ထီစပ်တူထိုးတဲ့ အိန္ဒိယက အမှိုက်သိမ်း အမျိုးသမီး ၁၁ ဦး ထီသန်း တစ်ရာဆုကြီးပေါက်သွား

အိန္ဒိယ၊ အမျိုးသမီး၊ ထီသန်းဆု

ဓာတ်ပုံ ရင်းမြစ်, ARUN CHANDRABOSE

ဓာတ်ပုံ ပုံစာ, အမျိုးသမီး ၁၁ ယောက်ပါတဲ့ အုပ်စုတစ်စု စပ်တူထိုးခဲ့ကြတဲ့ သန်းဆုထီကြီး ပေါက်သွား

အက်ရှ်ရက်ဖ် ပါဒန်နာ

သတင်းထောက်၊ ထရီဗန်ဒရမ်၊ ကယ်ရဲလားပြည်နယ်

အိန္ဒိယနိုင်ငံ တောင်ပိုင်း ကယ်ရဲလားပြည်နယ်မှာ ဇွန်လတုန်းက အမှိုက်လိုက်သိမ်းတဲ့ အမျိုးသမီးဝန်ထမ်း ၁၁ ယောက် စုပြီး ထီလက်မှတ်တစ်စောင် ဝယ်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့ သီတင်းပတ်မှာတော့ အမြင့်ဆုံး ထီဆုကြီးဖြစ်တဲ့ ရူပီးငွေ သန်းတစ်ရာ (ဒေါ်လာ တစ်သန်း နှစ်သိန်း) ပေါက်တယ်ဆိုတာကို သူတို့တွေ သိလိုက်ရပြီး ပျော်မဆုံး ဖြစ်ခဲ့ကြပါတယ်။

အဲဒီအမျိုးသမီးတွေဟာ ကယ်ရဲလားပြည်နယ် မာလက်ပူရမ်ခရိုင် ပါရက်ပါနန်ဂါဒီမြို့က အိမ်တွေကနေ ဇီဝပျက်စီးမှု မဖြစ်နိုင်တဲ့ စွန့်ပစ်အမှိုက်တွေ လိုက်သိမ်းတဲ့ အဖွဲ့တစ်ဖွဲ့က ဝန်ထမ်းတွေ ဖြစ်ပါတယ်။

သူတို့အမှိုက်လိုက်သိမ်းပေးတဲ့ အိမ်တွေက သူတို့ကို လစဉ် လခပေးပါတယ်။ တစ်နေ့ကို ရူပီးငွေ ၂၅၀ လောက် ရကြပါတယ်။ တစ်ခါတလေတော့ သူတို့လိုက်သိမ်းတဲ့ စွန့်ပစ်အမှိုက်တွေ ရောင်းရာကနေ ရတဲ့ ငွေဝေစုကို ဒေသန္တရ ကော်ပိုရေးရှင်းက ပြန်ပေးတတ်ပါတယ်။

ရတဲ့ ဝင်ငွေက နေ့စဉ်ကုန်ကျစရိတ်ကို မကာမိဘူးလို့ သူတို့က ပြောပြပါတယ်။ အဲဒီအမျိုးသမီးတွေထဲမှာ အများစုက သားသမီးတွေ ကျောင်းထားဖို့နဲ့ တခြားကုန်ကျစရိတ်တွေအတွက် ငွေတိုးပေးပြီး အကြွေးယူထားရပါတယ်။

ဒါ့ကြောင့်လည်း ကြုံရင်ကြုံသလို စုပြီး ထီလက်မှတ် ဝယ်လေ့ ရှိကြတာပါ။

အိန္ဒိယနိုင်ငံက ပြည်နယ်အတော်များများမှာ ထီလုပ်ငန်းက တရားမဝင်ပါဘူး။ ဒါပေမဲ့ ကယ်ရဲလား ပြည်နယ်မှာတော့ ပြည်နယ်အစိုးရ ကိုယ်တိုင်က လူကြိုက်များတဲ့ ထီစနစ် တစ်ခု ဖွင့်ထားပေးပြီး ပုဂ္ဂလိက ထီလုပ်ငန်းတွေကိုတော့ ပိတ်ပင်ထားပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

“တစ်ခါတုန်းက ရူပီး တစ်ထောင်ဆု ပေါက်ဖူးခဲ့ပါတယ်။ အားလုံးခွဲယူကြပါတယ်”လို့ သူတို့အုပ်စုအတွက် တာဝန်ယူပြီး ထီလက်မှတ် ဝယ်ပေးလေ့ရှိသူ အမ်ပီ ရာဒါ က ပြောပြပါတယ်။

ပြီးခဲ့တဲ့လကတော့ သူတို့အုပ်စုက မုတ်သုန်ရာသီပွဲတော် ထီအထူးဆုကြီးအတွက် ရူပီး ၂၅၀ တန် ထီလက်မှတ် တစ်စောင် ဝယ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။

အသက် ၇၂ နှစ်အရွယ် ကွတ်တီမာလူက ထီလက်မှတ်အတွက် ရာဒါ ပိုက်ဆံလိုက်ကောက်တုန်းက သူ့မှာ ပိုက်ဆံမလောက်လို့ အစောပိုင်းမှာ စိတ်မကောင်း ဖြစ်မိခဲ့ရတယ်လို့ ပြောပြပါတယ်။

“အဲဒီနောက် ချာရူမန်နီးလ် ဘာဘီ ဆိုတဲ့ သူတို့အုပ်စုထဲက နောက်အမျိုးသမီး တစ်ယောက်က သူ့မှာ ၂၅ ရူပီး ရှိတယ်၊ အဲဒီထဲက တစ်ဝက်နဲ့ ထီလက်မှတ်ဖိုး စပ်တူ ထည့်ကြမယ် ဆိုပြီး ပြောလာတယ်” လို့ သူက ဘီဘီစီကို ပြောပြပါတယ်။

သူတို့နှစ်ယောက်ပေါင်းပြီး ၁၂ ရူပီးခွဲစီနဲ့ တစ်ယောက်စာ လက်မှတ်ဖိုး စပ်တူထိုးခဲ့ကြပါတယ်။ ကျန်တဲ့ အမျိုးသမီး ၉ ယောက်ကတော့ ၂၅ ရူပီးစီ ထည့်ခဲ့ကြပါတယ်။

“တကယ်လို့ ထီပေါက်ခဲ့ရင် ဘယ်လောက်ပဲ ပေါက်ပေါက်၊ အားလုံး ညီတူမျှတူ ခွဲယူကြမယ် ဆိုပြီး ကျွန်မတို့ သဘောတူခဲ့ကြတယ်” လို့ ကွတ်တီမာလူ က ပြောပါတယ်။

“ဒီလောက်အများကြီး ပေါက်မယ်လို့တော့ ထင်မထားကြဘူး။”

ထီပေါက်စဉ် ကြေညာပြီး တစ်ရက်အကြာမှာ သူတို့ထဲက တစ်ယောက်က သူ့ခင်ပွန်းကို ထီတိုက်ခိုင်းတော့မှ သူတို့ သန်းဆုကြီး ပေါက်တယ်ဆိုတာကို သိကြပါတော့တယ်။

“အထူးပွဲတော်ဆုအတွက် ထီစပ်တူထိုးကြတာ ဒါက စတုတ္ထအကြိမ်မြောက်ပါ။ စတုတ္ထအကြိမ်မှာ ကံထူးသွားခဲ့တာပါ”လို့ ရာဒါ က ပြောပါတယ်။

အိန္ဒိယ၊ အမျိုးသမီး၊ ထီသန်းဆု

ဓာတ်ပုံ ရင်းမြစ်, ARUN CHANDRABOSE

ဓာတ်ပုံ ပုံစာ, (ယာမှဝဲ ) ချာရူမန်နီးလ် ဘာဘီက ကွတ်တီမာလူကို ထီလက်မှတ်ဝယ်ဖို့ ငွေစိုက်ချေးခဲ့

အသက် ၆၂ နှစ်အရွယ် ဘာဘီ က သူတို့အုပ်စု သန်းဆုကြီး ပေါက်ခဲ့တာကို မယုံနိုင် ဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

“ကျွန်မက ဘယ်တုန်းကမှ ကံမကောင်းခဲ့ဖူးဘူး”လို့ သူက ပြောပါတယ်။

၂၀၁၈ ခုနှစ်က ကယ်ရဲလားပြည်နယ်မှာ အကြီးအကျယ် ရေလွှမ်းမိုးခဲ့ချိန်မှာ သူ့ရဲ့ အိမ် ရေထဲ ပါသွားခဲ့ပါတယ်။ အခုတော့ အိမ်တစ်လုံး ပြန်ဆောက်ဖို့ စီစဉ်နေပြီး အကြွေးတွေလည်း ပြန်ဆပ်ဖို့ လုပ်နေပါတယ်။

အုပ်စုထဲက ကျန်တဲ့ အမျိုးသမီးတွေလည်း သူ့လိုပဲ အလားတူ ဒုက္ခတွေနဲ့ ကြုံခဲ့ကြရတာပါ။

အသက် ၅၀ အရွယ် ကေ ဘင်ဒူ ဆိုတဲ့ အမျိုးသမီးဆိုရင် မနှစ်တုန်းက ကျောက်ကပ်ရောဂါနဲ့ ခင်ပွန်းသည် ဆုံးပါးသွားခဲ့ရသူပါ။ ခင်ပွန်းသည်အတွက် ကျောက်ကပ် အစားထိုးကုဖို့ သူတို့မိသားစု ငွေမတတ်နိုင်ခဲ့ကြပါဘူး။

“ကျွန်မခင်ပွန်းက သူ့အတွက် ကျောက်ကပ်ဆေးဖို့ ဖယ်ထားတဲ့ ငွေကို ထီလက်မှတ် ဝယ်ပေးလေ့ရှိတယ်” လို့ သူက ပြောပြပါတယ်။

“အိမ်ဆောက်ရင်းတန်းလန်း တစ်ပိုင်းတစနဲ့ သူဆုံးပါးသွားခဲ့တာ။ အခုတော့ ကျွန်မတို့ အိမ်ကို အပြီးသတ် ဆောက်နိုင်တော့မယ်။”

မစ်စ် ဘင်ဒူက သူထီပေါက်တဲ့ ငွေကို ၁၅ နှစ်အရွယ် သမီးဖြစ်သူရဲ့ ပညာရေးအတွက် သုံးဖို့ ဆန္ဒရှိပါတယ်။ ဒါမှ သူ့သမီး အလုပ်ကောင်းကောင်း ရမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

အသက် ၄၉ နှစ်အရွယ် လက်ခ်ရှမီးကလည်း ထီမပေါက်ခင် ညကပဲ သူ့မိသားစုက သူတို့ရဲ့ အနာဂတ်အတွက် စိုးရိမ်နေခဲ့ကြတယ်လို့ ပြောပြပါတယ်။ သူတို့ပြည်နယ်မှာ မိုးတွေ သည်းထန်နေတဲ့အတွက် ဆောက်လုပ်ရေးသမား တစ်ဦးဖြစ်သူ ခင်ပွန်းသည်အတွက် အလုပ်ရဖို့ အတော်လေး ရုန်းကန်နေရတာပါ။

အခုတော့ ထီပေါက်တဲ့ငွေနဲ့ သမီးရဲ့ ပညာရေးအတွက် သုံးနိုင်တော့မှာမို့ သူတို့ဇနီးမောင်နှံ စိတ်သက်သာရာ ရသွားကြပါပြီ။

လီလာ ဆိုတဲ့ အသက် ၅၆ နှစ်အရွယ် အမျိုးသမီးကလည်း သူ့သမီး ဆေးကုစရိတ်ကို ဘယ်လို ပေးရမလဲလို့ စိတ်ပူနေခဲ့တာပါ။

“သမီး မင်္ဂလာဆောင်အတွက် အိမ်ကိုပေါင်ပြီး အကြွေးယူထားခဲ့ပြီးပြီ”လို့ သူကပြောပါတယ်။

အစိုးရကို အခွန်ဆောင်ပြီးရင် သူတို့အုပ်စု က ရူပီးငွေ ၆၃ သန်း ရကြမှာပါ။ ထီစပ်တူ ထိုးခဲ့ကြတဲ့ မစ်စ် ဘာဘီနဲ့ မစ်စ် ကွတ်တီမာလူ တို့က သူတို့ဝေစု ရူပီး ၆ သန်း ၃ သိန်းကို တစ်ဝက်စီ အညီအမျှ ခွဲယူကြမှာ ဖြစ်ပြီး ကျန်တဲ့ အမျိုးသမီး ၉ ယောက်ကတော့ တစ်ယောက်ကို ရူပီး ၆ သန်း ၃ သိန်းစီ ရကြမှာပါ။

အမှိုက်လိုက်ကောက်တာအပြင် အများသုံး အိမ်သာတွေ ဆောက်ရာမှာနဲ့ စွန့်ပစ်ပစ္စည်းတွေပစ်ဖို့ အဆောက်အဦတွေ ဆောက်ရာမှာလည်း အဲဒီအမျိုးသမီးတွေက ဝိုင်းကူပေးကြတယ်လို့ ကယ်ရဲလားပြည်နယ်တဝန်း စွန့်ပစ်ပစ္စည်း ကောက်ယူသိမ်းဆည်းမှုတွေ ပူးပေါင်းဆောင်ရွက်ပေးနေတဲ့ Suchitwa Mission လို့ခေါ်တဲ့ အေဂျင်စီရဲ့ ညွှန်ကြားရေးမှူး ကေတီ ဘာလာဘက်စ်ခါရန် က ပြောပြပါတယ်။

သူတို့ဘဝကို အပြောင်းလဲကြီး ပြောင်းလဲသွားစေတဲ့ သန်းဆု ထီကြီး ပေါက်အပြီး နောက်တစ်နေ့ သောကြာနေ့မှာ အဲဒီ အမျိုးသမီး ၁၁ ဦးစလုံး အေဂျင်စီ ရုံးကို ခါတိုင်းလိုပဲ ရောက်လာကြပြီး သူတို့ လုပ်နေကျ အလုပ်တွေကို လုပ်ခဲ့ကြပါတယ်။

“ကျွန်မတို့က တစ်ခုပဲ စိတ်ပိုင်းဖြတ်ထားကြတယ်”လို့ မစ်စ် လီလာ က ပြောပါတယ်။

“အတူတကွ စုပေါင်း လုပ်ခဲ့ကြရင်း အခုလို ချမ်းသာ ကြွယ်ဝလာခဲ့ကြတာ ဆိုတော့ ဒီအလုပ်ကနေ ဘယ်တော့မှ ခွဲမထွက်ကြဘူး ဆိုတာပါပဲ။”