အာဏာသိမ်းပြီးနောက် အမျိုးသမီးတွေ လိင်စော်ကားခံရမှု အဆိုးဆုံးအချိန်ဖြစ်နေတယ်လို့ ဆို

ဓာတ်ပုံ ရင်းမြစ်, CJ
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း အမျိုးသမီးအခွင့်အရေးချိုးဖောက်ခံရမှုနဲ့ လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားမှုတွေ ဆက်တိုက်ဖြစ်လာပြီး လက်ရှိအချိန်မှာ အဆိုးရွားဆုံး ဖြစ်နေတယ်လို့ အမျိုးသမီးရေးလှုပ်ရှားတဲ့ အဖွဲ့တွေက အချက်အလက်တွေနဲ့ ထုတ်ပြန်လာပါတယ်။
အခုအခါမှာ အမျိုးသမီးအခွင့်အရေးချိုးဖောက်ခံရမှုတွေ ဆက်တိုက်ဖြစ်လာတဲ့အပြင် လိင်ပိုင်းဆိုင်ရာ ထိပါးစော်ကားခံရတဲ့ ဖြစ်စဥ်တွေဟာလည်း ၂၀၂၁ စက်တင်ဘာကနေ ၂၀၂၂ ဇူလိုင်အတောအတွင်း ၁၇ မှု အထိ ရှိလာတဲ့အကြောင်း မြန်မာ့အမျိုးသမီး သမဂ္ဂက ထုတ်ပြန်လာပါတယ်။
ဒါ့အပြင် မြေပြင်အခြေအနေမှာ ဒီထက် အရေအတွက် များပြားနိုင်တယ်လို့လည်း ဆိုပါတယ်။
လက်နက်ကိုင်အဖွဲ့တွေနဲ့ အရပ်သားတွေရဲ့ ကျူးလွန်မှုတွေ
စစ်အာဏာသိမ်းပြီးနောက်ပိုင်း နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတဲ့ ကယားပြည်နယ်၊ စစ်ကိုင်း၊ မကွေး ၊ ပဲခူးနဲ့ ဧရာဝတီတိုင်းတို့မှာတွေ့ရတဲ့ အခြေအနေတွေကို မြေပြင်အချက်အလက်ကောက်ခံမှုတွေနဲ့ ခိုင်မာတဲ့သတင်းဌာနတွေက ကောက်ယူရတဲ့ အချက်တွေပေါ် မူတည်ပြီး ထုတ်ပြန်လာတာလို့ အဲဒီအဖွဲ့က ဆိုပါတယ်။
ဒီကျူးလွန်မှုတွေထဲမှာတော့ သာမာန်အရပ်သားတွေရဲ့ ကျူးလွန်မှုတွေ၊ စစ်ကောင်စီတပ်သားတွေရဲ့ ကျူးလွန်မှုတွေအပြင် ဒေသကာကွယ်ရေးတပ်တွေမှာ တွေ့ရတဲ့ ကျူးလွန်မှုတွေပါတယ်လို့ သိရပါတယ်။
အသေးစိတ်အချက်အလက်တွေကိုတော့ ကျူးလွန်ခံရသူတွေရဲ့ လုံခြုံရေးအရ ထုတ်ပြန်ဖို့ခက်တယ်လို့ အဖွဲ့တာဝန်ရှိသူကဆိုပါတယ်။
ဒီထဲမှာမှ ပြီးခဲ့တဲ့ မေ၊ဇွန်၊ ဇူလိုင် ၃ လတာ ကာလအတွင်းမှာတော့ စစ်ကောင်စီတပ်သားတွေက ကျူးလွန်တဲ့ လိင်ပိုင်းအကြမ်းဖက်မှုတွေထဲက မုဒိမ်းမှုနဲ့ ကျူးလွန်ရန်ရည်ရွယ်မှု ၉ ခုအထိရှိနေတယ်လို့ ဆိုပါတယ်။
အရပ်သားအချင်းချင်း ကျူးလွန်မှုနဲ့ တော်လှန်းရေး တပ်သားအင်အားစုတွေထဲက ကျူးလွန်မှုတွေလည်း အများအပြားရှိပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ကျူးလွန်မှုက ၉၉ ရာခိုင်နှုန်း ရှိနေတယ်လို့ မြန်မာ့အမျိုးသမီးသမ္ဂရဲ့ တွဲဖက်အတွင်းရေးမှူး မဆူး ပဒုမ္မာပြောပါတယ်။
ဒီလို လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေပိုများလာတာဟာ ကူညီဖြေရှင်းမယ့် တရားရေးယန္တရားနဲ့ တိုင်ကြားနိုင်မှုတွေအားနည်းတာ၊ စားဝတ်နေရေးခက်ခဲတာ၊ စစ်ကောင်စီနဲ့ ဖြစ်ပွားတဲ့ပဋိပက္ခတွေကြောင့် ရွှေ့ပြောင်းရတာတွေများလာတဲ့အတွက် အမျိုးသမီးရေးကို ဖြေရှင်းဖို့ လူမှုပတ်ဝန်းကျင်က အားစိုက်မှုနည်းနေတာနဲ့ တရားဥပဒေစိုးမိုးမှုမရှိတဲ့ကာလဖြစ်တဲ့အတွက် အခုလို ပိုများလာတာလို့ ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အနီးစပ်ဆုံးဖြစ်စဥ်တစ်ခု
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ဇူလိုင်လထဲမှာတော့ မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ် ၊ ပိုင်းကျေးရွာမှာ နေထိုင်တဲ့ အသက် ၃၈ နှစ်အရွယ် မနှင်းဝေကို စစ်ကောင်စီတပ်သားတွေက ဖမ်းဆီးသွားပြီးနောက်ပိုင်း လိင်ပိုင်းဆိုင်ရာကျူးလွန်ပြီး သတ်ဖြတ်ခဲ့တယ်လို့ မနှင်းဝေရဲ့ ခင်ပွန်းက ဘီဘီစီကိုပြောထားပါတယ်။
စစ်တပ်ရွာထဲကိုဝင်လာချိန် မိသားစုလိုက်ထွက်ပြေးရင်း ဇနီးဖြစ်သူ ဖမ်းဆီးခံပြီးနောက် အလောင်းကိုပြန်တွေ့ချိန်မှာ တွေ့ရတဲ့အခြေအနေအရ လိင်ပိုင်းဆိုင်ရာ စော်ကားခံထားရတာ ဖြစ်တယ်လို့ ခင်ပွန်းဖြစ်သူက ပြောပြလာပါတယ်။
ဆိပ်ဖြူပိုင်းကျေးရွာက မနှင်းဝေသတ်ဖြတ်ခံရတဲ့ဖြစ်စဥ်ကို ဒေသကာကွယ်ရေးတပ်တွေရဲ့ တွေ့ရှိချက်တွေနဲ့ ကာယကံရှင်မိသားစုဝင်တွေရဲ့ပြောပြချက်အရ ဘီဘီစီက အတည်ပြုလို့နိုင်ခဲ့ပေမယ့် လိင်ပိုင်းဆိုင်ရာကျူးလွန်ခံခဲ့ရတယ်ဆိုတဲ့ဖြစ်စဥ်ကိုတော့ သီးခြားအတည်ပြုနိုင်တာ မရှိပါဘူး။
အမျိုးသမီးတွေ လိင်ပိုင်းဆိုင်ရာကျူးလွန်ခံရမှုနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ၂၀၂၁ မေလထဲမှာ ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ စီးယင်း နယ်မြေထဲက တီးတိန်၊ အပ်လွယ်မှာတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတချို့က ရွာထဲက အမျိုးသမီးနှစ်ဦးကို အဓမ္မပြုကျင့်ခဲ့တဲ့အကြောင်း ကာယကံရှင်တွေကိုယ်တိုင်က ဘီဘီစီကိုဆက်သွယ်ပြောပြခဲ့ပါတယ်။
အာဏာသိမ်းကာလ တစ်နှစ်ခွဲကျော်လာတဲ့နောက်ပိုင်းမှာ ပြည်တွင်း နေရာစုံ တိုက်ပွဲတွေ ဖြစ်လာတဲ့နောက် စစ်ကောင်စီတပ်သားတွေ ကျူးလွန်တယ်ဆိုတဲ့ လိင်ပိုင်းဆိုင်ရာအမှုအခင်းတွေ၊ အရေးယူမှုတွေအကြောင်းကို စစ်ကောင်စီဘက်က ထုတ်ပြန်တာတွေ မရှိတော့ပေမဲ့ အစောပိုင်းကာလမှာ ရှမ်းပြည်နယ်ဘက်က အမှုအခင်းတစ်ခုမှာ ကျူးလွန်သူတပ်ဖွဲ့ဝင်ကို အရေးယူထားတယ်ဆိုပြီး ထုတ်ပြန်ခဲ့ဖူးတာ ရှိပါတယ်။
မြန်မာ့အမျိုးသမီးသမဂ္ဂရဲ့ တွဲဖက်အတွင်းရေးမှူး မဆူးပဒုမ္မာက စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ ကျူးလွန်မှုတွေကို နိုင်ငံတကာအဆင့်အထိအမှုမှန်ပေါ် ပေါက်ဖို့ဆက်လုပ်မယ်။ လိင်ပိုင်းဆိုင်ရာ ကျူးလွန်မှုတွေအတွက် စစ်တပ်ကပုံမှန်အားဖြင့် ပြစ်မှုကင်းလွတ်ခွင့်ရသလိုဖြစ်နေတယ်။ စစ်တပ်ကိုအပြစ်ပေးအရေးယူဖို့ဆက်လုပ်သွားမယ်။ ပြည်တွင်းပြည်ပ လူ့အခွင့်အရေးအဖွဲ့တွေ နဲ့ ပေါင်းပြီး အိုင်စီဂျေတင်နိုင်ဖို့ အထိလုပ်သွားမယ်ဆိုတဲ့ စဥ်းစားချက်တွေရှိတယ်လို့ ဆိုပါတယ်။








