ဆံပင်တိုထားဖို့ တောင်ကိုရီးယားအမျိုးသမီးတွေ ဘာကြောင့်တိုက်ပွဲဝင်နေရတာလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, Yvette Tan နဲ့ Waiyee Yip
- ရာထူးတာဝန်, ဘီဘီစီ သတင်းဌာန
တိုကျိုအိုလံပစ်ပြိုင်ပွဲမှာ ရွှေတံဆိပ် ၃ ခု ရခဲ့တဲ့ တောင်ကိုရီးယား မြား ပစ်မယ် အန်ဆန်ရဲ့ အိမ်ပြန်ခရီးဟာ ကြိုဆိုအားပေးမှုတွေအများကြီးရခဲ့သလို တဖက်မှာလဲ ဝေဖန်မှုပြစ်တင်မှုတွေ အများကြီးနဲ့လည်း ကြုံခဲ့ရပါတယ်။
သူ ဝေဖန်ခံရတဲ့ အကြောင်းရင်းက ဆံပင်တိုတို ညှပ်ထားလို့ပါ။
သူ့ကို ဝေဖန် အပြစ်တင်မှုတွေ အများကြီးထဲမှာ သူဟာ မဝါဒီ တစ်ယောက် ဆိုပြီးလည်း အပြောအဆို ခံရတာလည်း ပါပါတယ်။
ဒီစကားလုံးဟာ တောင်ကိုရီးယားမှာတော့ အမျိုးသားတွေကို မုန်းတီးတဲ့သူဆိုတာနဲ့ တွဲပြီး မကြာခဏ မြင်တတ်ကြပါတယ်။
"သူရွှေတံဆိပ် ရတာကောင်းပါတယ်။ ဒါပေမယ့် သူဆံပင်တိုထားတာက မဝါဒီတစ်ယောက်နဲ့ တူနေတယ်။ သူသာ အဲ့လိုဆိုရင် သူ့ကို ကျွန်တော် အားမပေးတော့ဘူး ။ မဝါဒီတွေအားလုံး သေသင့်ပါတယ်။ "
ဒါပေမဲ့ သူ့ကို ဝေဖန်ပြစ်တင်မှုတွေ များလာတာနဲ့ အတူ တဖက်မှာလည်း သူ့ကိုကာကွယ်ဖို့ လှုပ်ရှားမှုတစ်ခုလည်း ပေါ်ထွက်လာပါတယ်။
တောင်ကိုရီးယားနိုင်ငံတလွှားက ထောင်နဲ့ချီတဲ့ အမျိုးသမီးတွေက ဆံပင်တိုညှပ်ထားတဲ့ သူတို့ပုံတွေကို အွန်လိုင်းပေါ်မှာတင်ခဲ့ကြပြီး ဒီကိစ္စဟာ မိန်းမတန်ဖိုး ဘာမှလျော့မသွားဘူးလို့ ကြွေးကြော်ခဲ့ကြပါတယ်။
တောင်ကိုရီးယား အမျိုးသမီးတွေဟာ နှစ်ပေါင်းများစွာ ခွဲခြားဆက်ဆံမှုတွေ ခံခဲ့ရပေမဲ့ ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာတော့ ကိုယ်ဝန်ဖျက်ချတာကို တားမြစ်ထားကို ဥပဒေကို ပယ်ဖျက်ဖို့ MeToo လှုပ်ရှားမှု တွေလုပ်ပြီး ရှေ့ကို ထွက်လာကြပါတယ်။
ဒါဆိုရင် ဒီနောက်ဆုံးလှုပ်ရှားမှုက နောက်ထပ် အပြောင်းအလဲ တစ်ခုကို ဦးတည်သွားနိုင်ပါသလား။
မိန်းမတန်ဖိုး လျော့မသွားဘူး
ဟန်ဂျီယွန်းဟာ ဆံပင်တိုညှပ် လှုပ်ရှားမှုကို တွစ်တာမှာ ဦးဆောင်လုပ်နေသူ တစ်ယောက်ပါ။ ပြီးတော့သူက hashtag #women_shortcut_campaign ဆိုတဲ့ ကန်ပိန်းကိုလည်း စတင်ခဲ့ပါတယ်။
"တစ်ယောက် နှစ်ယောက်ထဲတင်မကဘူး။ အန်ကို မုန်းတီးတိုက်ခိုက်တဲ့ ကွန်မန့်တွေက အမျိုးသားကြီးစိုးတဲ့ အွန်လိုင်းအသိုင်းအဝန်းကလာတာ"လို့ သူက ဘီဘီစီကို ပြောပါတယ်။
အမျိုးသမီးဝါဒီတွေကို ဆန့်ကျင်တဲ့သူတွေ အများစုက ငယ်ရွယ်သူအမျိုးသားတွေ ဖြစ်ပြီး အဲ့ဒီထဲမှာ အသက်ကြီးတဲ့ အမျိုးသားတွေလည်းပါသလို အမျိုးသမီးအချို့တောင်ပါဝင်နေပါတယ်။
"ဝိုင်းတိုက်ခိုက်ကြတဲ့သူတွေ ပို့တဲ့မက်ဆေ့ချ်တွေက အမျိုးသားတွေက အမျိုးသမီးရဲ့ ခန္ဓာကိုယ်ကို သူတို့ ပိုင်ဆိုင်ထိန်းချုပ်ရတယ်ဆိုတဲ့ သဘောမျိုး၊ အမျိုးသမီးတွေအနေနဲ့ မဝါဒီဆန်မှု ပြတာမျိုးကို ဖုံးကွယ်ထားရမယ်ဆိုတဲ့ သဘောမျိုးဖြစ်နေတယ်" လို့ သူက ပြောပါတယ်။
"သူတို့ ဆံပင်တိုထားထားတဲ့ ပုံတွေကို လူတွေကြားထဲ ထုတ်ပြဖို့နဲ့ အမျိုးသမီး အိုလံပစ်မယ်တွေကြုံ နေရတာကို ကာကွယ်ဖို့ ၊ သူတို့နဲ့ အတူ စည်းလုံးညီညွတ်မှုကိုပြဖို့ ဒီလှုပ်ရှားမှုကို စလုပ် သင့်တယ်လို့ ကျွန်မ စိတ်ကူးရခဲ့တာပါ။"
ထောင်ပေါင်းများစွာသော ပုံတွေကို အမျိုးသမီးတွေက ထုတ်ပြခဲ့ကြပြီး ဆံပင်တိုပုံနဲ့အတူ သူတို့ဆံပင်ရှည်ထားတုန်းကပုံကိုပါ တွဲတင်ခဲ့ကြပါတယ်။
အန်ဆန်ဆံပင်တိုနဲ့ ပုံက သူတို့ကို ဆံပင်ညှပ်ပြီး ဆံပင်တိုထားဖို့ စိတ်ကူးရစေခဲ့တယ်လို့လည်း တခြားသူတွေက ပြောကြပါသေးတယ်။
ယခုဆောင်းပါးတွင် X မှ အကြာင်းအရာများပါဝင်ပါသည်။ ယင်းဆိုက်မှ ကွတ်ကီးနှင့်အခြားနည်းပညာများသုံးနိုင်သဖြင့် စာမျက်နှာကို မဖွင့်ခင် သင့်ခွင့်ပြုချက်ကိုတောင်းခံပါသည်။ သင်မဆုံးဖြတ်ခင် X ကွတ်ကီးမူဝါဒ နှင့် ကိုယ်ရေးအချက်အလက်လုံခြုံမှု မူဝါဒ တို့ကို ဖတ်ရှုနိုင်ပါသည်။ သဘောတူလျင် 'လက်ခံပြီးဆက်သွားပါမည်' ဆိုသည်ကို ရွေးချယ်ပေးပါ။
End of X post
ဒါပေမဲ့ မဝါဒီ တစ်ယောက် ဖြစ်တာနဲ့ ဆံပင်တိုထားတဲ့ကိစ္စ ဘယ်လိုဆက်စပ်နေပါသလဲ။
၂၀၁၈တုန်းက လုပ်ခဲ့တဲ့ ဆံပင်တိုညှပ် မိတ်ကပ်မလိမ်းဘဲ နဲ့ နေတဲ့ "Cut the Corset"လှုပ်ရှားမှုနဲ့ ဆံပင်တိုထားတဲ့ ကိစ္စတွေက ရောယှက်နေတာလို့ တောင်ကိုရီးယားရဲ့ #MeToo လှုပ်ရှားမှု အကြောင်းကို စာအုပ်ထုတ်ဖို့ လုပ်နေတဲ့ ဟာဝန်ဂျွန်က ပြောပါတယ်။
အဲ့ဒီအချိန်တည်းက ဆံပင်တိုထားတာက အမျိုးသမီးငယ်တွေကြားမှာ နိုင်ငံရေးကြေညာချက်တစ်ခုလို ဖြစ်လာတာလို့ သူက ဖြည့်ပြောပါတယ်။
ဒီလှုပ်ရှားမှုဟာ ဒါမျိုးလုပ်တာကတော့ လွန်လွန်းသွားပြီလို့ယူဆတဲ့ အမျိုးသားတွေရဲ့ ပြင်းထန်တဲ့ တုံ့ပြန်မှု ဖြစ်စေခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အငြင်းပွားနေကြတဲ့ လက်ဟန်ပြမှု
မဝါဒီတွေကို ဆန့်ကျင်တဲ့ ပြင်းထန်တဲ့ နောက်ထပ်လှုပ်ရှားမှုတစ်ခုဖြစ်အပြီး သီတင်းပတ်အနည်းငယ်အကြာမှာ ဆံပင်တိုလှုပ်ရှားမှုစ ဖြစ်လာခဲ့တာပါ။
လက်အမူအရာလုပ်ပြတဲ့ ကိစ္စဟာ သူတို့ရဲ့ လိင်အင်္ဂါအရွယ်အစားကို ဟာသလုပ်ပြီး သိမ်ငယ်အောင်လုပ်တာလို့ တချို့ အမျိုးသားတွေက စောဒက တက်ပြီး ပြောနေကြတာတွေလည်းရှိလာ ပါတယ်။
လက်မနဲ့ လက်ညှိုး နီးနီးကပ်ကပ် ညှပ်ကိုင်ပြထားပြီး လုပ်တဲ့ပုံစံက အွန်လိုင်းပေါ်က မဝါဒီလှုပ်ရှားမှုလုပ်တဲ့ မီဂါလီယာ အဖွဲ့ရဲ့ လိုဂိုဖြစ်ပြီး အမျိုးသားဆန့်ကျင်ရေး အွန်လိုင်းပေါ်က မဝါဒီတွေလှုပ်ရှားမှုရဲ့ အထိမ်း အမှတ်တစ်ခုလည်း ဖြစ်လာပါတယ်။
သပိတ်မှောက်မယ်လို့ ဖိအားပေးမှုတွေဖြစ်လာပြီးနောက် ဒီနှစ်အစပိုင်းမှာ GS 25 စတိုး၊ ကြက်ကြော်တွေရောင်းတဲ့ BBQ Genesis နဲ့ Kyochon ဆိုင်တွေလည်း သူတို့ ကြော်ငြာတွေထဲမှာပါတဲ့ အဲဒီလို လက်အထားအသိုပြတဲ့ပုံတွေကို ဖိအားပေး ဖယ်ရှားခံခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Screenshot from Instagram
ဒီကုမ္ပဏီတွေအနေနဲ့ ကြော်ငြာတွေကို တမင်ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာလို့ မပြောနိုင်ပေမယ့် ဒီပုံမျိုးနဲ့တူတဲ့ပုံတွေကို လိုက်ရှာပြီး အမျိုးသားတွေက ဖယ်ရှားပစ်တာတွေအထိ ဆက်လုပ်လာခဲ့ကြပါတယ်။
"ဒီပုံဟာ မဝါဒီတွေရဲ့ အမှတ်တံဆိပ်၊ ဒီပုံက သူတို့ကို သိက္ခာချစော်ကားတယ်ဆိုတဲ့အထိ တချို့ အမျိုးသားတွေကြားမှာ အစွဲထားမှု ဖြစ်လာတယ်" လို့ လိင်ကွဲပြားမှုနဲ့ ပတ်သက်ပြီး လေ့လာနေတဲ့ လော့စ်အိန်ဂျလိစ်၊ ကယ်လီဖိုးနီးယားတက္ကသိုလ်ရဲ့ ပါ မောက္ခ ဒေါက်တာဂျူဒီဟန်က ပြောပါတယ်။
အဲ့ဒီကနေတဆင့် ယမ်းပုံမီးကျ ပေါက်ကွဲမှုတွေအထိဖြစ်လာတာကြောင့် ကုမ္ပဏီတွေက တောင်းပန်ရတဲ့အထိတောင် ဖြစ်လာခဲ့ ပါတယ်။
ဥပမာအနေနဲ့ GS 25 ဥက္ကဌ ချိုယွန်ဆွန်ကိုယ်တိုင် တောင်းပန်တာတွေလုပ်ခဲ့ပြီး အဲဒီလက်ဟန်ပြတာနဲ့ ဝက်အူချောင်းပုံစံ ဒီဇိုင်းဆွဲတဲ့ လူအထိမှာ ကုမ္ပဏီက စုံစမ်းစစ်ဆေးတာတွေ လုပ်မယ်လို့ ပြောပေမဲ့ အဲဒီကြော်ငြာကိစ္စနဲ့ ပတ်သက်ပြီး သူရာထူး လျှော့ချခံခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Screenshot from Instagram
ဒီလိုတောင်းပန်တာမျိုးက ဒေါသထွက်နေတဲ့ အမျိုးသားတွေဘက်က ပိုပြောရဲဆိုရဲဖြစ်လာအောင် လုပ်ပေးလိုက်သလို ဖြစ်သွားတယ်လို့ ကျွမ်းကျင်သူတွေက ပြောပါတယ်။
"သူတို့မုန်းတီးနေတာတွေ အများကြီးထဲက နမူနာတစ်ခုအဖြစ် လူငယ်အိုလံပစ်မယ် အန်ဆန်ကို နောက်ထပ်ပစ်မှတ်တစ်ခုအဖြစ် သူတို့ လုပ်လာကြတာပါလို့"မစ္စ ဂျွန်က ပြောပါတယ်။
သူ ဆံပင်တိုထားတယ်။ အမျိုးသမီးကောလိပ်မှာ တက်ခဲ့တယ်။ အွန်လိုင်းမှာ သူ့ခံစားမှု တချို့ကို ဖော်ပြခဲ့တယ်ဆိုတဲ့ကိစ္စတွေက သူဟာ အမျိုးသမီးဝါဒီတစ်ယောက်ဖြစ်တယ်ဆိုတဲ့ အကြောင်းပြချက် မခိုင်လုံတဲ့ စွပ်စွဲမှုတွေအထိ ရောက်လာပါတယ်။
တစ်ဆင့်ချင်းတက်
လူငယ်အမျိုးသားအများစုပါတဲ့ ပေါက်ကွဲနေတဲ့ အွန်လိုင်းက လူအုပ်ကြီးက အမျိုးသမီးတွေ အောင်မြင်မှုရတာဟာ သူတို့ကို ထိခိုက်တယ်လို့ ယူဆနေကြပါတယ်။
စာမေးပွဲတွေမှာ အမျိုးသမီးတွေက အစွမ်းပိုပြပြီး နေရာကို လုယူသွားတာကြောင့် သူတို့ ဖိနှိပ်ခံရတယ်ဆိုတာမျိုးတွေကို အမျိုးသားအများစုကြီးစိုးတဲ့ အွန်လိုင်း အစုအဖွဲ့တွေက လူငယ်တွေကို သင်ကြားပေးကြတယ်လို့ ဟန်က ပြောပါတယ်။
တက္ကသိုလ် တက်ခွင့်ရဖို့ နဲ့ တောင်ကိုရီးယားက အလုပ်အပြင်းအထန်ရှာနေရတဲ့ကိစ္စတွေမှာ မညီမမျှဆက်ဆံခံနေရတယ်လို့ တချို့ အမျိုးသားတွေက ပြောနေပါတယ်။
အမျိုးသားအားလုံး ၁၈လ မဖြစ်မနေ စစ်မှုထမ်းရတာကြောင့် သူတို့အခွင့်အရေးတွေ နောက်ကျဆုံးရှုံးရသလို သာဓကအနေနဲ့ ပြပြီးလည်း သူတို့က ပြောပါတယ်။
လူကြိုက်များတဲ့ ဘာသာရပ်တွေသင်ပေးတဲ့ အမျိုးသမီးတွေပဲ တက်လို့ရတဲ့ တက္ကသိုလ်တွေ တစ်ဒါဇင်ကျော်မကရှိနေပြီး ယောက်ျားလေးတွေအတွက် အဲဒါမျိုး မရှိဘူးလို့ ဆိုပါတယ်။
ဒါပေမယ့် တကယ်တမ်းမှာတော့ တောင်ကိုရီးယားမှာ အမျိုးသမီးတွေက အမျိုးသားတွေရဲ့ လစာ ၆၃ % ပဲ ရကြတာကြောင့် ဖွံ့ဖြိုးပြီးတိုင်းပြည်တွေထဲမှာ လစာကွာခြားမှု အမြင့်ဆုံး တိုင်းပြည်တစ်ခုဖြစ်နေပါတယ်။
စီးပွားရေးညွှန်းကိန်းတွေအရလည်း အလုပ်လုပ်မယ့် အမျိုးသမီးတွေ အတွက် အဆိုးဆုံး ဖွံ့ဖြိုးပြီးတိုင်းပြည်တစ်ခုဖြစ်နေပါတယ်။
ဒါဆို တောင်ကိုရီယားအမျိုးသမီးတွေအတွက် ရှေ့မှာ ဘာတွေကြုံလာရနိုင်မလဲ။ နောက်ဆုံးလှုပ်ရှားမှုတွေရဲ့ ရလဒ်အရ တကယ့် အပြောင်းအလဲကို မြင်လာရနိုင်မလား။
"ပြီးခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ တကယ့် အပြောင်းအလဲက ဖြစ်ခဲ့ပြီးသွားပြီထင်တယ်" လို့ ဂျွန်က ပြောပါတယ်။
"အမျိုးသမီးတွေက သူတို့ဘဝအတွက်သွားရမယ့် လမ်းကြောင်းသစ်တွေဆီကို ကြိုးစားချီ တက်နေကြပါပြီ။ လူ့အဖွဲ့အစည်းကပေးတဲ့ ဖိအားတွေကို အာခံဆန့်ကျင်ရင်း တဖက်မှာလဲ သူတို့လှမ်းရမယ့်လမ်းကြောင်းကို သွားနေကြသလို၊ သူတို့အတွက် အစိတ်အပိုင်းလေး တစ်ခုဖြစ်တဲ့ သက်သောင့်သက်သာ အရှိဆုံး ဆံပင်ပုံ ဆံမျိုးရွေး ချယ်ခွင့်ကိုရအောင်ယူပြီး လွတ်လပ်မှုရဖို့ ကြိုးစားနေကြပါတယ်။ "








