ဒေါ်လာသန်းနဲ့ချီတန်တဲ့ မြန်မာ့နီလာကြီး လေလံတင်မယ်

မြန်မာ့ နီလာ၊ စိန်တို့နဲ့ စီခြယ်ထားတဲ့ လက်ကောက်ကို ၁၉၂၇ ခုနှစ်က ကာတီယာက ဖန်တီးခဲ့တယ်လို့လည်း ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Tristan Fewings/Getty Images for Sotheby's

ဓာတ်ပုံ ပုံစာ, မြန်မာ့ နီလာ၊ စိန်တို့နဲ့ စီခြယ်ထားတဲ့ လက်ကောက်ကို ၁၉၂၇ ခုနှစ်က ကာတီယာက ဖန်တီးခဲ့တယ်လို့လည်း ဆိုပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာ နိုဝင်ဘာလ ၁၃ ရက်နေ့ Sotheby's လေလံ ကုမ္ပဏီက ပြုလုပ်တဲ့ ဆောင်းဦးလေလံပွဲမှာ မြန်မာနိုင်ငံက နီလာနဲ့ ဖန်တီးထားတဲ့ လက်ဝတ် ရတနာကို ကြမ်းခင်းစျေး ဒေါ်လာ ၂သန်းနဲ့ ၃သန်းကြား ရောင်းချသွား မယ်လို့ ကုမ္ပဏီက ထုတ်ပြန်ပါတယ်။

ဒီလေလံပွဲမှာ တခြား ကျောက်မျက်ရတနာတွေကိုလည်း ရောင်းချသွားဖို့ ရှိနေပြီး ဒီအထဲမှာ မြန်မာ့ နီလာနဲ့ ကိုလံဘီယာက မြတို့ဟာ လူကြိုက်များနိုင်တယ်လို့လည်း ဆိုပါတယ်။

မြန်မာ့ နီလာ၊ စိန်တို့နဲ့ စီခြယ်ထားတဲ့ လက်ကောက်ကို ၁၉၂၇ ခုနှစ်က ကာတီယာက ဖန်တီးခဲ့တယ်လို့လည်း ဆိုပါတယ်။

နီလာ

ဓာတ်ပုံ ရင်းမြစ်, Tristan Fewings/Getty Images for Sotheby's

Sotheby's လေလံကုမ္ပဏီရဲ့ ဥရောပ ဌာနခွဲ ဥက္ကဋ္ဌ Daniela Mascettiက နီလာ၊ စိန်တို့နဲ့ ဖန်တီးထား တဲ့ ဟန်းချိန်းထဲမှာ နီလာက သိသာထင်ရှားပြီး ၄၇ ကာရက်ရှိသလို ဒါဟာ မြန်မာနိုင်ငံက ထွက်တယ်လို့ အတည်ပြုပြောဆိုပါတယ်။

"ဒီနီလာက မီးဖုတ်ထားတာမရှိဘူးဆိုတာကို Gubelin ဓာတ်ခွဲခန်းက စာပို့အတည်ပြုထားပါတယ်။ ဒီနီလာက တော်ဝင်အပြာရောင် ဖြစ်တယ်။ မြန်မာ့ကျောက်မျက် ရတနာ တွေထဲက အကောင်းဆုံး တစ်ခုလို့လည်း မျှော်လင့်ရပါတယ်။ ဒီနီလာကို ၈ နဲ့ ၉ ကာရက် ရှိတဲ့ စိန် နှစ်လုံးနဲ့ စီခြယ်ထားပါတယ်။ ဒီလို အကောင်းဆုံး လက်ဝတ်ရတနာ ရဖို့ ကာတီယာအနေနဲ့ ဘာမှ သိပ်ပြုပြင်စရာမလိုခဲ့ပါဘူး" လို့ သူက ပြောပါတယ်။

ဒီနီလာ လက်ဝတ်ရတနာကို ဖန်တီးခဲ့တဲ့ ၁၉၂၇ ခုနှစ်က ကာတီယာက အလားတူ ဒီဇိုင်းနဲ့ စတိုင် သိပ်မကွာတဲ့ တခြား လက်ဝတ်ရတနာတွေလည်း ဖန်တီးခဲ့ပါတယ်။

Sotheby's လေလံပွဲမှာ ကာတီယာရဲ့ တခြား ရတနာအတွဲတွေ ဖြစ်တဲ့ မြ၊ စိန်လည်ဆွဲတွေလည်း ဒေါ်လာ ၃.၅ သန်း၊ ၄.၅ သန်းနဲ့ အသီးသီး ရောင်းချသွားမှာ ဖြစ်ပါတယ်။