ကမ္ဘာ့အကြာဆုံး ပြည်တွင်းစစ်နဲ့ မအောင်မြင်တဲ့ နိုင်ငံပြုဖြစ်စဉ်

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, ဘိုဘို
- ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း
၁၉၄၈ မတ်လက စတင် ဖြစ်ပွားတဲ့ မြန်မာပြည်တွင်းစစ်ကို ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်အဖြစ် မှတ်တမ်းတင်ကြပါတယ်။ ဒီစစ်မှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ လက်နက်ကိုင်တပ်တွေကလည်း ဒါဇင်နဲ့ချီ ရှိခဲ့ပြီး ဗကပလို ချုပ်ငြိမ်းပျောက်ကွယ်သွားတဲ့ အဖွဲ့တွေမနည်းသလို ကေအန်ယူလို နှစ် ၇ဝ ကျော် တိုက်ခိုက်နေတဲ့ အဖွဲ့တွေလည်း ရှိပါတယ်။ ဒီစစ်ကို ဒုတိယကမ္ဘာစစ်ရဲ့အဆက်လို့ သတ်မှတ်ခဲ့ကြပြီး အာရှဒေသ စစ်အေးတိုက်ပွဲရဲ့ လက်ကျန်လို့လည်း ခေါ်ဆိုကြပါတယ်။
ဒီစစ်အတွင်း သေကြေပျက်စီးမှု ပမာဏကို မှန်းဆရခက်ပေမယ့် နိုင်ငံအနှံ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရပါတယ်။ စစ်ရှိန် အတိုးအဆုတ်နဲ့ စစ်ပထဝီဝင်အနေအထားကလည်း ဆယ်စုနှစ်အလိုက် အုပ်ချုပ်သူ အစိုးရနဲ့ လက်နက်ကိုင်အဖွဲ့တွေရဲ့ အင်အားအလိုက် အပြောင်းအလဲတွေ များခဲ့ပါတယ်။ လောလောဆယ် နှစ်ပိုင်းအတွင်းမှာလည်း နိုင်ငံအနှံ့ ပီဒီအက်ဖ် ပြောက်ကျားတပ်တွေ ပေါ်လာပြီး ပြည်တွင်းစစ်ကို အသက်ဆက်ခဲ့ပြန်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ပြည်ထဲအရေး ပေါက်နဲ့ကျေး
ပြည်တွင်းစစ် အစပိုင်းမှာ ကွန်မြူနစ်ပါတီနှစ်ရပ်နဲ့ ဖဆပလအစိုးရကြား အာဏာပြိုင်ဆိုင်မှုက စခဲ့ပေမယ့် တနှစ်ကျော်အတွင်းမှာပဲ ကရင်နဲ့ မွန်လက်နက်ကိုင်တွေရဲ့ ပုန်ကန်မှုကြောင့် စစ်ရှိန်ကြီးသွားခဲ့ပါတယ်။ ဒီစစ်စတင်တဲ့ အကြောင်းရင်းကို သုံးသပ်ချက်အမျိုးမျိုး ရှိကြပေမယ့် အများအားဖြင့် ဗမာပြည်ကွန်မြူနစ်ပါတီကထုတ်တဲ့ ဂိုရှယ်စစ်တမ်းက သူပုန်ထဖို့ လှုံ့ဆော်လို့ ဖြစ်တယ်ဆိုပြီး ရေးကြပါတယ်။ ဒီစစ်တမ်း တကယ်ရှိမရှိ အငြင်းပွားတာတွေ ရှိပေမယ့် ကွန်မြူနစ်တောခိုမှုမဖြစ်အောင် ဖမ်းဆီးရာက ပြည်တွင်းစစ်နှုတ်ခမ်းပေါ် မြန်မာနိုင်ငံရေးသမားတွေ လျှောက်မိကြတာ ဖြစ်ပါတယ်။
မြန်မာပြည်တွင်းစစ်အစဟာ တခြားနိုင်ငံက စစ်တွေနဲ့မတူဘဲ လက်ဝဲသမားဆိုတဲ့ ဆိုရှယ်လစ်နဲ့ ကွန်မြူနစ်ပါတီတွေအချင်းချင်း တိုက်ကြတဲ့ စစ်ဖြစ်ပါတယ်။ အဲဒီစစ်ပွဲမှာ လူမျိုးစု လက်နက်ကိုင်တပ်တွေ ပါလာပြီးနောက် ပိုရှုပ်ထွေးလာပြီး တရုတ်အဖြူအနီ၊ အမေရိကန်နဲ့ ထိုင်းစတဲ့ ပြည်ပစွက်ဖက်မှုတွေ ရှိလာပါတယ်။ ၁၉၆၂ က စပြီး နိုင်ငံမှာ စစ်အုပ်ချုပ်မှုနဲ့ ကြုံခဲ့ရလို့ နိုင်ငံရေး စစ်ရေး တင်းမာရှုပ်ထွေးမှုက ပိုများခဲ့ပါတယ်။ ၇၅ နှစ်ကြာတဲ့အခါမှာတော့ လက်နက်ကိုင်အင်အားစုတွေကြား စီးပွားရေး၊ စစ်ရေးနဲ့ နိုင်ငံရေး ပြိုင်ဆိုင်မှုက ပိုပြင်းထန်လာပြီး စစ်အနေအထားကို မှန်းဆရပိုခက်လာပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
စစ်ဖြစ်တဲ့ အကြောင်းရင်း မျိုးစုံရှိတဲ့အနက် ကွန်မြူနစ်နဲ့ ကရင်လက်နက်ကိုင်တော်လှန်ရေးတွေက လတ်တလောအကြောင်းဖြစ်ပြီး လူမျိုးစုတွေကြား အမျိုးသားရေးအားပြိုင်မှု ကြီးလာတာနဲ့ စစ်စိတ်ပြင်းထန်တဲ့ နိုင်ငံရေးယဉ်ကျေးမှုထွန်းကားတာတွေက အရင်းခံအကြောင်းတွေ ဖြစ်ပါတယ်။ နောက်ပြီး ကိုလိုနီနဲ့ ဖက်ဆစ်စိုးမိုးတဲ့ခေတ်တွေ ဖြတ်သန်းခဲ့ရတာကလည်း လွတ်လပ်စ နိုင်ငံတခုရဲ့ ခြေလှမ်းတွေမှာ သက်ရောက်မှု ကြီးပါတယ်။
အမျိုးသားရေးနဲ့ ဒီမိုကရေစီ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
သမိုင်းတလျှောက် ပဒေသရာဇ်နိုင်ငံတွေကြား နှစ်ပေါင်းရာချီ စစ်ခင်းခဲ့တဲ့ မြန်မာနိုင်ငံမှာ မြန်မာ၊ မွန်၊ ရခိုင်နဲ့ ရှမ်းအပြင် ကရင်၊ ချင်းနဲ့ ကချင် စတဲ့ တောင်ပေါ် လူမျိုးစုတွေ အများအပြား ရှိပါတယ်။ ပဒေသရာဇ်တွေကြား အာဏာလုပွဲသက်သက်အဖြစ် ဒီစစ်သမိုင်းကို လွတ်လပ်ပြီးခေတ် မြန်မာအစိုးရအဆက်ဆက်က ပုံဖော်တတ်ကြပါတယ်။ ဒါပေမယ့် ဒီပဒေသရာဇ်မင်းဆက် အဆက်ဆက် စစ်ပွဲတွေကြားမှာပဲ မြန်မာခေါ် အလယ်ပိုင်းလွင်ပြင်က လူမျိုးစု အင်အားကြီးမားခိုင်မာလာပြီး ၁၈ ရာစုမှာ မွန်နဲ့ ရခိုင်နိုင်ငံတွေကို အပြီးသတ် ချေမှုန်း သိမ်းပိုက်ခဲ့ပါတယ်။ ပြည်ပမှာလည်း မန်ချူးစစ်ကို အကြိမ်ကြိမ်တွန်းလှန်ပြီး ထိုင်း၊ မဏိပူရနဲ့ အာသံထိ သိမ်းသွင်းနိုင်ခဲ့တဲ့ ကုန်းဘောင်မင်းဆက်မှာ မြန်မာဇာတိမာန် ပိုကြီးလာပြီး ဗုဒ္ဓဘာသာပြုပြင်ရေးလှိုင်းတွေကြောင့်လည်း မင်းတုန်းမင်းလက်ထက်မှာ ဘာသာရေးလိုက်စားမှု ပိုများလာပါတယ်။ ဒါကြောင့် ဗြိတိသျှသိမ်းပိုက်မှုနဲ့ ကြုံခဲ့ရတဲ့ မြန်မာပြည်ဟာ ခေတ်အင်မတန်နောက်ကျပြီး ဗုဒ္ဓဘာသာမဟုတ်တဲ့ နိုင်ငံခြားသားအုပ်စိုးမှုကို ဆန့်ကျင်တဲ့ မြန်မာလူများစုကြီးရဲ့ အမျိုးသားစိတ် နိုးကြားမှုကို ၂ဝ ရာစု အစောပိုင်းမှာ ကြုံခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ကိုလိုနီနိုင်ငံအများစုမှာ ဖြစ်လေ့ရှိတဲ့အတိုင်း ဗြိတိသျှရဲ့ သွေးခွဲအုပ်ချုပ်မှုကြောင့် အုပ်ချုပ်ရေး၊ စီးပွားရေးမှာ အခွင့်ပိုသာတဲ့ အိန္ဒိယ၊ တရုတ်၊ ကရင်လူမျိုးစုတွေနဲ့ နောက်ချန်ခံရတဲ့ မြန်မာတွေကြား ပဋိပက္ခတွေ ရှိလာခဲ့ပါတယ်။ ဗြိတိသျှစစ်တပ်နဲ့ရဲမှာလည်း အိန္ဒိယ၊ ကရင်၊ ကချင်နဲ့ ချင်းတပ်တွေက မြန်မာထက် ပိုများပါတယ်။ ဒီမညီမျှမှုတွေရဲ့ အကျိုးဆက်အဖြစ် ၁၉၂ဝ ကျော်ကစပြီး ဗြိတိသျှတိုးမြှင့်ပေးတဲ့ အုပ်ချုပ်ရေးနဲ့ နိုင်ငံရေးဖြစ်စဉ်တွေကို မြန်မာတွေ သပိတ်မှောက် ဆန့်ကျင်တာ၊ ဟုမ္မရူးခေါ် ကိုယ်ပိုင်အုပ်ချုပ်ရေးတောင်းတာတွေ ရှိလာပါတယ်။ ဝိုင်အမ်ဘီအေ၊ ဂျီစီဘီအေက စပြီး သံဃာ့သမဂ္ဂီနဲ့ ဝံသာနုလှုပ်ရှားမှုတွေမှာလည်း ဗုဒ္ဓဘာသာဘုန်းတော်ကြီးတွေရဲ့ သြဇာက ညောင်းခဲ့ပါတယ်။ ဒါကြောင့် မြန်မာပြည်မှာ အခြေခံဥပဒေဝါဒီတွေရဲ့ ပြုပြင်ရေးနဲ့ ဒီမိုကရေစီထွန်းကားရေး ဦးတည်တဲ့ နိုင်ငံရေးက ခေတ်မစားဘဲ လူမျိုးရေး၊ ဘာသာရေးနဲ့ ဗြိတိသျှလက်က လွတ်မြောက်ရေး ကြွေးကြော်သူတွေ ပိုကြီးစိုးခဲ့ပါတယ်။ ဒီအကျိုးဆက်နဲ့ ကမ္ဘာ့စီးပွားပျက်ကပ် နောက်ဆက်တွဲအဖြစ် ၁၉၃ဝ နဲ့ ၁၉၃၈ မှာ လူမျိုးရေးအဓိကရုဏ်းတွေ ဖြစ်ပြီး မြန်မာစိုးမိုးရေးဘက်ကို ဦးတည်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒီလို မြန်မာမျိုးချစ်စိတ် ဒီရေတက်နေချိန်မှာပဲ ဗြိတိသျှအုပ်ချုပ်မှုနဲ့ ခရစ်ယာန်သာသနာပြုတွေရဲ့ သင်ကြားမှုအောက်မှာ ခေတ်မီပညာရေးနဲ့ အလုပ်အကိုင် အခွင့်အလမ်းတွေ ရကြတဲ့ ကရင်နဲ့ တခြား တောင်ပေါ် လူမျိုးစုတွေကြားမှာလည်း အမျိုးသားရေးစိတ်တွေ နိုးကြားလာပါတယ်။ မြန်မာပြည်ရဲ့ နိုင်ငံဖြစ်ပေါ်မှုဟာ ဒီလူမျိုးစုတွေကြား ဘုံရပ်တည်ချက် မရှာနိုင်တာ၊ မြန်မာကြီးစိုးမှုကို မယုံကြည်တာ၊ လူနည်းစုနဲ့ လူများစုကြား ယုံကြည်မှု မရနိုင်တာတွေကြောင့် ၂ဝ ရာစုကနေ ခုထိ မုန့်လုံးစက္ကူကပ် ဖြစ်နေပါတယ်။
၁၉၃ဝ မှာ ပေါ်တဲ့ တို့ဗမာအစည်းအရုံးခေတ်မှာလည်း နိုင်ငံစည်းလုံးရေးအတွက် လှုပ်ရှားပေမယ့် လူမျိုးအားလုံး ဗမာအလံအောက်မှာ စုဖို့ အားထုတ်တာဖြစ်တဲ့အတွက် ထင်သလောက် မပေါက်ခဲ့ပါဘူး။ ဆာမောင်ကြီး၊ ဒေါက်တာဘမော်၊ ဂဠုန်ဦးစောစတဲ့ နိုင်ငံရေးသမားတွေနဲ့အပြိုင် သခင်တွေကလည်း တပ်သီးခြားဖွဲ့ပြီး လက်နက်ကိုင်လမ်းကြောင်းဘက်ကို နှိုးဆွပါတယ်။ အဲဒီအချိန်က အာရှမှာ အနောက်တိုင်းကိုလိုနီနိုင်ငံတွေကို ခြိမ်းခြောက်လာတဲ့ ဂျပန်နဲ့ ချိတ်ဆက်ဖို့ မြန်မာနိုင်ငံရေးသမားတွေ ကြိုးပမ်းရာမှာတော့ သခင်တွေက တပန်းသာပြီး ဘီအိုင်အေတပ်ကို ဖွဲ့နိုင်ခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
မြန်မာပြည်ရဲ့ သွားပေါက်ချိန်
ဒုတိယကမ္ဘာစစ်အတွင်း စစ်တပ်နဲ့ နိုင်ငံအုပ်ချုပ်ရေးကို ဂျပန်ဆီက အနီးကပ်သင်ခဲ့ရတဲ့ မြန်မာသခင်တွေဟာ စစ်ပြီးခေတ်မှာတော့ ဆိုရှယ်လစ်နဲ့ ကွန်မြူနစ်ဆိုပြီး အုပ်စုကြီးနှစ်စု ဖြစ်လာပါတယ်။ စစ်အတွင်းကာလမှာ သခင်စိုးရဲ့ လက်ဝဲသင်တန်းတွေနဲ့ လက်ဝဲစာပေ လျှို့ဝှက်ဖြန့်ဝေမှုရဲ့ ရလဒ်အဖြစ် စစ်ပြီးခေတ်မှာ ကွန်မြူနစ်ပါတီ အားကြီးလာသလို စစ်အတွင်း ရခိုင်နဲ့ ပြည်မဘက်မှာ ကွန်မြူနစ်ပြောက်ကျားတွေက ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဗမာ့မျိုးချစ်တပ်မတော်နဲ့အတူ ဂျပန်ကို တိုက်ထုတ်ခဲ့ပါတယ်။
ဗိုလ်အောင်ဆန်းရဲ့ အဝန်းအဝိုင်းထဲက ကွန်မြူနစ်မဖြစ်ဘဲ ကျန်ခဲ့တဲ့ လူငယ်ခေါင်းဆောင်တွေက ဆိုရှယ်လစ်အုပ်စုဖွဲ့တဲ့အခါ တပ်ထဲမှာလည်း ဆိုရှယ်လစ်စစ်ဗိုလ်တွေ ရှိလာပါတယ်။ ဗြိတိသျှပြန်ဖွဲ့ပေးတဲ့ မြန်မာစစ်တပ်ထဲမှာ ကွန်မြူနစ်နဲ့ ဆိုရှယ်လစ်တွေ အားပြိုင်သလို စစ်တွင်း မြစ်ဝကျွန်းပေါ်မှာဖြစ်တဲ့ မြန်မာ-ကရင် အဓိကရုဏ်းဒဏ်ကြောင့်လည်း ဗြိတိသျှနဲ့ ပြန်ပါလာတဲ့ ကရင်တပ်တွေက မြန်မာတပ်ကို အခဲမကျေ ဖြစ်ပါတယ်။ ဒါကြောင့် ၁၉၄၆ ကနေ ၁၉၄၈-၄၉ လွတ်လပ်ရေး ရစနှစ်တွေအတွင်း မြန်မာပြည် နိုင်ငံရေးနဲ့ စစ်ရေးမှာ ဂဠုန်ဦးစောလို လက်ယာစွန်းလုပ်ကြံသူကို ဖယ်ရှားနိုင်ပေမယ့် ကွန်မြူနစ်၊ ဆိုရှယ်လစ်နဲ့ ကရင်ဆိုတဲ့ အင်အားစုကြီး သုံးရပ်ရဲ့ ပြိုင်ဆိုင်မှုကို အထင်အရှား တွေ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
၁၉၂ဝ ကျော်ကစပြီး နှစ် ၂ဝ ကျော် လွှတ်တော်နိုင်ငံရေး ရှိခဲ့ပေမယ့် လွတ်လပ်ရေးမရခင်အချိန်မှာတော့ အင်အားစုတိုင်းက တပ်ကို အားကိုးတဲ့ နိုင်ငံရေး အစပျိုးနေပြီ ဖြစ်ပါတယ်။ တပ်က ထွက်ထားတယ်ဆိုတဲ့ ဗိုလ်အောင်ဆန်းကိုယ်တိုင် ပြည်သူ့ရဲဘော်တပ်ကို သူ့ရဲ့ ခါးပိုက်ဆောင်တပ်လို ကျင့်သုံးပြီး လူထုထောက်ခံမှုနဲ့ လွတ်လပ်ရေးဆွေးနွေးတာ၊ အခြေခံဥပဒေ ဆွဲတာတွေ လုပ်ပါတယ်။ ဒီဖြစ်စဉ်တွေမှာ ကရင်နဲ့ ကွန်မြူနစ်တွေ မပါဘဲ ဆိုရှယ်လစ်နဲ့ ရဲဘော်ဟောင်းတွေရဲ့အားကို သုံးပြီး လွတ်လပ်ရေးကို တက်သုတ်ရိုက်ယူဖို့ လုပ်ပါတယ်။ နောက် ပင်လုံညီလာခံရလဒ်အဖြစ် မြန်မာပြည်ရဲ့ နိုင်ငံရေးသပွတ်အူထဲကို ရှမ်း၊ ကချင်နဲ့ ချင်းတောင်တန်းဒေသတွေပါ ဆွဲခေါ်ခဲ့သလို ဖြစ်ခဲ့ပါတယ်။
ဗိုလ်အောင်ဆန်းကျဆုံးချိန်မှာတော့ နိုင်ငံရေးကို ညှိနှိုင်းဖြေရှင်းမှုထက် အားကြီးသူအနိုင်ယူတဲ့မူက ပိုအခြေခိုင်သွားခဲ့ပါတယ်။ သူ့ကို ဆက်ခံတဲ့ သခင်နုရဲ့ တွေဝေမှု၊ ဆိုရှယ်လစ်တွေရဲ့ လက်ဦးအောင် ကြံစည်မှုနဲ့ ကွန်မြူနစ်တွေရဲ့ လက်နက်ကိုင်လမ်းကြောင်းကို ပိုတိမ်းညွတ်လာမှုတွေကြောင့် နိုင်ငံဟာ လွတ်လပ်ရေးရစမှာပဲ ပြည်တွင်းစစ်ဘက်ကို ပိုတိမ်းစောင်းသွားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒေသတွင်းက စစ်မီးတောက်များ
၁၉၄၈ ဝန်းကျင်က ဒေသတွင်းနိုင်ငံတွေကို ကြည့်ရင်လည်း စစ်မီးဟုန်းဟုန်းတောက်နေတဲ့ နိုင်ငံတွေ ရှိသလို နိုင်ငံရေးမတည်ငြိမ်မှု၊ အာဏာသိမ်းရန် ကြံစည်မှုတွေနဲ့ ဂယက်ရိုက်နေတဲ့ တိုင်းပြည်တွေလည်း ရှိပါတယ်။ မြန်မာပြည် အနောက်ဘက်မှာတော့ ၁၉၄၇ မှာ အိန္ဒိယနဲ့ ပါကစ္စတန် ဆိုပြီး နှစ်ပိုင်းခွဲလိုက်ပြီးနောက် တောင်အာရှ ဒေသထဲမှာ လူမျိုးရေး ဘာသာရေး အဓိကရုဏ်းတွေနဲ့ ပွက်ပွက်ဆူနေပါတယ်။ အရှေ့မြောက်က တရုတ်ပြည်ကြီးမှာလည်း စစ်အတွင်း ဂျပန်ကျူးကျော်မှု အပျက်အစီးတွေက ရုန်းမထနိုင်ခင်မှာ ပြည်တွင်းစစ် ပြန်ဖြစ်ပြီး ကူမင်တန်နဲ့ ကွန်မြူနစ်တွေကြား အာဏာလုနေကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အရှေ့တောင်ဘက်က ထိုင်းနိုင်ငံမှာတော့ နန်းတွင်းနဲ့ နီးစပ်တဲ့ စစ်တပ်နဲ့ သမ္မတနိုင်ငံဂိုဏ်းသား ပရီဒီအစိုးရကြား အာဏာလွန်ဆွဲနေပါတယ်။ ၁၉၄၆ မှာ အာနန္ဒာဘုရင်လေး ကျည်ဆန်မှန်ကာ နတ်ရွာစံပြီးနောက် ၁၉၄၇ မှာ ပရီဒီကို မကျေနပ်တဲ့ စစ်တပ်က အာဏာသိမ်းလို့ ပရီဒီ နိုင်ငံက ထွက်ပြေးရပါတယ် ။ စင်္ကာပူအပေါ်နားက ဗြိတိသျှအုပ်ချုပ်ခံ မလေးကျွန်းဆွယ်မှာတော့ တရုတ်ကွန်မြူနစ်တွေ ပုန်ကန်နေပြီး မလေးအရေးပေါ် ကာလကို ဦးတည်နေပါတယ်။ ဗီယက်နမ်မှာ ၁၉၄၆ ကတည်းက ဟိုချီမင်းတပ်တွေနဲ့ ပြင်သစ်တွေကြား ပထမအင်ဒိုချိုင်းနားစစ်ခင်းနေပြီး ၁၉၅၄ ထိ ကြာမြင့်ခဲ့ပါတယ်။ အဲဒီနောက် တောင်မြောက် နှစ်နိုင်ငံကွဲပြီး စစ်ဆက်ဖြစ်တာ ၁၉၇၅ ထိ ကြာခဲ့ပါတယ်။ အင်ဒိုနီးရှားမှာလည်း ဂျပန်အထွက်မှာ ပြန်ဝင်လာတဲ့ ဒတ်ချ်တပ်တွေနဲ့ အင်ဒိုနီးရှားတွေ ၁၉၄၉ ထိ စစ်ဖြစ်ခဲ့ပါတယ်။ မြန်မာပြည် တခုထဲမှာပဲ စေ့စပ်တဲ့နည်းနဲ့ လွတ်လပ်ရေးယူခဲ့ပြီး လွတ်လပ်ရေးရမှ ပြည်တွင်းစစ်ခင်းကြတာ ဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
စစ်ညောင်းကြာရှည် မြန်မာပြည်
မြန်မာပြည်တွင်းမှာလည်း မြန်မာအုပ်စိုးမှုကို ဆန့်ကျင်ပြီး ဗြိတိသျှဘက် တိမ်းညွတ်တဲ့ ကရင်နဲ့ တောင်တန်းအင်အားစုတွေအပြင် ဆိုဗီယက်နဲ့ တရုတ်၊ အရှေ့ဥရောပနိုင်ငံတွေလို တော်လှန်ရေးနည်းနဲ့ အာဏာယူဖို့ စိတ်ပြင်းတဲ့ လက်ဝဲတွေ ရှိပါတယ်။ အာဏာရအစိုးရထဲက ဆိုရှယ်လစ်အုပ်စုနဲ့ စစ်တပ်ထဲမှာလည်း ဒီအတိုက်အခံအင်အားစုတွေနဲ့ မစေ့စပ်ဘဲ ချေမှုန်းလိုစိတ်က ကြီးခဲ့ပါတယ်။
မြန်မာပြည်နဲ့ နိုင်ငံရေး အစဉ်နီးစပ်ခဲ့တဲ့ အိန္ဒိယမှာ ကွန်မြူနစ်ပုန်ကန်မှုတချို့ နေရာကွက်ပြီး ပေါ်ခဲ့ပေမယ့် မြန်မာပြည်မှာလို နိုင်ငံအနှံ့ ပြန့်တဲ့အဆင့် မရောက်ခဲ့ပါဘူး။ မြန်မာအရှေ့မြောက်က တရုတ်ပြည်မှာ ကွန်မြူနစ်က နိုင်ငံကို ထိန်းချုပ်သွားသလိုမျိုးလည်း မြန်မာကွန်မြူနစ်နဲ့ ဆိုရှယ်လစ်တွေ မစွမ်းနိုင်ခဲ့ကြပါဘူး။ မြန်မာပြည်ဟာ ၁၉၄၈ ကတည်းက လက်နက်ကိုင်တပ်ပေါင်းစုံနဲ့ အစိုးရတပ်တွေကြား စစ်အရှိန် တက်လိုက် ကျလိုက်နဲ့ ၇၅ နှစ် တိုင်သွားခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒီစစ်မှာ ဘယ်ဘက်မှ အကျိုးမရှိဘူးဆိုနိုင်ပေမယ့် စစ်ကို အမှီပြုပြီး စစ်တပ်နဲ့ လက်နက်ကိုင်တပ်ပေါင်းစုံတို့ နိုင်ငံရေးသြဇာနဲ့ စီးပွားရေးအာဏာ ရှိလာခဲ့ပါတယ်။ အင်အားအကြီးဆုံး အစိုးရတပ်ကနေ လူမျိုးစုလက်နက်ကိုင် အကြီးအသေးအလိုက် အာဏာအဆင့်လိုက် ကွာဟသွားပေမယ့် စစ်ကို အကြောင်းပြုပြီး နိုင်ငံရေးစကားပြောနိုင်တာက ဒီအဖွဲ့တွေပဲ ဖြစ်ပါတယ်။
၂ဝ၂၁ နောက်မှာတော့ ၁၉၈၈ ကစပြီး နိုင်ငံရေး စင်ပေါ်တက်လာတဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ပေါ်ပေါက်လာတဲ့ အန်ယူဂျီနဲ့ ပီဒီအက်ဖ်တပ်တွေ ပိုတိုးလာတဲ့အတွက် နိုင်ငံရေးနဲ့ စစ်ရေး ရောယှက်တဲ့ ပြည်တွင်းစစ်ကာလက နောက်ဆယ်စုနှစ်တွေထိ ဆက်သွားမယ့်အသွင် ရှိနေပြန်ပါတယ်။ ဒီလို စစ်သက်ရှည်နေရင် ၁၉၄၈ ကတည်းက အခြေမတည်ခဲ့တဲ့ နိုင်ငံတည်ထောင်ရေးတွေ နောက်ထပ် နှောင့်နှေးကုန်မှာကလည်း မလွဲမသွေဖြစ်ပါတယ်။
ပြည်တွင်းစစ် ရပ်စဲရေးအတွက် ငြိမ်းချမ်းရေး တောင်းဆိုမှုတွေ စဖြစ်ကတည်းက ရှိခဲ့ပေမယ့် တောင်းဆိုသူတွေကိုယ်တိုင် တောတွင်း လက်ဝဲအင်အားစုတွေနဲ့ နီးစပ်တာ၊ တော်လှန်ရေးနဲ့ ငြိမ်းချမ်းစွာ ပြောင်းလဲရေး လမ်းကြောင်းနှစ်ကြောင်းကြားမှာ ရှုပ်ထွေးနေတာတွေကြောင့် အရာမရောက်ခဲ့ပါဘူး။ နိုင်ငံရေးသက်သက် လမ်းကြောင်းနဲ့ စစ်တပ်ကြီးစိုးမှုကို ဖယ်ရှားဖို့ရာမှာလည်း မြန်မာစစ်အုပ်စုရဲ့ စေ့စပ်ဆွေးနွေးရေးကို အနှစ် ၆ဝ ကစားခဲ့တဲ့ စရိုက်ကြောင့် လူကြိုက်နည်းလှတာကို တွေ့ရပါတယ်။ လူမျိုးစုတပ်တွေဘက်ကလည်း ပြည်ထောင်စုတပ်အဖြစ် အားလုံးပြန်စုပြီး အာဏာခွဲဖို့ထက် လက်နက်မစွန့်ဘဲ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေတွေ ပေါ်လာဖို့ ပိုစိတ်သန်ကြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images








