ဆံပင်တိုညှပ်မိလို့ ဒေါ်လာ ၃ သိန်းနီးပါး ဒဏ်တပ်ခံလိုက်ရတဲ့ အိန္ဒိယက ဆံပင်ညှပ်ဆိုင်

An Indian model sits as she has her hair styled backstage ahead of the Ashima Leena fashion show at Bridal Fashion Week in New Delhi.

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဆံပင်အညှပ်ခံနေတဲ့ အိန္ဒိယမော်ဒယ်တဦး

မော်ဒယ်တယောက်ရဲ့ ဆံပင်ကို မှားယွင်းပြီး တိုအောင်ညှပ်ပေးခဲ့မိတာဟာ မော်ဒယ်အတွက် ထိခိုက်ဆုံးရှုံးမှုတွေ ရှိတယ်လို့ ဆိုပြီး အိန္ဒိယနိုင်ငံရဲ့ အလှပြင်ဆိုင်တဆိုင်ကို တရားရုံးတခုက ရူပီး သန်း ၂၀ (အမေရိကန် ဒေါ်လာ ၂၇၁,၀၀၀) ဒဏ်ဆောင်ဖို့ အမိန့်ချလိုက်ပါတယ်။

အဲဒီမော်ဒယ်ဟာ သူ့ရဲ့ ရှည်လျားတဲ့ ဆံပင်ကြောင့် ဆံပင်နဲ့ဆိုင်တဲ့ ကုမ္ပဏီကြီးတွေဆီကနေ အလုပ်တွေ လက်ခံရရှိလေ့ရှိပါတယ်။

ဒါပေမဲ့ အလှပြင်ဆိုင်ဟာ သူ့ရဲ့ လမ်းညွှန်ချက်ကို သွေဖြည်ပြီး ဆံပင်တိုညှပ်ပေးခဲ့တာကြောင့် သူ့အတွက် ထိခိုက်ဆုံးရှုံးမှုအများကြီးရှိခဲ့တယ်လို့ တရားရုံးဘက်က ဆုံးဖြတ်ခဲ့တာပါ။

ဒေလီမြို့က နာမည်ကြီး ဟိုတယ်ခွဲတခုမှာ တွဲဖွင့်ထားတဲ့ အဲဒီဆံပင်ညှပ်ဆိုင်ဟာ တရားရုံးရဲ့အမိန့်ကို အယူခံခွင့် ရှိပါတယ်။

ဒါပေမဲ့ လက်ရှိအချိန်ထိတော့ တစုံတရာ ထုတ်ပြန်တာ မရှိသေးပါဘူး။

"အဲဒီမော်ဒယ်ဟာ သူလက်ခံရရှိဖွယ်ရှိတဲ့ အလုပ်တွေကို ဆုံးရှုံးခဲ့သလို၊ သူ့နေထိုင်မှုပုံစံတခုလုံး ကျွမ်းထိုးမှောက်ခုံဖြစ်ကာ အရှုံးသံသယထဲ နစ်မွန်းခဲ့တယ်။ ထိပ်တန်းမော်ဒယ်တယောက်ဖြစ်ဖို့ သူ့ရဲ့အိပ်မက်တွေလည်း ပျက်စီးသွားခဲ့တယ်" လို့ အိန္ဒိယနိုင်ငံရဲ့ သုံးစွဲသူဆိုင်ရာ အငြင်းပွားမှုတွေ၊ နစ်နာမှုတွေကို လိုက်ပါဆောင်ရွက်ပေးတဲ့ ကော်မရှင် (NCDRC) က ပြောပါတယ်။

"သူ့ဆံပင်ရှည်ကြီးကို ဂရုမစိုက်ဘဲ ပေါ့ပေ့ါတန်တန် ညှပ်လိုက်တဲ့အတွက်ကြောင့် ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုနဲ့လည်း ကြုံတွေ့ခဲ့ရသလို စိတ်ဒဏ်ရာလည်း ရခဲ့တယ်။ ဒါကြောင့် သူ့အလုပ်ကို အာရုံမစိုက်နိုင်ခဲ့ဘဲ နောက်ဆုံးတော့ အလုပ်ပြုတ်သွားခဲ့တယ်" လို့လည်း ဆိုပါတယ်။

အဲဒီမော်ဒယ်ဟာ ၂၀၁၈ ခုနှစ်မှာ ဆံပင်ညှပ်ဖို့အတွက် အဲဒီဟိုတယ်ကို သွားခဲ့ပြီး သူဘယ်လိုပုံစံမျိုး လိုချင်တယ်ဆိုတဲ့အကြောင်း အဲဒီက ၀န်ထမ်းကို အတိအကျ ညွှန်ကြားခဲ့ပါတယ်။

"ဒါပေမဲ့ ဆံပင်ညှပ်သမားဟာ သူ့ဆံပင်အများစုကို ညှပ်ချလိုက်ပြီး ပခုံးအထက် လေးလက်မ ပဲ ချန်ခဲ့တယ်"လို့ တရားရုံးကို တင်သွင်းတဲ့ မှတ်တမ်းတွေမှာ တွေ့ရပါတယ်။

"သူ့ကိုယ်သူ မှန်မကြည့်တော့ဘူး။ သူဟာ ဆက်သွယ်ပြောဆိုမှုတွေ လုပ်ရတဲ့ ပရောဖက်ရှင်နယ် ၀န်ထမ်း တယောက်ဖြစ်တာကြောင့် အစည်းအ၀ေးတွေ၊ တယောက်နဲ့တယောက် အပြန်အလှန်ပြောဆိုဆွေးနွေးရတဲ့ အခမ်းအနားတွေမှာ တက်ရောက်ဖို့ လိုအပ်ပါတယ်။ ဒါပေမဲ့ ဆံပင်တိုကြောင့် သူ့ကိုယ်သူ ယုံကြည်မှုတွေ ပျောက်ဆုံးခဲ့တယ်" လို့လည်း တရားရုံးရဲ့ အမိန့်ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

အဲဒီဆံပင်ညှပ်ဆိုင်ကို သူ သွားပြောတော့ သူတို့အမှားအတွက် ဆံသားပြုပြင်ထိန်းသိမ်းမှု အခမဲ့လုပ်ပေးခဲ့ပါတယ်။ ဒါပေမဲ့ အဲဒီပြုပြင်ထိန်းသိမ်းမှုဟာ စိတ်မချရပဲ သူ့ရဲ့ဆံပင်တွေ ပျက်စီးတာပဲ အဖက်တင်တယ်လို့ မော်ဒယ်က တရားရုံးမှာ လျှောက်လဲခဲ့ပါတယ်။

"ဖြစ်ကတတ်ဆန်း ဆံပင်ညှပ်ပေးမှုနဲ့ ဆိုး၀ါးတဲ့ ဆံပင်ပြုပြင်ထိန်းသိမ်းမှု ခံယူပြီးနောက်ပိုင်း စိတ်ထိခိုက်၀မ်းနည်းမှုတွေကြောင့် သူ့ရဲ့၀င်ငွေတွေလည်း ဆုံးရှုံးခဲ့တယ်" လို့လည်း ဆိုပါတယ်။

"အဲဒီအဖြစ်အပျက်ဖြစ်ပြီးနောက်ပိုင်း သူအလုပ်ထွက်ခဲ့ရသလို အနည်းဆုံး ၂ နှစ်နီးပါး ၀မ်းနည်းကြေကွဲမှု၊ စိတ်ပိုင်းဆိုင်ရာ ၀ေဒနာတွေ သူခံစားခဲ့ရတယ်" လို့ တရားရုံးဘက်က ပြောပါတယ်။

ဗီဒီယို ပုံစာ, အိုင်ဗရီကို့စ်က ဆံပင် အလှရှင်
Skip YouTube post
Google YouTube ၏အကြောင်းအရာများကို ပြခွင့်ပြုမှာလား။

ယခုဆောင်းပါးတွင် Google YouTube မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် Google YouTube ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။

သတိပေးချက်- ဘီဘီစီပြင်ပ ဝက်ဆိုက်များမှ ဖော်ပြချက်များတွင် ကြော်ငြာများပါနိုင်ပါသည်။

End of YouTube post