှာဆိုထားပါတယ်။​

ကရင်နီပြည် အတိုင်ပင်ခံ ကောင်စီ KSCC လည်းပါတယ်လို့ ပလဖ ထုတ်ပြန်ချက်မှာ ဆိုထားပေမဲ့ ကောင်စီရဲ့ဖယ်ခုံတာဝန်ခံက ရပ်မိ ရပ်ဖအနေနဲ့သာသွားခဲ့တာဖြစ်ပြီး ဆုံးဖြတ်ချက်ချတဲ့ထဲမပါဘူးလို့ KSCC ဥက္ကဋ္ဌ ဦးအောင်ဆန်းမြင့်က ဆိုပါတယ်။

"တရားမျှတမှုရဖို့ကို ရဲကနေ တရားရုံးကို လွှဲပို့ရမှာပါ။ ပြီးမှ တရားသူကြီးကဆုံးဖြတ်ရမှာပေ့ါ။ ဒီလို လုပ်ငန်းစဉ်ဖြစ်ရမှာပါ " လို့ ဦးအောင်ဆန်းမြင့်က ပြောပါတယ်။

ကရင်နီပြည်နယ်မှာ ဓလေ့ထုံးထမ်းအရ ဆုံးဖြတ်တာကို ရန်ဖြစ်စကားများတဲ့ သာမန်ပြဿနာလောက် အတွက်သာ ခွင့်ပြုထားပြီး အခုလိုရာဇဝတ်မှုတွေအတွက် ခွင့်မပြုထားဘူးလို့ သူက ပြောပါတယ်။

ဖယ်ခုံမှာက ရဲလုပ်ငန်းစဉ်လုပ်ကိုင်တဲ့ ပလဖ နဲ့ ကရင်နီကြားကာလကောင်စီ (IEC)အောက်က ရဲတပ်ဖွဲ့ ဆိုပြီး ၂ ဖွဲ့ရှိနေတာပါ။

ဖယ်ခုံပလဖအဖွဲ့ဝင်တစ်ဦးက သူတို့အဖွဲ့ဟာ NUG လက်အောက်ကဖြစ်တယ်ဆိုထားပေမဲ့ NUG ပြည်ထဲရေးကို ဘီဘီစီက ဆက်သွယ်မေးမြန်းရာမှာတော့ ဝန်ကြီးဌာနနဲ့ မသက်ဆိုင်ကြောင်း ဆိုပါတယ်။

လက်ရှိမှာတော့ ကျူးလွန်သူကို ပလဖအဖွဲ့က ထိန်းသိမ်းထားပြီး ဇူလိုင် ၂၈ ရက်မှာ အချုပ်ရက်စေ့ရင် ဘယ်လို ဆက်လက်လုပ်ဆောင်မယ်ဆိုတာ မသိရသေးဘူးလို့ ဖယ်ခုံပလဖနဲ့ နီးစပ်သူက ဆိုပါတယ်။

ဒီဖြစ်စဉ်မှာ ကျူးလွန်ခံရတဲ့ ကလေးတချို့က ကျောင်းထွက်တာ ကျောင်းပြောင်းရွှေ့တာရှိတယ်လို့ အခြေအနေ သိရှိသူက ဆိုပါတယ်။ ဘီဘီစီက ကလေးမိဘတွေနဲ့ တိုက်ရိုက်စကားပြောခွင့်ရဖို့ ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။

တိုက်ပွဲအခြေအနေကြောင့် တရားရုံးကိုသွားရောက်ဖို့ အခက်အခဲရှိတာနဲ့ မြေပြင်မှာ ပြီးသင့်တဲ့ကိစ္စလို့ ယူဆတာကြောင့် ဒီအမှုကို ပြန်လည်သုံးသပ်မယ့်ပုံမရှိဘူးလို့ ပလဖနဲ့နီးစပ်သူက ဆိုပါတယ်။

မိသားစုဝင်ရဲ့သဘောထားကို ဦးစားပေးသွားမယ်လို့ IEC အတွင်းရေးမှူး ကိုဗညားက ဘီဘီစီကို ပြောပါတယ်။

"မိသားစုဝင်ကိုယ်တိုင်က လိုလိုလားလားမရှိဘဲ ကျွန်တော်တို့ဘက်ကနေ ရဲအရေးပိုင်လုပ်လာရင် ပိုရှုပ်ထွေးပြီး နိုင်ငံရေးအရဖြစ်စေ၊ လူမှုရေးအရဖြစ်စေ၊ အုပ်ချုပ်ရေးအရဖြစ်စေ အများကြီး ထိခိုက်နိုင်တာလည်း ရှိနိုင်တာပေါ့။ အရမ်းဝင်စွက်ဖက်တာထက်စာရင် မိသားစုဝင်တွေက အမှုစွဲတင်ချင်တယ်ဆိုရင် ကူညီပေးဖို့အတွက် အားပေးနိုင်ပါတယ်" လို့ သူကပြောပါတယ်။

ဖယ်ခုံကျောင်းဆရာအမှု အပါအဝင် ကရင်နီပြည်နယ်ထဲမှာ အာဏာသိမ်း ၄ နှစ်အတွင်း သက်ငယ်မုဒိမ်းမှုအပါအဝင် လိင်အကြမ်းဖက်မှုနဲ့ ကျားမ အခြေပြုအကြမ်းဖက်မှု ၆၄ မှုဖြစ်ခဲ့တယ်လို့ ကယန်းအမျိုးသမီးအဖွဲ့အစည်း KWO အချက်အလက်က ဖော်ပြပါတယ်။

ဒီအမှုတွေအတွက် ထိထိရောက်ရောက် အရေးယူတဲ့နေရာမှာ အားနည်းနေပြီး သက်ဆိုင်ရာဌာနတွေမှာ အရင်းအမြစ် မလုံလောက်တာနဲ့ လုံခြုံရေးအရ တရားရုံးတွေက ပေါ်ပေါ်တင်တင် မရှိတာကလည်း အားနည်းချက်ဖြစ်တယ်လို့ KWOက မယုယုဆွေက ပြောပါတယ်။

"တရားမျှတမှုမရတာက ဒေသမှာ စစ်ဖြစ်နေတာရယ်၊ ကျူးလွန်သူကို ရေရှည်ထိန်းသိမ်းစရာအခက်အခဲရှိတာရယ်၊ တိုင်တန်းရေးယန္တရားကို နားမလည်တာနဲ့ တိုင်ရကောင်းမှန်း မသိရတာတွေကြောင့် ဖြစ်ရတာ များတယ်"လို့ သူက ပြောပါတယ်။

ဖယ်ခုံက ကလေးမိခင်တစ်ဦးကတော့ သူ့ကလေးတွေ အခုလို ဖြစ်ရပ်မျိုးကြုံရမှာကို စိုးရိမ်ပူပန်နေပါတယ်။

"ကလေးတွေမှာ တိုက်ပွဲကြောင့်စိတ်ဒဏ်ရာရတာနဲ့တင် လုံလောက်နေပါပြီ။ နောက်ကလေးတွေကို မလုပ်ရဲဘဲ မှတ်လောက်အောင် အပြစ်ပေးစေချင်တယ်" လို့ သူက ပြောပါတယ်။

အခုဆိုရင် ကျောင်းသား ၇ ယောက်ကို လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှုနဲ့ ၆ လထိန်းသိမ်းခံရတဲ့ ကျောင်းဆရာ ကိုဇော်ဇော်ထွန်းဟာ ချုပ်ရက်ပြည့်ဖို့ ရက်ပိုင်းသာ လိုပါတော့တယ်။

ဒီကာလတလျှောက်မှာ ကျူးလွန်ခံရတဲ့ ကလေးတွေကတော့ စိတ်ပိုင်း၊ ရုပ်ပိုင်း၊ လုံခြုံရေးနဲ့ ဥပဒေပိုင်းဆိုင်ရာ စောင့်ရှောက်ကာကွယ်ပေးခံရခြင်း တစ်စုံတရာ မရခဲ့ကြပါဘူး။

#MeToo လှုပ်ရှားမှုတွေ ဖြစ်လာမလား

#MeToo လှုပ်ရှားမှုဆိုတာကတော့ ၂၀၀၆ ခုနှစ်မှာ အစပြုခဲ့ပြီး ၂၀၁၇ မှာ ကမ္ဘာတဝန်းလှုပ်ရှားမှုကြီးတစ်ခု ဖြစ်ခဲ့ပါတယ်။

လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်ခံရမှု၊ အကြမ်းဖက်ခံရမှု ကျူးလွန်ခံရသူတွေ ကိုယ်တိုင် ရဲရဲဝံ့ဝံ့ထုတ်ဖော်ပြောဆိုလာအောင် လှုံ့ဆော်ပေးနိုင်ခဲ့တဲ့ လှုပ်ရှားမှုလည်း ဖြစ်ပါတယ်။

၂၀၀၆ ခုနှစ်မှာ ဒီလှုပ်ရှားမှုကို အမေရိကန် တက်ကြွလှုပ်ရှားသူ Tarana Burke က လိင်ပိုင်းဆိုင်ရာကြမ်းဖက်ခံရတဲ့အမျိုးသမီးတွေ အထူးသဖြင့် အသားအရောင်ရှိတဲ့ လူမဲနဲ့ လူနည်းစုအမျိုးသမီးတွေကို ထောက်ခံအားပေးဖို့ စတင်ခဲ့တာပါ။

အဲဒီနောက် ၂၀၁၇ ခုနှစ်မှာ ဟော်လီးဝုဒ် ရုပ်ရှင်ထုတ်လုပ်သူကနေ မင်းသမီးကို လိင်အလွဲသုံးစားပြုမှုကို တွစ်တာမှာ မင်းသမီးကိုယ်တိုင် #MeToo လို့ ထုတ်ဖော်ပြောဆိုရာကနေ ကမ္ဘာအနှံ့က ကြုံတွေ့ခံစားခဲ့ရသူတွေပါ သူတို့ဖြစ်ရပ်တွေကို ထုတ်ဖော်ခဲ့ကြတာပါ။

၂၀၂၅ မေလထဲမှာ အမျိုးသမီးငယ်တစ်ဦးကို လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားခဲ့တဲ့ ကိုမင်းသူကျော်(ခ) မောက်ခမ်းဝါကို သူနဲ့ဆက်စပ်တဲ့ လွိုင်ကော် PDF၊ Burma Podcast တို့ကနေ ထုတ်ပယ်တယ်လို့ အသီးသီးထုတ်ပြန်လာကြပါတယ်။​

ဂျဲန်ဒါတရားမျှတရေးအဖွဲ့ ၁၀ ဖွဲ့ကလည်း ကရင်နီပြည်သားဖြစ်တဲ့ သူ့ကို ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ IEC ကနေ အရေးယူပေးဖို့ ဇွန်လထဲမှာ တောင်းဆိုထားကြပါတယ်။

သူဟာ World Press ဆုရ ဓာတ်ပုံဆရာတစ်ဦးဖြစ်သလို တော်လှန်ရေးနဲ့ပတ်သက်ပြီး နာမည်ကြီးတဲ့ သူပုန်ကမ်ပိန်းကုန်ပစ္စည်းတွေ ထုတ်ဝေနေသူလည်းဖြစ်ပါတယ်။

ဒီဖြစ်စဉ်နောက်ဆက်တွဲမှာတော့ ၂၀၂၅ ခုနှစ် မေလ ကနေ ဇူလိုင်လအတွင်း တော်လှန်ရေးနဲ့ ဆက်နွှယ်တဲ့ အသိုင်းအဝိုင်း ဒါမှမဟုတ် အရပ်ဘက်အဖွဲ့အစည်းတွေမှာလုပ်ကိုင်တဲ့ အမျိုးသားတွေရဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခံရသူ အမျိုးသမီးတွေက ထုတ်ဖော်ပြောဆိုတာတွေ ရှိလာပါတယ်။

  • Myanmar Cultural Research Society နဲ့ Burma Civil War Museum ကအမှုဆောင်ဒါရိုက်တာ ကိုရဲဟိန်းအောင်(ခ)ဖိုးသင်္ကြန် (ချစ်သူအမျိုးသမီးအ‌ပေါ် သဘောတူညီချက်မပါဘဲ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု၊ အမြတ်ထုတ်မှု)
  • ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားသမဂ္ဂများအဖွဲ့ချုပ်က ကိုမျိုးမောင်မောင်နဲ့ ကိုမျိုးညီညီ (ဗကသရဲဘောအမျိုးသမီးတစ်ဦးကို လိင်ပိုင်းဆိုင်ရာ အဓမ္မရယူရန် ကြံစည်မှု)
  • အမှတ် ၁ စစ်ဒေသ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ကိုစောဝဏ္ဏ (၂၀၂၉ ခုနှစ်တုန်းက အသက်မပြည့်သေးသူကို သဘောတူညီချက်မပါဘဲ လိင်ပိုင်းဆိုင်ရာ ထိပါးနှောင့်ယှက်မှု)

သူတို့တွေရဲ့ လိင်ပိုင်းဆိုင်ရာ ကျူးလွန်ခဲ့မှုတွေကို ကျူးလွန်ခံရသူတွေဘက်က ထုတ်ဖော်ပြောဆိုလာကြပါတယ်။အခုလို ထုတ်ဖော်ပြောဆိုလာတာဟာ လုံခြုံစိတ်ချရတဲ့ လူ့ဘောင်အသိုင်းအဝိုင်းကို တည် ဆောက်နေသူတွေအဖို့ အားတက်စရာ အရွေ့တစ်ခုဖြစ်တယ်လို့ Sisters 2 Sisters အဖွဲ့က ဇွန် ၂၉ ရက်မှာ ထုတ်ပြန်ပါတယ်။

တစ်ဖက်မှာလည်း အထက်ပါ ကျူးလွန်သူတွေကို သူတို့ရဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းတွေကနေ ထုတ်ပယ်တဲ့ အရေးယူမှုတွေထက်ကျော်လွန်ပြီး ဥပဒေနဲ့ အရေးယူနိုင်မှု ကင်းကွာနေဆဲဖြစ်ပါတယ်။

တော်လှန်ရေးကာလထဲမှာ ဥပဒေအရ အတိအကျ အရေးယူမှုမလုပ်နိုင်တဲ့အချိန်မှာ လူမှုရေးပြစ်ဒဏ်တွေကို သုံးဖို့ ဆော်သြမှုတွေ ကျင့်သုံးမှုတွေရှိလာပါတယ်။

တရားလွှတ်တော်ရှေ့နေ ဒေါ်ဇာလီအေးက " ကျူးလွန်သူကို တိကျတဲ့ ဥပဒေပြဋ္ဌာန်းချက်နဲ့ ပြစ်ဒဏ်ပေးတာကနေ ကင်းလွတ်ခွင့်မရှိပေမဲ့ လူမှုကွန်ရက်မှာ လူမှုရေးပြစ်ဒဏ်ခံစေတာကလည်း ဥပဒေအရ ကျိုးကြောင်းမညီညွတ်တာကို သတိထားသင့်တယ်" လို့ မှတ်ချက်ပြုပါတယ်။

တော်လှန်ရေးကာလထဲမှာ တရားဥပဒေလမ်းကြောင်းကနေ တရားစွဲဆိုဖို့ စိန်ခေါ်မှုတွေရှိနေပေမဲ့ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေအတွက် နည်းလမ်းပေါင်းစုံသုံးပြီး တရားမျှတမှုရှာဖွေမယ်လို့ ဘီဘီစီမေးမြန်းခွင့်ရတဲ့ အမျိုးသမီးအဖွဲ့တွေက ဆိုပါတယ်။

လိင်အကြမ်းဖက်မှုနဲ့ အမြတ်ထုတ်ခံရတာတွေကို ကာကွယ်ဖို့ " အဖွဲ့စည်းတွေမှာ ခိုင်မာတဲ့မူတွေ၊ တိုင်ကြားသူကို ကာကွယ်ပေးတဲ့ တိုင်ကြားရေးစနစ်နဲ့ တိုင်ကြားချက်ကို မျှတလွတ်လပ်တဲ့အစီအမံနဲ့ စုံစမ်းမှုတွေလုပ်နိုင်တဲ့ ယန္တရားရှိဖို့လိုတယ်'' လို့ ဂုဏ်သတင်းကြီးသူတွေရဲ့ လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေနဲ့ ပတ်သက်ပြီး တက်ကြွလှုပ်ရှားသူ မဝေဖြိုးမြင့်က ထောက်ပြပါတယ်။

လိင်ပိုင်းဆိုင်ရာနှောက်ယှက်ကျူးလွန်သူတွေက တရားဝင်လူသိရှင်ကြားတောင်းပန်မှုမလုပ်တာ ဒါမှမဟုတ် ဖြစ်ရပ်တခုကိုဝန်ခံတောင်းပန်ပြီး အကြိမ်ကြိမ်ထပ်ကျူးလွန်တာတွေကို လူမှုရေးပြစ်ဒဏ်လုပ်ဖို့လည်း အမျိုးသမီးအဖွဲ့တွေက တိုက်တွန်းပါတယ်။

ဒီကျူးလွန်သူတွေကို လုပ်ငန်းတွေမှာ အတူတူတွဲမလုပ်တာ၊ ဟောပြောပွဲတွေကို မဖိတ်တာ၊ နေရာမပေးတာ၊ ဆက်သွယ်ဆက်ဆံတာတွေကို ရပ်တန့်တာ စတဲ့ လူမှုရေးပြစ်ဒဏ်တွေလုပ်ပြီး ကျူးလွန်ခံရသူ အမျိုးသမီးတွေအတွက် တာဝန်သိစိတ် ဖော်ဆောင်ပေးဖို့ တိုက်တွန်းနေကြပါတယ်။