မြန်မာဘုရင်တွေဘိသိက်ခံရင် ကျိန်စာတိုက်တာ ဘာကြောင့်လဲ

ဓာတ်ပုံ ရင်းမြစ်, Reuters
- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
ဘိသိက်ခံ အခမ်းအနားတွေကို ကမ္ဘာပေါ်က ဘုရင်စနစ်ကျင့်သုံးတဲ့ နိုင်ငံတွေမှာ လုပ်လေ့ရှိပြီး သမ္မတနိုင်ငံတွေက ကျမ်းသစ္စာကျိန်ဆိုပွဲတွေထက် ပိုပြီး ခမ်းနားတတ်ပါတယ်။
ဘိသိက်ပွဲတွေကို ခမ်းနားအောင် စီမံကြပေမယ့် အနှစ်ချုပ်ကတော့ ဘုရင်နဲ့ တိုင်းပြည်အကြား ကတိသစ္စာပြုတာ ဖြစ်ပါတယ်။
မင်းသမီး၊ သူကြွယ်နဲ့ ပုဏ္ဏား အမျိုးသုံးပါးက ကိုယ်စားလှယ် ရှစ်ယောက်စီ ညှိနှိုင်းပြီး အခွန်အတုပ်အဖြစ် ဘုရင်ကို ဆယ်ပုံတပုံပေးတဲ့အကြောင်း၊ အပြန်အလှန်စောင့်ရှောက်ကြည့်ရှုမယ့်အကြောင်း သစ္စာပြုကြတာ ဖြစ်ပါတယ်။
ဒါကြောင့် မြန်မာပြည်က ဘိသိက်ပွဲတွေမှာ မင်းကျင့်တရားနဲ့အညီ အုပ်ချုပ်ဖို့ မင်းသမီးတွေ၊ ပုဏ္ဏားဟူးရားတွေနဲ့ သူဌေးသူကြွယ်တွေက တိုင်တည်ပေးပြီး ဘုရင်က အဓိဋ္ဌာန်ပြုရကြောင်း စွယ်စုံကျမ်းက ဖော်ပြပါတယ်။
ဒီကတိတွေကို မလိုက်နာရင် ကြုံရမယ့်ဘေးဆိုးတွေနဲ့လည်း ဘုရင်ကို ခြိမ်းခြောက်ပါတယ်။
စုန်းဖုတ်တစ္ဆေ နန်းထက်နေ၍ မွှေမွှေခြောက်လန့် မြွေဟောက်ငန်းကျား တက်၍စားသည် ဖြစ်စေသော စသဖြင့် ဘုရင်ကို ကျိန်စာတိုက်ကြတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Thein Maung
ဒီလိုဘိသိက်ခံရာမှာ ဘိသိက်အမျိုးအစားတွေ ကွဲပြားပါတယ်။
ခတ္တိယဘိသိက်၊ ရာဇဘိသိက်ကနေ ဥပရာဇာဘိသိက်၊ မဟေသီဘိသိက်စတဲ့ ဘိသိက် ၁၃ မျိုး ရှိတယ်လို့ ဦးမောင်မောင်တင်ရဲ့ ရွှေနန်းသုံးဝေါဟာရအဘိဓာန် မှာ ပါရှိပါတယ်။
မြန်မာမင်းအုပ်ချုပ်ပုံစာတမ်းအရ ဘိသိက် ၁၄ မျိုးရှိတယ်လို့လည်း စွယ်စုံကျမ်းက ဆိုပါတယ်။ ဒီထဲမှာ မင်းမြှောက်ရန် ဦးထိပ်၌သွန်းရသော မုဒ္ဓါဘိသိက်က အရေးကြီးဆုံးလို့လည်း သိရပါတယ်။
ဘုရင်တပါးဟာ ဘိသိက်မခံခဲ့ရင် သူ့ကို ဘုရင်အဖြစ် စာရင်းသွင်းလို့မရကြောင်းလည်း ပါရှိပါတယ်။
သီရိလင်္ကာမှာ ဘိသိက်မခံဘဲ အုပ်ချုပ်တဲ့ မင်းတွေကို မဟာဝင်စာအုပ်မှာ ထည့်သွင်းမဖော်ပြဘဲ မင်းသုဉ်းတယ်လို့ပဲ ရေးလေ့ရှိပါတယ်။
ဘိသိက်မခံတဲ့ဘုရင်ဟာ ဘုန်းတန်ခိုးမရှိဘူးလို့ ယုံကြည်ကြသလို ဘိသိက်မခံရင် သာသနာကို မပြုစုနိုင်ဘူး၊ သိမ်မြေအမိန့်ပေးပိုင်ခွင့်၊ လွှတ်တက်ပြီးတရားစီရင်နိုင်ခွင့်၊ ပြည်သူ့လုပ်ခွန်ကို တောင်းယူနိုင်ခွင့် တွေလည်း မရှိဘူးလို့ မှတ်ယူကြပါတယ်။
မင်းမျိုးမစစ်ရင် ဘိသိက်မခံနိုင်ဘူးဆိုပေမယ့် မင်းမျိုးမဟုတ်ဘဲ ဘိသိက်ခံတာတွေ ရှိခဲ့ပါတယ်။
ဘိသိက်ခံမှ နိုင်ငံသာယာမယ်လို့ အယူအစွဲရှိလို့ ဘုရင်တိုင်း ဘိသိက်ခံနိုင်ဖို့ ကြိုးစားကြရပါတယ်။ တချို့ဘုရင်တွေဆိုရင် ဘိသိက်နှစ်ခါခံတာတောင် ရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Hulton Deutsch
မြန်မာပြည်မှာ နောက်ဆုံးတွေ့ရတဲ့ ဘိသိက်ပွဲတွေကတော့ နောက်ဆုံးဘုရင် သီပေါမင်းအပြင် ဂျပန်ခေတ် အဓိပတိ ဒေါက်တာဘမော်နဲ့ လွတ်လပ်ပြီးနောက် ပထမဆုံး ယာယီသမ္မတ ဖြစ်တဲ့ စဝ်ရွှေသိုက် တို့ရဲ့ ကျမ်းကျိန်ပွဲတွေ ဖြစ်ကြပါတယ်။
ဂျပန်ခေတ် အတိုင်ပင်ခံလွှတ်တော်အမတ် သခင်ကိုယ်တော်မှိုင်းက ဒေါက်တာဘမော်ကို ဗမာနိုင်ငံတော် အဓိပတိအရှင်မင်းကြီး အစချီတဲ့ ဘိသိက်စာတမ်းနဲ့ ဖတ်ကြား ဘိသိက်သွန်းနေတဲ့ပုံရိပ်တွေကို အဲဒီခေတ်က ရိုက်ကူးတဲ့ မော်ကွန်းရုပ်ရှင်တွေမှာ တွေ့ရပါတယ်။
အရှင်မင်းကြီးသည် ဂုဏ်တော်များကို နှလုံးသွင်း၍ ဗုဒ္ဓမြတ်စွာသာသနာကို နေရောင်လရောင်ကဲ့သို့ ထွန်းပြောင်တောက်ပအောင် ရှေးရှေးသော သာသနာပြုမင်းကောင်းမင်းမြတ်တို့ကဲ့သို့ ပြုစုတော်မူ ပါလော့ ဆိုပြီး သခင်ကိုယ်တော်မှိုင်းက ဖတ်ကြားပြောဆိုပြီးနောက် နိုင်ငံတော်သူ နိုင်ငံတော်သားတို့ လိုလားတောင့်တချက်များ ပြည့်ဝအောင် နိုင်ငံတော်ကို အုပ်ချုပ်မည်ဟု လူသိနတ်ကြား သစ္စာမူပါသည် ဆိုပြီး ဒေါက်တာ ဘမော်က ပြန်လည်သစ္စာတိုင်တာ ကိုလည်း တွေ့ရပါတယ်။
လွတ်လပ်ရေး ရတဲ့နေ့ကလည်း သမ္မတကို ပုဏ္ဏားတယောက်က ခရုသင်းနဲ့ ဘိသိက်သွန်းတာ လုပ်ခဲ့ပါတယ်။ မြန်မာထုံးစံအတိုင်း ပုဏ္ဏားတော်တွေကို မန္တလေးက ပင့်ဖိတ်ပြီး ဘိသိက်သွန်းတာပါ။
ဒေါက်တာဘဦးကစပြီး နောက်တက်တဲ့ သမ္မတတွေခေတ်မှာတော့ ဒီလိုဘိသိက်မသွန်းတော့ဘဲ ကျမ်းကျိန်တာတွေသာ ရှိပါတယ်။

ဓာတ်ပုံ ရင်းမြစ်, LILLIAN SUWANRUMPHA
ဘိသိက်အစီအရင်
ဘိသိက်ပွဲအတွက် ဘိသိက်နန်းဆောက်ရပြီး ရတနာသဖန်းပျဉ်ပေါ်မှာ ဘုရင်ကို ဘိသိက်သွန်းရတာပါ။
မြစ်မင်းငါးသွယ်က ရေကြည်၊ ငွေသင်္ခါ ခရုသင်းနဲ့ မင်းမြတ်ထိပ်ဆီ ဘိသိက်သွန်းမည်ဆိုတဲ့ မေရှင်ရဲ့ ရွှေနန်းတက်ပွဲ သီချင်းထဲကအတိုင်း ရေကြည်ရေသန့်တွေနဲ့ ဘိသိက်သွန်းတာကလည်း ဟိန္ဒူယဉ်ကျေးမှု လွှမ်းမိုးတဲ့ အာရှတောင်ပိုင်းနိုင်ငံတွေမှာ တွေ့ရတဲ့ ထုံးဓလေ့ ဖြစ်ပါတယ်။
ဘိသိက်ခံတဲ့ ထုံးစံတွေမှာ ဗုဒ္ဓဘာသာနဲ့ ဟိန္ဒူအယူအဆတွေ ရောပြွမ်းနေတာမို့ ရတနာသုံးပါးကို ရှိခိုးတာအပြင် ဟိန္ဒူနတ်တွေကို ပူဇော်တာလည်း ပါပါတယ်။ သံဃာတော်တွေနဲ့ ပုဏ္ဏားတော်တွေလည်း ဒီအခမ်းအနားမှာ ပါဝင်ရပါတယ်။
ဘုရင်နဲ့မိဘုရား ဗြဟ္မာတန်ဆာ နတ်တန်ဆာတွေ ဆင်ပြီး ထမ်းစင်နဲ့ နန်းတော်က ထွက်လာပြီး မင်္ဂလာမဏ္ဍပ်အရောက်မှာ သံဃာတော်တွေက ပရိတ်တရားတော်တွေ ရွတ်ဆိုချီးမြှင့်ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters
အဲဒီနောက် မောရသနမဏ္ဍပ်မှာ ဘုရင်က ရေချိုးပြီး ဂဇာသနမဏ္ဍပ်မှာ ခေါင်းဆေးရပါတယ်။ နောက် သီဟာသနမဏ္ဍပ်မှာ ဘုရင်နဲ့မိဘုရားကို ရတနာသဖန်းပျဉ်ထက်မှာ ဘိသိက်သွန်းလောင်း ကြရပါတယ်။
ပထမဆုံး မင်းသမီးရှစ်ပါးက နဝရတ်ခရုသင်းမှာ ဂင်္ဂါငါးရပ်က ရေကိုထည့်ပြီး ဘုရင့်ခေါင်းထက်မှာ ရိုသေစွာ သွန်းလောင်းပြီး ဘိသိက်စသွန်းကြပါတယ်။
နောက် ပုဏ္ဏားနဲ့ သူဌေးတွေ သွန်းလောင်းရပါတယ်။ ဘုရင်က ကတိသစ္စာမတည်ရင် ခေါင်းခုနစ်စိတ်ကွဲပါစေလို့ အဓိပ္ပာယ်ရတဲ့ ဂါထာကိုလည်း ရွတ်ကြပါတယ်။
ဘုရင်က ကတိသစ္စာပြန်ပြုပြီးမှ ဘိသိက်အခမ်းအနားပြီးမြောက်တာပါ။
ပြီးတဲ့အခါမှာ ဘုရင်ကို ဘုန်းကြီးသက်ရှည်စေဖို့နဲ့ ဆင်ဖြူတော် ဆိုက်ရောက်စေဖို့ ရွှေပေါက်ပေါက်တွေကြဲပြီး ဝိုင်းဝန်းဆုတောင်းကြပါတယ်။
မိဘုရားကြီးကိုတော့ မင်းသမီးတွေက ဘိသိက်သွန်းပေးကြပါတယ်။
အခမ်းအနားအပြီးမှာ ဘုရင်နဲ့မိဘုရား မုနောလင်ပန်းနဲ့ စားတော်ခေါ်ပြီး ပလ္လင်ထက်မှာ သဘင်ခံပါတယ်။
မှူးကြီးမတ်ကြီးတွေနဲ့ ဆွေတော်မျိုးတော်တွေကို ဘွဲ့တွေပေးတာ မြှောက်စားချီးမြှင့်တာ၊ သံဃာတွေနဲ့ ဘုရားပုထိုးတွေကို လှူတာတွေလည်း လုပ်ရပါတယ်။
မြန်မာပြည်ရဲ့ မင်းမြှောက်တန်ဆာငါးပါးမှာ ထီးဖြူ၊ မကိုဋ်၊ သန်လျက်၊ သားမြီးယပ်နဲ့ ခြေနင်းတို့ ပါပြီး ထိုင်းမှာတော့ ထီးဖြူအစား ကျိုင်းကို ထည့်သွင်းထားပါတယ်။
ဒီအခမ်းအနားတွေဟာ အရှေ့တောင်အာရှနဲ့ တောင်အာရှနိုင်ငံတွေမှာ ခပ်ဆင်ဆင်တွေ့ရတဲ့ ဘိသိက်ခံဓလေ့တွေ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, RUNGROJ YONGRIT
ဘိသိက်ခံတာကို နန်းတက်ပွဲအပြင် လက်ထပ်တဲ့ အခမ်းအနားတွေမှာလည်း လုပ်လေ့ရှိပါတယ်။ အထူးသဖြင့် မြန်မာမင်းမျိုးတွေရဲ့ လက်ထပ်ပွဲတွေကို သလွန်ပေါ်မှာ ပုဏ္ဏားတွေက ဘိသိက် သွန်းလောင်းပြီး ဘိသိက်ရေ၊ ဘိသိက်ပန်းတွေနဲ့ ဆင်နွှဲလေ့ရှိပါတယ်။
နောက် ရှင်ပြုပွဲတွေမှာလည်း ဘိသိက်ဆရာနဲ့ ဘိသိက်သွန်းကြတဲ့ဓလေ့ရှိပါတယ်။
နန်းတွင်းက ကန်တော့ခံအခမ်းအနားတွေမှာလည်း ပုဏ္ဏားတွေက ဘိသိက်တော်ဆက်ရပါတယ်။ အင်္ကျီလက်ကျယ် ဗောင်းစလွယ်တွေ ဆင်ထားတဲ့ ပုဏ္ဏားတွေက သျှန္တီဂါထာတွေ ရွတ်ဖတ်ပြီး ဘိသိက်ဆက်ကြရတာပါ။ ဘိသိက်တော်ပန်း တွေကို ရွှေဖလားနဲ့ခံပြီး ရွှေတိုက်အတွင်းဝန်က ဘုရင့်လက်ကိုဆက်ရတယ်လို့လည်း ဆိုပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Reuters









