ကိုင်လီ ဂျန်နာ၊ ဒေါ်လာသန်း ၅၀ တန် Victoria's Secret ဘရာအတွင်းခံနဲ့ ကွဲပြားတဲ့အမြင်တွေ

Victoria’s Secret ရဲ့ နာမည်ကျော် Fantasy ဘရာအတွင်းခံကို ဝတ်ဆင်ထားတဲ့ ကိုင်လီဂျန်နာဟာ အဖြူရောင်တောင်ပံနဲ့ ခပ်ပါးပါးမြင်ရတဲ့ စကတ်ကို ဝတ်ဆင်ပြီး ဖက်ရှင်ရှိုးစင်မြင့်ပေါ် လျှောက်လှမ်းခဲ့ပါတယ်။ စိန်တွေနဲ့ အလှဆင်ထားတဲ့ ငွေရောင်ဘရာစီယာမှာလည်း အောက်ခြေကနေ ရတနာတွေ တွဲလောင်းကျနေပါတယ်။
ဓာတ်ပုံ ပုံစာ, Fantasy Bra ကို အစဉ်အလာအားဖြင့် ကမ္ဘာကျော် စူပါမော်ဒယ်တွေက ဝတ်ဆင်လေ့ရှိပါတယ်
    • ရေးသားသူ, နာအိုမီ ဒီ ဆူဇာ
    • ရေးသားသူ, မီယာ ချဟယ်လ်
    • ရာထူးတာဝန်, BBC Newsbeat
  • ရေးသားခဲ့သည်။
  • ဖတ်ရန်အချိန်: မိနစ် ၅

Reality TV အစီအစဉ်တွေကြောင့် လူသိများတဲ့ ကိုင်လီ ဂျန်နာဟာ ဒေါ်လာ သန်း ၅၀ (ပေါင် ၃၇ သန်း) တန် စိန်စီဘရာစီယာကို ဝတ်ဆင်ပြီး Victoria's Secret ဖက်ရှင်ရှိုးမှာ ပထမဆုံး ပါဝင်လျှောက်လှမ်းခဲ့ပါတယ်။ ဒီအပေါ် တုံ့ပြန်မှုတွေ အမျိုးမျိုး ထွက်ပေါ်နေပါတယ်။

ကမ္ဘာကျော် အလှကုန်လုပ်ငန်းရှင်လည်းဖြစ်တဲ့ ကိုင်လီဂျန်နာဟာ တနင်္ဂနွေနေ့က ကျင်းပတဲ့ နာမည်ကျော် အတွင်းခံအမှတ်တံဆိပ် Victoria's Secret ရဲ့ ဖက်ရှင်ရှိုးမှာ ပရိသတ်တွေကို အံ့အားသင့်စေခဲ့ပါတယ်။ သူဝတ်ဆင်ခဲ့တဲ့ Victoria's Secret ရဲ့ နာမည်ကျော် Fantasy Bra ကို ၁၈ ကာရက်ရွှေနဲ့ စိန်အလုံးရေ ၄,၄၁၀ လုံး အသုံးပြုပြီး ဖန်တီးထားတယ်လို့ ဒီဇိုင်နာက ပြောပါတယ်။

Fantasy Bra ဟာ နှစ်ပေါင်းများစွာ Victoria's Secret ဖက်ရှင်ရှိုးရဲ့ အဓိကအစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒီဘရာစီယာကို ဝတ်ဆင်ခွင့်ရခြင်းဟာ ရွေးချယ်ခံရတဲ့ မော်ဒယ်အတွက် ဂုဏ်ယူစရာတစ်ခုဖြစ်သလို သူတို့ရဲ့ မော်ဒယ်ဘဝမှာ အမှတ်ရစရာ အရေးပါတဲ့ အခိုက်အတန့်တစ်ခုအဖြစ်လည်း သတ်မှတ်ခံရလေ့ရှိပါတယ်။

The Kardashians အစီအစဉ်ကြောင့် လူသိများတဲ့ အသက် ၂၉ နှစ်အရွယ် ကိုင်လီဂျန်နာကို ဒီဘရာစီယာ ဝတ်ဆင်ဖို့ ရွေးချယ်ခဲ့တာအပေါ် ပရိသတ်တချို့က ဝမ်းမြောက်အားပေးခဲ့ကြပါတယ်။

ဒါပေမဲ့ အတွေ့အကြုံရင့် တခြားစူပါမော်ဒယ်တစ်ဦးကို ဒီအခွင့်အရေး မပေးခဲ့တဲ့အတွက် Victoria's Secret ကို ဝေဖန်သူတွေလည်း များနေပါတယ်။

ဆိုရှယ်မီဒီယာနဲ့ မားကတ်တင်းကျွမ်းကျင်သူ ဂျိုးလ် မာလီနာဆန် ကတော့ ဒီလိုအခင်းအကျင်းက ရည်ရွယ်ချက်ရှိရှိ တမင်ကို စီစဥ်ထားတာဖြစ်တယ်လို့ ကောက်ချက်ချပါတယ်။

မော်ဒယ်လ်လောကနဲ့ ဆိုရှယ်မီဒီယာရဲ့အနာဂတ်အတွက် ဘယ်လိုအဓိပ္ပာယ်ရှိသလဲဆိုတဲ့ ဆွေးနွေးမှုတွေ ဖြစ်ပေါ်စေခဲ့တယ်လို့ ပြောပါတယ်။

"အခုခေတ်မှာ ကိုင်လီဟာ အနုပညာရှင်တွေအပေါ် လူသိများမှုနဲ့ သက်ရောက်မှုကို အခြေခံတဲ့ခေတ်သစ်တစ်ခုကို ကိုယ်စားပြုနေပါတယ်။ ကုန်အမှတ်တံဆိပ်တွေဟာ မော်ဒယ်တစ်ယောက်ရဲ့ ရုပ်ရည်နဲ့ အသွင်အပြင်က သတ်မှတ်ထားတဲ့ စံနှုန်းနဲ့ ကိုက်ညီမှုထက် ဘယ်သူက ပရိသတ်အများဆုံးကို ဆွဲဆောင်နိုင်မလဲဆိုတာကို ဦးစားပေးလာကြပါတယ်" လို့ သူက BBC Newsbeat အစီအစဉ်ကို ပြောပါတယ်။

ကိုင်လီဂျန်နာနဲ့ ပတ်သက်ပြီးတော့ လူငယ်ပရိသတ်တွေဟာ သူတို့ငယ်စဉ်ကတည်းက ဆိုရှယ်မီဒီယာနဲ့ သူ့ရဲ့ ကာဒက်ရှန် ညီအစ်မတွေနဲ့အတူ ပါဝင်တဲ့ ရုပ်သံအစီအစဉ်တွေကတစ်ဆင့် သူ့ကို မြင်တွေ့ရင်း ရင်းနှီးမှုရှိလာကြတယ်လို့ မာလီနာဆန်က ဆိုပါတယ်။

ဒါပေမဲ့ "ဖက်ရှင်လောကရဲ့ အထင်ကရ နာအိုမီ ကမ်းဘဲလ် (ကမ္ဘာကျော် စူပါမော်ဒယ်) ခေတ်" ကို မှတ်မိနေကြတဲ့ ပရိသတ်တစ်စုအတွက်တော့ ဒီလိုအရေးပါတဲ့အခွင့်အရေးကို ဂျန်နာကို ပေးအပ်လိုက်တာဟာ သူတို့သိထားတဲ့ ဖက်ရှင်လောကရဲ့အစဉ်အလာကို သစ္စာဖောက်လိုက်သလို ခံစားရနိုင်တယ်လို့ သူက ပြောပါတယ်။

"အဆုံးမှာတော့ ဒီဖြစ်ရပ်ဟာ မားကတ်တင်းခေတ်သစ်ကို ကိုယ်စားပြုနေပါတယ်။ အထူးသဖြင့် Victoria's Secret လို သမိုင်းကြောင်းရှည်လျားတဲ့အမှတ်တံဆိပ်တွေဟာ စွန့်စားမှုတွေ မလုပ်ချင်ကြတော့ပါဘူး။

"သူတို့ဟာ ပရိသတ်အများအပြားကို ဆွဲဆောင်နိုင်မယ်၊ သတင်းခေါင်းစဉ်တွေမှာ နေရာယူနိုင်မယ်၊ လူအုပ်ကြီးကို အမြဲတမ်း ဆွဲဆောင်နိုင်မယ်ဆိုတာ သေချာတဲ့သူကို ခေါ်ယူချင်ကြပါတယ်။ Victoria's Secret က အခုလုပ်ခဲ့တာဟာ အဲဒီအချက်နဲ့ အတိအကျ ကိုက်ညီပါတယ်" လို့ သူက ပြောပါတယ်။

Joel is smartly dressed in a navy suit with a black tie and poses for a selfie in front of a blue carpet. Behind him are velvet ropes for a VIP area with people waiting in the background.
ဓာတ်ပုံ ပုံစာ, အမှတ်တံဆိပ်တွေရဲ့ ဆိုရှယ်မီဒီယာ မဟာဗျူဟာအတွက် အကြံပေးလုပ်ကိုင်နေတဲ့ ဂျိုးလ် မာလီနာဆန်က ကိုင်လီဂျန်နာ ဟာ "အနုပညာရှင်တွေရဲ့ လူသိများမှုကို ရှုမြင်ပုံပြောင်းလဲလာတဲ့ ခေတ်သစ်တစ်ခု" ကို ကိုယ်စားပြုနေတယ်လို့ ပြောပါတယ်
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

Victoria's Secret ရဲ့ Instagram စာမျက်နှာမှာ ကိုင်လီဂျန်နာရဲ့ထူးခြားတဲ့ ဝတ်စုံပုံစံကို မိတ်ဆက်ပြသထားတဲ့ဗီဒီယိုအောက်မှာ ပရိသတ်တချို့က သူ့ကို အားပေးချီးကျူးခဲ့ကြပါတယ်။

ဒါပေမဲ့ တခြားသူအများအပြားကတော့ ဒီရွေးချယ်မှုကို ဝေဖန်ခဲ့ကြပြီး "တကယ့်မော်ဒယ်တွေအပေါ် လုံးဝမလေးစားရာရောက်တယ်" လို့ မှတ်ချက်ပေးခဲ့ကြပါတယ်။ ထူးချွန်တဲ့ မော်ဒယ်တွေ အများကြီးရှိနေတဲ့အထဲက ဘာကြောင့် ကိုင်လီဂျန်နာကို ရွေးချယ်ခဲ့တာလဲလို့လည်း မေးခွန်းထုတ်ခဲ့ကြပါတယ်။

ပရိသတ်တစ်ဦးကတော့ ဒီဖက်ရှင်ရှိုးဟာ "အထင်ကရ ကျက်သရေရှိတဲ့ ဖက်ရှင်ပြပွဲတစ်ခုကနေ အွန်လိုင်းသြဇာရှိသူတွေ ပါဝင်တဲ့ ပွဲတစ်ခုအဖြစ် ပြောင်းလဲသွားပြီ" လို့ မှတ်ချက်ပေးခဲ့ပါတယ်။

နောက်ထပ် ပရိသတ်တစ်ဦးကလည်း "ဆိုရှယ်မီဒီယာပေါ်က လူသိများမှုကို အခွင့်ကောင်းယူတာနဲ့ အားလုံးပါဝင်ခွင့်ရတယ်ဆိုတာကို အပေါ်ယံပြသတာတွေက တကယ့်မော်ဒယ်လ်အရည်အချင်း၊ ကျက်သရေရှိမှုနဲ့ စင်မြင့်ပေါ် လျှောက်လှမ်းနိုင်စွမ်းတို့ရဲ့ နေရာကို အစားထိုးသွားပြီ" လို့ ဝေဖန်ခဲ့ပါတယ်။

Victoria's Secret ရဲ့ အဓိကဖန်တီးမှုအရာရှိချုပ် အဒမ် ဆဲလ်မန် ကတော့ ကိုင်လီဂျန်နာကိုရွေးချယ်ခဲ့ရတဲ့ အကြောင်းရင်းဟာ သူ့ရဲ့ "ယဉ်ကျေးမှုနယ်ပယ်အပေါ် ကြီးမားတဲ့ သက်ရောက်မှု" ကြောင့်ဖြစ်တယ်လို့ Vogue မဂ္ဂဇင်းကို ပြောပါတယ်။

"ကိုင်လီဟာ ဖက်ရှင်၊ ယဉ်ကျေးမှုနဲ့ ရုပ်သံအစီအစဉ်တွေကို ကျော်လွန်ပြီး နယ်ပယ်တစ်ခုတည်းမှာပဲ ရပ်တည်နေသူ မဟုတ်ပါဘူး" လို့ သူက ပြောပါတယ်။

"ကျွန်တော်တို့ရဲ့ ဖက်ရှင်ရှိုးကလည်း အဲဒီလိုပါပဲ။ ဒီရှိုးဟာ အတိုင်းအတာကြီးမားပြီး တကယ့်ဖျော်ဖြေရေးအစီအစဉ်တစ်ခု ဖြစ်ပါတယ်။ အဲဒီလို ဖျော်ဖြေရေးအစီအစဉ်ဖြစ်လာဖို့ ကိုင်လီက အားကောင်းတဲ့ တွန်းအားတစ်ခု ဖြစ်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်" လို့ အဒမ် ဆဲလ်မန်က ပြောပါတယ်။

Summer wears a white jumper and sits on the grass. She has black hair braided back and wears sunglasses and gold earrings.
ဓာတ်ပုံ ပုံစာ, မော်ဒယ် ဆမ်မာ နက်စ်ဘက်သ်က နာမည်ကျော် Fantasy Bra ကို ကိုင်လီဂျန်နာကို မော်ဒယ်အဖြစ် ရွေးချယ်ခဲ့တဲ့အပေါ် လူတွေရဲ့ မကျေနပ်မှုကို နားလည်နိုင်တယ်လို့ ပြောပါတယ်။

ဗြိတိန်မော်ဒယ် ဆမ်မာ နက်စ်ဘက်သ်က Newsbeat ကို ပြောရာမှာ Victoria's Secret က ကိုင်လီဂျန်နာ ကို ရွေးချယ်ခဲ့တာဟာ လူငယ်ပရိသတ်တွေနဲ့ အမီလိုက်နိုင်ဖို့ ကြိုးစားမှုတစ်ခုလို့ သူထင်ကြောင်း ပြောပါတယ်။

နယူးယောက် ဖက်ရှင်ရက်သတ္တပတ် (New York Fashion Week) မှာ လျှောက်လှမ်းပြသဖူးတဲ့ အသက် ၂၅ နှစ်အရွယ် နက်စ်ဘက်သ်က "သူက သြဇာလွှမ်းမိုးမှု အားကောင်းတဲ့ အင်ဖလူအန်ဆာတစ်ယောက်ပါ။ ကျွန်မတို့က ဆိုရှယ်မီဒီယာခေတ်မှာ နေနေကြတာပါ" လို့ ပြောပါတယ်။

Victoria's Secret ရဲ့ အတွင်းခံဖက်ရှင်ရှိုးကို ၂၀၁၈ ခုနှစ်မှာ ပြုလုပ်ခဲ့တဲ့ပွဲက ကြည့်ရှုသူနည်းပါးခဲ့တဲ့အပြင် လိင်ခွဲခြားမှုရှိတယ်၊ ခေတ်နောက်ကျနေတယ်၊ မတူကွဲပြားမှုကို လုံလောက်စွာ ထင်ဟပ်မပြနိုင်ဘူးဆိုတဲ့ ဝေဖန်မှုတွေ ထွက်ပေါ်ခဲ့ပြီးနောက် ရပ်နားခဲ့ပါတယ်။

အဲဒီဖက်ရှင်ရှိုးကို ၂၀၂၄ ခုနှစ်မှာ ပြန်လည်ကျင်းပခဲ့ပြီး "အမျိုးသမီးအားလုံးကို ဂုဏ်ပြုဖို့" ကတိပြုခဲ့ပါတယ်။ အဲဒီပွဲမှာ "ခန္ဓာကိုယ်အရွယ်အစားပြည့်တဲ့ မော်ဒယ်"အဖြစ် လူသိများတဲ့ အက်ရှ်လေ ဂရေဟမ် အပါအဝင် မတူကွဲပြားတဲ့ မော်ဒယ်တွေကို ထည့်သွင်းပြသခဲ့ပါတယ်။

Victoria's Secret ဟာ ဒီနှစ်အတွက် Fantasy Bra ကို လက်ဝတ်ရတနာအမှတ်တံဆိပ် Jacob & Co နဲ့ ပူးပေါင်းဖန်တီးခဲ့တာပါ။ အဲဒီဘရာစီယာဟာ အရင်က ဖန်တီးခဲ့သမျှထဲမှာ တန်ဖိုးအမြင့်ဆုံးဖြစ်ပြီး အနုပညာရှင် ၁၅ ယောက်က နာရီပေါင်း ၁,၀၀၀ ကျော် အချိန်ယူဖန်တီးခဲ့တာလို့ Jacob & Co က ပြောပါတယ်။

ဒီဘရာစီယာအပေါ် အာရုံစိုက်နေကြတာက "ကျွန်မတို့ လက်တွေ့ဘဝနဲ့ ဘယ်လောက်တောင် ကင်းကွာနေကြပြီလဲဆိုတာကို ပြသနေတယ်" လို့ နက်စ်ဘက်သ်က ယုံကြည်ပါတယ်။

"လူတွေမှာ စားစရာတောင် မရှိကြဘူး။ လျှပ်စစ်မီတာခ ပေးဖို့တောင် မတတ်နိုင်ကြဘူး" လို့ သူက ပြောပါတယ်။

"ကျွန်မတို့ ဘယ်အရာတွေအပေါ် အာရုံစိုက်နေကြသလဲ၊ ငွေတွေကို ဘယ်နေရာမှာ သုံးစွဲနေကြသလဲဆိုတာနဲ့ ပတ်သက်ပြီး ပြောစရာတွေ အများကြီးရှိတယ်လို့ ထင်ပါတယ်" လို့လည်း သူက ဆိုပါတယ်။

BBC Newsbeat က Victoria's Secret ကို ဆက်သွယ်မေးမြန်းထားပါတယ်။

A footer logo for BBC Newsbeat. It has the BBC logo and the word Newsbeat in white over a colorful background of violet, purple and orange shapes. At the bottom a black square reading "Listen on Sounds" is visible.