အင်းဝ၊ဟံသာဝတီနဲ့ အယုဒ္ဓယ၊ ဇင်းမယ်က အနုပညာလောက

ဓာတ်ပုံ ရင်းမြစ်, Theerawat Payakyut
- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
မြန်မာနဲ့ ထိုင်းဟာ အိမ်နီးချင်းဖြစ်ရုံမက ရာစုနှစ်တွေနဲ့ချီ စစ်ခင်းခဲ့ကြတဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ လူမျိုးနဲ့ ယဉ်ကျေးမှုကိုးကွယ်ယုံကြည်မှု တွေလည်း ဆင်တူကြတဲ့အတွက် အရှေ့တောင်အာရှ ဗုဒ္ဓယဉ်ကျေးမှု ထွန်းကားတဲ့ နိုင်ငံအုပ်စုမှာ ထည့်သွင်းထားပါတယ်။ ပန်တျာဂီတ၊ ပန်းချီ၊ ပန်းပု၊ ဗိသုကာက စပြီး စားဓလေ့နဲ့ ဝတ်ဓလေ့တွေမှာလည်း နှစ်ပြည်တပြည် အကူးအယှက် များလှတဲ့အတွက် ဘယ်က မူလဆိုတာ မသိရတဲ့ နေရာတွေ ရှိပါ တယ်။

ဓာတ်ပုံ ရင်းမြစ်, VW Pics
မဏ္ဍလ မြို့ပြနိုင်ငံများ
သမိုင်းကြောင်းအရ ထိုင်းနဲ့ မြန်မာဖြစ်လာမယ့် နေရာတွေမှာ အိန္ဒိယကုန်သည်တွေ ယူလာတဲ့ ယဉ်ကျေးမှု အယူဝါဒတွေနဲ့ ဒေသခံတွေ ထိတွေ့ရာကနေ ပျူ၊ မွန်၊ ရခိုင်နဲ့ ထိုင်း မြို့ပြနိုင်ငံတွေ ပေါ်ထွန်းလာခဲ့ပါတယ်။ ထိုင်းတွေရောက်မလာခင် ကျောက်ဖယားမြစ်ဝှမ်းမှာ မွန်လူမျိုးတွေရဲ့ မြို့ပြနိုင်ငံတွေ တည်ရှိခဲ့ပြီး ဒွါရာဝတီယဉ်ကျေးမှုအဖြစ် ထင်ရှားခဲ့ပါတယ်။ ဒီမွန်တွေရဲ့ ယဉ်ကျေးမှုဟာ စစ်တောင်းမြစ်ဝှမ်းနဲ့ ဧရာဝတီမြစ်ဝကျွန်းပေါ်၊ တနင်္သာရီ ကမ်းမြောင်ဒေသတွေထိ ရောက်ရှိခဲ့ပြီး အန်ကာနိုင်ငံကို ထူထောင်ခဲ့တဲ့ ခမာတွေနဲ့လည်း သွေးသားတော်စပ်ပါတယ်။ ဟရိဘုဉ္ဇနဲ့ ဒွာရာဝတီပြည်တွေကို အနော်ရထာက ပဏ္ဏာဆက်ခိုင်းတယ်လို့ အဆိုရှိပေမယ့် တကယ်သိမ်းပိုက်နိုင်သလားဆိုတာကတော့ ခိုင်မာစွာ မတွေ့ရပါဘူး။
အေဒီ ၁၂ ရာစုမှာတော့ မွန်ဂိုကျူးကျော်မှုကြောင့် ယူနန်နယ်ကနေ ရွှေ့ပြောင်း ဝင်လာကြတဲ့ ထိုင်းရှမ်းလူမျိုးတွေ ကြောင့် မွန်နိုင်ငံတွေ ပျက်သုဉ်းပြီး သောက္ကတဲ၊ ဇင်းမယ်၊ အယုဒ္ဓယနဲ့ ဘန်ကောက် ဆိုတဲ့ ထိုင်းပြည်ထောင် တွေ ထွန်းကားလာခဲ့ပါတယ်။ ဒီထိုင်းတွေဟာ လာအို၊ ယူနန်နဲ့ ရှမ်းကုန်းမြင့် ပေါ်က ရှမ်းနွယ်ဖွားတွေနဲ့ သွေးသားတော်စပ်ပေမယ့် အုပ်ချုပ်ရေးအရ နိုင်ငံတခုထဲ ဘယ်တော့မှ မဖြစ်ပေါ်ခဲ့ပါဘူး။ ဒါကြောင့် ရှမ်းပြည်က စော်ဘွားတွေ ဟာ ဘုရင့်နောင်ခေတ်ကနေ တစတစ မြန်မာအုပ်ချုပ်ရေးကို သစ္စာခံခဲ့ရသလို လင်းဇင်းလို့ ခေါ်တဲ့ လောင်ပရာဘန်၊ ဗီယန်ကျင်းနဲ့ ချမ်ပါဆက် နိုင်ငံတွေ ဟာလည်း ထိုင်းနဲ့ မြန်မာဘုရင်တွေ အာဏာလုတဲ့ နယ်မြေတွေ ဖြစ်ခဲ့ပြီး နောက်ဆုံး ပြင်သစ်လက် အောက် ကျရောက်ခဲ့ပါတယ်။ တနင်္သာရီဟာလည်း ပုဂံခေတ်ကတည်းက မြန်မာ၊ မွန်နိုင်ငံတွေနဲ့ ခမာ၊ ထိုင်းနိုင်ငံတွေကြား အာဏာလွန်ဆွဲရာ နယ်မြေ ဖြစ်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, enviromantic
မြန်မာဘက်ခြမ်းမှာတော့ ပုဂံခေတ်ကုန်ကစပြီး အင်းဝ၊ ဟံသာဝတီနဲ့ ရခိုင် သုံးနိုင်ငံကြား နယ်မြေလုစစ်ပွဲတွေ ရာစုနှစ်တွေနဲ့ချီ ဖြစ်ပွားခဲ့ကာ အနှစ် ငါးရာ ကျော် ကြာမှ သုံးနိုင်ငံလုံး ကုန်းဘောင်အုပ်ချုပ်မှုအောက်ကို ရောက်ရှိခဲ့ပါတယ်။ ဒါပေမဲ့လည်း သိမ်းပြီး အနှစ် ၅ဝ မပြည့်ခင်မှာ ရခိုင်နဲ့ တနင်္သာရီက ဗြိတိသျှ အောက် ရောက်သွားပြီး အောက်မြန်မာပြည်ဖြစ်လာမယ့် ပဲခူးလည်း ဆက်အသိမ်းခံခဲ့ရပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ အနေနဲ့ အမျိုးသားနိုင်ငံ တည်ဆောက်မှုမှာ ထိုင်းလောက် ခိုင်မာတဲ့အဆင့်ကို မရောက်ခဲ့သလို တောင်ပေါ်က ရှမ်း၊ ကချင်၊ ချင်း နယ်မြေတွေကလည်း မြန်မာအုပ်ချုပ်ရေးနဲ့ အမြဲ နီးနီးစပ်စပ် မရှိခဲ့ကြဘဲ ၁၉၄၈ မှ ခေတ်သစ် နိုင်ငံပုံစံ ဝင်လာခဲ့တာ ဖြစ်ပါတယ်။
တစ်ဖက်မှာတော့ အနှစ် ငါးရာကျော် ပဒေသရာဇ်နယ်မြေထိစပ်မှုအရ ဧရာဝတီ-စစ်တောင်းမြစ်ဝှမ်းနိုင်ငံတွေနဲ့ ကျောက်ဖယားယဉ်ကျေးမှုတို့ ပိုမိုထိတွေ့ခဲ့ တဲ့အတွက် ထိုင်း၊ ရှမ်း၊ မြန်မာနဲ့ မွန်နိုင်ငံတွေ ကြားက ယဉ်ကျေးမှု နဲ့ စစ်ရေး၊ နိုင်ငံရေး ပတ်သက်မှုဟာ မြန်မာနဲ့ ကချင်၊ ချင်းနယ်မြေတွေကြား ပတ်သက်မှုထက် ပိုများပြီး လာအိုနဲ့ ခမာနယ်မြေတွေထိ ရောက်တဲ့ ယဉ်ကျေးမှုရပ်ဝန်းကြီးလို ဖြစ်နေခဲ့ပါတယ်။ အိန္ဒိယ အုပ်ချုပ်ရေးက မဏ္ဍလ ပုံစံ ဘုရင့် နေပြည်တော်ကနေ ကျေးလက်အစွန်အဖျားထိ အာဏာပြန့်သွားတဲ့ပုံစံကို ယူပြီး ဒီနိုင်ငံတွေကို မဏ္ဍလယဉ်ကျေးမှုနယ်မြေတွေလို့ သတ်မှတ် ကြသလို အိန္ဒိယယဉ်ကျေးမှု နယ်မြေတွေလို့လည်း ရည်ညွှန်းကြ ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Hiroyuki Ito
ရာမပြုမှု
ဘုရင့်နောင်ခေတ်ကစပြီး အယုဒ္ဓယနဲ့ ဇင်းမယ်၊ လင်းဇင်းနိုင်ငံတွေကို သိမ်းပိုက်ခဲ့ပြီး ဇင်းမယ်ဟာ မြန်မာအောက်မှာ အနှစ် နှစ်ရာလောက် ကျရောက်ခဲ့ပါ တယ်။ အယုဒ္ဓယကို အပြီးတိုင် ဖျက်ဆီးပြီး မင်းနဲ့ပြည်သူတွေကို ဖမ်းခေါ်လာတာကတော့ ကုန်းဘောင် ဆင်ဖြူရှင်ခေတ် ၁၇၆၇ မှာ ဖြစ်ပါတယ်။ ဒါကြောင့် အုံနဲ့ကျင်းနဲ့ ရလာတဲ့ ထိုင်းယဉ်ကျေးမှုတွေကို မြန်မာနန်းတွင်းကစပြီး ဆင့်ပွားရယူခဲ့ရာမှာ ရာမဇာတ်၊ ယိုးဒယားသီချင်းနဲ့ အကတွေက ထင်ရှားပါတယ်။ အယုဒ္ဓယပြည်သားတွေ ယူဆောင်လာတဲ့ ယဉ်ကျေးမှုတွေဖြစ်လို့ ယိုးဒယားလို့ ရည်ညွှန်းခေါ်ဆိုခဲ့ကြတာပါ။ ယွန်းသံခံ၊ ဂျွန်းသံခံတွေ ကတဆင့် ရာမ၊ အီနောင်၊ ကေသာသီရိ၊ သင်္ခပတ္တ စတဲ့ ဇာတ်ကြီးတွေကို ဘိုးတော်ဘုရားလက်ထက် ၁၇၈၉ ခန့်မှာ အမိန့်တော်နဲ့ ပြန်ဆိုစေခဲ့ပါတယ်။
ဖရံတင်၊ ခက်မွန်၊ ခမိန်၊ ထနောက်၊ ဖရင်းချား၊ ထပ်ကွန့်၊ ချွတ်ချံ၊ ငုငစ် ဆိုတဲ့ ထိုင်းသံ ရှစ်မျိုးနဲ့ စပ်တဲ့ ယိုးဒယားသီချင်းတွေဟာ သခင်မင်းမိ၊ မြဝတီ မင်းကြီး ဦးစ၊ ပြင်စည်မင်းသား စတဲ့ မြန်မာပညာရှင်တွေရဲ့ ပြုပြင်မှုအောက်မှာ ရွေတညာ၊ နှင်းယွန်းခါဟေမန်၊ တောတောင်စွယ်၊ တောမြိုင်ခြေလမ်း၊ ပန်းမြိုင်လယ်၊ ခိုင်ပန်းစုံ၊မှော်ရုံဟေဝန်၊ မှိုင်းမှုံပြာညို ဆိုတဲ့ မဟာဂီတဝင် မြန်မာသီချင်းကြီး သီချင်းခန့်တွေ ဖြစ်လာပါတယ်။ ဒီတေးကြီး ရှစ်ပုဒ်အပြင် လွမ်းပိုအောင် (ချူခြား)၊ ဆန်းနွေဦး (ကပီ)၊ စိန်ခြယ်ညီးလင်း (အလေ့မေ့)၊ ဝေဇယန္တာ (မဟိုရ်သီ) ဆိုတဲ့ တေးတွေနဲ့ပါတွဲပြီး ယိုးဒယား ၁၂ ခန်း လို့ ခေါ်တွင်ခဲ့ကြပါတယ်။ ဒီယိုးဒယားတေးတွေကို ထိုင်းမြန်မာမိတ်ဆက်အဖွဲ့တွေ ဘန်ကောက်ရောက်စဉ်က ဆိုတီးပြခဲ့ပေမယ့် ထိုင်းမိတ်ဆွေတွေက ဘယ်တေးကိုမှီးမှန်း သေချာ မပြောနိုင်ဘဲ ဆင်တော့ဆင်တယ်လို့ ပြောတာသာ ကြုံခဲ့ကြောင်း သံတော်ဆင့် ဦးသိမ်းမောင်က ကိုယ်တွေ့ယိုးဒယား စာအုပ်မှာ ရေးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Roger Viollet Collection
ဒီတေးတွေနဲ့ လိုက်ဖက်တဲ့ ငြိမ့်ညောင်းငြင်သာစွာ ကရတဲ့ ယိုးဒယားအကတွေလည်း ဖန်တီးခဲ့ကြပါတယ်။ ဒါကြောင့် ကန်တော့ခန်း၊ သားပိုက်၊ အဝေးမျှော်၊ အနီးမျှော်၊ ကျောက်ကောက်၊ သမင်လိုက်၊ ဖျင်းချင်၊ ကိန္နရာ လည်ပြန်၊ ကပီ၊ ဆံသိမ်း၊ ချွတ်၊ မှန်တော်ရှု၊ ပန်းစိုက်၊ ဘောင်းတော်ပြင် ဆိုပြီး တပင်တိုင်အကတွေ ပေါ်ထွန်းခဲ့ပါတယ်။ ဒီအကတွေဟာ ထိုင်းကပါလာတဲ့ နန်းတွင်းသဘင်သည်တွေကနေ ဆင်းသက် လာခဲ့ပြီး သီပေါမင်း ပါတော်မူပြီးမှ အရပ်သူအရပ်သားတွေ ကြည့်ရှုခွင့်ရခဲ့တဲ့ အနုပညာတွေ ဖြစ်ပါတယ်။ ဗြိတိသျှခေတ်မှာ အီနောင်ဇာတ်အဖွဲ့ကြီး တိမ်ကောသွားပေမယ့် ရာမ ဇာတ်တော်သားတွေကတော့ ဖျာပုံ၊ ရေကျော် စတဲ့ အရပ်တွေမှာ အရပ်သဘင်အဖွဲ့တွေအဖြစ် ကနေ့ထက်ထိ ကျန်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, PORNCHAI KITTIWONGSAKUL
မြန်မာဆန်တဲ့ ဇင်းမယ်
ဇင်းမယ်ခေါ် ချင်းမိုင်ဒေသဟာ ဘုရင့်နောင်ခေတ်ကနေ ဘိုးတော်ဘုရားခေတ်ထိ အနှစ် နှစ်ရာကျော် မြန်မာအောက် ကျရောက်ခဲ့တဲ့ ဒေသဖြစ်တဲ့အပြင် ကိုလိုနီခေတ်မှာလည်း မြန်မာပြည်က သစ်လုပ်ကိုင်သူတွေ ဇင်းမယ် မှာ လာအခြေချနေထိုင်ကြတဲ့အတွက်လည်း မြန်မာ့ အငွေ့အသက်တွေ ဇင်းမယ်မှာ များပါတယ်။ ဘုရားကျောင်းကန်တွေနဲ့ ဆင်ယင် ထုံးဖွဲ့မှု၊ အစားအသောက်ဓလေ့တွေမှာ မြန်မာပုံစံတွေ တွေ့ရသလို အက္ခရာစာလုံးမှာ လည်း ဂုံ၊ လူး စတဲ့ အနီးဝန်းကျင်က ရှမ်းဘာသာစကားတွေလိုပဲ မွန်မြန်မာအက္ခရာတွေနဲ့ဆင်တဲ့ ယွန်းအက္ခရာကို သုံးပါတယ်။ တကယ်က ဒီနယ်မြေတွေမှာ အုပ်စိုးတဲ့ ပဒေသရာဇ်ခေါင်းဆောင်တွေဟာ ဆွေမျိုးတွေ ဖြစ်ကြပြီး ၂ဝ ရာစုထဲထိ သားပေး သမီးယူတွေ ရှိခဲ့ပါတယ်။ စစ်ကောင်စီ အကြံပေး ဒေါက်တာ ရင်ရင်နွယ် ရဲ့ အရီးတော် ကျိုင်းတုံမင်းသမီး ဆုကန်သာဟာလည်း နောက်ဆုံး ဇင်းမယ်ဘုရင်ရဲ့သားတော် နဲ့ ၁၉၃၂ မှာ လက်ထပ်ပြီး ဇင်းမယ်မှာ ၂ဝဝ၃ ကမှ နတ်ရွာစံခဲ့ပါတယ်။
ဇင်းမယ်ပဏ္ဏာသကျမ်းလာ သုဓနုမနော်ဟရီဇာတ်ကို နဝဒေးကြီးက မနော်ဟရီပျို့၊ ညောင်ရမ်းခေတ် ဝန်ကြီးပဒေသရာဇာက သူဇာပျို့ ဆိုပြီး ရေးဖွဲ့ ကြောင်း ဦးဖေမောင်တင်က ယိုးဒယားမှရရှိသောယဉ်ကျေးမှုများ စာတမ်းမှာ ဖော်ပြပါတယ်။ တခါ ဇင်းမယ်က ရဟန်းတော်တပါး စီရင်တဲ့ ကျမ်းတစောင်ကနေ ဂြိုဟ်ကြီးကိုးလုံး ပူဇော်မှုနဲ့ ဘုရားကိုးဆူကပ်တဲ့ဓလေ့တွေ မြန်မာပြည်ဘက် ရောက်လာတယ်လို့လည်း သိရပါတယ်။
နောက် ဇင်းမယ်နန်းတွင်းသူတွေဟာ ဘန်ကောက်နဲ့မတူဘဲ မြန်မာပုံစံ ထဘီဝတ်ကာ ခါးတောင်းမကျိုက်ဘဲ နေကြောင်း ဆရာဝန်တင်မောင်ကြည် (မန္တလေး)က ရေးပါတယ်။ ထိုင်းဘုရင် ချူလာလောင်ကွန်ရဲ့ ဇင်းမယ်မိဘုရား ဒါရသမီဟာ ဘန်ကောက်နန်းတွင်းမှာ ဇင်းမယ်ပုံအတိုင်း ဝတ်စား ဆင်ယင်တဲ့အတွက် သူ့ကို နိုင်ငံခြားသူလို သဘောထားကြတယ်လို့လည်း ဆီရင်ညာရဲ့ ထိုင်းလင်းဝက်ဆိုက်က ဖော်ပြပါတယ်။ ဘန်ကောက်သူလို ဆံတို မဖြတ်ဘဲ ဆံရှည် ထားတဲ့ ဒါရသမီဟာ ဖက်ဆင့်ခေါ် လုံချည်ဝတ်ပါတယ်။ ဒီလုံချည်ဟာ ထိုင်းမြောက်ပိုင်းနဲ့ လာအိုသူတွေရဲ့ ရိုးရာဝတ်စုံဖြစ်ပြီး ကမ္ဘောဒီးယားသူတွေလည်း ဝတ်ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Otto Stadler
ပုဂံ၊ ကျောက်ကာ၊ ကျိုင်းတုံစတဲ့ ဒေသတွေမှာ ထွန်းကား တဲ့ မြန်မာယွန်းပညာဟာလည်း ဇင်းမယ်က ယွန်းရှမ်းတွေရဲ့ ပညာဖြစ်ပြီး ဘုရင့်နောင်ခေတ် ဟံသာဝတီကို ခေါ်လာတဲ့ လက်မှုပညာသည်တွေကနေ ပြန့်ပွားကြောင်း မြန်မာ့စွယ်စုံကျမ်းမှာ ပါရှိပါတယ်။ ဇင်းမယ်နားက လကွန်းခေါ် လမ်ပန်းမှာ မြန်မာပုံစံ ငှက်ကြီးတောင်ဓားတွေ ခုထိ ထုတ်သေးသလို ဓားလို့ပဲ ခေါ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Casper1774Studio
ခနုံနဲ့ မုန့်လက်ဆောင်းဗေဒ
မြန်မာပြည်ကို ခေါ်ဆောင်လာတဲ့ ထိုင်းအဆက်အနွယ်တွေက ပေါက်ဖွားလာတဲ့ ရိုးရာအစားအသောက်၊ ဓလေ့စရိုက်တွေ မြန်မာမှုထဲ စီးဝင်လာခဲ့ပါတယ်။ ဒီထဲမှာ မန္တလေးမုန့်တီ၊ ဆနွင်းမကင်း၊ မုန့်လက်ဆောင်းနန်းကထိ၊ ခဲလန်ချောင်းခေါ် ကောက်ညှင်းကျည်တောက်မုန့်တွေ ထင်ရှားသလို ခနုံအီ ခနုံထုပ်ဆိုတဲ့ နန်းတွင်းမုန့်တွေလည်း ရှိပါတယ်။ ခနုံဟာ ထိုင်းလို မုန့်ကို ခေါ်တာ ဖြစ်ပြီး မတ္တရာနယ်မှာရှိတဲ့ ခနွမ်းခပုတ်မုန့်ကတော့ ရှမ်းခေါပုတ်လို မုန့်ဖြစ်နိုင်ကြောင်း ဒေါက်တာ တင်မောင်ကြည်က မြန်မာပြည်ရောက် ယိုးဒယားအနွယ်လာများ စာအုပ်မှာ ရေးပါတယ်။ ထိုင်းအဆက်တွေများတဲ့ မန္တလေးဘက်မှာတော့ ငါးခြူခြီခေါ် ငါးနဲ့ ငရုပ်သီး ကြော်တဲ့ ထိုင်းဟင်းလျာလည်း ရှိနေပါတယ်။ ငပိနဲ့ ကပိ၊ ငန်ပြာရည်နဲ့ နမ့်ပလာ စတဲ့ အခေါ်အဝေါ် နီးစပ်တဲ့ အစားအသောက် နာမည်တွေလည်း နှစ်ဘက်လုံးမှာ ရှိပြီး ဒူးရင်း၊ မင်းကွတ်၊ စုံပဒတ် စတဲ့ အသီးအမည်တွေကတော့ မလေးကနေ ဆင်းသက် လာပြီး ဒီနှစ်နိုင်ငံလုံးမှာ ခေါ်နေကြတာ ဖြစ်ပါတယ်။
မြန်မာဘက်ကို ထိုင်းစာတွေ ရောက်သလို ထိုင်းဘက်မှာလည်း မြန်မာစာတွေ ကျန်ခဲ့ပါတယ်။ ဇင်းမယ်ရဲ့ နာမည်ကြီးဟင်းလျာဖြစ်တဲ့ ဟန်းလေးဟာ မော်လမြိုင်ဘက်က ဝက်သားဟင်းလေးပုံစံနဲ့ တူသလို ကရင်၊ ရှမ်းစတဲ့ မျိုးနွယ်စုတွေရဲ့ လက်ပံပွင့်၊ ပဲပုပ်၊ ခရမ်းချဉ်သီး စတဲ့ ဒေသထွက်တွေနဲ့ ချက်တဲ့ ခေါက်ဆွဲဟင်းလျာ တွေလည်း ဇင်းမယ်မှာ ခေတ်စားပါတယ်။ ခေါက်ဆွဲဆိုတဲ့ စကားလုံးကိုယ်တိုင်က ထိုင်းရှမ်းဘာသာက ယူထားတာ ဖြစ်ပါတယ်။ မြန်မာမှာ အုန်းနို့ ခေါက်ဆွဲလို့ သိကြတဲ့ ဇင်းမယ်ခေါက်ဆွိုင် ကတော့ ယူနန်က ပန်းသေးလူမျိုးတို့ရဲ့ အစားအစာက လာတယ်လို့ ဆိုပါတယ်။ အုန်းနို့ ခေါက်ဆွဲကို ကြက်သား၊ ဂဏန်း စတဲ့သားငါးတွေနဲ့သာ ချက်ကြပေမယ့် ခေါက်ဆွိုင်ကိုတော့ အမဲသား၊ ဝက်သား၊ ဝက်သွေး စတဲ့ အမယ်တွေနဲ့ ချက်ပြုတ် ပါတယ်။ လာအို၊ ရှမ်းနဲ့ ဇင်းမယ်ပုံစံ ခေါက်ဆွိုင်မူကွဲတွေ ရှိသလို ဒီခေါက်ဆွဲကို မလေးဘက် မှာတော့ လက်ဆာဆိုတဲ့ ပုံစံတမျိုးနဲ့ လူသိ များပါတယ်။
ထိုင်းကို မြန်မာလုပ်သား သန်းနဲ့ချီသွားနေကြတဲ့ခေတ်မှာတော့ ထိုင်းပုံစံ အထောင်းသုပ်တွေနဲ့ ဟင်းလျာ မျိုးစုံ၊ ပတ်ထိုင်းနဲ့ ကွေ့တီယိုစတဲ့ ခေါက်ဆွဲ အကြော်အပြုတ်တွေကို မြန်မာတွေ ယဉ်ပါးနေကြပြီ ဖြစ်ပါတယ်။ ထိုင်းမှာ ခနုံကျင်လို့သိကြတဲ့ မုန့်ဟင်းခါးကတော့ ဗီယက်နမ်ကနေ မြန်မာ၊ မလေးရှား ထိ အရှေ့တောင် အာရှ တလွှားမှာ လူကြိုက်များတဲ့ ငါးခေါက်ဆွဲပြုတ်အမျိုးအစားတွေထဲမှာ ပါတယ်လို့ ဒေါက်တာမြင့်မြင့်ခင်က ရေးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Harry Laub
လည်တံရှည်ဘုရားနဲ့ ရာမနတ်စင်
ရှမ်းပြည်တောင်ပိုင်းမှာ ယွန်းရှမ်းလို့ ခေါ်တဲ့ ဇင်းမယ်ရှမ်းတွေတည်တယ်ဆိုတဲ့ ဘုရားစေတီစုတွေ ရှိပြီး လည်တံရှည်နဲ့ ရှမ်းပုံစံ စေတီတွေ ဖြစ်ကြပါတယ်။ ဇင်းမယ်နဲ့ အာဏာပြိုင်ဘက်၊ သွေးလည်းမကင်းတဲ့ ကျိုင်းတုံ၊ စစ်ဆောင်ပန္နား စတဲ့ နယ်တွေမှာ ရှိတဲ့ ဘုရားစေတီတွေဟာလည်း ဇင်းမယ်အငွေ့အသက် တွေ များပါတယ်။ ထိုင်းမြောက်ပိုင်းမှာ မြန်မာနဲ့ ရှမ်း၊ ပအိုဝ်း၊ ကရင် စတဲ့ တောင်ပေါ်သားတွေ ဆောက်လှူတဲ့ ကျောင်းကန်ဘုရားတွေ အများအပြား ရှိပြီး ဇင်းမယ်၊ လကွန်း၊ လဖုန်းနဲ့ အနန်း၊ မယ်ဟောင်ဆောင် စတဲ့ နယ်တွေမှာ အနှံ့အပြား တွေ့ရပါတယ်။ ထိုင်းနဲ့ မြန်မာ ကျောင်းကန်နဲ့ နန်းတော် အဆောက်အဦတွေပုံစံဆင်သလို ပြာသာဒ်အမိုးပုံစံ ခြားနားတာလည်း ရှိပါတယ်။
မြန်မာပြည်ဘက်ကို ခေါ်လာတဲ့ ထိုင်းတွေရဲ့ ယိုးဒယားပန်းကနုတ် ပန်းချီဆေးရေးခြယ်မှုပုံစံကို စစ်ကိုင်းက သိမ်တော်ကြီးမှာ တွေ့နိုင်သလို ချင်းတွင်းမြစ် အနောက်ဘက်က ထိုင်းအနွယ်တွေရဲ့ ကျေးရွာတွေမှာလည်း ခုထိ ကျန်ရစ်ခဲ့ပါတယ်။ သဲပုံစေတီကို တနှစ်ပတ်လုံးတည်ထားတဲ့ ဓလေ့ကိုတော့ မန္တလေး ရွှေတချောင်း နံဘေးက ထိုင်းတွေ နေခဲ့တဲ့ မင်းသားစု၊ ရဟိုင်းစျေး၊ မုန့်တီစု စတဲ့ ရပ်ကွက်တွေမှာ တွေ့နိုင်ပါတယ်။ အင်းဝ၊ အမရပူရနဲ့ မန္တလေး မြို့တော်ဟောင်း သုံးခုလုံးမှာ ထိုင်းတွေ ကိုးကွယ်တဲ့ ရာမနတ်စင်တွေ ရှိသလို ရှမ်းစျေး၊ ယိုးဒယားစျေးဆိုတဲ့ နာမည်တွေ ခုထိ ကျန်ရှိတယ်လို့လည်း ဆရာဝန် တင်မောင်ကြည်က ရေးပါတယ်။
ရွှေဆိုင်းခေါ် ရွှေမျက်ပါးခတ်တဲ့အတတ်ပညာကလည်း ထိုင်းသုံ့ပန်းတွေနဲ့ ပါလာတာ ဖြစ်ပြီး ပညာ စတင်ဖြန့်ဖြူးပေးခဲ့တဲ့ ရှမ်းဆရာ ဆရာမွန်နတ်ကို ရွှေမျက်ပါးသမားတွေ ခုထိကိုးကွယ်ဆဲ ဖြစ်ပါတယ်။ ၃၇ မင်းနတ်စာရင်းမှာလည်း ယွန်းဘုရင်နတ်ဆိုပြီး သီးခြားထိုင်းနတ် ရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Fairfax Media Archives
ဆိုင်မော၊ ပိုင်တံခွန်နဲ့ မိုင်းဖုန်းဆရာတော်
၁၉၅ဝ ကျော် ဟောင်ကောင်နဲ့ တိုင်ဝမ်ဘက်ကနေ ဂျပန်ခေတ်ပေါ်တေးပုံစံ တေးသီချင်းတွေ ထိုင်း၊ ဗီယက်နမ်၊ ကမ္ဘောဒီးယားနိုင်ငံတွေကို ပြန့်နှံလာပါ တယ်။ ၁၉၆၂ နောက်ပိုင်းမှာ ခေတ်ပေါ်ဂီတကို ထိန်းချုပ်ခံလာရတဲ့ မြန်မာပြည်မှာ အနောက်တိုင်းသံစဉ်ကို လမ်းသရဲသီချင်းလို့ နှာခေါင်းရှုတ်ခံရချိန် ဖြစ်ပါတယ်။ ထိုင်းနဲ့ နယ်မြေချင်းစပ်နေတဲ့ ရှမ်းကုန်းမြင့်မှာလည်း ၁၉၇ဝ နောက်ပိုင်း ထိုင်းပုံစံ ပေါ့ဂီတလှိုင်း ဝင်လာပြီး ရှမ်းနဲ့ ပအိုဝ်းတေးတွေကို ပြောင်းလဲခဲ့ပါတယ်။
ဒီပုံစံတေးတွေကို ပအိုဝ်းအဆိုတော် ခွန်ပေါရန်းနဲ့ ရှမ်းအဆိုတော် စိုင်းဆိုင်မောတို့ ဆိုကြသလို နောက်ပိုင်း စိုင်းထီးဆိုင်ခေတ်မှာလည်း မြန်မာပြည်ဘက်ထိ ဒီတေးတွေ ခေတ်စားခဲ့ပါတယ်။ စိုင်းဆိုင်မောရဲ့ ပထမဆုံး သီချင်းခွေတွေကို အက်စ်အက်စ်အေ အရှေ့ပိုင်းတပ်မှာထမ်းဆောင်စဉ် ဇင်းမယ်မြို့မှာ အသံ သွင်းခဲ့တာလို့ ဇင်းမယ်တက္ကသိုလ် လူမှုရေးသိပ္ပံနဲ့ ဖွံ့ဖြိုးရေးဌာန တွဲဖက်ပါမောက္ခ အမ်ပွန်ဂျီရက်တီကွန်က ရှမ်းသံနဲ့ မြန်မာတေးများ စာတမ်းမှာ ရေးပါတယ်။

ဓာတ်ပုံ ရင်းမြစ်, STR
၂၁ ရာစု ဂလိုဘယ်ခေတ်မှာတော့ ထိုင်းမြန်မာယဉ်ကျေးမှု စီးဆင်းမှု ပိုမြန်လာပြီး ထိုင်းရုပ်သံဇာတ်လမ်းတွဲတွေကို မြန်မာတွေ နှစ်သက်လာကြပါတယ်။ မြန်မာမင်းသား ပိုင်တံခွန်ကတော့ ထိုင်းအထိသွားပြီး ရုပ်သံနဲ့ ကြော်ငြာတွေ ရိုက်ကူးခဲ့ပါတယ်။
ထိုင်းက ဖွင့်တဲ့ ချဲထီ၊ ချိုင်းထီဆိုတာတွေကို မြန်မာပြည်ဘက်မှာ တောရောမြို့ပါ စွဲခဲ့ကြသလို ဒုက္ခရောက်သူတွေလည်း များခဲ့ပါတယ်။
သာသနာရေးဘက်မှာတော့ မိုင်းဖုန်းဆရာတော်ကို ထိုင်းရော မြန်မာဘက်မှာပါ ကိုးကွယ်သူ များပါတယ်။ ဘိုးတော်ဘုရားခေတ်က ပြည်မကနေ နှိပ်ကွပ် လိုက်တဲ့ ဇောတိဂိုဏ်း ဟာလည်း ရှမ်းနဲ့ ထိုင်းဘက်မှာ မြင်းစီး ဒေါက်ချာဆောင်းတဲ့ ဘုန်းကြီးတွေ အဖြစ် ကနေ့ထိ ကိုးကွယ်နေကြဆဲ ဖြစ်သလို ထိုင်းဘုရင်တွေ ကိုးကွယ်တဲ့ ဓမ္မယုတ်ဂိုဏ်းအဆက် မဟာရင်ဂိုဏ်းကိုလည်း သံဃာ့ဂိုဏ်းကြီးကိုးဂိုဏ်းဝင်အဖြစ် လမ်းစဉ်ပါတီခေတ်က အသိအမှတ်ပြု ခဲ့တာကို တွေ့ရပါတယ်။
ဒီနှစ်နိုင်ငံလုံးမှာ ပြန့်နှံ့နေတဲ့ ယဉ်ကျေးမှု၊ ကိုးကွယ်ယုံကြည်မှုနဲ့ ဓလေ့စရိုက်တွေ များတဲ့အတွက် ဘယ်ဟာဘယ်ကစတယ်ဆိုတာ ပြောရခက်တဲ့ နိုင်ငံတွေ ဖြစ်ပါတယ်။ ထိုင်းနဲ့မြန်မာဟာ အသွင် သိပ်မတူတဲ့ အမြွှာတွေ လို့လည်း ကွယ်လွန်သူ သံအမတ်ကြီး ဦးသက်ထွန်းက မှတ်ချက်ချဖူးပါတယ်။

ဓာတ်ပုံ ရင်းမြစ်, CHRISTOPHE ARCHAMBAULT








