တီးတိန်၊ အပ်လွယ်ရွာက အမျိုးသမီးနှစ်ဦးရဲ့ ငရဲခန်း

တီးတိန်

ဓာတ်ပုံ ရင်းမြစ်, Tedim Times

စစ်အာဏာသိမ်းပြီးနောက် တိုက်ပွဲတွေဖြစ်နေတဲ့ ပဋိပက္ခဒေသတွေမှာ ဒေသခံတွေ အကြောင်းအမျိုးမျိုးနဲ့ ထိခိုက်နစ်နာနေကြပြီး လိင်စော်ကားခံရသူ အမျိုးသမီးတချို့ရဲ့ သတင်းတွေလည်း ကြားသိလာရပါတယ်။

အဲဒီထဲမှာ တီးတိန် ရွာတစ်ရွာက မပန်းနဲ့ မအန်နာ (အမည်လွှဲထားသူတွေ) ဆိုတဲ့ သူတို့ချင်း ယောက်မတော်စပ်တဲ့ အမျိုးသမီးနှစ်ယောက်လည်း ပါဝင်ခဲ့ပြီး သူတို့အတွက် တရားမျှတမှုကို အလိုရှိနေကြပါတယ်။

ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန်မြို့နယ်၊ စီးယင်း နယ်မြေထဲမှာ အိမ်ခြေ ၂၅ အိမ်ဝန်းကျင်လောက်သာရှိတဲ့ အပ်လွယ်ဆိုတဲ့ကျေးရွာတရွာ ရှိပါတယ်။

တီးတိန်မြို့နဲ့ ၂၆ မိုင်လောက်အဝေးမှာရှိပြီး ကားလမ်းတွေနံဘေးမှာ အိမ်ခြေ တစ်အိမ်စ၊ နှစ်အိမ်စ စတည်ရင်း အိမ်ခြေ ၂၀ကျော်လောက်ဖြစ်လာချိန်မှာ အပ်လွယ်ရွာရယ်လို့ ဖြစ်လာတာပါ။

ဒေသခံရွာသားအများစုကတော့ ချင်းပြည်နယ်ထဲက ဒေသခံအများစုအတိုင်းပဲ နွားနောက်မွေးတာ၊ တောင်ယာခုတ်တာကို လုပ်ကိုင်ကြပါတယ်။

အဲ့ဒီရွာထဲကို နိုဝင်ဘာ ၅ ရက် လောက်က ချင်းပြည်နယ်ထဲက နှစ်ဖက်တိုက်ပွဲတွေကြောင့် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သား ၈၀ ဝန်းကျင်လောက်စပြီး တပ်စွဲနေထိုင်ခဲ့စဥ်မှာ မပန်းတို့ အခုလို လိင်စော်ကား အဓမ္မပြုကျင့်ခံရတာ ဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

တီးတိန်

ဓာတ်ပုံ ရင်းမြစ်, Google Maps

အမျိုးသမီးနှစ်ဦးရဲ့ ငရဲခန်း

စစ်ကောင်စီတပ်သားတွေ ရွာအနီး တပ်စွဲထားတာကြောင့် မပန်း(အမည်လွှဲ)တို့ မိသားစု အိမ်တံခါးကို စောစောပိတ်ပြီး လုံလုံခြုံခြုံနေဖို့ ကြိုးစားပေမယ့် အန္တရာယ်ကတော့ အိမ်တံခါးကို လာခေါက်ခဲ့ပါတယ်။

လသားကလေးမွေးပြီးကာစဖြစ်တဲ့ မပန်းတို့ နေအိမ်ကို စစ်ကောင်စီတပ်သား ၃ ဦး ဝင်ရောက်လာပြီး အဓမ္မပြု ကျင့်ခဲ့တယ်လို့ မပန်းက ပြောပါတယ်။

ခင်ပွန်းဖြစ်သူကိုတော့ ရေချိုးခန်းအတွင်းရိုက်နှက်ပြီး ပိတ်လှောင်ထားတာမို့ ကူညီဖို့မစွမ်းသာဘဲ ရေချိုးခန်းအတွင်းမျက်ရည်တွေကျနေခဲ့ရတယ်လို့ မပန်းရဲ့အမျိုးသားက ပြောပြပါတယ်။

နေအိမ်အတွင်းက ထွက်သွားခဲ့ပြီး အဲ့ဒီညမှာပဲ နောက်တစ်ကြိမ် ထပ်ရောက်လာပြီး နှစ်ကြိမ်တိုင်တိုင် အဓမ္မပြုကျင့်ခံခဲ့ရတယ်လို့ ကာယကံရှင်ဖြစ်တဲ့ အသက် ၂၉ နှစ်အရွယ် မပန်းက ထုတ်ပြောလာပါတယ်။

အဲ့ဒီ နိုဝင်ဘာ ၁၁ ရက် ည ၁၀နာရီလောက်မှာတော့ အပ်လွယ်ရွာထဲက မပန်းနဲ့ ယောက်မတော်စပ်သူ အသက် ၃၅ နှစ်အရွယ် မအန်နာ(အမည်လွှဲ) တို့ နေအိမ်ကိုလည်း အဲဒီတပ်သား သုံးယောက် ဝင်ရောက်ခဲ့ပါတယ်။

အဲ့ဒီညကဖြစ်ရပ်ကိုတော့ မအန်နာက အခုလို ပြောပြလာပါတယ်။

" ည ၁၀ နာရီလောက်မှာ စစ်သား ၃ ယောက်ရောက်လာပြီး အိမ်တံခါးကို အဆက်မပြတ်ထုတယ်။ မဖွင့်ပေးတော့ နောက်ဖေးပေါက်က ဝင်လာတယ်။ ဖုန်းတောင်းတယ်၊ သေနတ်တွေနဲ့ ထုတယ်၊ ကလေးတွေကိုလည်း ပုလင်းတွေနဲ့ ပေါက်တယ်၊ ရိုက်တယ်။ ယောက်ျားကိုတော့ ရိုက်နှက်ပြီး ရေချိုးခန်းထဲ ထည့်ထားတယ်။ သေနတ်တွေနဲ့ဆိုတော့ အားလုံးက ကြောက်နေကြတယ်။ "

" ကျွန်မမှာ ကိုယ်ဝန် ၇ လရှိနေတယ်ပြောပြီး တောင်းပန်ပေမယ့် မရဘူး။ အကြိမ်ကြိမ် အဓမ္မပြုကျင့်ခဲ့တယ်။ ပြန်ထွက်သွားပြီး ည ၃ နာရီလောက်မှာ ပြန်ရောက်တယ်။"

အဲဒီနောက် ထပ်အဓမ္မပြုကျင့်တယ်၊ အဲဒီလို ပြုကျင့်ခဲ့တဲ့ ဒဏ်ရာတွေကိုလည်း မအန်နာရဲ့ အမျိုးသားကို ခေါ်ပြတယ်လို့ ဆိုပါတယ်။

" ကျေနပ်လားမေးတယ်။ အားလုံးကကြောက်ပြီး ကျေနပ်ပါတယ်ပြောတော့ မကျေနပ်လည်း သေနတ်ပဲရမယ်လို့ပြောပြီး ပြန်ထွက်သွားတယ်" လို့ မအန်နာက ဘီဘီစီကို ပြောပါတယ်။

ကလေးတွေရဲ့ စိတ်ဒဏ်ရာ

မအန်နာမှာ ၁၀ နှစ်အရွယ် သားတစ်ဦးအပါအဝင် သားသမီးလေးဦး ရှိပါတယ်။ ကလေးတွေက ဒီဖြစ်ရပ်တွေကို မမြင်ရပေမဲ့ နေအိမ်အတွင်းမှာပဲ ရှိနေပြီး စစ်သားတွေရဲ့ ရိုက်နှက်ခြိမ်းခြောက်မှုတွေကို ခံခဲ့ရတာကြောင့် လက်ရှိအချိန်ထိ ကြောက်ရွံ့ထိတ်လန့်မှုတွေကို ခံစားနေရတယ်လို့ မအန်နာက ပြောပြလာပါတယ်။

" သူတို့တွေက ရွာထဲမှာစစ်သားတွေ လာပြီဆိုကတည်းက ကြောက်နေကြတာ။ အခုလိုဖြစ်ရပ်တွေပါ ကြုံလိုက်ရတော့ အခုထိ အထိတ်ထိတ်အလန့်လန့်နဲ့ ငိုနေတုန်းပဲ" လို့ ပြောပြပါတယ်။

အပ်လွယ်ရွာထဲမှာ တညအတွင်းမှာပဲ အမျိုးသမီးနှစ်ဦးကို အဓမ္မကျူးလွန်တယ်ဆိုတဲ့ စစ်ကောင်စီတပ်သား ၃ ယောက်က အတူတူပဲဖြစ်တယ်လို့လည်း ကာယကံရှင်အမျိုးသမီးတွေက ပြောပါတယ်။

တီးတိန်

ဓာတ်ပုံ ရင်းမြစ်, Google Maps

"ကျွန်မတို့လို ဘယ်အမျိုးသမီးကိုမှ ထပ်မဖြစ်စေချင်ဘူး"

လက်ရှိမှာတော့ လိင်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာ ကျူးလွန်ခံခဲ့ရတဲ့မိသားစုတွေဟာ နေရပ်မှာဆက်မနေရဲတော့ဘဲ ဘေးလွတ်ရာကို ဒေသကာကွယ်ရေးတပ်တွေရဲ့ အကူအညီနဲ့ ပြောင်းရွှေ့လာခဲ့တယ်လို့ ဆိုပါတယ်။

ဘေးလွတ်ရာရောက်တဲ့အချိန်မှာတော့ သူတို့ကျူးလွန်စော်ကားခံခဲ့ရတဲ့ဖြစ်ရပ်တွေကို မီဒီယာတွေကို ထုတ်ဖော်ပြောကြားလာပါတယ်။

" ကျွန်မတို့လိုဖြစ်ရပ်တွေ မြန်မာနိုင်ငံထဲက ဘယ်အမျိုးသမီးကိုမှ ထပ်မဖြစ်စေချင်ဘူး။ အခုလိုဖြစ်ခဲ့တာတွေကိုလည်း ကမ္ဘာကသိပြီး အရေးယူစေချင်တယ်" လို့ ပြောပါတယ်။

လက်ရှိမှာတော့ သူတို့နဲ့ သူတို့မိသားစုတွေ နေရပ်က ထွက်ပြေးခဲ့ရသလိုပဲ အပ်လွယ်ရွာမှာနေတဲ့ အမျိုးသမီးငယ်လေးတွေ ရှိတဲ့နေအိမ်တွေလည်း ရွာထဲဆက်မနေရဲတော့ဘဲ ထွက်ပြေးတိမ်းရှောင်နေကြရပါတယ်။

ဒါပေမယ့် မပန်းတို့နှစ်ဦးဟာ ထွက်ပြေးတိမ်းရှောင်လာရတာကြောင့် လိင်ကျူးလွန်စော်ကားခံရသူတွေ ကြိုတင်ကာကွယ်ရတဲ့ ကျန်းမာရေးဆိုင်ရာ ကာကွယ်စောင့်ရှောက်မှုတွေ အပြည့်အဝ မလုပ်နိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

ကာယကံရှင်တွေက ထုတ်ဖော်ပြောဆိုလာပြီးနောက်ပိုင်းမှာ စစ်ကောင်စီဘက်ကတော့ တစ်စုံတစ်ရာ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ဒီလထဲမှာပဲဖြစ်ခဲ့တဲ့ ရှမ်းပြည်နယ် ကွတ်ခိုင်က အမျိုးသမီးတစ်ဦးကို စစ်သားတစ်ဦးက အဓမ္မမှုကျူးလွန်ခဲ့တဲ့ ဖြစ်စဥ်မှာတော့ ကျူးလွန်တဲ့တပ်သားကို အရေးယူမယ်လို့ ထုတ်ပြန်ထားတာ ရှိပါတယ်။

မပန်းတို့ကတော့ အဲဒီညက ပစ္စည်းလုယက်ခံရတာစတဲ့ အကြောင်းတွေကို တပ်စွဲထားသူတွေကို တိုင်ကြားခဲ့ပေမဲ့ အကြောက်လွန်နေကြတာကြောင့် လိင်စော်ကားတဲ့အကြောင်းကို မတိုင်ကြားနိုင်ခဲ့ဘူးလို့ သိရပါတယ်။

ဒါကြောင့် နောက်တနေ့မှာတော့ ရွာထဲတပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့ထဲက အရာရှိတစ်ဦးက သူတို့နေအိမ်တွေကို ရောက်လာ တောင်းပန်ပြီး ပစ္စည်းတွေ ပြန်ပေးသွားခဲ့တယ်လို့ အနီးအနားက ဒေသခံတွေက ပြောပါတယ်။

" စစ်တပ်က အရာရှိထင်တယ်၊ တစ်ယောက် ရောက်လာတယ်။ တောင်းပန်ပါတယ် ပြောတယ်။ ပြီးတော့ စစ်သားတွေယူသွားတဲ့ ဖုန်းနဲ့နားကပ်ကို လာပြန်ပေးခဲ့တယ်။ ပြီးတော့ အဲ့ဒီလို ကျူးလွန်တဲ့စစ်သားတွေကို ဖမ်းထားပြီးပြီ၊ လိုက်ကြည့်ချင် ကြည့်လို့ရတယ်လို့ ပြောတယ်။"

" မိသားစုဝင်တွေကတော့ လိုက်လည်း မကြည့်ချင်ဘူး၊ သူတို့မျက်နှာလည်း မမြင်ချင်ဘူးလို့ ပြောလိုက်တယ်" လို့ မပန်းတို့နဲ့အတူ ဘေးလွတ်ရာရှောင်တိမ်းခဲ့တဲ့ အပ်လွယ်ရွာဒေသခံတစ်ဦးက ပြောပြပါတယ်။

အခုတော့ ရွာထဲမှာ ကျွဲနွား အစာပြန်လာကျွေးသူကလွဲရင် ရွာသားတွေလည်း မရှိတော့သလို စစ်သားတွေလည်း မရှိကြတော့ပါဘူး။ နစ်နာသူ အမျိုးသမီးနှစ်ယောက် အတွက် တရားမျှတမှု ရှာဖွေဖို့ကတော့ ကျန်ရှိနေပါပြီ။