ဒေါ်အောင်ဆန်းစုကြည်နဲ့ မပြည့်ဝခဲ့တဲ့ မန်ဒဲလား အိပ်မက်

ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်စုစုပေါင်း ၁၅ နှစ်ခန့်ကျခံခဲ့ရပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်စုစုပေါင်း ၁၅ နှစ်ခန့်ကျခံခဲ့ရပါတယ်။

၂၀၁၂ ခုနှစ်အတွင်း မြန်မာစစ်ဗိုလ်ချုပ်တွေနဲ့ တွေ့ဆုံဆွေးနွေးပြီးနောက် ရွေးကောက်ပွဲဝင်ကာ လွှတ်တော်ထဲ ရောက်လာခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၅ မှာ သူ့ပါတီက ရွေးကောက်ပွဲမှာ ၈၀ ရာခိုင်နှုန်းကျော် အနိုင်ရခဲ့ပေမဲ့ သမ္မတဖြစ်ခွင့် မရခဲ့ပါဘူး။

စစ်ဗိုလ်ချုပ်တွေရေးဆွဲထားခဲ့တဲ့ ၂၀၀၈ အခြေခံဥပဒေက သူအားကျတဲ့ တောင်အာဖရိက သမ္မတဟောင်း ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်နယ်ဆင်မင်ဒဲလား လို သမ္မတဖြစ်ခွင့်မရခဲ့ပေမဲ့ ၂၀၁၅ ရွေးကောက်ပွဲ အနိုင်ရပြီး ချိန်မှာလည်း သူ့ရဲ့ အဲဒီအိပ်မက်ဆက်ပြီးရှိနေခဲ့တယ်လို့ သူ့နဲ့နီးစပ်သူတွေက ပြောပါတယ်။

၂၀၁၅ ခုနှစ်ရွေးကောက်ပွဲအနိုင်ရပြီး အစိုးရမဖွဲ့ခင် တစ်ရက်က ဒေါ်အောင်ဆန်းစုကြည်ဟာ သူရဲ့မိတ်ဆွေအချို့ကို ရုပ်သံဗီဒီယို တစ်ခုဖွင့်ပြခဲ့တယ်လို့ ကြည့်ခဲ့ရသူတစ်ဦးက ဘီဘီစီကို ပြောပါတယ်။

အဲဒီရုပ်သံဗီဒီယိုကတော့ တောင်အာဖရိက သမ္မတဟောင်း ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် နယ်ဆင်မင်ဒဲလား အကြောင်း ရိုက်ကူးထားတာလို့ ဆိုပါတယ်။

အဲ့ဒီရုပ်သံ ဗီဒီယိုကိုကြည့်ရသူတွေထဲမှာ NLD ပါတီဝင်တွေ၊ ပါတီဝင်မဟုတ်တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေနဲ့ အငြိမ်းစားတပ်မတော်အရာရှိဟောင်းတွေလည်း ပါဝင်တယ်လို့ ဆိုပါတယ်။

ဒီရုပ်သံဗီဒီယိုကိုတော့ နေပြည်တော်လွှတ်တော်ဝင်းထဲက ဒေါ်အောင်ဆန်းစုကြည်ရုံးထိုင်ခဲ့တဲ့ I -12 အဆောင်မှာ ပြသခဲ့တာဖြစ်ပါတယ်၊

ဒေါ်အောင်ဆန်းစုကြည်ဟာ သူစဉ်းစားထားတဲ့ သူ့ရဲ့ ရှေ့ဆက်မဲ့နိုင်ငံရေး ခရီးကို သူမိတ်ဆွေတွေကို သိစေချင်လို့လည်း ဒီရုပ်သံဗီဒီယိုကိုပြသရတာ ဖြစ်တယ်လို့ ရုပ်သံဗီဒီယိုကိုမပြခင် မိတ်ဆွေတွေကို ရှင်းပြခဲ့တဲ့အကြောင်း အဲ့ဒီတုန်းက ကြည့်ခဲ့သူတစ်ဦးက ပြန်ပြောပြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ အာရှရဲ့ နယ်ဆင်မင်ဒဲလားဖြစ်ချင်ခဲ့တာလို့လည်း အဲဒီသူက မှတ်ချက်ပြုပါတယ်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟောင်း ဟီလာရီကလင်တန်ရေးတဲ့ Hard Choices စာအုပ် မှာလည်း သူအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို တွေ့တဲ့အခါ နယ်ဆင်မင်ဒဲလားကို သတိရသွားတဲ့အကြောင်း ရေးထားပါတယ်။

၂၀၂၁ ဇွန် ၁၉ ရက်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ အသက် ၇၆ နှစ်ပြည့်ပြဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၁ ဇွန် ၁၉ ရက်ဆိုရင် ဒေါ်အောင်ဆန်းစုကြည်ဟာ အသက် ၇၆ နှစ်ပြည့်ပြဖြစ်ပါတယ်။

တောင်အာဖရိကမှာ လူမျိုးရေးခွဲခြားမှုကို ဆန့်ကျင်တွန်းလှန်ခဲ့တဲ့ လူမည်းခေါင်းဆောင် နယ်ဆင်မင်ဒဲလားဟာ အလုပ်ကြမ်းနဲ့ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချခံခဲ့ရပါတယ်။

ဒါပေမယ့်လည်း အာဖရိကလူဖြူတွေ ဦးဆောင်တဲ့ အမျိုးသားပါတီ (National Party) ခေါင်းဆောင် မစ္စတာ ဖရက်ဒရစ် ဝီလျံ ဒီကလပ် ၁၉၈၉ ခုနှစ်မှာ သမ္မတ ဖြစ်လာပြီးတဲ့နောက် နယ်ဆင်မင်ဒဲလားနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ လုပ်ခဲ့ပြီး ၁၉၉၀ခုနှစ်မှာ မင်ဒဲလားကို လွှတ်ပေးခဲ့ပါတယ်။ မင်ဒဲလားဟာ ထောင်ထဲမှာ ၂၇ နှစ်ကြာ နေထိုင်ခဲ့ရပါတယ်။

မင်ဒဲလား လွတ်လာပြီး ၁၉၉၄ ခုနှစ်မှာ ကျင်းပတဲ့ ရွေးကောက်ပွဲမှာတော့ သူ့ပါတီ ANC ကအနိုင်ရပြီး နယ်ဆင်မင်ဒဲလားဟာ တောင်အဖရိကနိုင်ငံရဲ့ ပထမဆုံး လူမည်းသမ္မတ ဖြစ်လာခဲ့ပါတယ်။ဒါအပြင် လူဖြူတွေကြီးစိုးတဲ့ National Party ပါတီရဲ့ခေါင်းဆောင် ဒီကလပ်ကို နယ်ဆင်မင်ဒဲလားက ဒုသမ္မတ အဖြစ် သူ့အစိုးရအဖွဲ့မှာ ခန့်အပ်လိုက်ပါတယ်။

လူမည်းခေါင်းဆောင်ကြီး နယ်ဆင်မင်ဒဲလားနဲ့ လူဖြုခေါင်းဆောင် ဝီလျံဒီကလပ်တို့နှစ်ဦးဟာ ပူးတွဲ ငြိမ်းချမ်းရေး နိုဘယ်ဆုရခဲ့တဲ့အထိ သူတို့ ပူးတွဲလုပ်ဆောင်မှုရဲ့ အောင်မြင်ချက်ကို ကမ္ဘာကြီးက အသိအမှတ်ပြုခဲ့ပါတယ်။

ခွင့်လွှတ်ခြင်းတရားကို မင်ဒဲလားက ကမ္ဘာကြီးကို သင်ပြပေးခဲ့တယ်လို့လည်း ကမ္ဘာ့ခေါင်းဆောင်အချို့က မှတ်ချက်ပြုခဲ့ကြပါတယ်။

No tag

ဓာတ်ပုံ ရင်းမြစ်, CHRISTOPHE LOVINY/GETTY IMAGES

တောင်အာဖရိကနိုင်ငံမှာ ဖြစ်ခဲ့တဲ့နမူနာနဲ့ မြန်မာ့နိုင်ငံရေးကို ချိန်ထိုးကြည့်မယ်ဆိုရင် လူမည်းခေါင်းဆောင် နယ်ဆင်မင်ဒဲလားနေရာမှာ ဒေါ်အောင်ဆန်းစုကြည်ကို ထားကြည့်ရင် လူဖြူခေါင်းဆောင် ဒီကလပ်နေရာမှာ ကြံခိုင်ရေးပါတီက ခေါင်းဆောင် တစ်ဦးဖြစ်လာရမယ်လို့ မြန်မာ့နိုင်ငံရေးလေ့လာသူအချို့က မှတ်ချက်ပြုခဲ့ကြပါတယ်။

ဒါပေမဲ့ မြန်မာ့နိုင်ငံရေးမှာ အဓိက နိုင်ငံရေးပါတီကြီးတွေအပြင် နိုင်ငံရေးအာဏာနဲ့ သြဇာကို ခွဲဝေရယူထားတဲ့ တပ်မတော်ကလည်း ရှိနေပြန်တော့ ဒါကို နားလည်ထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ တပ်ဘက်နဲ့ပါ ဆက်ဆံရေးကောင်းမွန်အောင် တည်ဆောက်ဖို့ ကြိုးစားခဲ့တာကိုလည်း တွေ့ရပါတယ်။

လွန်ခဲ့တဲ့ ၉ နှစ် ၂၀၁၁ ခုနှစ် သြဂုတ်လ ကို မြန်မာ့နိုင်ငံရေး နှင်းခဲပျော်ချိန်လို့ နိုင်ငံတကာ သတင်းမီဒီယာတွေက ရေးပါတယ်။

စစ်ဗိုလ်ချုပ်ဟောင်း သမ္မတ ဦးသိန်းစိန်က ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်မှာ လက်ခံတွေ့ဆုံခဲ့ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ ၂၀၁၂ ဧပြီလမှာ လုပ်ခဲ့တဲ့ ကြားဖြတ်ရွေးကောက်ပွဲမှာ ကော့မှူး မြို့နယ်ကနေ ရွေးကောက်ပွဲဝင်ပြီး လွှတ်တော်ထဲကိုရောက်လာခဲ့ပါတယ်။

သမ္မတဦး သိန်းစိန်ကို အငြိမ်းစားဗိုလ်ချုပ်မှူးကြီးသန်းရွှေက ရွေးချယ်ခဲ့ပေမဲ့လည်း သမ္မတဦး သိန်းစိန်ဟာ အာဏာရှင်မဟုတ်ကြောင်းနဲ့ သမ္မတ ဦးသိန်းစိန်ကို တောင်အာဖရိက လူမျိုးအသားအရောင်ခွဲခြားမှု ခေတ်က သမ္မတ ဒီကလပ် နဲ့ဒေါ်အောင်ဆန်းစုကြည်ကို နယ်ဆင်မင်ဒဲလားအဖြစ် နှိုင်းယှဉ်ကြည့်နိုင်ကြောင်း တိုင်းမ်မဂ္ဂဇင်းက ၂၀၁၃ ခုနှစ်အတွင်းကရေးခဲ့ပါတယ်။

အမျိုးသား ရင်ကြားစေ့ရေး ဆောင်ရွက်ဖို့ သူရ ဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ သဘောတူ
ဓာတ်ပုံ ပုံစာ, အမျိုးသား ရင်ကြားစေ့ရေး ဆောင်ရွက်ဖို့ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ သူရ ဦးရွှေမန်းနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ၂၀၁၅ ခုနှစ်တွင်းက သဘောတူခဲ့

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့လည်း လွှတ်တော်ကိုယ်စားလှယ်ဖြစ်လာပြီးတဲ့ အချိန်ကစလို့ တစ်ချိန်က သူ့ကို ထိန်းသိမ်းခဲ့တဲ့ နဝတ၊ နအဖ ခေါင်းဆောင်တွေနဲ့တွေ့ဆုံ ဆွေးနွေးမှုတွေလုပ်လာခဲ့ပါတယ်။ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌ တာဝန်ယူထားတဲ့ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ အငြိမ်းစားဗိုလ်ချုပ်ကြီးသူရဦးရွှေမန်းနဲ့ မကြာခဏ တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။

ဒါအပြင်ကြံ့ခိုင်ရေးပါတီရဲ့ထိပ်တန်းခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ဦးအောင်သောင်းနဲ့လည်း ဒေါ်အောင်ဆန်းစုကြည်တို့ သီးခြား ၂ ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ လက်စားချေမဲ့သူမျိုး မဟုတ်ဘူးလို့ ဦးအောင်သောင်းက မိတ်ဆွေအချို့ကို ပြန်ပြောပြခဲ့ဖူးတယ်လို့ သူ့မိတ်ဆွေတွေက ပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ အဲဒီအချိန်က ကြံ့ခိုင်ရေးပါတီခေါင်းဆောင်တွေကြား ယုံကြည်မှုနားလည်မှု ရှိလာတဲ့အတွက် လူကြီးလူကောင်း သဘောတူညီမူ့( Gentleman Agreement ) တွေလည်း ထားခဲ့ကြတယ်လို့ ယူဆရကြောင်း ပါတီ ခေါင်းဆောင် အချို့ကပြောပြဖူးပါတယ် ။

၂၀၁၅ ရွေးကောက်ပွဲမှာ ဘယ်ပါတီကပဲအနိုင်ရရ တိုင်းပြည်ရေးရာကိစ္စတွေမှာတော့ ညှိနှိုင်းတိုင်ပင် လုပ်ဆောင် ကြရအောင်ဆိုတဲ့ လူကြီးချင်းသဘောတူညီမူ့တွေ ရှိခဲ့တယ်လို့ သူရဦးရွှေမန်းနဲ့ နီးစပ်တဲ့ ကြံခိုင်ရေးပါတီ ခေါင်းဆောင်တစ်ဦးက ပြောပြဖူးပါတယ်။

ဒါပေမဲ့လည်း ရွေးကောက်ပွဲမတိုင်ခင် ဦးအောင်သောင်းကွယ်လွန်သွားခဲ့သလို ရွေးကောက်ပွဲ ကျင်းပခါနီးမှာပဲ ကြံ့ခိုင်ရေးပါတီခေါင်းဆောင်အချို့ဦးဆောင်ပြီး သူရဦးရွှေမန်းကို ပါတီခေါင်းဆောင်နေရာက ဖယ်ရှားခံခဲ့ ရပါတယ်။

၂၀၁၅ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အဲန်အယ်ဒီပါတီဟာ ၈၀ ရာခိုင်နှုန်းကျော် အနိုင်ရခဲ့ပေမဲ့ ၂၀၀၈ အခြေခံဥပဒေအရ သမ္မတဖြစ်ခွင့် မရခဲ့ပါဘူး။

၂၀၁၅ ရွေးကောက်ပွဲမှာ ၈၀ ရာခိုင်နှုန်းကျော် အနိုင်ရခဲ့ပေမဲ့ သမ္မတဖြစ်ခွင့်မရခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၁၅ ရွေးကောက်ပွဲမှာ ၈၀ ရာခိုင်နှုန်းကျော် အနိုင်ရခဲ့ပေမဲ့ သမ္မတဖြစ်ခွင့်မရခဲ့

၂၀၁၅ ရွေးကောက်ပွဲအနိုင်ရလို့ အစိုးရဖွဲ့တဲ့အခါ ကြံ့ခိုင်ရေးပါတီဝင်တွေနဲ့ တပ်မတော်က အငြိမ်းစားယူထားသူ ဒုတိယဗိုလ်ချုပ်ကြီးအချို့ကို ဒေါ်အောင်ဆန်းစုကြည်က သူဦးဆောင်ဖွဲ့မယ့်အစိုးရ အဖွဲ့ထဲ ပါဝင်ဖို့ ကမ်းလှမ်းခဲ့ပါတယ်။ အဲဒီလိုကမ်းလှမ်းခံရသူတွေထဲက အချို့ဟာ ပြည်ထောင်စုဝန်ကြီး တာဝန်ကိုလက်ခံပြီးမှ ပြန်ငြင်းတာရှိသလို အချို့ကလည်း ရာထူးလက်မခံဖို့တားတဲ့ သူတွေ ရှိတဲ့ကြားက ရာထူးလက်ခံခဲ့ သူတွေရှိပါတယ်။

ဥပဒေပြုရေးမဏ္ဍိုင်မှာ ကြံ့ခိုင်ရေးပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်ဖြစ်သူ ဦးတီခွန်မြတ်ကို ပြည်သူ့လွှတ်တော်ဒုဥက္ကဋ္ဌ ရာထူးပေး ခဲ့ပါတယ်။ အုပ်ချုပ်ရေးပိုင်းမှာလည်း ကြံ့ခိုင်ရေးပါတီဝင်တွေဖြစ်တဲ့ သူရဦးအောင်ကိုနဲ့ ဦးသိန်းဆွေတို့ကို ပြည်ထောင်စုဝန်ကြီး တာဝန်တွေ ပေးခဲ့သလို ရှမ်းပြည်နယ်နဲ့ ကရင်ပြည်နယ် အစိုးရအဖွဲ့တွေမှာလည်း ကြံ့ခိုင်ရေးပါတီဝင်တချို့ကို ဝန်ကြီးရာထူးတွေ ပေးခဲ့ပါတယ်။

တပ်မတော်အရာရှိကြီးတွေနဲ့ ဆက်ဆံရေးကောင်းဖို့ ကြိုးပမ်းချက်လို့ ယူဆနိုင်စရာ ဖြစ်တဲ့ တပ်မတော်မှာ ဗိုလ်ချုပ်အဆင့် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဦးထွန်းထွန်းဦးကို ရှေ့နေချုပ်ရာထူးပေးခဲ့သလို အငြိမ်းစား ဒုတိယဗိုလ်ချုပ်ကြီးခင်ဇော်ဦး ကိုလည်း ငြိမ်းချမ်းရေးကော်မရှင်မှာ တာဝန်ပေးခဲ့တာတွေဟာ ထင်ရှားတဲ့ သာဓကတွေ ဖြစ်ပါတယ်။

အစိုးရဖွဲ့တဲ့အခါ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကြံ့ခိုင်ရေးပါတီခေါင်းဆောင်ဟောင်းသူရဦးရွှေမန်းကို အစိုးရအဖွဲ့ထဲ မထည့်သွင်းခဲ့ပေမယ့် ပြည်ထောင်စုလွှတ်တော်ရဲ့အထူးကော်မရှင် ဥက္ကဋ္ဌ နေရာပေးခဲ့ပါတယ်။

သူရဦးရွှေမန်း သူ့ရဲ့ ကိုယ်ပိုင်ပါတီ မထောင်ခင်အထိ ဒေါ်အောင်ဆန်းစုကြည်ဟာ သူရဦးရွှေမန်းနဲ့ တစ်ပတ်ကို အနည်းဆုံး တစ်ကြိမ်နဲ့ ၄ နှစ်နီးပါးတွေ့ခဲ့တယ်လို့ သူရဦးရွှေမန်းနဲ့ နီးစပ်သူတွေကပြောပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲအနိုင်ရပြီး အစိုးရမဖွဲ့ခင်မှာ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အ ပါအဝင် တပ်မတော် ထိပ်တန်း ခေါင်းဆောင်တွေနဲ့ ၃ ကြိမ် တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အဲဒီလိုဆွေးနွေး တဲ့အခါ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ တောင်းဆို့မှုအချို့ကို ဒေါ်အောင်ဆန်းစုကြည်ကလက်မခံတာရှိခဲ့ တယ်လို့ဆိုပါတယ်။ ဒါပေမဲ့လည်းဒေါ်အောင်ဆန်းစုကြည်အနေနဲ့တော့ တပ်မတော်ခေါင်းဆောင်တွေနဲ့အဆင်ပြေရေး ကြိုးစားခဲ့ပါတယ်။

အငြိမ်းစားတပ်မတော်အရာရှိဟောင်း NLD ပါတီရဲ့သာမန်ပါတီဝင် ချင်းတိုင်းရင်းသား ဦးဟန်နရီဗန်ထီးယူဟာ ဒုတိယသမ္မတဖြစ်လာခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အငြိမ်းစားတပ်မတော်အရာရှိဟောင်း NLD ပါတီရဲ့သာမန်ပါတီဝင် ချင်းတိုင်းရင်းသား ဦးဟန်နရီဗန်ထီးယူဟာ ဒုတိယသမ္မတဖြစ်လာခဲ့

ဒုတိယသမ္မတရာထူးအတွက် အငြိမ်းစားတပ်မတော်အရာရှိဟောင်း NLD ပါတီရဲ့သာမန်ပါတီဝင် ချင်းတိုင်းရင်းသား ဦးဟန်နရီဗန်ထီးယူဟာ ဒုတိယသမ္မတ ဖြစ်လာခဲ့ပါတယ်။

အစိုးရအဖွဲ့ဝင်တွေထဲမှာ ကြံ့ခိုင်ရေးပါတီဝင်တွေနဲ့အငြိမ်းစားတပ်မတော်အရာကြီးတွေကို ပြည်ထောင်စုအဆင့် တာဝန်ပေးသလို ဝန်ကြီးဌာန အကြီးအကဲရာထူးတွေကိုလည်း ကြံ့ခိုင်ရေးပါတီ ခေါင်းဆောင်တွေနဲ့ ရင်းနှီးတဲ့ တပ်မတော်အရာရှိဟောင်းတွေကို ပေးခဲ့တာတွေရှိခဲ့ပါတယ်။

NLD အစိုးရတက်လာပြီးပထမဆုံးအနေနဲ့ နိုင်ငံတော်သမ္မတရုံးမှာ ညွန်ကြားရေးမှူးချုပ်နှစ်ဦး ခန့်အပ်ခဲ့ပါတယ်။ ဦးခင်လတ်နဲ့ဦးဘရတ်ဆင်းတို့ဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန် တပ်မတော်မှာ တာဝန်ထမ်းဆောင်စဉ်က ရင်းနှီးခဲ့သူ ( G-2 တာဝန်ယူခဲ့သူ ) စစ်တက္ကသိုလ် အပတ်စဉ် ၂၅ ဆင်း ဦးခင်လတ်ကို နိုင်ငံတော်သမ္မတရုံး နိုင်ငံရေးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ခန့်ခဲ့သလို အငြိမ်းစားတပ်မတော်အရာရှိဟောင်း ဦးဘရတ်ဆင်းကိုလည်း သမ္မတရုံးစီးပွားရေးဌာန ညွှန်ချုပ်အဖြစ်ခန့်အပ်ခဲ့တာပါ။ ညွှန်ကြားရေးမှူးချုပ်ကနေ သက်ပြည့်ပင်စင်ယူသွားတဲ့အခါမှာလဲ ဦးဘရတ် ဆင်းကို နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး တာဝန်ဆက်လက်တာဝန်ပေးခဲ့ပါတယ်။

ဒါ့အပြင်သမ္မတဦးသိန်းစိန်နဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးရှိတဲ့ တပ်မတော်အရာရှိဟောင်း ဦးဇော်ဌေးကိုလည်း နိုင်ငံတော်အတိုင်ပင်ခံရုံးရဲ့ ညွှန်ချုပ် တာဝန် ပေးခဲ့သလို အတိုင်ပင်ခံရုံး ဒုဝန်ကြီးနေရာကိုလည်း DSA-17 ဆင်း အငြိမ်းစားတပ်မတော် အရာရှိ ဦးခင်မောင်တင့်ကို တာဝန်ပေးခဲ့ပါတယ်။

သမ္မတဦးသိန်းစိန်ရဲ့ သားမက်တော်စပ်သူဟာလည်း NLD အစိုးရ လက်ထက်မှာ ရာထူးတစ်ဆင့်တိုးပြီး သံမှူးကြီးဖြစ်လာခဲ့ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အစိုးရတက်လာပြီးနောက်ပိုင်း ခန့်အပ်တဲ့ ဒုဝန်ကြီး အတော်များများ ဟာလည်း တပ်မတော်က အငြိမ်းစားယူထားတဲ့သူတွေဖြစ်ပါတယ်။ ဒါအပြင် ရခိုင်ပြည်နယ်မြောက်ပိုင်းအရေးနဲ့ ပတ်သက်လို့အိုင်စီဂျေ တရားရုံးမှာ သွားရောက်ထွက်ဆိုတဲ့အခါလည်း ဒေါ်အောင်ဆန်းစုကြည်ဟာ တပ်မတော်ဖက်က ရပ်တည်ပြောဆို ခဲ့တယ် ဆိုပြီး နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ ဝေဖန်ပြစ်တင်မှုကို ခံခဲ့ရပါတယ်။

ICJ မှာ ဂမ်ဘီယာက မြန်မာကို တရားစွဲထားတဲ့ အမှုနဲ့ ပတ်သက်ပြီး တပ်မတော်ဟာ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဘီဘီစီကို ပြောခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ICJ မှာ ဂမ်ဘီယာက မြန်မာကို တရားစွဲထားတဲ့ အမှုနဲ့ ပတ်သက်ပြီး တပ်မတော်ဟာ အစိုးရနဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ တပ်မတော် သတင်းမှန် ပြန်ကြားရေးအဖွဲ့က အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ဘီဘီစီကို ပြောခဲ့

ဒေါ်အောင်ဆန်းစုကြည်အစိုးရ တာဝန်ယူခဲ့တဲ့ ၅ နှစ်တာကာလအတွင်းပြည်ကြည့်မယ်ဆိုရင် ပထမ တနှစ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်တို့အကြား ပြောဆိုဆက်ဆံတာတွေ ရှိခဲ့ပေမဲ့နောက်ပိုင်းမှာတော့ သူတို့နှစ်ဦးဆက်ဆံရေးဟာ အေးစက်ခဲ့ပါတယ်။

အလားတူ ပါတီခေါင်းဆောင်တွေကြားဆက်ဆံရေးဟာလည်း အေးစက်လာခဲ့ပါတယ်။ သူရဦးရွှေမန်းကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ တာဝန်ယူထားစဉ်က ဒေါ်အောင်ဆန်းစုကြည်နဲ့ဆက်ဆံရေး ကောင်းခဲ့ပေမဲ့ ၂၀၁၅ ရွေးကောက်ပွဲအပြီး ဦးသန်းဌေး ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌဖြစ်လာချိန်မှာတော့ ပါတီနှစ်ခုကြားခေါင်းဆောင်တွေရဲ့ ဆက်ဆံရေးဟာ အေးစက်ခဲ့ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲ NLD ပါတီအနိုင်ရရှိလာတဲ့အခါမှာတော့ မဲစာရင်းကွာဟမှုတွေရှိတယ်ဆိုတဲ့ စွပ်စွဲချက် တွေနဲ့ တစ်ဖက်နဲ့တစ်ဖက် ကြားတင်းမာမှုတွေရှိလာခဲ့ပြီး ညှိနှိုင်းမရတဲ့အဆုံးမှာတော့ အာဏာသိမ်းမူ့တွေ ဖြစ်လာခဲ့ပါတယ်။

မြန်မာနိုင်ငံဒီမိုကရေစီခရီးဟာလည်း နောက်ပြန်ဆုတ်သွားခဲ့ရပြန်ရပါတယ်။ဒေါ်အောင်ဆန်းစုကြည်လည်း ဖမ်းဆီးထိန်းသိမ်း ခံလိုက်ရသလို ပုဒ်မ ၇ ခုလောက်နဲ့ တရားစွဲဆိုခံနေရပြီး အမူ့ ရင်ဆိုင်နေရပါတယ်။ အသက် ၇၆ နှစ်ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ လူထုရှေ့မှောက်ဘယ်တော့ပြန်ရောက်လာမလဲ ဘယ်သူမှမ ခန့်မှန်းနိုင်သေးပါဘူး။

၅ နှစ်တာအတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမျိုးသားပြန်လည်သင့်မြတ်ရေး ကြိုးပမ်းမှုဟာလည်း မအောင်မြင်ခဲ့ဘဲ သူဖြစ်ချင်ခဲ့တဲ့ အာရှမင်ဒဲလား စိတ်ကူးဟာလည်း မရေမရာ အခြေအနေကို ရောက်သွားခဲ့တယ်လို့ပြောရမှာဖြစ်ပါတယ်။