မိဘတွေ ပြန်ပြောပြတဲ့ အဓမ္မပြုခံရပြီး အသတ်ခံရသူ အိန္ဒိယဆရာဝန်မလေးအကြောင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, ခါတီ ဒူဘီ
- ရာထူးတာဝန်, ဘီဘီစီ ဟင်ဒီဘာသာဌာန
“အသက် ၆၂ နှစ်အရွယ်ရောက်မှ ကျွန်တော့် အိပ်မက်တွေအားလုံး တစ်စစီ ဖြစ်ခဲ့ရပါပြီ။ ကျူးလွန်တဲ့သူကို အပြင်းထန်ဆုံး ပြစ်ဒဏ်ရစေချင်တယ်”
အိန္ဒိယနိုင်ငံတစ်ဝန်းလုံး လှုပ်လှုပ်ခတ်ခတ်ဖြစ်ခဲ့တဲ့အထိ ဦးတည်ခဲ့တဲ့ အသက် ၃၁ နှစ်အရွယ် ဆရာဝန်မလေး အဓမ္မပြုကျင့်သတ်ဖြတ်ခံရမှုဖြစ်စဥ်ပြီးနောက်မှာ သူ့ ဖခင်က ဘီဘီစီကို အခုလို ပြောပြတာ ဖြစ်ပါတယ်။
လူရိုသေ ရှင်ရိုသေ ပတ်ဝန်းကျင်မှာရှိတဲ့ ဆရာဝန်မလေးရဲ့ မိသားစုနေအိမ်ဟာ သာမာန် အိမ်ဖြူ တစ်လုံးပါပဲ။ ဒါပေမဲ့ ဆရာဝန်မလေးရဲ့ထိတ်လန့်စရာ သတ်ဖြတ်ခံရမှုအပြီးမှာတော့ ဒီအိမ်ဟာ မီဒီယာတွေရဲ့ အာရုံစိုက်တဲ့နေရာတစ်ခု ဖြစ်လာပါတယ်။
အိန္ဒိယမှာ ဒီလိုဖြစ်ရပ်ဖြစ်တဲ့အခါ ခံရသူတွေရော၊ မိသားစုရဲ့နာမည်တွေကိုပါ ဖော်ပြတာကို ဥပဒေအရ တားမြစ်ထားတာဖြစ်လို့ ဒီဆောင်းပါးမှာ နာမည်တွေကို မဖော်ပြထားဘူး။
“ကျွန်တော်တို့ ပြည်နယ်၊ ကျွန်တော်တို့ နိုင်ငံတင်သာမကပါဘူး။ ကမ္ဘာလုံးကပါ တရားမျှတရေး တောင်းဆိုနေကြပြီ” လို့ ဖခင်ဖြစ်သူက ပြောပါတယ်။
ဆရာဝန်မလေးရဲ့ မိခင်ဖြစ်သူကတော့ ခင်ပွန်းဘေးနားမှာ ကပ်ထိုင်နေပါတယ်။ ဒါပေမဲ့ သူ့ပုံစံက ငူငူငေါင်ငေါင်ပါ။
ဆရာဝန်မလေးဟာ ကိုလ်ကတ္တားမြို့က အာဂျီကား ဆေးဘက်ဆိုင်ရာကောလိပ်ကဖြစ်ပြီး သြဂုတ်လ ၉ ရက် ညဆိုင်း ဆင်းနေချိန်မှာ ကောလိပ်အဆောက်အအုံထဲက ဆွေးနွေးပွဲခန်းမထဲမှာ အနားယူနေတုန်း အဓမ္မပြုကျင့် သတ်ဖြတ်ခံခဲ့ရတာပါ။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
အဲဒီမတိုင်ခင် နာရီပိုင်းအလို ည ၁၁ နာရီလောက်တုန်းကတော့ သူဟာ မိခင်ဖြစ်သူနဲ့ ဖုန်းပြောခဲ့ပါသေးတယ်။
မိခင်ဖြစ်သူကတော့ သမီးနဲ့နောက်ဆုံးပြောခဲ့တဲ့ စကားချိုချိုလေးတွေကို အခုလို ပြန်ပြောင်းပြောပြပါတယ်။ “ အဖေ့ကို ဆေးအချိန်မှန်မှန်သောက်ဖို့ သတိပေးလိုက်ပါဦး။ သမီးအတွက် စိတ်မပူနဲ့တဲ့”
“အဲဒါက ကျွန်မတို့ နောက်ဆုံးပြောခဲ့တဲ့စကားပါပဲ။ နောက်နေ့ ဖုန်းခေါ်တော့ ဖုန်းမြည်သံပဲ ကြားရတော့တယ်”
သူ့ရဲ့ ဖခင်ဟာ သွေးပေါင်တက်တတ်တာကြောင့် ဆေးအချိန်မှန်သောက်ဖို့လည်း အရေးကြီးပါတယ်။
“ကျွန်တော် ဆေးသောက်ချိန် မဟသွားအောင် သမီးက အမြဲသတိပေးတာ” လို့ သူ့ဖခင်က သူတို့မိသားစုနေအိမ်မှာ ဘီဘီစီနဲ့ပြုလုပ်တဲ့အင်တာဗျူးအတွင်း လွမ်းလွမ်းဆွေးဆွေး ပြန်ပြောပြပါတယ်။
“ကျွန်တော် ဆေးကုန်သွားတာနဲ့ နောက်နေ့ ဝယ်မယ်လို့ပဲ တွေးတာ။ ဒါပေမဲ့ သမီး သိသွားတဲ့အခါ ဆေးသောက်ချိန်က ည ၁၀ နာရီပဲ ဖြစ်ဖြစ် ၁၁ နာရီထိုးပဲဖြစ်နေတာတောင် ‘ဘာပီ (ဖခင်ကို ကြင်ကြင်နာနာ ခေါ်တဲ့စကားအသုံးအနှုန်း) သောက်မယ့်ဆေး အိမ်မှာမရှိမချင်း ဘယ်သူမှ ညနေစာ စားတော့မှာ မဟုတ်ဘူး” သူက ပြောပါတယ်။
“သူက အဲဒီလို သမီးမျိုး။ ကျွန်တော့်ကို စိတ်ပူစရာမရှိအောင်ကို ထားတဲ့သမီး မိန်းကလေးမျိုး”
အခုဆရာဝန်မလေးဖြစ်ရပ်ဟာ ၂၀၁၂ ခုနှစ်တုန်းက အိန္ဒိယမြို့တော် ဒေလီမှာ အသက် ၂၂ နှစ်အရွယ် အနှိပ်ကုထုံးအလုပ်သင်အမျိုးသမီးငယ်တစ်ဦး ဘတ်စ်ကားတစ်စီးပေါ်မှာ အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခံရတဲ့ ဖြစ်ရပ်ကို ပြန်အမှတ်ရစေပါတယ်။
အဲဒီတုန်းက သူဟာ သေနိုင်လောက်တဲ့ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
အဲဒီဖြစ်ရပ်အပြီးမှာတော့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဆန့်ကျင်ရေး ဥပဒေတွေလည်း တင်းတင်းကျပ်ကျပ် ချမှတ် ပြဌာန်းလာပါတယ်။
ဒါပေမဲ့ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုဖြစ်ရပ်တွေ ဆက်ပြီး တိုးနေသလို အိန္ဒိယက အမျိုးသမီးတွေ အတွက်တော့ တရားမျှတမှုရရှိရေးဟာ စိန်ခေါ်မှု တစ်ရပ်ဖြစ်နေဆဲပါ။
အခုနောက်ဆုံး ကိုလ်ကတ္တားမြို့မှာဖြစ်ခဲ့တဲ့ အဓမ္မကျင့် သတ်ဖြတ်ခံရမှုဟာ ကျန်းမာရေးလုပ်သားတွေ ကြုံနေရတဲ့စိန်ခေါ်မှုတွေကို ပိုပြီး အာရုံစိုက်မိလာစေပါတယ်။ ကျန်းမာရေးလုပ်သားတွေကတော့ ဒီဖြစ်ရပ်ကို လွတ်လပ်မျှတစွာ စုံစမ်းစစ်ဆေးဖို့ တောင်းဆိုသလို လုပ်ငန်းခွင်မှာ အထူးသဖြင့် အမျိုးသမီးတွေကို ပြည်ထောင်စုအဆင့် ဥပဒေနဲ့ အကာအကွယ်ပေးဖို့ တောင်းဆိုနေကြပါတယ်။
အိန္ဒိယ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဂျေပီ နက်ဒါကတော့ ဆရာဝန်တွေအနေနဲ့ သူတို့ရဲ့ လုပ်ငန်းခွင်မှာ ဘေးကင်းလုံခြုံစွာ အလုပ်လုပ်ကိုင်နိုင်ရေး တင်းကျပ်တဲ့အစီအမံတွေ ဖောင်ဆောင် ပေးသွားမယ်လို့ ဆရာဝန်တွေကို ကတိပြုထားပါတယ်။
ဆေးပညာဆိုင်ရာ စည်းမျဥ်းစည်းကမ်းတွေကို ချမှတ်တဲ့ အစိုးရအဖွဲ့အစည်းဖြစ်တဲ့ အိန္ဒိယအမျိုးသား ဆေးကော်မရှင်ကတော့ ဆေးပညာကောလိပ်တွေနဲ့ ဆေးဘက်ဆိုင်ရာကျောင်းတွေအနေနဲ့ လုံခြုံဘေးကင်းတဲ့ရပ်ဝန်းတစ်ခုကို ဖန်တီးပေးဖို့ အကြံပေးချက်တစ်ခုကို ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
သွားလေပြီဖြစ်တဲ့အသက်တစ်ချောင်း
သေဆုံးသူရဲ့ မိသားစုနေအိမ်ကို ကျွန်မတို့ သွားခဲ့ကြပါတယ်။ သူတို့အိမ်က ကိုလ်ကတ္တားမြို့ကနေဆိုရင် ကီလိုမီတာနည်းနည်းလောက်ပဲ ဝေးတော့တဲ့ ခပ်ကျဥ်းကျဥ်းလမ်းကြားလေးထဲမှာ ရှိပါတယ်။
ရဲက ချထားတဲ့ လုံခြုံရေးအဟန့်အတားတွေရဲ့ တစ်ဖက်မှာတော့ သတင်းဌာနနဲ့ရုပ်သံလိုင်းတွေက ဒါဇင်နဲ့ချီတဲ့ ကင်မရာတွေဟာ ဖြစ်နေသမျှကို အကုန်ရိုက်ကူးဖို့ ထောင်ထားတာတွေ့ရပါတယ်။
အဲဒီရဲ့တစ်ဖက်ခြမ်းမှာတော့ ရဲအရာရှိ ၁၀ ယောက် ၁၅ ယောက်လောက်က နေရောင်အောက်မှာ စောင့်ကြပ်နေပါတယ်။
သူတို့ရဲ့ တစ်ခုတည်းတော့ တာဝန်ကတော့ အဟန့်အတားနောက်မှာရှိတဲ့မြင်ကွင်းကို ကင်မရာတွေ အရုပ် မရိုက်ကူးနိုင်အောင် ဖြစ်ပါတယ်။ အဲဒီမြင်ကွင်းက သေဆုံးခဲ့တဲ့ဆရာဝန်မလေးတို့ မိသားစုနေအိမ်ဖြစ်ပါတယ်။
သြဂုတ်လ ၉ ရက်နေ့ညတုန်းက သေဆုံးခဲ့တဲ့ဆရာဝန်မလေးရယ်၊ နောက် လက်ထောက်ဆရာဝန်တစ်ဦးတို့ဟာ ၃၆ နာရီကြာ ဆက်တိုက်ဆင်းရတဲ့အလုပ်ချိန် ဝင်နေတုန်း ဆွေးနွေးပွဲခန်းမထဲမှာ သွားပြီး အနားယူကြပါတယ်။
မနက်ခင်းရောက်တဲ့အခါမှာတော့ အဝတ်အပြည့်မရှိတော့တဲ့ သူ့ရဲ့အလောင်းကိုပဲ တွေ့ခဲ့ကြရတာပါ။
ထိတ်လန့်စရာ ဒီရာဇဝတ်မှုကြောင့် ဒီဖြစ်ရပ် တရားမျှတမှုရရှိရေး ဆန္ဒပြ ချီတက်တောင်းဆိုတာတွေ ကိုလ်ကတ္တားမြို့မှာတင်မက အိန္ဒိယမြို့ကြီးတွေမှာဖြစ်ပွားနေပါတယ်။
‘ငါတို့ ညကို ငါတို့ပိုင်တယ်’ ဆိုတဲ့ ချီတက်ဆန္ဒဖော်ထုတ်မှု ကိုလ်ကတ္တားမြို့မှာပေါ် ပေါက်ခဲ့ပြီး နိုင်ငံတဝန်းက သန်းနဲ့ချီတဲ့အမျိုးသမီး ဘေးကင်းလုံခြုံရေးကို တောင်းဆိုခဲ့ကြပါတယ်။
“သူ တာဝန်ထမ်းဆောင်တဲ့ဆေးရုံမှာပဲ ဒီလိုလူမဆန်လှတဲ့အဖြစ်ဆိုးကို ကြုံခဲ့ရတာ” လို့ သူ့ဖခင်က ပြောပါတယ်။ ဆေးရုံဟာ ဘေးကင်းလုံခြုံရမယ့်နေရာတစ်ခုဖြစ်နေရမယ်လို့ သူက ရည်ညွှန်း ပြောဆိုတာဖြစ်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
သမီးဖြစ်သူရဲ့ နောက်ဆုံးစကားတွေကို ပြန်ပြောင်းပြောပြ
ကျန်ရစ်သူ မိသားစုအတွက်တော့ ပူဆွေးမှုတွေ အပြည့်နဲ့ပါ။
အဖေဖြစ်သူဆိုရင် သမီးဖြစ်သူဟာ သူ့ထက် တခြားသူကို ဘယ်လောက်အထိ ဦးစားပေးတတ်တယ်ဆိုတာကို အခုလို ပြန်ပြောပြပါတယ်။ ''သူ့ကို လက်ထပ်ထိမ်းမြားပေးဖို့ နှစ်ဖက်လူကြီးတွေ မြန်းနေတဲ့အဆင့်ရောက်နေပြီ။ ဒါပေမဲ့ သမီးက ပြောတယ်။ ‘ဘာပီ ဒီ(မင်္ဂလာပွဲအတွက်)ကုန်ကျစရိတ်ကို ဘယ်က ရမှာလဲ၊ စိတ်မပူနဲ့။ သမီး ဖြေရှင်းပေးမယ်တဲ့’”
အဖေဖြစ်သူ စကားပြောနေချိန်မှာပဲ အမေဖြစ်သူရဲ့ ရှိုက်သံသဲ့သဲ့လေးလည်း အနောက်ကနေ ထွက်နေပါတယ်။
ဧည့်ခန်းမှာတော့ အဖေဖြစ်သူရဲ့ စက်ချုပ်သမားသက်တမ်းတစ်လျှောက် သုံးတဲ့ ပစ္စည်းကိရိယာတွေနဲ့ ပြည့်နေပါတယ်။ အပ်ချုပ်စက်၊ ခွေးခြေတွေ၊ ချည်လုံးတွေ၊ ကော်တိုက်တဲ့ မီးပူထူထူ၊ ဖဲကြိုးငယ်တွေက ကြမ်းပြင်ပေါ် ပြန့်ကြဲနေပါတယ်။
ဧည့်ခန်းနဲ့ကပ်လျက်မှာတော့ မိသားစု အိပ်ခန်းနဲ့ ဆုံးပါးသွားတဲ့ဆရာဝန်အမျိုးသမီးငယ်ရဲ့ အိပ်ခန်းကို ရောက်တဲ့ လှေကားရှိနေပါတယ်။
ဒါပေမဲ့ သူ့အိပ်ခန်းကို ဖွင့်ဝင်မှ ရောက်တဲ့တံခါးချပ်ကတော့ ဖွင့်မယ့် ပိုင်ရှင် မရှိတော့ပါဘူး။ မိဘနှစ်ပါးဟာ သမီးဖြစ်သူမရှိတော့တဲ့ သြဂုတ်လ ၁၀ ရက်နေ့ကတည်းက သမီးရဲ့ အခန်းထဲကို ခြေချ ဝင်ရောက်တာ မရှိတော့ပါဘူး။
“သူ ငယ်ငယ်လေးတုန်းက ကျွန်တော်တို့တွေလည်း ငွေရေးကြေးရေးအတော်လေး ကြပ်တည်းခဲ့တယ်” လို့ ဖခင်ဖြစ်သူက ပြန်ပြောင်းပြောပြပါတယ်။ “ သမီးရဲ့အသက် ၅ နှစ်လောက်ရှိပြီထင်တယ်။ သမီးက သစ်သီးကြိုက်တယ်။ သလဲသီးကို ပိုကြိုက်တယ်။ တခါသား အပြင်ထွက်ကြတော့ သလဲသီးတွေ လည်းတွေ့ရော ကျွန်တော့်ကို ပြောတယ်။ ‘ပူဂျာ(ဟိန္ဒူအလှူ)အတွက် သလဲသီး မဝယ်ဘူးလား ဘာပီတဲ့’ သမီးက ဘယ်တုန်းကမှ သူ့ဆန္ဒကို ရှေ့တန်းတင် တောင်းဆိုတာမျိုးမရှိဘူး ...”
ဒီအကြောင်းပြောလို့ မဆုံးခင်မှာပဲ ဖခင်ဖြစ်သူဟာ အအသံ တိမ်ဝင်သွားပြီး မျက်ရည်တွေ ကျလာပါတယ်။
“စိတ်ခိုင်ခိုင်ထားပါကွယ်” လို့ဆိုပြီး ဘေးနားမှာရပ်နေတဲ့ဆွေမျိုးတစ်ယောက်က ခပ်တိုးတိုး နှစ်သိမ့်ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒါပေမဲ့ စိတ်ခိုင်ခိုင်နဲ့ မျက်ရည်မကျမိအောင် ကြိုးပမ်းနေရတဲ့အဖေဖြစ်သူအတွက်တော့ ဒီလိုနေထိုင်ရတာကပဲ ပခုံးပေါ် ထမ်းထားရတဲ့ ဝန်ထုပ်ဝန်ပိုးကြီးဖြစ်နေပါတယ်။
သေဆုံးသွားတဲ့ ဆရာဝန်အမျိုးသမီးငယ်ဟာ မိဘတွေအတွက်တော့ တစ်ဦးတည်းသောသမီးလေးကို ဆုံးရှုံးလိုက်ရတာဖြစ်သလို သူဟာ ငယ်ငယ်ကတည်းက ပညာသင်ကြားရတာကို မပျင်းတဲ့ကလေးတစ်ယောက်၊ နောက် ကျောင်းမှာ ဆရာဆရာမတွေက ချစ်တဲ့တပည့်တစ်ယောက်လည်းဖြစ်ပါတယ်။
“သူ ငယ်ငယ်တုန်းကဆိုရင် ” “သူ့ကို ချစ်လွန်းလို့ ဆရာမတွေက ချီပိုးပြီး ကျောင်းကို ခေါ်သွားကြတဲ့အထိပါပဲ” လို့ ဖခင်ဖြစ်သူက ပြောပါတယ်။
“ကျွန်တော်တို့က အောက်ခြေကနေ စခဲ့ကြရတဲ့ဘဝကနေလာခဲ့ကြတာဆိုတော့ အရာအားလုံးကို ကိုယ့်ခြေကိုယ့်လက်နဲ့ ဖြစ်မြောက်အောင် ကြိုးစားခဲ့ရတာ”
“လူတွေက ပြောတယ်။ 'ခင်ဗျား သမီးကို ဆရာဝန်ဖြစ်အောင် ပျိုးထောင်နိုင်မှာမဟုတ်ပါဘူးတဲ့'၊ ဒါပေမဲ့ ကျွန်တော့် သမီးက အစိုးရ ဆေးကျောင်းဝင်ခွင့်ရအောင် လုပ်ပြီး အဲဒီအပြောတွေကို ချေပနိုင်အောင် သက်သေထူနိုင်ခဲ့တယ်”
အမေဖြစ်သူကတော့ အသံတိတ် နားထောင်နေပေမဲ့ ဒါကို စိတ်ထဲ ပြန်အမှတ်ရနေပုံပါ။
အမေဖြစ်သူဟာ အနီနဲ့ အဖြူရောင် လက်ကောက်တွေကြားမှာ ရောဝတ်ထားတဲ့ ရွှေလက်ကောက်လေးကိုပဲ အကြိမ်ကြိမ် ပွတ်နေတာမြင်ရပါတယ်။ အဲဒီရွှေလက်ကောက်ဟာ သွားလေသူ သမီးငယ် ဝယ်ပေးခဲ့တဲ့လက်ကောက်ဖြစ်ပါတယ်။
သမီးဖြစ်သူဟာ အသက်ရှင်နေဦးမယ်ဆိုရင် သူ အိပ်ယာမဝင်ခင်မှာ ညတိုင်းရေးလေ့ရှိတဲ့ ဒိုင်ယာရီထဲမှာ ဘာရေးနိုင်တယ်ဆိုတာကို အခုလို ပြန်ပြောပြပါတယ်။
“သူရေးနေကျအတိုင်း ဆေးပညာ အောင်လက်မှတ်ရတဲ့အခါ ထိပ်တန်းအောင် အနေနဲ့ပဲ အောင်ရမယ်ဆိုတာမျိုးကို သမီးက ဒိုင်ယာရီထဲ ချရေးမှာ သေချာတယ်။ သူက သူ့ဘဝလေးကိုလည်း ပြည့်ပြည့်စုံစုံနဲ့ ဖြတ်သန်းချင်သလို မိဘတွေကိုလည်း စောင့်ရှောက်ချင်တဲ့သူလေ” လို့ တိုးတိုးညှင်းညှင်း ပြောပါတယ်။









