အညာစစ်မီး - တော်လှန်ရေးအဖွဲ့တွေကြားက ပဋိပက္ခသုံးခု

ပြည်တွင်းမှာ စစ်တပ်အာဏာသိမ်းပြီးနောက် အာဏာသိမ်းဆန့်ကျင်ရေးကနေ ပေါ်ထွက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ပြည်တွင်းမှာ စစ်တပ်အာဏာသိမ်းပြီးနောက် အာဏာသိမ်းဆန့်ကျင်ရေးကနေ ပေါ်ထွက်လာတဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့

စစ်အာဏာသိမ်းမှုကို တန်ပြန်လက်နက်ကိုင်‌ ခုခံအားကောင်းတဲ့ စစ်ကိုင်းနဲ့ မကွေးဒေသတွေမှာ တော်လှန်ရေးအင်အားစုတွေကြား ပဋိပက္ခဖြစ်စဉ်တွေ အခုသီတင်းပတ်တွေအတွင်း ကျယ်ကျယ်လောင်လောင်ထွက်ပေါ်လာပါတယ်။

ဇူလိုင်လနောက်ဆုံးသီတင်းပတ်နဲ့ သြဂုတ်လဆန်းပိုင်းမှာတင် ဖြစ်ရပ် သုံးခု ဆက်တိုက်လို ဖြစ်ခဲ့ပါတယ်။ NUG လက်အောက်မဟုတ်တဲ့ဒေသကာကွယ်ရေးအဖွဲ့ကို အခြေမချဖို့ စာထုတ်ပြန်တာ၊ NUG အသိအမှတ်ပြု PDF အချင်းချင်းတိုက်ပွဲဖြစ်တာနဲ့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဖြုတ်ချဖို့ ဒေသခံတွေက ဆန္ဒပြတဲ့ဖြစ်စဉ်တွေပါ။

အခုဖြစ်စဉ် သုံးခုစလုံးဟာ ဒေသတွင်းအဖွဲ့တွေကြားမှ ာသတိထားစရာဖြစ်ခဲ့ရုံမက လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာပါ ပျံ့နှံ့ လူသိများခဲ့ပါတယ်။ တစ်ဖက်မှာလည်း ဒီဖြစ်စဥ်တွေနဲ့ပတ်သက်လို့ အထူးသဖြင့် အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ လွှမ်းမိုးလုပ်ဆောင်နိုင်စွမ်းကို ဒေသခံတွေက မေးခွန်းထုတ်လာကြပါတယ်။

စစ်ကိုင်းတိုင်းထဲ ဒီပဲယင်း၊ မကွေးတိုင်းက ရေစကြိုနဲ့ ဂန့်ဂေါမြို့နယ်တွေမှာ ဖြစ်ခဲ့တဲ့ ဒီဖြစ်စဉ်သုံးခုအကြောင်း ကြည့်ကြရအောင်ပါ။

NUG ကွပ်ကဲမှုအောက်မရှိရင် လွတ်လပ်စွာသွားလာခွင့်မရှိဘူးလား

96 Soldiers အဖွဲ့ရဲ့ အညာစစ်ဒေသခွဲ တပ်ဖွဲ့ဝင်တွေ

ဓာတ်ပုံ ရင်းမြစ်, 96 soldiers (အညာစစ်ဒေသခွဲ)

ဓာတ်ပုံ ပုံစာ, 96 Soldiers အဖွဲ့ရဲ့ အညာစစ်ဒေသခွဲ တပ်ဖွဲ့ဝင်တွေ

မြန်မာနိုင်ငံအလယ်ပိုင်းက တော်လှန်ရေးလက်နက်ကိုင်အင်အားစုတွေမှာ ယေဘုယျအားဖြင့် နှစ်မျိုး ခွဲခြားနိုင်ပါတယ်။ NUG အစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်က ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF နဲ့ NUG ကွပ်ကဲမှုအောက် မဟုတ်ဘဲ သီးခြားရပ်တည်တဲ့ ဒေသအခြေစိုက်ကာကွယ်ရေးအဖွဲ့ (LPDF) တို့ ဖြစ်ပါတယ်။

စစ်အာဏာသိမ်းပြီး နှစ်နှစ်ခွဲအကြာ လက်နက်ကိုင်တော်လှန်ရေး ကာလကြာရှည်လာချိန်မှာတော့ ဒီအစုအဖွဲ့ တွေကြား ပဋိပက္ခက ထင်သာမြင်သာရှိလာပါတယ်။ ပထမဖြစ်စဉ်ကတော့ စစ်ကိုင်းတိုင်း၊ ဒီပဲယင်း မြို့နယ်မှာ ဖြစ်ခဲ့တာပါ။

NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ခံမဟုတ်တဲ့ 96 Soldiers အဖွဲ့ကို အမှတ် ၁ စစ်ဒေသရုံးရဲ့ ညွှန်ကြားချက်အရဆိုပြီး ဒီပဲယင်းမြို့နယ်ထဲမှာ အခြေချနေထိုင်ခွင့်မပြုတာဖြစ်ပါတယ်။

ဇူလိုင် ၂၄ ရက် ရက်စွဲနဲ့ ထုတ်ပြန်စာအရ NUG ရဲ့ ညွှန်ကြားမှုအောက်မှာမရှိတဲ့ အခြားအဖွဲ့ အစည်းတွေနဲ့ ပူးပေါင်း ဆက်သွယ်တာမျိုးမလုပ်ရ၊ ဝင်ရောက်နေထိုင်တာကို ခွင့်မပြုဘူးဆိုတဲ့ အကြောင်း ဖော်ပြပါတယ်။ ပြည်သူ့ ကာကွယ်ရေးအဖွဲ့ PDF တာဝန်ခံကနေ လက်မှတ်ထိုးပြီး 96 Soldiers အဖွဲ့ဆီ စာပို့ခဲ့တဲ့အကြောင်း နှစ်ဖက်စလုံးက အတည်ပြုထားပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

“စာရတော့ စာထုတ်ပြန်တဲ့သူကိုဆက်သွယ်တော့ ခွက်ခနဲ ဖုန်းချပစ်တယ်။ တိုင်းအဆင့်၊ ခရိုင်အဆင့် အကုန်လုံးနဲ့ ညှိနှိုင်းနေပါတယ်” လို့ 96 Soldiers ဦးဆောင်သူ ကိုဇေယျာလွင်က ဇူလိုင် ၃၁ ရက်နေ့မှာ ဘီဘီစီကို ဖြေခဲ့ပါတယ်။

“ကျွန်တော်တို့အဖွဲ့မှမဟုတ်ဘူး၊ အရှေ့မှာလည်း ဒေသတွင်းအခြေချတာကို လက်မခံတဲ့ဖြစ်စဉ်တွေရှိခဲ့တယ်။ ကျွန်တော်တို့လို ထုတ်မပြောခဲ့ကြတာပဲရှိတယ်။ LPDF (ဒေသအခြေစိုက်ကာကွယ်ရေးအဖွဲ့) တွေကို NUGအောက်က PDF တွေက အနိုင်ကျင့်တဲ့ဖြစ်စဉ်တွေက နေရာအများစုဖြစ်နေတာ” လို့ ကိုဇေယျာလွင်က ဆက်ပြောပါတယ်။

ဒီပဲယင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ပြောရေးဆိုခွင့်ရှိသူကတော့ ဒေသခံတွေရဲ့ သဘောဆန္ဒအတိုင်းလုပ် ဆောင်တာလို့ တုံ့ပြန်ဖြေပါတယ်။ 96 Soldiers အဖွဲ့မတိုင်ခင် ဒီပဲယင်းဒေသမှာ အခြေမချဖို့ ဆွေးနွေးခဲ့ရတဲ့ ဖြစ်စဉ် ၂ ကြိမ်လည်းဖြစ်ခဲ့ဖူးတယ်လို့ ပြောပါတယ်။

“သီးသန့်ဆွေးနွေးတာမျိုးထက် ဒီဒေသမှာအခြေချဖို့ ပြန်လည်စိစစ်ရမယ်၊ PDF အောက်ကို အတူတူတွဲလုပ်မယ်” လို့ 96 Soldiers အဖွဲ့ကို ကမ်းလှမ်းခဲ့တဲ့အကြောင်း ဒီပဲယင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ ပြောရေးဆို ခွင့်ရှိသူက ရှင်းပြပါတယ်။

ဒီပဲယင်းဒေသမှာ ဒေသအခြေစိုက်ကာကွယ်‌ရေးအဖွဲ့တွေ သီးသန့်တိုက်ခိုက်တဲ့ပုံစံကနေ တစုတစည်းတည်း တိုက်ပွဲဖော်ဆောင်တဲ့စနစ်ဖြစ်အောင် နှစ်နဲ့ချီစုစည်းခဲ့ရတာကြောင့် အခုလိုထပ်မံ အခြေချလာတာကို ဒီပဲယင်းကာကွယ်ရေးအဖွဲ့တွေက လက်မခံကြတာလို့ သိရပါတယ်။

96 soldiers ဘက်ကတော့ ဒါဟာ ဒေသအခြေစိုက်ကာကွယ်ရေးအဖွဲ့တွေကို NUG ကာကွယ်ရေးဝန်ကြီးဌာန (NUG-MoD) လက်အောက်ခံ မဟုတ်လို့ ခွဲခြားဆက်ဆံတာလို့ပြောပါတယ်။

ဒီဖြစ်စဉ်ကိုကြည့်မယ်ဆိုရင် NUG ကွပ်ကွဲမှုအောက်မရှိတဲ့အဖွဲ့တွေဟာ လွတ်လွတ်လပ်လပ်သွားလာခွင့် မရှိဘူးလားလို့ NUG ကာကွယ်ရေးဝန်ကြီးဌာနကို ဘီဘီစီက မေးခွန်းထုတ်ရာမှာတော့ ဒီလိုသတ်မှတ်တာမရှိဘူးသလို ခွဲခြားဆက်ဆံတာလည်းမရှိဘူးလို့ တုံ့ပြန်ပါတယ်။

“NUG ခွင့်ပြုမှ သွားလာရမှာမဟုတ်ပါဘူး။ ဖြစ်စေချင်တာက မဟာဗျူဟာကျကျ ဒေသခံအဖွဲ့တွေ၊ ဒေသခံ ပြည်သူတွေနဲ့ ပူးပေါင်းဆောင်ရွက်စေချင်တာပါ” လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက ဘီဘီစီကို ပြောပါတယ်။

ဘီဘီစီရဲ့စုံစမ်းချက်အရတော့ 96 Soldiers အဖွဲ့ဟာ မြေပြင်မှာဆက်ရှိနေသေးပြီး ညှိနှိုင်းမှုတွေ ဆက်လုပ်နေတယ်လို့ သိထားရပါတယ်။

နောက်ထပ်ဖြစ်စဉ်တစ်ခုကတော့ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသမှာဖြစ်ခဲ့တဲ့ NUG လက်အောက်ခံ PDF တွေကြားက တိုက်ပွဲအကြောင်းပါ။

မြင်းခြံ PDF နဲ့ ရေစကြို ပကဖ တို့ရဲ့ ရေလယ်ကျွန်းတိုက်ပွဲ

သေဆုံးခဲ့သူ MG6 ပြောက်ကျားတပ်ခေါင်းဆောင်ကို သူ့ရဲ့တပ်ဖွဲ့ဝင်တွေနဲ့အတူ တွေ့ရစဥ်

ဓာတ်ပုံ ရင်းမြစ်, MG6 ပြောက်ကျားတပ်

ဓာတ်ပုံ ပုံစာ, သေဆုံးခဲ့သူ MG6 ပြောက်ကျားတပ်ခေါင်းဆောင်ကို သူ့ရဲ့တပ်ဖွဲ့ဝင်တွေနဲ့အတူ တွေ့ရစဥ်

NUG ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်မှာ အကြမ်းဖျဥ်းအားဖြင့် နှစ်ပိုင်းထပ်ခွဲနိုင်ပါတယ်။ ရပ်ရွာအလိုက် ကာကွယ်ရေးအဖွဲ့တွေက စုစည်းထားတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ PDF တွေနဲ့ တပ်ရင်း PDF တွေပဲဖြစ်ပါတယ်။

ဒုတိယဖြစ်စဉ်ကတော့ မြင်းခြံခရိုင် PDF တပ်ရင်း ၅ ရဲ့ MG6 ပြောက်ကျားတပ်နဲ့ ရေစကြို ရေလယ်ကျွန်းတပ်ပေါင်းစုလို့ခေါ်ကြတဲ့ ရေစကြိုပြည်သူ့ကာကွယ်ရေးအဖွဲ့တို့ကြား သြဂုတ် ၄ ရက်က တိုက်ပွဲဖြစ်ခဲ့တာပါ။

“နှစ်ဖွဲ့စလုံးက NUG လက်အောက်ကချည်းပဲ၊ ဗိုလ်လုပ်ချင်တဲ့ အကျင့်မပျောက်ကြဘူး” လို့ ဖြစ်စဥ်ကို ထဲထဲဝင်ဝင်သိရှိတဲ့ ရေလယ်ကျွန်းပြည်သူတစ်ဦးက သူ့အမြင်ကို ပွင့်ပွင့်လင်းလင်း ပြောပြပါတယ်။

မြေပြင်အနေအထားအရလည်း ဧရာဝတီမြစ်ရဲ့ အရှေ့ဘက်မှာ မန္တလေးတိုင်း၊ မြင်းခြံတည်ရှိပြီး မြစ်အနောက်ဘက်မှာ မကွေးတိုင်း၊ ရေစကြိုမြို့တည်ရှိတာပါ။ သူတို့ဟာ မြစ်တစ်ဖက်ကမ်းမြို့တွေဆီက ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေဖြစ်ပါတယ်။

စစ်ရေးအရ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသမှာအခြေချတဲ့ ဒီအဖွဲ့နှစ်ဖွဲ့ဟာ ကနဦးကာလတွေကတည်းက အငြင်းပွားမှုတွေရှိနေတာကြောင့် ဆွေးနွေးမှုတွေ ဆက်တိုက်လုပ်ဆောင်နေခဲ့ရတာလို့ ဒီအဖွဲ့တွေနဲ့ နီးစပ်သူတွေက ပြောကြပါတယ်။ အဲဒီကနေ သြဂုတ် ၄ ရက်မှာတော့ ရေလယ်ကျွန်း အလယ်မှာ နှစ်ဖက် တိုက်ပွဲဖြစ်ခဲ့ကြတာပါ။

ဘီဘီစီစုံစမ်းကြည့်ချက်အရ အစောပိုင်းအဆင်မပြေမှုတွေ ပိုတင်းမာလာခဲ့ပြီး ဩဂုတ် ၃ ရက်ညပိုင်းမှာ ရေစကြိုပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ခေါင်းဆောင်ရဲ့ အမျိုးသမီးနဲ့ ကလေးနှစ်ဦးကို MG6 ပြောက်ကျားတပ်ဘက်က ဖမ်းဆီးခဲ့တယ်လို့ဆိုပါတယ်။

ဒီအဖမ်းခံရသူတွေကို ပြန်ကယ်ထုတ်ရင်း ပြောက်ကျားတပ်ခေါင်းဆောင် ကိုကျော်လင်းထွန်းအသတ်ခံရတာလို့ ရေစကြိုပြည်သူ့ ကာကွယ်ရေးအသိုင်းအဝိုင်းဆီက သိရပါတယ်။

“မြင်းခြံ PDF ‌ခေါင်းဆောင်ကို အရင်သတ်လိုက်ကြပြီး မြင်းခြံ PDF က အလောင်းလာကောက်ချိန် နှစ်ဖက် တိုက်ကြတာ” လို့ ရေလယ်ကျွန်းဒေသခံကလည်း ဒီဖြစ်စဉ်အကြောင်း ပြောပြပါတယ်။

ဒီလို PDF အချင်းချင်းတိုက်ပွဲဖြစ်တာဟာ ရေစကြိုဒေသမှာ ပထမဆုံးအကြိမ်ဖြစ်တဲ့အတွက် NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထိန်းကွပ်နိုင်စွမ်းကို စိုးရိမ်ချက်ရှိလာတယ်လို့ သူက ဆက်ပြောပါတယ်။

ရေလယ်ကျွန်းတိုက်ပွဲဖြစ်တဲ့နေ့မှာပဲ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တိုင်ကြားမှုများဆိုင်ရာကော်မတီ ဖွဲ့စည်းထားကြောင်း တရားဝင်ထုတ်ပြောလာပါတယ်။ မြင်းခြံဖြစ်စဉ်ကိုလည်း ချက်ချင်းစုံစမ်းစစ်ဆေးနေပြီး ထိထိရောက်ရောက်အရေးယူဖို့ရှိနေတယ်လို့ တာဝန်ရှိသူက ဘီဘီစီကို ပြောပါတယ်။

PDF အချင်းချင်းတိုက်ပွဲဖြစ်ပွားတဲ့ဖြစ်စဉ်ထက် ပုဂ္ဂိုလ်ရေးကိစ္စတွေအဆင်မပြေတာကနေ ဖြစ်ကြတာလို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက တုံ့ပြန်ပါတယ်။

“ကျွန်တော်တို့မှာ တပ်ရင်းပေါင်း ၃၀၀ ကျော်၊ ပကဖ (ပြည်သူ့ကာကွယ်ရေးအဖွဲ့) ၂၅၀ ကျော်နဲ့ အင်အား သိန်းချီရှိတဲ့အချိန်မှာ ပြဿနာမရှိဘူးဆိုတာက လိမ်ရာကျပါတယ်။ ဒါပေမဲ့ တော်လှန်ရေးအချိန်ကာလ၊ ရှိတဲ့လူဦးရေနဲ့ နှိုင်းယှဥ်ကြည့်ရင် နည်းပါတယ်” လို့ PDF တွေကြား ပစ်ခတ်မှုဖြစ်စဉ်တွေအကြောင်း ဦးမောင်မောင်ဆွေက အခုလိုဖြေခဲ့တာပါ။

ဒါကြောင့် တိုက်ပွဲဖြစ်ခဲ့တဲ့ နှစ်ဖက်အဖွဲ့အစည်းကို ဖြစ်စဉ်အကြောင်း ဘီဘီစီက ဆက်သွယ်မေးမြန်းနိုင်ဖို့ ကြိုးစားခဲ့ပေမဲ့ ဖြေကြားဖို့ ငြင်းဆန်ခဲ့ကြပါတယ်။

အခုလိုဖြစ်ရပ်ကြောင့် မကြာခဏစစ်ကြောင်းထိုးလေ့ရှိတဲ့ စစ်ကောင်စီတပ်တွေကိုရော၊ လက်နက်ကိုင်အဖွဲ့ အစည်းမှန်သမျှကို စိုးရွံ့နေမိတယ်လို့ ဘီဘီစီက မေးမြန်းကြည့်တဲ့ ရေလယ်ကျွန်းဒေသခံတွေက ပြောကြပါတယ်။

တတိယမြောက်ဖြစ်စဉ်ကတော့ ရေလယ်ကျွန်းဖြစ်စဉ်နဲ့ ကွဲပြားခြားနားမှုရှိနေပါတယ်။ ဒါကတော့ NUG ရဲ့ မြို့နယ်ပြည်သူ့ အုပ်ချုပ်ရေးအဖွဲ့ ဖျက်သိမ်းပေးဖို့ ဒေသခံတွေက ဆန္ဒပြကြရာကနေ အဲဒီဒေသမှာ ဘာတွေဖြစ်နေလဲဆိုတာ စိတ်ဝင်စားလာကြပါတယ်။

ဂန့်ဂေါဆန္ဒပြပွဲကို NUG ဂုဏ်ယူ

ဂန့်ဂေါပြည်သူ့အုပ်ချုပ်ရေးကိုဆန္ဒပြတဲ့အကြောင်း ‌ဒေသအခြေစိုက် မီဒီယာမှာဖော်ပြထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, MFP

ဓာတ်ပုံ ပုံစာ, ဂန့်ဂေါပြည်သူ့အုပ်ချုပ်ရေးကိုဆန္ဒပြတဲ့အကြောင်း ‌ဒေသတွင်းမီဒီယာမှာ ဖော်ပြပါတယ်

“ဆန္ဒပြကြတာကို ဂုဏ်ယူပါတယ်၊ ကမ္ဘာမှာ ဒီလိုတော်လှန်ရေးအစိုးရတွေကို ဆန္ဒပြလို့ရတာ ကျွန်တော်တို့ တစ်နိုင်ငံတည်းရှိပါတယ်”လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေက မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်က ဆန္ဒပြပွဲအပေါ် အမြင်ကို ပြောပါတယ်။

PDF တွေနယ်မြေစိုးမိုးထားနိုင်တဲ့ ဂန့်ဂေါ - ကလေးလမ်းမကြီးပေါ်က မွှေ့လယ်ရွာအနီးမှာ NUG တင်မြှောက်ထားတဲ့ မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ကို ဖျက်သိမ်းပေးဖို့ လူတစ်စုက ဩဂုတ်လ ၂ ရက်နေ့မှာ ကြွေးကြော်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

“ဂန့်ဂေါမြို့နယ်လွတ်မြောက်ရေး ယဉ်မင်းလှိုင်ကို ဖယ်ရှားပေး” ဆိုတဲ့ ဆိုင်းဘုတ်တွေကိုင်ဆွဲကာ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှာ ပါဝင်သူတစ်ဦးကို ဖယ်ထုတ်ပေးဖို့ ဆန္ဒပြကြတာဖြစ်ပြီး အာဏာအလွဲသုံးစား လုပ်နေတာကြောင့် အခုလို ဆန္ဒပြရတာလို့ ပါဝင်သူတွေက ဒေသတွင်းမီဒီယာတစ်ခုဖြစ်တဲ့ Mandalay Free Press ကို ပြောထားပါတယ်။

သူတို့ဆန္ဒပြနေကြတာဟာ ၂၀၁၅ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ဂန့်ဂေါမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ယဉ်မျိုးလှိုင်ကို ဖြစ်ပါတယ်။ သူဟာ အခုဂန့်ဂေါမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့မှာ ပါဝင်နေတာပါ။

ဒါပေမဲ့ ဂန့်ဂေါကျေးရွာဒေသခံအများစုက အခုဆန္ဒပြပွဲအကြောင်းအသေးစိတ်မသိရှိကြဘူးလို့ ဘီဘီစီကို ဖြေကြပါတယ်။ အခုလို ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပအဖ)တွေကို ဆန္ဒပြတာကလည်း ဒီဒေသမှာ ပထမဆုံး အကြိမ်ဖြစ်ပါတယ်။

ဂန့်ဂေါမြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကတော့ “နိုင်ငံရေးအရ ပုံဖျက်တာ” လို့ တုံ့ပြန်ထားပြီး ဂန့်ဂေါမှာ အုပ်ချုပ်ရေးယန္တရားကောင်းကောင်းလည်ပတ်နေတယ်လို့ ဆိုပါတယ်။

“လူတိုင်းမှာ လိုအပ်ချက်တွေက ရှိနိုင်ပါတယ်” လို့ သူ့အမြင်ကို ပြောပါတယ်။

NUG ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေကို ဘီဘီစီက မေးမြန်းနေစဉ်။
ဓာတ်ပုံ ပုံစာ, NUG ကာကွယ်ရေးဝန်ကြီးဌာန၊ ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေ

ဂန့်ဂေါမြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ စတင်ဖွဲ့စည်းချိန်ကတည်းက အငြင်းပွားမှု၊ အဆင်မပြေမှုတွေရှိခဲ့ပြီး ညှိနှိုင်းဆောင်ရွက်ခဲ့ရာကနေ အခုကာလက အချင်းချင်းနားလည်မှုနဲ့ လုပ်ကိုင်နေကြတဲ့ အနေအထားလို့ သိရပါတယ်။

အခုလို ဆန္ဒပြတာကြောင့် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဝင် အပြောင်းအလဲရှိနိုင်မလားဆိုပြီး NUG ကာကွယ်ရေးဝန်ကြီးဌာန ဒုတိယအတွင်းဝန် ဦးမောင်မောင်ဆွေကို မေးကြည့်ခဲ့ပါတယ်။

“လူအများစုရဲ့ ဆန္ဒကို အလေးထားသလို၊ လူနည်းစုရဲ့ ဆန္ဒကိုလည်း မပစ်ပယ်ပါဘူး။ ပြည်သူတွေရဲ့ သဘောအတိုင်းပါပဲ၊ မြေပြင်အခြေအနေကို စုံစမ်းနေတယ်” လို့ ဦးမောင်မောင်ဆွေက ပြောပါတယ်။

ရက်ပိုင်းအားဖြင့် ဆယ်ရက်အတွင်းမှာတင် စစ်ကိုင်းနဲ့ မကွေးက မတူညီတဲ့နေရာတွေမှာ အကြောင်းအရာ ကွဲပြားတဲ့ ပဋိပက္ခသုံးခုနဲ့ပတ်သက်လို့ “စုံစမ်းစစ်ဆေးနေကြောင်း” သာ NUG ကာကွယ်ရေးဝန်ကြီးဌာနဘက်က တပြေးညီတည်း ပြောထားပါတယ်။

အခုလို ပဋိပက္ခဖြစ်တာတွေကို တိုင်ကြားနိုင်တဲ့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ တိုင်ကြားမှုများဆိုင်ရာ ကော်မတီမှာလည်း ဖြစ်စဉ်ပေါင်း ရာကျော်ရောက်ရှိနေတယ်လို့ သိရပါတယ်။

သုံးလသက်တမ်းသာရှိပေမဲ့ တိုင်ကြားမှုက ၁၄၀ နီးပါးရှိနေတာကို ကော်မတီရဲ့ ပြောစကားအရ သိရတာပါ။ ဒါဟာ နေ့စဉ်လိုလို တိုင်ကြားမှုတွေရှိနေတဲ့သဘောလည်းဖြစ်ပါတယ်။

တိုင်ကြားမှုတွေထဲက ဖြေရှင်းပြီးတဲ့ အမှု ဘယ်နှခုရှိပြီလဲလို့မေးခဲ့ပေမဲ့ ကော်မတီဘက်က ပြန်မဖြေခဲ့ပါဘူး။

“အာဏာရှင်စနစ်အမြစ်ပြတ်ဖို့၊ ဒီတော်လှန်ရေးနိုင်ဖို့ကိုပဲ အဓိကထားသင့်တာ။ မာနတွေ လွှမ်းမိုးနေကြလို့ မဖြစ်ဘူး။ NUG ကလည်း မြေပြင်မှာ ဘာတွေဖြစ်နေလဲ၊ အမိန့်နာခံမှုရှိလားလေ့လာသင့်တယ်”

“ပြည်သူတွေအတွက် ဖြစ်သင့်ဖြစ်ထိုက်တာကို အပွင့်လင်းဆုံးပြောတာပဲ” လို့ အငြင်းပွားမှုဖြစ်ခဲ့တဲ့ ရေစကြို၊ ရေလယ်ကျွန်းဒေသခံက သူ့ရဲ့ လက်ရှိဆန္ဒအကြောင်း ဘီဘီစီကို ပြောခဲ့ပါတယ်။