အမျိုးသမီးတွေအပေါ် မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာ စော်ကားနှောင့်ယှက်မှုတွေမှာ ဂျူရီတရားသူကြီးတွေတောင် နားလည်မှု လွဲတတ်တဲ့အချက်တွေက ဘာတွေပါလဲ

မုဒိမ်းမှုအများစုကို ကျူးလွန်သူတွေဟာ လူစိမ်းတွေထက် မျက်နှာသိလူကျက်တွေက ပိုများလေ့ရှိ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မုဒိမ်းမှုအများစုကို ကျူးလွန်သူတွေဟာ လူစိမ်းတွေထက် မျက်နှာသိလူကျက်တွေက ပိုများလေ့ရှိ

နိုင်ငံတကာသတင်းတွေထဲမှာ တပတ်လောက် လိင်ပိုင်းဆိုင်ရာ စော်ကားမှုအကြောင်း မပါတာ တော်တော်ရှားပါတယ်။ အဲသလိုပါလာရင်လည်း ဝေဖန်မှုအမျိုးမျိုး ကြားရတတ်ပါတယ်။

လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေရဲ့ သဘာဝကို နားလည်မှု လွဲကြတော့ အထင်အမြင်တွေ သုံးသပ်ချက်တွေ မှားပြီး အစော်ကားခံသူမှာ ပိုပြီးအရှက်ရတာ၊ နောင်တရတာ၊ ကိုယ့်ကိုယ်ကိုယ်ပြန်ပြီး အပြစ်တင် မိတာတွေ ဖြစ်တတ်ပါတယ်။ မုဒိမ်းမှုတို့၊ လိင်ပိုင်းဆိုင်ရာ အစော်ကားခံရမှုတို့မှာ နားလည်မှု လွဲတတ်တော့ တရားရုံးတွေမှာ အရပ်သား ဂျူရီလူကြီးတွေလည်း အကဲဖြတ်ချက် လွဲတတ်ပါတယ်။

လိင်ပိုင်းဆိုင်ရာ အစော်ကားခံရတဲ့အမှုတွေမှာ နားလည်မှု လွဲတတ်တဲ့အချက်တွေက ဘာတွေလဲ။

၁။ ကျူးလွန်သူအများစုဟာ သူစိမ်းယောက်ျားလို့ထင်တတ်တဲ့အချက်

ရုပ်ရှင်ဇာတ်လမ်းတွေထဲမှာတော့ အမှောင်ကြားကလမ်းကျဉ်းလေးတခုထဲမှာ အမျိုးသမီးတယောက် လမ်းလျှောက်လာရင်း အဓမ္မပြုကျင့် ခံလိုက်ရတာကို ခဏခဏတွေ့ရတတ်ပါတယ်။ ဒါပေမယ့် တကယ့်ဘဝ ထဲမှာက အဲသလို မဟုတ်ပါဘူး။ တကယ်ဆိုးဝါးတဲ့ မုဒိမ်းမှုတွေဟာ အိမ်ထဲမှာ အကျူးလွန် ခံလိုက်ရတာ၊ ကိုယ်သိတဲ့ ရင်းနှီးတဲ့သူတွေက ကျူးလွန်သွားတာက ပိုများပါတယ်။ အင်္ဂလန်၊ ဝေလပြည်၊ သြစတြေးလျတို့မှာ အမျိုးသမီး ၅ ယောက်တိုင်းအနက် တယောက်ဟာ တသက်မှာ တခါဖြစ်ဖြစ်တော့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုနဲ့ ကြုံတွေ့ဖူးကြပါတယ်။ အမေရိကန် ပြည်ထောင်စုရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုစစ်တမ်းမှာတော့ အမျိုးသမီး ၅ ယောက်မှာ ၁ ယောက်၊ ယောက်ျား ၇၁ ယောက်မှာ ၁ ယောက်တို့ဟာ မုဒိမ်းကျင့်ခံရဖူးတယ်လို့ ဖော်ပြထားပါတယ်။

ဗြိတိန်က နောက်ထပ် အစီရင်ခံစာတခုမှာ ဖော်ပြထားတာကလည်း စိတ်ဝင်စားစရာပါ။ တကယ့်မုဒိမ်းမှုတွေရဲ့ ၁၀ ရာနှုန်းလောက်မှာသာ ကျူးလွန်သူက လူစိမ်းဖြစ်နေတတ်ပါတယ်။ မုဒိမ်းမှုတွေရဲ့ ၅၆ ရာနှုန်းမှာတော့ ကျူးလွန်သူဟာ သူတို့ရဲ့ ချစ်သူဟောင်း၊ ချစ်သူသစ်၊ လက်မထပ်ဘဲ အတူနေသူတွေ ဖြစ်တတ်ပါတယ်။ ၃၃ ရာနှုန်းကသာ သူငယ်ချင်း၊ အသိ၊ မိသားစုဝင်တယောက်ယောက်ဖြစ်တတ်ပါတယ်။

၂။ လိင်ပိုင်းဆိုင်ရာ အစော်ကားခံရတာ အစစ်အမှန်ဆိုရင် ချက်ချင်းတိုင်မှာပဲလို့ ထင်တဲ့အချက်

ဗြိတိန် ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ကိန်းဂဏန်းတွေအရ မုဒိမ်းမှုတွေရဲ့ ၄၆ ရာနှုန်းကိုသာ နေ့ချင်းတိုင်ကြား ကြတာတွေ့ရပါတယ်။ ၁၄ ရာနှုန်းကိုတော့ ၆ လကျော်မှ တိုင်ကြားကြတာကိုတွေ့ရပါတယ်။ တကယ်လို့ အစော်ကားခံရသူဟာ ကလေးဖြစ်နေမယ်ဆိုရင် ပိုပြီးနှောင့်နှေး ကြန့်ကြာတတ်ပါတယ်။ အသက် ၁၆ နှစ်အောက် မုဒိမ်းကျင့်ခံရသူတွေရဲ့ ၂၈ ရာနှုန်းကသာ နေ့ချင်းတိုင်ကြားတာ တွေ့ရပါတယ်။ အသက် ၁၆ နှစ်အောက်အမှု ၇၀ ရာနှုန်းကျော်ဟာ ခြောက်လလောက်ကြာမှ တိုင်ကြားကြတာကို တွေ့ရပါတယ်။ ဒါဟာ တိုင်ကြားတဲ့အမှုတွေ အပေါ်မှာသာ ရာနှုန်းတွက်ချက်ဖော်ပြတာ ဖြစ်ပါတယ်။ တကယ်တမ်းမှာတော့ အမှုတော်တော်များများဟာ တိုင်တန်းတဲ့အဆင့်ထိ မရောက်ဘဲ ဖုံးဖိမျိုသိပ်ပြီး ပျောက်ကွယ်သွားတာများပါတယ်။ အမေရိကန်ပြည်ထောင်စု မှာတော့ လိင်ပိုင်းဆိုင်ရာ စော်ကားမှု ၃ ခုမှာ ၂ ခုဟာ ဘယ်တော့မှ ရုံးကိုဂါတ်ကို ရောက်မလာဘူးလို့ လေ့လာတွေ့ရှိရပါတယ်။

မုဒိမ်းမှု ၃ ခုမှာ ၂ ခုဟာ ရုံးတို့ဂါတ်တို့ ရောက်မလာဘဲ မြိုသိပ်ဖုံးဖိရင် ပျောက်ဆုံးသွားတတ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, မုဒိမ်းမှု ၃ ခုမှာ ၂ ခုဟာ ရုံးတို့ဂါတ်တို့ ရောက်မလာဘဲ မျိုသိပ်ဖုံးဖိရင် ပျောက်ဆုံးသွားတတ်

ဘာလို့မတိုင်တာလဲ ဆိုတဲ့ ခေါင်းစဉ်နဲ့ လူမှုကွန်ရက်မှာတင်ပြီး စစ်တမ်းကောက် မေးမြန်းကြည့်တော့ အကြောင်းများစွာကို တွေ့လာရပါတယ်။ တချို့က ကျူးလွန်တဲ့သူကို ထောင်မကျစေချင်လို့ မတိုင်တာလို့ ဖြေပါတယ်။ ကိုယ့်ကို စော်ကားတဲ့သူကို ဘာလို့ ထောင်မကျစေချင်တာလဲလို့ မေးစရာရှိပါတယ်။ "အကြောင်းကတော့ တခါတလေမှာ သူတို့ကိုယ်တိုင်က စော်ကားသူ အပေါ်မှာ သံယောဇဉ် မပြတ်တာလည်း ဖြစ်တတ်ပါတယ်။ တခါတလေမှာ စော်ကားသူဟာ မိသားစုထဲက တယောက်ယောက် ဖြစ်နေရင်လည်း ထောင်မကျစေချင်ပါဘူး။ တခါတလေမှာတော့ စော်ကားသူဟာ ချစ်သူရည်းစား ဆိုရင်လည်း ထောင်မကျစေချင်ပါဘူး။ တခါတလေ မှာတော့ စော်ကားသူ အပေါ်မှာ မှီခိုနေရတာမို့ ထောင်မကျ စေချင်တာလည်း ရှိပါတယ်။" လို့ လိင်အကြမ်းဖက်မှုကို လေ့လာ သုတေသနပြုတဲ့ ဒူရမ်စင်တာရဲ့ ဒါရိုက်တာ နီကိုးလ် ဝက်စမားလန်းက ပြောပါတယ်။ ကျောင်းသူတချို့ကတော့ သူတို့တိုင်လိုက်လို့ တခြားသူတယောက် ဘဝပျက်သွားတာမျိုး အထိ မဖြစ်စေချင်လို့လို့ ဆိုပါတယ်။

သေချာတာ တခုကတော့ အစစ်အမှန် အစော်ကားခံရတာ ဟုတ်မဟုတ်ဆိုတာ ချက်ချင်းတိုင်တာ မတိုင်တာနဲ့ မဆိုင်ဘူး ဆိုတဲ့အချက်ပါပဲ။

၃။ ချက်ချင်းတိုင်ရင် စုံစမ်းစစ်ဆေးရတာ ပိုလွယ်ကူမှာပဲလို့ ထင်ကြတဲ့အချက်

မုဒိမ်းမှုမှာ ချက်ချင်းတိုင်ရင် မှုခင်းဆိုင်ရာဆေးစစ်ချက် ယူလို့ရတယ်ဆိုတာ မှန်ပါတယ်။ သုက်၊ တံတွေး၊ DNA နမူနာတွေယူပြီး စစ်ဆေးနိုင်တယ်ဆိုတာ မှန်ပါတယ်။ နောက်ပြီး တိုက်ခိုက်ထားလို့ ပေါက်ပြဲတာ၊ ရောင်ရမ်းတာ၊ ညိုမည်းတာတွေက အင်အားသုံး အကြမ်းဖက်ခံရကြောင်း ခိုင်မာတဲ့ အထောက်အထားတွေ ဖြစ်နိုင်တယ်ဆိုတာလည်း မှန်ပါတယ်။

ဒါပေမယ့် ဒီလို ရုပ်ပိုင်းဆိုင်ရာ သက်သေတွေရှိမှသာ မုဒိမ်းမှုကို ဖော်ထုတ်လို့ ရနိုင်မယ်လို့ ထင်တာတွေက မမှန်ပါဘူး။ အထူးသဖြင့် မုဒိမ်းပြုကျင့်သူဟာ ရည်းစားတို့ လက်မထပ်ဘဲ အတူနေသူတို့ ဖြစ်နေခဲ့ရင် အဲဒီသက်သေ အထောက်အထား တွေက မုဒိမ်းမှု ဟုတ်မဟုတ်မှာ အရေးပါတဲ့ အထောက်အထား မဟုတ်ကြပါဘူး။ လိင်ဆက်ဆံမှု ရှိပေမယ့် မုဒိမ်းမှု ဟုတ်မဟုတ် အငြင်းပွားစရာရှိပါတယ်။ အဲသလို မုဒိမ်းမှုမျိုးမှာ တရားပြိုင်ရတဲ့ အကြောင်းအရာက လိင်ဆက်ဆံမှုရှိမရှိဆိုတာထက် စိတ်တူကိုယ်တူ ဟုတ်မဟုတ် ဆိုတာက ပိုအဓိကကျပါတယ်။

ဗြိတိန် ပြည်ထဲရေးဌာနရဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ နေ့ချင်းတိုင်ကြားတဲ့ မုဒိမ်းမှုတွေရဲ့ ၂၆ ရာနှုန်းမှာသာ ကျူးလွန်သူဟာ အပြစ်ပေး အရေးယူခံရတာကို တွေ့ရပါတယ်။

၄။ တကယ်သဘောမတူတာမှန်ရင် ခုခံတိုက်ခိုက်မှာပေါ့ဆိုတဲ့ယူဆချက်

မုဒိမ်းမှု၊ လိင်ပိုင်းဆိုင်ရာစော်ကားမှုတွေအပေါ်မှာ လူတွေရဲ့ တုံ့ပြန်ပုံတွေက မတူကြပါဘူး။

ဝယ်လင်တန်တက္ကသိုလ်က မှုခင်းဗေဒပညာရှင် ဂျန်ဂျော်ဒန်က သူ့ရဲ့ Serial Survivors ဆိုတဲ့စာအုပ်ထဲမှာ လူတယောက်တည်းက မုဒိမ်းကျင့်ခဲ့တဲ့ အမျိုးသမီး ၁၅ ယောက်ကို နည်းအမျိုးမျိုးနဲ့ လှည့်ပတ်မေးမြန်းပြီး စာအုပ်ပြုစုခဲ့ ပါတယ်။ အဲဒီမှာ တုံ့ပြန်ပုံမတူကြတာကိုတွေ့ရပါတယ်။ တချို့က မုဒိမ်းကျင့်သူနဲ့ စကားနဲ့ ဖျောင်းဖျနားချဖို့ အားထုတ်ကြတယ်။ တချို့က ခုခံတိုက်ခိုက်ကြတယ်။ တချို့ကတော့ စိတ်နဲ့ကိုယ်နဲ့ လွတ်သွားကြတယ်။ လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေ အပေါ်မှာ စိတ်မရှိတော့ဘဲ လွင့်ထွက်သွားတာမျိုး၊ ဒါမှမဟုတ် တခြားကိုတမင်သက်သက် ပို့ထားတာ ဖြစ်ချင် ဖြစ်တတ်တယ်။

ရဲမှတ်တမ်း ၂၇၄ ခုကို လေ့လာဆန်းစစ်ပြီး သုတေသနလုပ်ထားတဲ့ အမေရိကန်အစီရင်ခံစာ တစောင်ရဲ့ တွေ့ရှိချက်အရ မုဒိမ်းကျင့်ခံရသူတွေရဲ့ ၂၂ ရာနှုန်းကသာ ပြန်လည်တိုက်ခိုက်တာ၊ အော်ဟစ်တာ၊ ရုန်းကန်တာ လုပ်တတ် ကြတယ်လို့ တွေ့ရပါတယ်။ အများစုဖြစ်တဲ့ ၅၆ ရာနှုန်းကတော့ တောင်းပန်တာ၊ အသနားခံတာ လုပ်ကြပါတယ်။ တချို့ကတော့ ကြောက်လန့်ပြီး မလှုပ်နိုင်မရှားနိုင် ဖြစ်သွားတာကို တွေ့ရပါတယ်။

မုဒိမ်းမှုဆန့်ကျင်ဆန္ဒပြ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ကြုံတွေ့ရတဲ့အခြေအနေ မတူတာကြောင့်လည်း တုံ့ပြန်မှု ကွဲလွဲတတ်ပါတယ်။ ဥပမာ ပြောရရင် ပြန်လည်တိုက်ခိုက်တဲ့ အမျိုးသမီးတွေကို လေ့လာကြည့်တဲ့အခါမှာ အဓိက ရည်ရွယ်ချက်ကတော့ မုဒိမ်းကျင့် မခံချင်လို့ ရှောင်ပြေးတာပိုပြီးဖြစ်ဟန်ရှိပါတယ်။ ဒါပေမယ့် ပိုကြီးတဲ့အန္တရာယ်ကို မြင်ရတဲ့အခါ ဆိုလိုတာက စော်ကားသူမှာ လက်နက်တွေဘာတွေပါလာတဲ့အခါ အဲသလို ပြန်တိုက်ခိုက်တာမျိုးနဲ့ တုံ့ပြန်မှု ပိုများပါတယ်။

အဲသလိုအခြေအနေမျိုးကြုံရင် ခံရသူတွေဟာ ကိုယ့်ကိုယ်ကို ထိန်းသိမ်းနိုင်တဲ့ အနေအထားမှာ မရှိဘူးဆိုတာကို အသိအမှတ်ပြုဖို့ အရေးကြီးပါတယ်။ တချို့လူတွေဆိုရင် သဘောတူလို့ ငြိမ်နေတာ မဟုတ်ဘဲ သိပ်တုန်လှုပ် ခြောက်ခြားသွားလို့ ယာယီအကြောတွေ သေသွားသလို မလှုပ်နိုင်မရှားနိုင် ဖြစ်သွားတတ်ပါတယ်။ အဲဒါကို 'tonic inhibition' လို့ခေါ်ပါတယ်။ ဆွီဒင်မှာ လုပ်တဲ့ သုတေသန တခုမှာ အဓမ္မကျင့်ခံရတဲ့ အမျိုးသမီး ၂၉၈ ယောက်ကို လေ့လာရာမှာ ၇ဝ ရာနှုန်းက အကြောသေသလို မလှုပ်မရှားနိုင်ဖြစ်သွားခဲ့ပြီး ၄၈ ရာနှုန်းကတော့ ဆိုးဆိုးဝါးဝါးကို မလှုပ်နိုင်အောင် ဖြစ်သွားခဲ့တာမျိုး တွေ့ရပါတယ်။ နောက်ပိုင်းမှာလည်း စိတ်ဒဏ်ရာရတာ၊ စိတ်ကစဉ့်ကလျားဖြစ်တာ၊ စိတ်ကျဝေဒနာ ခံစားရတာတွေ ဖြစ်တတ်ပါတယ်။

၅။ စိတ်ဒဏ်ရာကြောင့် မှတ်ဉာဏ်ရှုပ်ထွေးသွားတာ၊ အမှတ်အသားလွဲတာ

မုဒိမ်းကျင့်ခံရသူ အများအပြားဟာ သူတို့မှတ်ဉာဏ်ထဲမှာ မုဒိမ်းမှုနဲ့ ပတ်သက်တဲ့ တိကျတဲ့ပုံရိပ်၊ တိကျတဲ့အသံ၊ အနံ့အသက် ဆိုတာတွေကို ကျကျနန ပြောပြတတ်ကြပေမယ့် မနက်ပိုင်းလား၊ ညနေပိုင်းလား၊ ဘယ်အချိန်လဲ၊ ဘယ်လိုလူလဲ၊ ဘယ်လိုနေရာလဲ စတဲ့ ရဲတို့ ရှေ့နေတို့က အမှုတည်ဆောက်ဖို့အတွက် စိတ်ဝင်စားကြတဲ့ အချက်တွေကို မေးတဲ့အခါ ခက်ခက်ခဲခဲ စဉ်းစားယူရတာမျိုးကို တွေ့ရတတ်ပါတယ်။ အဲသလို ခက်ခက်ခဲခဲ စဉ်းစားနေရတဲ့အတွက် သက်သေထွက်ချက်အပေါ် မယုံသင်္ကာ ဖြစ်သွားတာမျိုးတွေရှိပါတယ်။ ဒါဟာ နားမလည်ကြလို့ပါ။

တခြားရာဇဝတ်မှုတွေနဲ့ စိတ်ဒဏ်ရာရ နာကြည်းစေတဲ့ ရာဇဝတ်မှုမျိုးမှာ မှတ်မိပုံချင်း အခြေခံကျကျ ကွဲလွဲတတ်ပါတယ်လို့ လန်ဒန် ကင်းကောလိပ်က ကုခန်းစိတ်ပညာရှင် အေမီဟာဒီကဆိုပါတယ်။ ဘာ့ကြောင့် အဲသလိုဖြစ်သလဲ ဆိုတော့ စိတ်ဒဏ်ရာရ နာကြည်းမှုဟာ မှတ်ဉာဏ်ကို ထိခိုက်ကျဆင်းစေလို့ဖြစ်ပါတယ်။ သာမန် အခြေအနေမှာ လူတွေဟာ မြင်ကြားသိနံ့ အာရုံတွေကို ဆက်စပ် ဇာတ်လမ်းတွေ အဖြစ်အပျက်တွေနဲ့ တွဲမှတ်လေ့ ရှိပါတယ်။ အဲဒီတော့ ကျယ်ကျယ်ပြန့်ပြန့် မှတ်မိပါတယ်။ ဒါပေမယ့် ထိခိုက်နာကျင်တဲ့ အခြေအနေ တခုမှာဆိုရင်တော့ ခန္ဓာကိုယ်တခုလုံးမှာ စိတ်ဖိစီးရင် ထွက်လာတဲ့ ဟော်မုန်းဓာတ် တွေနဲ့ ပြည့်လျှံနေတတ်ပါတယ်။ အဲဒီဟော်မုန်းက ဦးနှောက်ကို လက်ငင်းအဖြစ်အပျက် အပေါ်မှာသာ အာရုံစိုက်မိအောင် လှုံ့ဆော်ပါတယ်။ ဒါ့ကြောင့် ပိုကျယ်ပြန့်တဲ့ တခြားပတ်ဝန်းကျင် အခြေအနေတွေကို လစ်ဟင်းသွားတာ ဖြစ်ပါတယ်။

မုဒိမ်းမှုဆန့်ကျင်ဆန္ဒပြသူများ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဒါဟာ လူ့သဘာဝဖွံ့ဖြိုးတိုးတက်မှုဖြစ်စဉ်ကနေ ထွက်ပေါ်လာတဲ့ ရလဒ်ပါ။ လူဟာ အန္တရာယ် ကျရောက်လာရင် လက်ငင်းအခြေအနေမှာ အလိုလိုအာရုံစိုက်မိလာအောင် ဖွံ့ဖြိုးမှုဖြစ်စဉ် အီဗော်လူးရှင်းက ဖန်တီးပေးထားတာပါ။ အဲသလို အာရုံစူးစိုက်မှသာ လူဟာ အန္တရာယ်ကျတဲ့အချိန်မှာ ပြန်လည်တိုက်ခိုက်နိုင်မှာမို့ အီဗော်လူးရှင်းဖြစ်စဉ်က အဲသလို ဖန်တီးထားတာပါ။

စိတ်နဲ့ကိုယ်နဲ့ ကင်းကွာသွားတဲ့ အခြေအနေမျိုးဖြစ်တာကြောင့်လည်း ဦးနှောက်ဟာ အလုပ်မလုပ်တော့ဘဲ ရပ်ဆိုင်းသွားတာမျိုးဖြစ်တတ်ပါတယ်။ ဒါ့ကြောင့် ရဲကိုတိုင်ကြားချိန်မှာ အခင်းဖြစ်စဉ်က စိတ်နဲ့ကိုယ်နဲ့ လွတ်သွားပါတယ်လို့ ပြောတဲ့သူတွေမှာ မှတ်ဉာဏ်ဟာ ပိုပြီး ကသောင်းကနင်း ဖြစ်တတ်တာ တွေ့ရတယ်လို့ ဟာဒီကဆိုပါတယ်။

ဒီအချက် ၅ ချက်ကို နားမလည်ရင် ထည့်သွင်းမစဉ်းစားရင် မုဒိမ်းကျင့်ခံရသူ၊ လိင်ပိုင်းဆိုင်ရာစော်ကားခံရသူတွေ အပေါ်မှာ အကဲဖြတ်သုံးသပ်ချက်တွေမှားယွင်းသွားနိုင်ပါတယ်။