ဖက်ရှင်မယ်ဖြစ်လာတဲ့ နေကာမျက်မှန် အကြီးကြီးနဲ့ ဘွားဘွားကြီး

မာဂရက် ချိုလာ၊ ဖက်ရှင်မယ်၊ ဘွားဘွားကြီး

ဓာတ်ပုံ ရင်းမြစ်, Luxury Media Zambia

ဓာတ်ပုံ ပုံစာ, ခရမ်းပြာရောင်အင်္ကျီတောက်တောက်၊ ခရမ်းရောင်ငှက်မွေးတွေနဲ့ အနက်ရောင် စကတ် ဆင်မြန်းပြီး ငွေရောင်လက်ကိုင်အိတ် ကိုင်ထားတဲ့ မာဂရက် ချိုလာကို ထွန်ယက်ပြီးစ လယ်ကွင်းတစ်ခုမှာ တွေ့ရစဉ်
    • ရေးသားသူ, ပန်နီ ဒေးလ်
    • ရာထူးတာဝန်, ဘီဘီစီသတင်းထောက်

ဇမ်ဘီယာနိုင်ငံ ကျေးလက်ပိုင်းက ဘွားဘွားကြီး တစ်ယောက် သူ့ရဲ့ ဖက်ရှင်ဒီဇိုင်နာ မြေးမနဲ့ အပျော်သဘော အဝတ်လဲဝတ်ကြဖို့ သဘောတူခဲ့အပြီး အင်တာနက်ပေါ်မှာ ဖက်ရှင်ကျတဲ့ ဘွားဘွားကြီးအဖြစ် လူအများအကြား ရေပန်းစားလာခဲ့ပါတယ်။

အသက် ၈၀ ကျော်အရွယ် မာဂရက် ချိုလာ ကို "Legendary Glamma" "ဂန္ထဝင်မြောက်လောက်အောင် စတိုင်ကျတဲ့ ဘွားဘွားကြီး" လို့ လူသိများကြပြီး ထူးခြားတဲ့ သူ့ရဲ့ ဖက်ရှင်ဓာတ်ပုံတွေကို အင်စတာဂရမ် လူမှုကွန်ရက်ပေါ်ကနေ အမြဲစောင့်ကြည့်သူပေါင်း ၂ သိန်း ၂ သောင်း ၅ ထောင်လောက် ရှိပါတယ်။

"ဒီအဝတ်အစားတွေ ဝတ်လိုက်တော့ အရင်ကတစ်ခါမှ မခံစားခဲ့ဖူးတဲ့ လူသစ် စိတ်သစ်လို ခံစားမှုမျိုး ကျွန်မ ခံစားမိတယ်" လို့ သူက ဘီဘီစီကို ပြောပြပါတယ်။ "ကမ္ဘာကြီးကို အောင်နိုင်ခဲ့သလို ခံစားမိတယ်"

"နေ့ချင်းညချင်း ပြောင်းလဲသွားတဲ့ ဘွားဘွားကြီး" ဆိုတဲ့ စီးရီးစ်တစ်ခုကို နယူးယောက်မြို့မှာ အခြေစိုက်တဲ့ ဖက်ရှင်ဒီဇိုင်းနာ တစ်ဦးဖြစ်သူ မြေးမ ဒိုင်ယာနာ ခေါင်မ်ဘာ က ၂၀၂၃ ခုနှစ်မှာ ဖန်တီးခဲ့တာ ဖြစ်ပါတယ်။

မာဂရက် ချိုလာ၊ ဖက်ရှင်မယ်၊ ဘွားဘွားကြီး

ဓာတ်ပုံ ရင်းမြစ်, Luxury Media Zambia

ဓာတ်ပုံ ပုံစာ, ဇမ်ဘီယာနိုင်ငံတော်အလံအရောင် အဝတ်တွေနဲ့ လှနေတဲ့ ဘွားဘွားကြီး မာဂရက်

မစ္စ ခေါင်မ်ဘာက သူ့ဖခင် ကွယ်လွန်တဲ့ ဒုတိယမြောက်နှစ် အောက်မေ့ဖွယ်ပွဲအတွက် ဇမ်ဘီယာနိုင်ငံကို သွားလည်တုန်းမှာ ဒီအကြံ ရခဲ့တာဖြစ်ပါတယ်။ အဝတ်အစား ကျကျနန ဝတ်စားတတ်တဲ့ ဖခင်ကြီးဆီကနေ ဖက်ရှင်ဒီဇိုင်း ဝါသနာကို သူရလာခဲ့တာလို့ မစ္စ ခေါင်မ်ဘာက ပြောပါတယ်။

ဇမ်ဘီယာမှာ ရောက်နေစဉ်အတွင်းမှာတော့ မစ္စ ခေါင်မ်ဘာဟာ သူအမြဲဝတ်လေ့ရှိတဲ့ ဖက်ရှင်ဝတ်စုံတွေကို မဝတ်ခဲ့ပါဘူး။ ဘမ်ဘာ ဘာသာစကားနဲ့ "အမ်ဘူယာ" လို့ခေါ်တဲ့ "ဘွားဘွားကြီး"ကို သူ့အဝတ်တွေ ဝတ်ကြည့်ချင်သလား လို့ မေးကြည့်ခဲ့ပါတယ်။

"အဲဒီအချိန်တုန်းက ကျွန်မမှာ ဘာမှ လုပ်စရာလည်း ရှိမနေတာကြောင့် အိုကေ၊ မြေးမလေး ဝတ်ကြည့်စေချင်တယ်ဆိုရင် ဝတ်ကြည့်မှာပေါ့ ဆိုပြီး ပြန်ပြောခဲ့တယ်" လို့ မာဂရက် ချိုလာ က ပြောပြပါတယ်။

"အဘွား မရှိတော့ရင် ငါ့မြေး လွမ်းကျန်ရစ်မှာ၊ ဒီတော့ ဒါလေးက အဘွားရဲ့အမှတ်တရအဖြစ် ကျန်ခဲ့မှာပေါ့"

မာဂရက် ချိုလာ၊ ဖက်ရှင်မယ်၊ ဘွားဘွားကြီး

ဓာတ်ပုံ ရင်းမြစ်, Luxury Media Zambia

ဓာတ်ပုံ ပုံစာ, ဖက်ရှင်ကြောင့် အဘွားနဲ့ မြေးအကြား ရင်းနှီးမှုနှောင်ကြိုး ပိုခိုင်မြဲလာခဲ့

ဘွားဘွားကြီးရဲ့ အင်္ကျီနဲ့ ထမီကို မစ္စ ခေါင်မ်ဘာ က ယူဝတ်ခဲ့ပြီး ဘွားဘွားကြီး ပထမဆုံး ဝတ်တဲ့ အဝတ်ကတော့ ငွေရောင်ဘောင်းဘီဝတ်စုံပါ။

"ဘွားဘွားကြီးကို ဖက်ရှင်ကျကျ ဝတ်ပေးပြီး သူနေနေကျ နေရာမှာ ဓာတ်ပုံရိုက်ကြည့်ရင် ကောင်းမှာပဲလို့ ကျွန်မ တွေးမိတယ်" လို့ မစ္စ ခေါင်မ်ဘာက ဘီဘီစီကို ပြောပြပါတယ်။

ဘွားဘွားကြီး မာဂရက် ချိုလာ နေနေတဲ့ နေရာက ဇမ်ဘီယာနိုင်ငံ လူဆာကာမြို့တော်ရဲ့ မြောက်ဘက် ၁၀ မိုင်အကွာမှာရှိတဲ့ ရွာလေးတရွာက လယ်မြေတစ်ခုမှာ ဖြစ်ပါတယ်။

ဘွားဘွားကြီးက ဖက်ရှင်ကျကျ ဝတ်စားဆင်ယင်ပြီး များသောအားဖြင့် အိမ်အပြင်ဘက်မှာ သစ်သားခုံလှလှကြီး ဒါမှမဟုတ် သားရေ ဆိုဖာကြီးတစ်ခုပေါ် ထိုင်ရင်း ဓာတ်ပုံအရိုက်ခံလေ့ ရှိပါတယ်။

မာဂရက် ချိုလာ၊ ဖက်ရှင်မယ်၊ ဘွားဘွားကြီး

ဓာတ်ပုံ ရင်းမြစ်, Luxury Media Zambia

ဓာတ်ပုံ ပုံစာ, ဆိုဖာပေါ်ထိုင်ရင်း ဖုန်းပွတ်နေတာလောက် စတိုင်ကျတာ ရှိပါဦးမလား

အုတ်ခဲတွေ ပေါ်နေတဲ့ သွပ်မိုး အဆောက်အအုံတွေ၊ ထွန်ယက်ထားတဲ့ လယ်ခင်းတွေ၊ သရက်ပင်တွေ၊ ပြောင်းသီးနှံခင်းတွေကို နောက်ခံရှုခင်း ထားပြီး ဓာတ်ပုံရိုက်ခဲ့ပါတယ်။

"ပထမဆုံး ဓာတ်ပုံကို ပို့စ်တင်တော့ အရမ်းကို ကြောက်နေခဲ့တာ။ ၁၀ မိနစ်လောက် ဖုန်းကို မကြည့်ရဲဘူး။ အဲဒီ ၁၀ မိနစ်အတွင်းမှာ လိုက်ခ် တစ်ထောင်လောက် တက်လာတယ်" လို့ မစ္စ ခေါင်မ်ဘာ က ပြောပြပါတယ်။

"ကျွန်မ မယုံနိုင်လောက်အောင် ဖြစ်သွားခဲ့တယ်။ မှတ်ချက် ကောမန့်တွေ လှိမ့်ဝင်လာပြီး နောက်ထပ်ပုံတွေ ထပ်တင်ပေးဖို့ လူတွေက ပြောလာကြတယ်။"

အက်ဒီဒက်စ် အင်္ကျီအနီရောင်၊ ရွှေရောင်လည်ဆွဲတွေ တစ်သီကြီးနဲ့ တစ်လက်လက်တောက်နေတဲ့ သရဖူ ဆောင်းထားတဲ့ ဘွားဘွားကြီးရဲ့ ဓာတ်ပုံတွေကို မစ္စ ခေါင်မ်ဘာ ဆက်တိုက်တင်ခဲ့အပြီး ၂၀၂၄ ခုနှစ် ဧပြီလမှာတော့ ဘွားဘွားကြီး စီးရီးစ်က တကယ့်ကို ရေပန်းစား နာမည်ကြီးလာခဲ့ပါတယ်။

"ကမ္ဘာတလွှားက ဒီလောက်များတဲ့ လူတွေက ကျွန်မကို ချစ်ကြတယ်ဆိုတာ ကြားရတော့ အတော့်ကို အံ့သြမိခဲ့တယ်" လို့ မာဂရက် ချိုလာက ပြောပါတယ်။ သူ့မှာ မွေးစာရင်းစာရွက်မရှိတဲ့အတွက် သူ့အသက်အမှန်ကို သူကိုယ်တိုင်မသိပါဘူး။

မာဂရက် ချိုလာ၊ ဖက်ရှင်မယ်၊ ဘွားဘွားကြီး

ဓာတ်ပုံ ရင်းမြစ်, Luxury Media Zambia

ဓာတ်ပုံ ပုံစာ, သူ့အသက် သူမေ့ပြီး ခေတ်ရှေ့ပြေးတဲ့ စတိုင်အဝတ်တွေ ဝတ်ရတာ ပျော်နေတဲ့ ဘွားဘွားကြီး

"ဒီအသက်အရွယ်မှာ ဒီလောက်အထိ ရိုက်ခတ်မှုတွေ ဖြစ်လာအောင် ကျွန်မလုပ်နိုင်မယ်လို့ မသိခဲ့ပါဘူး"

မာဂရက် ချိုလာ ဟာ အရောင်တောက်တောက်၊ ထူးထူးဆန်းဆန်း စတိုင်တွေနဲ့ အဝတ်တွေကို ဝတ်ပြလေ့ရှိပါတယ်။

ဇမ်ဘီယာ နိုင်ငံရဲ့ နှစ်ပေါင်း ၆၀ ကြာ လွတ်လပ်ရေးကို ဂုဏ်ပြုတဲ့အနေနဲ့ မာဂရက် ချိုလာဟာ အစိမ်းရောင် အမေရိကန် ဘောလုံးသမား ၀တ်စုံကို အနီရောင် အလွှာအထပ်ထပ်ပါတဲ့ စကတ်နဲ့ တွဲဝတ်ပြီး ဇမ်ဘီယာနိုင်ငံအလံ အရောင်ကို ကိုယ်စားပြု ဓာတ်ပုံရိုက်ပြခဲ့ပါတယ်။

အပြာ၊ အနက်နဲ့ အစိမ်းရောင် ဘော်ကြယ်လက်လက်တွေပါတဲ့ အပေါ်အင်္ကျီနဲ့အတူ မြွေပုံ ရွှေရောင်လည်ဆွဲကြီးနဲ့ လက်ကောက်ကြီးကို ဝတ်ပြခဲ့ပါတယ်။

Margret Chola in jeans, a blond wig and red gloves. She also wearing a T-shirt with her image on the front, big jewelled necklace and red sunglasses
Luxury Media Zambia
I had never worn jeans or a wig before - so I was happy, and I was dancing"
Margret Chola AKA "Legendary Glamma"
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဘွားဘွားကြီးရဲ့ အကြိုက်ဆုံးက သူ့ပုံပါတဲ့ တီရှပ်၊ ဂျင်းဘောင်းဘီနဲ့ ရွှေအိုရောင် ဆံပင်တု တပ်ပြီး ရိုက်ထားတဲ့ ပုံပါ။

"ကျွန်မ အရင်က တစ်ခါမှ ဂျင်းဘောင်းဘီ မဝတ်ဖူးဘူး၊ ဆံပင်တု မတပ်ဖူးပါဘူး။ ဒါ့ကြောင့် ကြိုက်လွန်းလို့ ထတောင်မှ ကနေခဲ့မိပါတယ်။" လို့ မာဂရက် ချိုလာ ကပြောပါတယ်။

၂၀၁၂ ခုနှစ်ကတည်းကစလို့ ဖက်ရှင်ဒီဇိုင်းနာ လုပ်နေတဲ့ မစ္စ ခေါင်မ်ဘာ က သူ့အဘွားဟာ "ရဲရင့်မှု၊ ကျက်သရေအပြည့်နဲ့ ပုံတိုင်းမှာ လှနေတယ်" လို့ ပြောပါတယ်။

သူ့ပုံတွေအားလုံးဟာ ဆန့်ကျင်ဘက် အရောင်တောက်တောက်တွေ တွဲဖက် ဝတ်ဆင်ပြီး အလှအပကိုအစွမ်းကုန် ပေါ်ပေါ်ထင်ထင် ထုတ်ပြတတ်တဲ့ မစ္စ ခေါင်မ်ဘာရဲ့ ဒီဇိုင်းစတိုင်ကို ထင်ဟပ်ပြနေပါတယ်။

အဓိကက လူတွေရဲ့ အာရုံကို ဖမ်းစားစေတဲ့ နေကာမျက်မှန်အကြီးကြီးတွေ၊ ဦးထုပ်၊ လည်ဆွဲ၊ လက်ကောက်၊ ဆွဲသီး၊ လက်စွပ်၊ လက်အိတ်၊ လက်ကိုင်အိတ် အကြီးကြီးတွေ၊ ရွှေအိုရောင် ဆံပင်တုတွေ၊ သရဖူတွေ ဖြစ်ပါတယ်။

ဒါတွေက ပုလဲဆွဲကြိုးတွေ၊ လက်ကောက်ကြီးတွေကို နှစ်နှစ်ခြိုက်ခြိုက် ဝတ်လေ့ရှိတဲ့ သူ့အဘွားဆီက တိုက်ရိုက်လာတဲ့ လွှမ်းမိုးမှုတွေ ဖြစ်ပါတယ်။

ပုံတစ်ပုံမှာဆိုရင် "သမိုင်းတလျှောက် အကြီးမားဆုံး" "greatest of all time" ဆိုတာရဲ့ အတိုကောက် GOAT ဆိုတာကို ရယ်စရာ ပုံဖော်ပြတဲ့အနေနဲ့ ဘွားဘွားကြီးက ဆိတ်ကြီးတစ်ကောင်ကို သူ့ရဲ့ ပုလဲလည်ဆွဲကြီး ဆင်ပေးပြီး အတူတွဲရိုက်ခဲ့ပါတယ်။

မာဂရက် ချိုလာ၊ ဖက်ရှင်မယ်၊ ဘွားဘွားကြီး

ဓာတ်ပုံ ရင်းမြစ်, Luxury Media Zambia

ဓာတ်ပုံ ပုံစာ, ဘွားဘွားကြီးက သူကြိုက်တဲ့ ပုလဲတွေကို ဆိတ်မကြီးကိုလည်း ပေးဝတ်ခဲ့

တခြား အသုံးအဆောင်ပစ္စည်းတွေကလည်း မာဂရက် ချိုလာရဲ့ ပင်ကိုယ်အရည်အသွေးနဲ့ ဘဝဇာတ်လမ်းကို ထင်ဟပ် ပြနေပါတယ်။

ဘွားဘွားကြီးဟာ သူသွားလေရာ တစ်နေကုန် သယ်သွားလေ့ရှိပြီး ညအိပ်ရင်တောင် အိပ်ရာထဲယူသွားလေ့ရှိတဲ့ ရေဒီယိုကြီးကို ပွေ့ဖက်ပြီးလည်း ဓာတ်ပုံ အရိုက်ခံခဲ့ပါတယ်။

တချို့ပုံတွေမှာတော့ ဘွားဘွားကြီးဟာ သူနှစ်ပေါင်းများစွာ ပီလောပီနံတွေ၊ ပြောင်းဆန်တွေ ထောင်းလာတဲ့ သစ်သား ကျည်ပွေ့ရှည်ကြီးကို ပိုက်ရင်း ဓာတ်ပုံအရိုက်ခံခဲ့ပါတယ်။

ဘွားဘွားကြီးရဲ့ ပုံတွေထဲမှာ ဆေးတံ သောက်နေတဲ့ပုံ တွေ့ရသလို အထူးသဖြင့် လျှပ်စစ်မီးပြတ်လပ်မှုနဲ့ ကြုံတွေ့နေရတဲ့ အခုချိန်မျိုးမှာ ချက်ပြုတ်ရာမှာ အသုံးပြုလေ့ရှိတဲ့ မီးသွေးမီးဖိုကြီးတစ်ခုကို ကုလားထိုင် လက်ရန်းအစပ်မှာ ချိတ်ထားရင်း လဘက်ရည်အပြည့်ထည့်ထားတဲ့ သံခွက်ကြီးတစ်ခွက် ကိုင်ထားတဲ့ပုံကိုလည်း တွေ့ရပါတယ်။

မာဂရက် ချိုလာ၊ ဖက်ရှင်မယ်၊ ဘွားဘွားကြီး

ဓာတ်ပုံ ရင်းမြစ်, Kooma Jnr

ဓာတ်ပုံ ပုံစာ, ဇမ်ဘီယာနိုင်ငံ ကျေးလက်ဒေသက အလုပ်ကြမ်းကို ကိုယ်စားပြုတဲ့အနေနဲ့ ငရုတ်ဆုံကြီး ကိုင်ရင်း ဓာတ်ပုံအရိုက်ခံခဲ့တဲ့ ဘွားဘွားကြီး

ဒီ ဘွားဘွားကြီး ဓာတ်ပုံစီးရီးစ်ဟာ သက်ကြီးရွယ်အိုတွေမှာ ပေးစရာတွေ ခုချိန်ထိ အများကြီး ရှိနေသေးပြီး အမှတ်တရတွေကို အတူဖန်တီးတာဟာ နောင်အနာဂါတ် မျိုးဆက်အတွက် ခြေရာတွေ ချန်ထားရစ်နိုင်ရေးမှာ အရေးပါတဲ့ နည်းလမ်းတစ်ခုဖြစ်တယ်ဆိုတာကို မီးမောင်းထိုးပြနိုင်လိမ့်မယ်လို့ မစ္စ ခေါင်မ်ဘာက မျှော်လင့်နေပါတယ်။

"ကျွန်မတို့လည်း တချိန်ကျရင် သူတို့လိုပဲ အိုမင်းလာမှာမို့ ဒါတွေကို မဖျောက်ဖျက်ပစ်ပါနဲ့၊ နောက်ဆုံးချိန် ရောက်တဲ့အထိ တမြတ်တနိုး ထားစေချင်ပါတယ်။"

ဘွားဘွားကြီးရဲ့ ဓာတ်ပုံတွေ ရေပန်းစားခဲ့အပြီးမှာ အသက် ၇၀ နဲ့ ၉၆ နှစ်ကြားအရွယ် အဘွားတွေကို ဖက်ရှင်ဒီဇိုင်းထွင်ပေးဖို့ မြေးမ ၄ ယောက်က မစ္စ ခေါင်မ်ဘာ ကို ငှားခဲ့ကြပါတယ်။

မာဂရက် ချိုလာ၊ ဖက်ရှင်မယ်၊ ဘွားဘွားကြီး

ဓာတ်ပုံ ရင်းမြစ်, Luxury Media Zambia

ဓာတ်ပုံ ပုံစာ, ပုလဲကြီးတွေ ပိုများများ ဆင်လေ၊ ပိုလှလေပေါ့တဲ့

ဘွားဘွားကြီး ဓာတ်ပုံ စီးရီးစ်ကို ကြည့်ပြီး လူတွေအနေနဲ့ ကိုယ့်ဘဝမှာ ပျော်မွေ့ပြီး လူ့အသိုင်းအဝိုင်းရဲ့ မျက်စိဒေါက်ထောက် ကြည့်ပြောတာမျိုးကို ဂရုမစိုက်ဘဲ နေတတ်လာမယ်လို့ မစ္စ ချိုလာက မျှော်လင့်နေပါတယ်။

"ကိုယ်အမှားလုပ်မိတာအတွက် ကိုယ့်ကိုယ်ကို အမြဲ ခွင့်လွှတ်ပါ။ အတိတ်ကို ပြန်ပြင်လို့ မရနိုင်ပေမဲ့ အနာဂါတ်ကိုတော့ ကိုယ်ကိုယ်တိုင် ပြောင်းလဲနိုင်ပါတယ်" လို့ သူက တိုက်တွန်းပါတယ်။

ဒီဓာတ်ပုံတွေ ရိုက်ခဲ့တဲ့အတွက် မြေးအဘွား နှစ်ဦးအကြား သံယောဇဉ်နှောင်ကြိုး ပိုခိုင်မြဲလာစေခဲ့ပြီး အဘွားဖြစ်သူရဲ့ ခက်ခဲတဲ့ ဘဝခရီးကြမ်းအကြောင်း အများကြီး ပိုသိလာခဲ့ရပါတယ်။

မာဂရက် ချိုလာ၊ ဖက်ရှင်မယ်၊ ဘွားဘွားကြီး

ဓာတ်ပုံ ရင်းမြစ်, Luxury Media Zambia

ဓာတ်ပုံ ပုံစာ, မာဂရက် ချိုလာ ဟာ အသက် ၁၂ နှစ်၊ ၁၃ နှစ်လောက်မှာ ကျောင်းကထွက်ခဲ့ရ

မာဂရက် ချိုလာဟာ သူ့အဘိုးအဘွားတွေနဲ့ ကြီးပြင်းခဲ့ရပြီး အသက် ၁၂ နှစ်၊ ၁၃ နှစ်လောက်အထိပဲ ကျောင်းနေခဲ့ရပါတယ်။ အဲဒီနောက်မှာတော့ စီးပွားရေး အကျပ်အတည်းကြောင့် အသက် ၃၀ ပိုင်းအရွယ် အမျိုးသားတစ်ဦးနဲ့ ပေးစားခံခဲ့ရပါတယ်။

သူ ကလေး ၃ ယောက် မွေးခဲ့ပြီး နောက်ဆုံးမှာ အရက်အလွန်အကျွံသောက်တတ်လာခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အိမ်ထောင်ရေးနွံထဲကနေ လွတ်မြောက်နိုင်ခဲ့ပါတယ်။

မာဂရက် ချိုလာ၊ ဖက်ရှင်မယ်၊ ဘွားဘွားကြီး

ဓာတ်ပုံ ရင်းမြစ်, Luxury Media Zambia

ဓာတ်ပုံ ပုံစာ, ဇမ်ဘီယာနိုင်ငံမှာ လျှပ်စစ်မီးပြတ်တဲ့ ပြဿနာနဲ့ လောလောဆယ် ရင်ဆိုင်နေရပြီး မီးသွေးမီးဖိုဟာ ဇမ်ဘီယာ ပြည်သူတိုင်းအတွက် မရှိမဖြစ် လိုအပ်တဲ့ အရာတစ်ခု ဖြစ်လာနေ

ဒီစိတ်ဒဏ်ရာတွေက သူ့ကို ခုချိန်ထိ ခြောက်လှန့်နေဆဲ ဖြစ်ပါတယ်။ ဒါပေမဲ့ မမျှော်လင့်ဘဲ အခုလို ကမ္ဘာတ၀န်းမှာ ကျော်ကြားသွားမှုကြောင့် ဘွားဘွားကြီး မာဂရက်အတွက် ဘဝသစ်တစ်ခု နောက်တဖန် မွေးဖွားလိုက်သလို ဖြစ်လာစေခဲ့ပါတယ်။

"အခုဆိုရင် ကမ္ဘာတဝန်းက လူတွေက ကျွန်မကို တွေ့ချင်နေကြတယ်ဆိုတာကို သိထားရင်း အိပ်ယာက နိုးထလာနိုင်ခဲ့ပါတယ်" လို့ ဘွားဘွားကြီး မာဂရက် ချိုလာက ပြောပါတယ်။

ဒီဆောင်းပါး ရေးသားခဲ့သူ ပန်နီ ဒေးလ် ဟာ လန်ဒန်အခြေစိုက် အလွတ်သတင်းထောက် တစ်ဦးဖြစ်ပြီးပေါ့ဒ်ကတ်စ်နဲ့ မှတ်တမ်းစုဆောင်းသူတစ်ဦးဖြစ်ပါတယ်။

မာဂရက် ချိုလာ၊ ဖက်ရှင်မယ်၊ ဘွားဘွားကြီး

ဓာတ်ပုံ ရင်းမြစ်, Kooma Jnr

ဓာတ်ပုံ ပုံစာ, စတိုင်ထုတ်ဖို့ ဒါမှမဟုတ် အင်စတာဂရမ်မှာ လိုက်ခ်တွေ များများရဖို့က အသက်နဲ့ မဆိုင်ဘူး ဆိုတာကို ဂန္ဓဝင်မြောက် စတိုင် ဘွားဘွားကြီး ဖော်ထုတ်သိလာခဲ့