အာဏာကိုဆန် တော်လှန်ပုန်စားနဲ့ မြန်မာ့နိုင်ငံရေးသံသရာ

    • ရေးသားသူ, ဘိုဘို
    • ရာထူးတာဝန်, ဘီဘီစီမြန်မာပိုင်း

တော်လှန်ရေးဆိုတဲ့ စကားကို ယေဘုယျအားဖြင့် လက်နက်ကိုင်လှုပ်ရှားမှုနဲ့ ဆက်စပ်ပြောဆိုလေ့ရှိပါတယ်။ တဖက်မှာလည်း ယဉ်ကျေးမှုနဲ့ လူမှုပြောင်းလဲရေးဖြစ်စဉ်တွေမှာ တော်လှန်ရေးစကားလုံး သုံးတာတွေလည်း ရှိနေပါတယ်။

တော်လှန်နဲ့ အရေးတော်

ပုဂံခေတ် ၁၁၉ဝ ပြည့်နှစ်ထိုး အမတ်ကြီး သိင်္ဃသူတည်တဲ့ တောင်ဂူနီဘုရား ကျောက်စာမှာပါတဲ့ ရမက်ကျွန်အဖြစ်မှတည်း တော်လှန်လိုရကား ဆိုတဲ့ စကားကနေ ဆင်းသက်လာတယ်ဆိုတဲ့ ဒီစကားလုံးဟာ ဒုတိယ ကမ္ဘာစစ် အတွင်းမှ မြန်မာပြည်မှာ ခေတ်စားလာပုံ ရပါတယ်။ ကုန်းဘောင်ခေတ်လယ် ပိုင်းမှာ ပြုစုပြီး ၁၉ ရာစုကုန်နဲ့ ၂ဝ ရာစုအစောပိုင်းမှာ ပြန်ချဲ့ထွင်တည်းဖြတ်တဲ့ ယုဒသန်အဘိဓာန်မှာတော့ တော်လှန်ကို ပုန်ကန်နဲ့ တွဲပြီး သူပုန်ထတဲ့ သဘော အလေးပေးဖွင့်ဆိုပါတယ်။ အာဏာကိုဆန် တော်လှန်ပုန်စား ဆိုပြီး ဥပမာလည်း ပြပါတယ်။ အရေးတော် ဆိုတဲ့ စကားလုံးကိုတော့ ဘုရင်တွေ ခင်းတဲ့ စစ်ပွဲတွေနဲ့ ပုန်ကန်မှုတွေအဖြစ် မြင်ကွန်းမင်း အရေးတော်တုန်းခါ ဆိုတဲ့ နမူနာစာသားနဲ့ ယုဒသန်အဘိဓာန်မှာ သုံးစွဲတာကို တွေ့ရပါတယ်။ နောက် ကျွန်အဖြစ်က လွတ်မြောက်တာကို တော်လန် ဆိုပြီး စကားသီးခြား ပြဆိုပါတယ်။ ရှေးက ပဉ္စင်းတက် ရာမှာ တော်လန်မင်းစစ် ဖြစ်ပါ၏လော ဆိုပြီး မေးလေ့ရှိကြောင်းလည်း သိရပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Kyaw Myo Khine

ဓာတ်ပုံ ပုံစာ, သခင်စိုးရဲ့ ဗမာ့တော်လှန်မှု

ဖက်ဆစ် တော်လှန်ရေးမတိုင်ခင်က ဖြစ်ပွားတဲ့ ဆရာစံရဲ့ လယ်သမားသူပုန်ကြီးနဲ့ ၁၃ဝဝ ပြည့် လှုပ်ရှားမှုကြီးတွေကို အရေးတော်ပုံ ဆိုတဲ့ မြန်မာ ရာဇဝင်ကျမ်းတွေမှာ လာတဲ့ စကားလုံးနဲ့ သုံးစွဲ ခေါ်ဝေါ် ကြပါတယ်။ ဒါကြောင့် အဲဒီလှုပ်ရှားမှု က လာတဲ့ အရေးတော်ပုံ အောင်ပါစေ ဆိုတဲ့ ကြွေးကြော်သံကို ကနေ့ထိ ဆန္ဒပြပွဲတွေမှာ သုံးစွဲနေတာပါ။ နောက်ပြီး ကမ္ဘာစစ်မဖြစ်ခင်က ထွက်တဲ့ နဂါးနီ တိုက်ထုတ် စာအုပ်တွေမှာ ပြင်သစ်၊ ရုရှား၊ တရုတ် တော်လှန်ရေးတွေ အကြောင်း စာအုပ်တွေမှာ အရေးတော်ပုံ စကားလုံးကိုပဲ သုံးစွဲခဲ့ပြီး သခင်စိုးရဲ့ ဗမာ့တော်လှန်မှု စာအုပ်မှာ တော်လှန်ဆိုတဲ့ စကားလုံးကို စတင်သုံးစွဲခဲ့ကြောင်း လန်ဒန် တက္ကသိုလ်က နိုင်ငံရေးသိပ္ပံ ပါမောက္ခဟောင်း ရောဘတ်တေလာက ရေးပါတယ်။ မြန်မာပြည်နိုင်ငံရေးကို လွတ်လပ်ရေးနောက်ပိုင်း အနှစ် ၄ဝ ချုပ်ကိုင်ခဲ့တဲ့ ဗမာပြည် ဆိုရှယ်လစ်ပါတီနဲ့ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီတွေဟာ ဆက်စပ် ပတ်သက်မှုများပေမယ့် ဆိုရှယ်လစ်ပါတီရဲ့ နာမည်ရင်းက ပြည်သူ့အရေးတော်ပုံပါတီဖြစ်ပြီး လမ်းစဉ်ပါတီကို ထူထောင်တဲ့ စစ်ကောင်စီရဲ့ နာမည်က တော်လှန်ရေးကောင်စီ ဖြစ်နေတာကလည်း ထူးခြားပါတယ်။

ဆိုရှယ်လစ်ပါတီခေါင်းဆောင် ဦးဗဆွေ ၁၉၅ဝ ကျော်က ရေးခဲ့တဲ့ စာအုပ်တအုပ်အမည်ကတော့ ဗမာ့တော်လှန်ရေးနဲ့ ဗမာ့အလုပ်သမားလူထု ဖြစ်ပါတယ်။

တော်လှန်ရေး စကားလုံးဟာ အသုံးနောက်ကျပေမယ့် တော်လှန်ရေးဖြစ်စဉ်တွေကတော့ မြန်မာပြည်မှာ အတော်ရှိခဲ့ပါတယ်။ အထူးသဖြင့် ပြည်ပ အရင်းရှင်နယ်ချဲ့စနစ်နဲ့ ပြည်တွင်းမြေရှင်ပဒေသရာဇ်စနစ်တို့ ထိပ်တိုက် တိုးမိကြတဲ့ ကာလလောက်ကစပြီး အနှစ် ၂ဝဝ အတွင်း တော်လှန်ရေး အသွင်စုံ ဟာ မြန်မာပြည်မှာ ဖြစ်ပွားခဲ့ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, duncan1890

ဓာတ်ပုံ ပုံစာ, သီပေါမင်းခေတ် ပြုပြင်ရေး မအောင်မြင်ခဲ့

မအောင်မြင်တဲ့ ပဒေသရာဇ် ပြုပြင်ရေး

ကုန်းဘောင်မင်းဆက် တည်ထောင်ချိန်ကစပြီး ပြင်သစ်နဲ့ ဗြိတိသျှ နယ်ချဲ့တပ်တွေ စတင်ခြေရှုပ်တာ ခံရတဲ့ မြန်မာပြည်မှာ ဘိုးတော်ဘုရားခေတ် နောက်ပိုင်း ကစပြီး ဉာဏ်သစ်လောင်း လှုပ်ရှားမှုတွေ စတင်လာပါတယ်။ စာပေပိုင်းမှာ အိန္ဒိယ၊ ထိုင်းနဲ့ တရုတ်က လာတဲ့ ဆေးကျမ်း၊ နက္ခတ်ဗေဒင်နဲ့ ဘာသာရေး ကျမ်းတွေကို မြန်မာလို ပြန်ဆိုတာ ရှိလာသလို မက္ခရာမင်းသားကြီးနဲ့ ချားလ်စ်လိန်းတို့ ပြုစုတဲ့ အင်္ဂလိပ် မြန်မာ အဘိဓာန်နဲ့ ယုဒသန်ရဲ့ မြန်မာ-အင်္ဂလိပ် အဘိဓာန်တွေ ပေါ်ထွက်လာပါတယ်။ သဘင်ဂီတပိုင်းမှာလည်း ယိုးဒယား၊ ဘုရင်ဂျီ၊ ကောင်းတုံသံကနေ ခရာသံထိ နိုင်ငံခြားဂီတပေါင်းစုံ နဲ့ ရောယှက် လာပါတယ်။

၁၈၂၆ မှာ ရခိုင်၊ တနင်္သာရီနဲ့ အာသံ၊ မဏိပူရ၊ ၁၈၅၂ မှာ နိုင်ငံအောက်ပိုင်း ဗြိတိသျှအောက် ရောက်ပြီးနောက် ကိုလိုနီစနစ်နဲ့ မြန်မာတွေ ပိုထိစပ်လာပြီး အုပ်ချုပ်ရေး၊ စီးပွားရေး၊ ပညာရေး စတဲ့ အရေးစုံမှာ အနောက်တိုင်း ပုံစံတွေ ပိုဝင်လာပါတယ်။ ၁၈၃၆ ကစတဲ့ မော်လမြိုင်ခရော်နီကယ် သတင်းစာ၊ မော်လမြိုင်နဲ့ စစ်တွေမှာ စဖွင့်တဲ့ ခရစ်ယာန်သာသနာပြုကျောင်းတွေနဲ့ မီးသင်္ဘော၊ မီးရထား၊ ပုံနှိပ်စက်နဲ့ တခြား ရေနွေးငွေ့သုံး စက်ပေါင်းစုံကို မြန်မာ တွေ ယဉ်ပါးလာပါတယ်။ ဒါကြောင့် မန္တလေးမှာ ကနောင်မင်းသားအုပ်စုက စက်ရုံအလုပ်ရုံတွေ တည်ထောင်တာ၊ အိန္ဒိယနဲ့ ဥရောပကို ပညာတော်သင်တွေ လွှတ်တာတွေ ဖြစ်လာပါတယ်။ တခါ မြို့စားရွာစားတွေရဲ့ အာဏာနဲ့ ဓနကို လျှော့ချဖို့ မင်းတုန်းမင်းလက်ထက် ၁၈၆၇ ကစပြီး သဿမေဓခွန်ကောက်ပြီး အမှုထမ်းတွေကို လစာခွဲပေးတဲ့စနစ်ကိုလည်း စမ်းသပ် ကျင့်သုံးခဲ့ပါတယ်။

အိမ်ရှေ့မင်းသား လုပ်ကြံခံရပြီးနောက် ကျန်ရစ်တဲ့ ယောမင်းကြီး ဦးဘိုးလှိုင်နဲ့ ကင်းဝန်မင်းကြီး ဦးကောင်းတို့က အုပ်ချုပ်ရေး ပြုပြင်ရေးအတွက် ဆက်လုံးပန်းပါတယ်။ သီပေါမင်းလက်ထက်မှာ နိုင်ငံကို ခရိုင်တွေ ခွဲခြားအုပ်ချုပ်တာ၊ ဝန်ကြီးဌာနတွေ ဝေပုံကျ သတ်မှတ်တာလို ပြုပြင်ရေးတွေ စခဲ့ ပေမယ့် မအောင်မြင်ခဲ့ပါဘူး။ ယောမင်းကြီးရဲ့ ရာဇဓမ္မသင်္ဂဟကျမ်းဟာ အချိန်မရွေး ဓားကုတ်ပေါ်ဝဲနိုင်တဲ့ခေတ်မှာ ရေးတဲ့ကျမ်း ဖြစ်ပေမယ့် သက်ဦး ဆံပိုင်စနစ်ကို စည်းမျဉ်းခံ ဘုရင်စနစ်ဖြစ်အောင် ပြောင်းဖို့ ကြိုးပမ်းမှုအဖြစ် မှတ်တမ်းတွင်ရစ်ခဲ့ပါတယ်။ ၁၈၈၅ တတိယ အင်္ဂလိပ်-မြန်မာစစ်မှာ ပဒေသရာဇ်စနစ် မြေပြန့်မှာ ချုပ်ငြိမ်းသွားပေမယ့် ကိုလိုနီအရင်းရှင်စနစ်နဲ့ ရင်ဆိုင်ခဲ့ရပြန်ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, HUM Images

ဓာတ်ပုံ ပုံစာ, ဒေါင်းအလံနဲ့ ချီတက်ပွဲ

နှစ် ၁ဝဝ အချိုးအကွေ့ကြီး

သီပေါမင်း ပါတော်မူပြီးနောက် ၁၈၈၆ မှာ မြန်မာနိုင်ငံကို ဗြိတိသျှအောက် အပြီးသွတ်သွင်းဖို့ ဆုံးဖြတ်လိုက်ပြီးနောက်ပိုင်း နိုင်ငံအထက်ပိုင်းမှာ ဆူပူ ထကြွမှုတွေ အနှံ့အပြား ဖြစ်ခဲ့ပါတယ်။ ဗဟိုမရှိတဲ့ ဒီလှုပ်ရှားမှုတွေကို တိုင်းရင်းသားတို့ရဲ့ အစောပိုင်း နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုများဆိုပြီး လမ်းစဉ် ပါတီခေတ် စာအုပ်တွေမှာ ဖော်ပြခဲ့ပေမယ့် ဓားပြထကြွမှုတွေအဖြစ်ပဲ ဗြိတိသျှမှတ်တမ်းတွေမှာ ဖော်ပြပါတယ်။ လက်နက်နဲ့ နိုင်ငံရေးအမြင် ချို့တဲ့တဲ့ ဒီအုံကြွမှုတွေ ကျရှုံးပြီးနောက် ဘာသာရေးအသင်းအဖွဲ့တွေကနေ အမျိုးသားရေးလှုပ်ရှားမှုအဖြစ် ပြန်လည် ဦးမော့လာပြန်ပါတယ်။ ဒီနှလုံးရည်စစ်ပွဲ ဟာလည်း နောက်ဆုံးမှာ ဂျပန်ဆီက လက်နက်ယူပြီး ဗြိတိသျှကို တိုက်ထုတ်တဲ့ လက်ရုံးရည်စစ်ပွဲအဖြစ် ပြန်လည်ကူးပြောင်းသွားတာကို တွေ့ရပါတယ်။

နိုင်ငံအနှံ့ အနှစ် ၁၂ဝ ကနေ ၆ဝ ကျော် ကြာမြင့်တဲ့ ကိုလိုနီခေတ်အတွင်း နိုင်ငံရေးနဲ့ အတွေးအခေါ်ပိုင်း၊ စီးပွားလူမှုရေးနဲ့ နည်းပညာ စတဲ့ ဘက်ပေါင်းစုံ မှာ ပြောင်းလဲမှုတွေ အဆင့်ဆင့် ဖြစ်ခဲ့ပါတယ်။ အနှစ် ၈ဝဝ ကျော် ပဒေသရာဇ်စနစ်အောက်မှာ ပိတ်မိနေခဲ့တဲ့ နိုင်ငံစုတခုအတွက် ဒီနှစ်တရာနီးပါးဟာ အရေးကြီးတဲ့ အချိုးအကွေ့ ဖြစ်သလို နောက်လာမယ့် ခေတ်သစ်အတွက် ပန္နက်ချချိန်လည်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံဟာ အမျိုး ဘာသာ သာသနာ အခြေခံတဲ့ ဝံသာနု လှုပ်ရှားမှုကနေ ဒီမိုကရေစီ၊ ကွန်မြူနစ်၊ ဆိုရှယ်လစ်၊ ဓနရှင် စတဲ့ ခေတ်ပေါ် အနောက်တိုင်းဝါဒတွေ အားပြိုင်တဲ့ နိုင်ငံရေးခေတ်ကို ၁၉ဝ၆ ဝိုင်အမ်ဘီအေ ထူထောင်ချိန်ကနေ အနှစ် ၄ဝ အတွင်း ရောက်ရှိသွားခဲ့ပါတယ်။

ဒီပြုပြင်ရေးဆန်တဲ့ အစောပိုင်း အမျိုးသားရေးလှုပ်ရှားမှုမှာ ပြည်ပက ပြန်လာကြတဲ့ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ ကဏ္ဍက အရေးပါပြီး ဂျပန်ပြန် ဦးဥတ္တမနဲ့ ဘိလပ်ခေါ် ဗြိတိန်မှာ ဆရာဝန်နဲ့ ဝတ်လုံရှေ့နေဘွဲ့တွေ သင်ကြား ပြန်လာကြတဲ့ ဝိုင်အမ်ဘီအေဖခင် ဒေါက်တာဘရင်၊ အမ်အေဦးမောင်ကြီးနဲ့ ဦးပုစတဲ့ ခေါင်းဆောင်တွေ ပါဝင်ပါတယ်။ သူတို့အာဘော်တွေကို ဖြန့်ချိပေးမယ့် သူရိယနဲ့ မြန်မာ့အလင်းသတင်းစာတွေကို ထုတ်ဝေသူတွေကလည်း ခေတ်ပညာတတ် ဦးဘဘေ၊ ဦးလှဖေနဲ့ ဦးရွှေကြူး စတဲ့ လူငယ်လူလတ်တွေ ဖြစ်ပါတယ်။ သူတို့ကို အားပေးကြတဲ့ လူကြီးနဲ့ လူလတ်ပိုင်း စာပေသမား တွေထဲမှာတော့ မစ္စတာမောင်မှိုင်း၊ လယ်တီပဏ္ဍိတဦးမောင်ကြီး၊ ဦးရွှေဇံအောင်၊ ပီးမိုးနင်း စတဲ့ စာပေပညာရှင်တွေ ပါရှိပြီး သူတို့ရဲ့ အမျိုးသားရေး၊ စာပေ၊ရာဇဝင်နဲ့ သိပ္ပံ၊ ဒဿနိကဗေဒ ဆိုင်ရာ ရေးသားချက်တွေက ဗိုလ်ချုပ်အောင်ဆန်းနဲ့ နောက်ပိုင်းခေတ်ထိ မြန်မာနိုင်ငံရေးသမားနဲ့ ပညာတတ် လူငယ် တွေကို လွှမ်းမိုးခဲ့ပါတယ်။ ဒီလှုံ့ဆော်ချက် တွေရဲ့ ရလဒ်အဖြစ် မြန်မာပြည်မှာ ဗြိတိသျှနဲ့ ပူးတွဲအုပ်ချုပ်ရေး ဒိုင်အာခီရောက်လာပြီး ရွေးကောက်ခံ ဒီမိုကရေစီစနစ် ပေါ်ထွန်းလာပါ တယ်။ တဖက်ကလည်း ဟုမ္မရူးခေါ် ကိုယ်ပိုင် အုပ်ချုပ်ရေး တောင်းဆိုတဲ့ ဝံသာနုလှုပ်ရှားမှုကြောင့် ရွေးကောက်ပွဲ သပိတ်မှောက်တာနဲ့ အခွန် မပေးဘဲ ငြင်းတာတွေ ဖြစ်ခဲ့ပါတယ်။

တခါ ၁၉၂ဝ ကျော်မှာ ဂျာမနီပြန် ဦးစုနဲ့ တခြား ဥရောပရောက် မြန်မာကျောင်းသားတချို့ကြား လက်ဝဲဝါဒလေ့လာမှု ထွန်းကားလာပါတယ်။ ကမ္ဘာ့ စီးပွားပျက်ကပ်နဲ့ ဆရာစံသူပုန်အပြီး အိန္ဒိယက ခွဲရေးတွဲရေးနဲ့ တခြား နိုင်ငံရေးတင်းမာမှုတွေကလည်း တိုးလာပါတယ်။ ဒေါက်တာဘမော်ရဲ့ ပါတီကို ဆင်းရဲသားပါတီလို့ အမည်မှည့်ပြီး အောက်ခြေလူတန်းစားတွေကို စည်းရုံးသလို တို့ဗမာအစည်းအရုံးမှာလည်း လက်ဝဲဂိုဏ်းက နေရာရ လာပါတယ်။ တို့ဗမာသခင်ထဲက သခင်နုနဲ့ သခင်စိုးတို့ တည်ထောင်တဲ့ နဂါးနီစာအုပ်အသင်းကလည်း လက်ဝဲဝါဒနဲ့ အာရှ ဥရောပနိုင်ငံတွေက အရေးတော်ပုံ လှုပ်ရှားမှု တွေအကြောင်း ဘာသာပြန်ဆိုထုတ်ဝေခဲ့ပြီး ဒီစာအုပ်တွေကို လွတ်လပ်ရေးရပြီးနောက်ပိုင်းထိ လက်ဝဲဝါဒလိုက်စားသူတွေ ဖတ်ရှုကြပါတယ်။ ဝါဒရေးအရ နိုးကြားလာသလို နိုင်ငံရေးလှုပ်ရှားမှုဘက်ကလည်း ၁၃ဝဝ ပြည့်အရေးတော်ပုံကြီးနဲ့ တခြား လူမျိုးရေး အဓိကရုဏ်းတွေကြောင့် အမျိုးသားရေးနဲ့ ဗြိတိသျှဆန့်ကျင်ရေးတွေ ပြင်းထန်နေပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, ullstein bild Dtl.

ဓာတ်ပုံ ပုံစာ, ၁၃ဝဝ ခေတ်က ဗိုလ်အောင်ကျော်သပိတ်

တချိန်တည်းမှာပဲ မျိုးချစ်ပါတီခေါင်းဆောင် ဂဠုန်ဦးစောနဲ့ တို့ဗမာလက်ယာဂိုဏ်းက သခင်ထွန်းအုပ်၊ သခင်ဗစိန်တို့ အုပ်စုတွေ ဂျပန်နဲ့ နီးစပ်လာပြီး ဂျပန်ဆီက လက်နက်အကူအညီတောင်းဖို့ ကြိုးစားခဲ့ပါတယ်။ နောက် ဒေါက်တာဘမော်နဲ့ ပေါင်းပြီး ဗမာ့ထွက်ရပ်ဂိုဏ်းဖွဲ့ထားတဲ့ တို့ဗမာလက်ဝဲဂိုဏ်းက သခင်အောင်ဆန်းလည်း တရုတ်ကွန်မြူနစ်ဆီက အကူအညီရဖို့ ကြိုးစားရင်း ဂျပန်နဲ့ချိတ်မိပြီး တပ်မတော်မွေးဖွားဖို့ ဖြစ်လာပါတယ်။ ဒုတိယကမ္ဘာစစ်မီး မြန်မာပြည်ကိုကူးလာခါနီးမှာ ဗြိတိသျှနဲ့ပူးပေါင်းပြီး ဂျပန်ကို တွန်းလှန်ဖို့ တို့ဗမာခေါင်းဆောင်တွေ ကြိုးစားမှု မအောင်မြင်တဲ့အဆုံး ဂျပန်နဲ့ ပေါင်းပြီး ဗြိတိသျှတွေကို တိုက်ထုတ်ပါတယ်။ စစ်အတွင်း မှာပဲ ဂျပန်ဒဏ်မခံနိုင်တဲ့အဆုံး ဗြိတိသျှနဲ့တခြားမဟာမိတ်တပ်တွေကို ပြန်ချဉ်းကပ်ပြီး လက်နက် အကူအညီတောင်းရာကနေ မဟာမိတ်ပြန်အဝင်မှာ ဖက်ဆစ်တော်လှန်ရေး ဆင်နွှဲနိုင်ခဲ့ပါတယ်။

တော်လှန်ရေးပြီး တော်လှန်ရေး

စစ်ပြီးခေတ်မှာ နိုင်ငံရေးပြိုကွဲမှုနဲ့ လူမျိုးရေးမကြည်လင်မှုတွေကြားက ရယူခဲ့တဲ့ လွတ်လပ်ရေးကို အတုအစစ်ငြင်းရာကနေ ကွန်မြူနစ်၊ရဲဘော်နဲ့ တပ်မတော်တပ်ရင်းတချို့ရဲ့ လက်နက်ကိုင် တော်လှန်ရေးတွေ ပေါ်လာ ပါတယ်။ အာဏာရ ဆိုရှယ်လစ်နဲ့ ဖဆပလခေါင်းဆောင်တွေရဲ့ ဒီမိုကရေစီ အခွင့်အရေးမပေးမှုကြောင့် ဒီလိုပုန်ကန်တယ်ဆိုသလို လက်ဝဲနိုင်ငံတည်ထောင်ဖို့အတွက် ပြုပြင်ရေးလမ်းနဲ့ မသွားဘဲ တော်လှန်ရေးအကြမ်းနည်းနဲ့ ကြိုးစားတာလို့လည်း သုံးသပ်ကြပါတယ်။ တခြားဘက်မှာလည်း ကရင်၊ မွန်၊ ပအိုဝ်း၊ ရှမ်း၊ ကချင် စတဲ့ လူမျိုးစုံရဲ့ အမျိုးသားတော်လှန်ရေးစစ်ပွဲတွေ ပေါ်လာ ပြန်ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Roger Viollet Collection

ဓာတ်ပုံ ပုံစာ, လူထုလူနေမှုတိုးတက်ရေးအတွက် ကြံဆခဲ့

ဒီလို တော်လှန်ရေးစုံတွေ ဆင်နွှဲနေချိန်မှာပဲ အာဏာရ ဖဆပလဘက်ကလည်း လယ်ရှင်စနစ်ဖျက်သိမ်းရေးနဲ့ အောက်ခြေလူထု ချောင်လည်ရေးအတွက် ပြည်တော်သာနဲ့ တခြားစီမံကိန်းတွေ ရေးဆွဲသလို ကိုလိုနီလက်ကျန် ဗျူရိုကရေစီယန္တရားကို ပြုပြင်ဖို့ ဒီမိုကရေစီ ဒေသန္တရအုပ်ချုပ်ရေးကိုလည်း စမ်းသပ် ပါတယ်။ ဒါပေမဲ့ ပြည်တွင်းစစ်ဒဏ်၊ နိုင်ငံရေးကွဲပြားမှုတွေနဲ့ ပြုပြင်ရေးမှာ ဝန်ထမ်းပိုင်းက ဖော်ဆောင်မှု အားနည်းတာတွေကြောင့် ဖပလခေတ် လူမှု စီးပွားပြုပြင်ရေးတွေ ထင်သလောက် မပေါက်ခဲ့ပါဘူး။ အလားတူ ကွန်မြူနစ်သိမ်းပိုက်ထားတဲ့နယ်တွေက မြေယာပြုပြင်ရေးတွေမှာလည်း မကျွမ်းကျင် မှုနဲ့ ပြည်ပပုံစံတူ ကူးချမှုတွေကြောင့် မအောင်မမြင် ဖြစ်ခဲ့ကြောင်း သခင်တင်မြ စတဲ့ တောပြန်ကွန်မြူနစ်ဟောင်းတွေရဲ့ မှတ်တမ်းတွေမှာ ပါရှိပါတယ်။

လူမျိုးစုလက်နက်ကိုင် တော်လှန်ရေးတွေဟာ အစပိုင်းမှာ ရန်ကုန်ကို ဝိုင်းပြီး မန္တလေး၊ တောင်ငူ စတဲ့ မြို့ကြီးတွေကို သိမ်းနိုင်ခဲ့ပေမယ့် နောက်ပိုင်းမှာ အရေးနိမ့်လာပါတယ်။ ဖဆပလအစိုးရရဲ့ ပါးနပ်တဲ့ နိုင်ငံခြားရေးမူ ကြောင့် အနောက်နဲ့ အရှေ့အုပ်စုနိုင်ငံတွေကြား ချိန်ခွင်လျှာ ထိန်းညှိရင်း ပြည်ပ ထောက်ခံမှုရအောင်လည်း ကြိုးစားခဲ့ပါတယ်။ ဒါပေမဲ့ အာဏာရ အရပ်သားပါတီအတွင်း ပြိုကွဲမှုကြောင့် ၁၉၅၈ မှာ ခေတ္တ စစ်အစိုးရ တက်လာပြီး ၁၉၆၂ မှာ လုံးဝအာဏာသိမ်းတဲ့အထိ ဖြစ်ခဲ့ပါတယ်။ ဒီစစ်အစိုးရကလည်း ၁၉၄၅ ဖက်ဆစ်တော်လှန်ရေးမှာ ပါခဲ့တဲ့ စစ်အရာရှိကြီးတွေ ဦးဆောင်တဲ့ အစိုးရ ဖြစ်လို့ ဆိုရှယ်လစ်ခေတ်ပြောင်းတော်လှန်ရေးကို ကြွေးကြော်ပါတယ်။ ဒါပေမဲ့လည်း လက်ဝဲစွန်းကျတဲ့ စီးပွားရေးပြုပြင်မှုတွေကြောင့် နိုင်ငံစီးပွားရေး လျှောကျခဲ့ပြီး နိုင်ငံရေးအရ ဖိနှိပ်မှုကလည်း ဂျပန်ခေတ်နီးပါး ပြင်းထန်ခဲ့ပါတယ်။ ဒီခေတ်ထဲမှာ ဝန်ကြီးချုပ်ဟောင်း ဦးနုရဲ့ ပြည်ပြေးလှုပ်ရှားမှုနဲ့ ကွန်မြူနစ်တော်လှန်ရေးတွေ မအောင်မမြင် ချုပ်ငြိမ်းခဲ့တာကို တွေ့ခဲ့ရပြီး ပြည်တွင်းမှာ နိုင်ငံရေးအတိုက်အခံလို့ တရားဝင် မရှိခဲ့ပါဘူး။

လွတ်လပ်ပြီးခေတ်မှာ အရှေ့နဲ့ အနောက် အပြိုင်ထိုးဖောက်မှုကြောင့် မြန်မာပြည်တွင်းမှာ နိုင်ငံရေးလှိုင်းတွေ ရိုက်ခတ်ပြီး အရှေ့အုပ်စုရဲ့ လက်ဝဲလှိုင်းက ပိုပြီး ကြီးစိုးခဲ့တာကိုလည်း တွေ့ရပါတယ်။ ဒါတွေကို ပြောင်းပြန် ပြန်လှည့်ခဲ့တာကတော့ ၁၉၈၈ အပြီး တံခါးဖွင့်စီးပွားရေးနဲ့ ပါတီစုံစနစ်ပြန်ပေါ်လာတဲ့ အချိန် ဖြစ်ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, -

ဓာတ်ပုံ ပုံစာ, ညစာစားပွဲဖိတ်ဖို့ စောင့်ခဲ့ရတဲ့ ပြည်မနိုင်ငံရေး

ဒီမိုကရေစီ ပြုပြင်ရေးသို့ နှစ်ပေါင်း ၃ဝ

၁၉၈၈ လူထုအုံကြွမှုကြီး နောက်ပိုင်းမှာ စစ်အစိုးရသစ် တက်လာပြီး နိုင်ငံရေးအတိုက်အခံသစ် ပေါ်ထွန်းလာပါတယ်။ နိုင်ငံဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီး ဒေါ်အောင်ဆန်းစုကြည် ခေါင်းဆောင်တဲ့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ကျောင်းသားအုပ်စုတွေ၊ လက်ဝဲလက်ယာ နိုင်ငံရေးသမားဟောင်းတွေ ပါဝင်တဲ့ ဒီအတိုက်အခံတွေကြားမှာ ညီညွတ်မှု၊ နည်းဗျူဟာနဲ့ အင်အားပိုင်ဆိုင်မှုချို့တဲ့ပေမယ့် ၁၉၉ဝ ရွေးကောက်ပွဲမှာ NLD နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ လည်း နဝတ စစ်အစိုးရရဲ့ အချိန်ဆွဲမှု၊ တရုတ်၊ ထိုင်းနဲ့ စင်္ကာပူလို ဒေသတွင်းနိုင်ငံတွေရဲ့ ထောက်ခံမှု၊ စီးပွားရေးတံခါး တစိတ်တပိုင်း ဖွင့်ပေးမှုတွေ ကြောင့် NLD ဘက်က ကြိုးစားတဲ့ စီးပွားရေး ပိတ်ဆို့မှုနဲ့ တခြား သံတမန်ရေးနည်းတွေ မထိမရောက် ဖြစ်ခဲ့ပါတယ်။

နယ်စပ်က လူမျိုးစုလက်နက်ကိုင်တွေဆီက လက်နက်နဲ့ စစ်ပညာ အကူအညီရဖို့ ကြိုးစားကြတဲ့ ကျောင်းသားအုပ်စုတွေလည်း ထိရောက်တဲ့ ထောက်ပံ့မှု သေချာမရဘဲ ပြိုကွဲသွားခဲ့ပါတယ်။ မြန်မာပြည် နိုင်ငံရေးဟာ အနှစ် ၂ဝ နီးပါး အချိန်ဆွဲနေခဲ့ပြီး ရေဒီယိုနဲ့ ပြည်ပလှုပ်ရှားမှုတွေက အဓိကလို ဖြစ်လာ ပါတယ်။ ပြည်နယ်ဒေသတွေမှာ အားကောင်းတဲ့ လူမျိုးစုအဖွဲ့တွေနဲ့ စစ်တပ်ကြား အပစ်ရပ်စဲရေးယူတာ၊ ဖြိုခွင်းတိုက်ခိုက်တာတွေ ဖြစ်ပြီး နောက် ၁၉၉ဝ နောက်ပိုင်းကနေ ၂ဝဝဝ ပြည့်လွန်နှစ်တွေထိ လက်နက်ကိုင်တော်လှန်ရေး မြန်မာပြည်မှာ အားနည်းသွားပါတယ်။ ဒါပေမဲ့လည်း အပစ်ရပ်အဖွဲ့တွေ အနားယူနေတဲ့ ကာလအတွင်း စီးပွားရေးလုပ်ကွက် တွေက တဆင့် ပြန်လည်အားယူပြီး အင်အားကြီးလာပြန်ပါတယ်။ ဒါကြောင့် ၂ဝဝ၈ အခြေခံဥပဒေက ပေါ်လာတဲ့ အစိုးရသစ်ကနေ ပြည်မနိုင်ငံရေးနဲ့ တောင်ပေါ်က လူမျိုးစုတပ်တွေကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့တဲ့ စစ်ဗိုလ်ချုပ်ကြီး တွေရဲ့ အကြံမအောင်မြင်ဘဲ ၂ဝ၁ဝ ကျော်မှာ တိုက်ပွဲတွေ ပြန်များလာပါတယ်။ အေအေ၊ တအာန်း စတဲ့ တပ်အသစ်တွေလည်း ပေါ်လာပါတယ်။

အရပ်သားနိုင်ငံရေးမှာတော့ နှစ် ၂ဝ ထောင်နဲ့ အကျယ်ချုပ်ကြား လွန်းထိုးနေခဲ့ရတဲ့ အတိုက်အခံခေါင်းဆောင်တွေကို ရွေးကောက်ပွဲအသစ် ဝင်ခိုင်းပြီး စစ်ဗိုလ်ချုပ်တွေနဲ့ လွှတ်တော်ထဲမှာ ထိုင်စေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အရှိန်အဝါနဲ့ လွှတ်တော်နိုင်ငံရေး အရေးပါလာပေမယ့် စစ်တပ်နဲ့ အရပ်ဘက်ကြား အာဏာပြိုင်ပွဲက ပြီးမသွားဘဲ ပိုပြင်းထန်လာခဲ့ပါတယ်။ ၂ဝ၁၅ NLD ရွေးကောက်ပွဲနိုင်ပြီးနောက် ဒီပြိုင်ပွဲ ပိုပြင်းထန်လာသလို NLD နဲ့ လူမျိုးစုပါတီ လက်နက်ကိုင်အဖွဲ့တွေကြား ကွာဟမှုကလည်း ကြီးလာပါတယ်။ ၂ဝ၁၇ မှာ ရခိုင်က ရိုဟင်ဂျာတွေ သိန်းချီထွက်ပြေးရပြီးနောက် စစ်တပ်ကို နိုင်ငံတကာ ရှုတ်ချမှုတွေနဲ့အတူ နိုင်ငံတကာခုံရုံးမှာ စစ်တပ်ဘက်က ခုခံပေးတဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာလည်း ပြည်ပဖိအား များလာပါတယ်။ ဒီဖိအားတွေရဲ့ အကျိုးဆက် ၂ဝ၂၁ အာဏာသိမ်းပွဲအပြီးမှာတော့ NLD အမတ်တချို့ရဲ့ စင်ပြိုင်အစိုးရနဲ့ လက်နက်ကိုင် လှုပ်ရှားမှု ပေါ်လာပြန်ပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Harry Entwistle

ဓာတ်ပုံ ပုံစာ, နှစ် ၆ဝ စစ်အာဏာရှင်စနစ်နဲ့ ရင်ဆိုင်ရ

တော်လှန်ရေးနဲ့ ပြုပြင်ရေး

ဒီတခါ အချိုးအကွေ့ဟာ အနှစ် ၃ဝ ကြာ အကြမ်းမဖက်နိုင်ငံရေး မြန်မာပြည်မမှာ ထွန်းကားခဲ့တာကို အဆုံးသတ်သွားစေပြီး အနှစ် ၅ဝ ကျော် စစ်မဖြစ်ခဲ့တဲ့ အညာနဲ့ လက်နက်ကိုင် လှုပ်ရှားမှု သေချာမရှိခဲ့တဲ့ ချင်းပြည်နယ် ဒေသတွေမှာ တိုက်ပွဲတွေ ပေါ်လာခဲ့ပါတယ်။ ဒီစစ်ရဲ့ အဆုံးသတ်ကို ခန့်မှန်းလို့ မရသေးမယ့် အနှစ် ၃ဝ ကျော် ပြည်တွင်းပြည်ပ ဒီမိုကရေစီရေး ကြိုးစားမှုတွေနဲ့ စစ်တပ်ရဲ့ အမျိုးသားအခြေခံ နိုင်ငံကို ချုပ်ကိုင်ထားလိုတဲ့ အမြင်တွေကြား အပြင်းထန်ဆုံး တိုက်ပွဲ ဖြစ်ပါတယ်။ ရေဒီယို၊ ရုပ်သံနဲ့ စာနယ်ဇင်းတွေမှာ အင်အားပြိုင်ခဲ့ကြတဲ့ အရပ်ဘက်နဲ့ စစ်ဘက် နိုင်ငံရေးဟာ လူမှု ကွန်ရက်ခေတ်မှာလည်း အရှိန်မသေဘဲ စင်ပြိုင်အစိုးရ နှစ်ဖွဲ့ ဖြစ်တဲ့ခေတ်မှာ အဆိုးဆုံးအဆင့်ကို ရောက်လာပါတယ်။

မြန်မာတွေမှာ တော်လှန်ရေးမာန်နဲ့ လွတ်လပ်ရေးမာန်တွေ များပြီး လူထုကို အထင်သေးတာတွေကြောင့် နိုင်ငံရေးမှာ မအောင်မမြင်ဖြစ်ပြီး အုပ်စုတွေ ကွဲရကြောင်း စာရေးဆရာကြီး မောင်ထင်က လောကအမြင် မှာ ရေးခဲ့ဖူးပါတယ်။ လွန်ခဲ့တဲ့ အနှစ် ၆ဝ ကျော်က အဆိုဖြစ်ပေမယ့် ခုထိလည်း နိုင်ငံရေး ကွဲပြား ပြင်းထန်မှုမှာ ကမ္ဘာ့သက်တမ်းအရှည်ဆုံး ပြည်တွင်းစစ်ရှိတဲ့နိုင်ငံအဖြစ်က သက်သေပြနေပါတယ်။ လွတ်လပ်ရေးကြိုးပမ်းမှုက မွေးထုတ် ပေးလိုက်တဲ့ စစ်တပ်ကြောင့်ပဲ နိုင်ငံမှာ အာဏာရှင်စနစ်နဲ့ စစ်မက်နိုင်ငံရေးက အမြစ်မပြတ်ဖြစ်နေပြီး လူမျိုးစုတွေနဲ့ မြန်မာတွေကြားမှာလည်း ယုံကြည်မှု တည်ဆောက်ဖို့ ပိုဝေးကွာလာပါတယ်။ စစ်တပ်လက်က လွတ်အောင် ကြိုးစားမယ်ဆိုတဲ့ နိုင်ငံရေးအုပ်စုတွေကြားမှာလည်း အနှစ် ၆ဝ တိုင် မညီညွတ်မှု၊ ဗျူဟာချို့ငဲ့မှု ၊ အင်အားရင်းမြစ် မကြွယ်ဝမှုတွေကြောင့် စစ်ရေး၊ နိုင်ငံရေးနည်းနဲ့ ကြိုးစားမှုတွေ မအောင်မြင်ဘဲ စစ်တပ်ခေတ်က သက်တမ်းပိုကြာ လာခဲ့ပါတယ်။

ဒါကြောင့် ၁၉ ရာစုကနေ ၂၁ ရာစုထိ နှစ် ၂ဝဝ အတွင်း မြန်မာပြည်ရဲ့ ပြုပြင်ရေးနဲ့ တော်လှန်ရေးလှိုင်းတွေဟာ မူလက ရှိခဲ့တဲ့ သက်ဦးဆံပိုင်ကနေ စည်းမျဉ်းခံဘုရင်စနစ်၊ ပဒေသရာဇ်ကနေ အရင်းရှင်ဒီမိုကရေစီ ကူးပြောင်း တဲ့ အဆင့်ကို သေချာမရောက်နိုင်ဘဲ စစ်အာဏာရှင်စနစ်ကနေ အရင်းရှင် ဒီမိုကရေစီကူးပြောင်းတဲ့အဆင့်မှာ တဝဲလည်လည် ပြန်ဖြစ်နေခဲ့ပါတယ် ။ ဒါကြောင့် တော်လှန်ရေးနဲ့ ပြုပြင်ရေး လမ်းကြောင်းနှစ်ခုလုံးရဲ့ အားသာ အားနည်ချက်တွေကို ပြန်စိစစ်ပြီး နိုင်ငံနဲ့အသင့်တော်ဆုံး လမ်းကို ပြန်ရွေးချိန်လည်း ရောက်နေပါတယ်။ မဟုတ်ရင် လွတ်လပ်စက တော်လှန်ရေး လှိုင်းတွေထသလို နိုင်ငံမှာ ပြည်တွင်းစစ်အဖတ်တင်ပြီး ရပြီးသား ဒီမိုကရေစီစနစ်ပါ ပြန်ပျောက်တဲ့အဖြစ်က ရုန်းမထွက်နိုင် ဖြစ်နိုင်ပါတယ်။

မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျပ်အတည်းကြုံတိုင်း တော်လှန်ပုန်ကန်ထကြွတဲ့နည်းနဲ့ ဖြေရှင်းဖို့ ကြိုးစားတတ်သလို အခွင့်မသာအောင် ဖိနှိပ်ခံထားရတဲ့ အခြေအနေမျိုးမှာတော့ ပြုပြင်ပြောင်းလဲရေးနည်းနဲ့ ရွေ့ဖို့ အားထုတ်ကြတာကို ၁၈၂၆ ပထမ အင်္ဂလိပ်ကျူးကျော်စစ်မှာ မြန်မာရှုံးချိန်ကစပြီး အခုထိ နှစ် ၂ဝဝ သမိုင်းက ပြနေပါတယ်။

burma

ဓာတ်ပုံ ရင်းမြစ်, Alex Bowie

ဓာတ်ပုံ ပုံစာ, ပြည်တွင်းစစ်ရဲ့ မြင်နေကျ အနိဋ္ဌာရုံများ