အမျိုးသမီးနှစ်ဦးကို ကိုယ်လုံးတီး လှည့်လည်စေတဲ့ ဗီဒီယိုကြောင့် အိန္ဒိယမှာ ဒေါသထွက်

ဓာတ်ပုံ ရင်းမြစ်, Getty Images
အကြမ်းဖက် အဓိကရုဏ်းတွေ ဖြစ်နေတဲ့ အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်း မဏိပူပြည်နယ်မှာ အမျိုးသမီး နှစ်ဦးကို အဝတ်အစားမပါဘဲ လူအုပ်က စီတန်းလှည့်လည်စေခဲ့တဲ့ ဗီဒီယိုကြောင့် အိန္ဒိယ နိုင်ငံတဝန်းလုံး ဒေါသထွက်ခဲ့ကြပါတယ်။
အုပ်စုလိုက် အဓမ္မကျင့်မှုကို အရေးယူဆောင်ရွက်နေပြီး အမျိုးသားတစ်ဦးကို ဖမ်းဆီးထားသလို အခြားကျူးလွန်သူတွေကိုပါ မကြာခင်ဆက်ဖမ်းဆီးမယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဇူလိုင် ၂၀ ရက်နေ့က ဒေလီက လွှတ်တော်မှာ လွှတ်တော်အမတ်တွေက ဒီကိစ္စကို ဆွေးနွေးဖို့ တောင်းဆိုခဲ့ပါတယ်။
အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာ မိုဒီက ဒီဖြစ်ရပ်က အိန္ဒိယကို အရှက်ရစေပြီး အပြစ်ရှိတဲ့သူတွေကို ချမ်းသာပေးမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
“ဥပဒေအတိုင်း ပြည့်ပြည့်၀၀ လုပ်ဆောင်သွားမယ်လို့ နိုင်ငံတဝန်းကို အသေအချာ ပြောချင်ပါတယ်။ မဏိပူပြည်နယ်က သမီးငယ်တွေမှာ ဖြစ်ခဲ့တဲ့ ဖြစ်ရပ်က ဘယ်တော့မှ ခွင့်လွှတ်နိုင်မှာ မဟုတ်ပါဘူး” လို့ သူက ပြောပါတယ်။
မဏိပူပြည်နယ်မှာ ၂ လကျော် အကြမ်းဖက်မှုတွေ ဖြစ်နေတဲ့ အပေါ် နှုတ်ပိတ်နေခဲ့တာနဲ့ ပတ်သက်ပြီး မိုဒီက ပထမဆုံးအကြိမ် ထုတ်ဖော်ပြောဆိုလာတာ ဖြစ်ပါတယ်။
အိန္ဒိယရဲ့ တရားသူကြီးချုပ် ဒီဝိုင် ချန်ဒရာချတ်က ဒီတိုက်ခိုက်မှုတွေ ဖြစ်ခဲ့တဲ့ အပေါ် စိုးရိမ်ပူပန်မိပြီး ဗီဒီယိုက ဗဟိုတရားရုံးကို စိတ်အနှောင့်အယှက် ဖြစ်စေတယ်လို့ ပြောပါတယ်။
စွပ်စွဲခံထားရတဲ့သူတွေနဲ့ ပတ်သက်ပြီး အရေးယူ လုပ်ဆောင်နေတာတွေကို တရားရုံးကို အကြောင်းကြားဖို့ အစိုးရကကို ပြောဆိုခဲ့ပြီး အစိုးရက အရေးမယူရင် တရားရုံးက အရေးယူမယ်လို့ ပြောပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
သတိပေးချက်-ယခုဆောင်းပါးတွင် စာဖတ်သူကို စိတ်အနှောင့်အယှက် ဖြစ်စေနိုင်တဲ့ အသေးစိတ်အချက်အလက်များပါဝင်ပါတယ်။
ဒီဖြစ်ရပ်က မေလ ၄ ရက်နေ့မှာ ဖြစ်ပွားခဲ့တာ ဖြစ်ပြီး လူမှုကွန်ရက်ပေါ်မှာ ဒီဗီဒီယိုဖိုင် စတင် ပျံ့နှံ့လာပြီးနောက် ဇူလိုင် ၂၀ ရက်နေ့မှ နိုင်ငံတဝန်း သတင်းမီဒီယာတွေမှာ ခေါင်းကြီးသတင်း ဖြစ်ခဲ့တာလို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
လူမှုကွန်ရက်ပေါ်ကနေ ဒီဗီဒီယိုဖိုင်ကို ဖြုတ်ချပေးဖို့ ဖက်ဒရယ်အစိုးရက လူမှုကွန်ရက် မီဒီယာ ကုမ္ပဏီတွေကို တောင်းဆိုထားပါတယ်။
မဏိပူရပြည်နယ်မှာ Meiteiလို့လည်းခေါ်တဲ့ ကသည်းနဲ့ ကူကီးမျိုးနွယ်စုတွေအကြား မေလက စတင်ခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင့် လူ ၁၃၀ သေဆုံးပြီး လူ ၆၀,၀၀၀ အိုးအိမ်မဲ့ ဖြစ်ခဲ့ကြပါတယ်။
အမျိုးသမီးနှစ်ဦးကို လူအုပ်က အဝတ်အစားမပါဘဲ ခေါ်ဆောင်သွားတဲ့ ဆိုးရွားတဲ့ ဗီဒီယို လူမှုကွန်ရက်ပေါ်မှာ ဇူလိုင် ၁၉ ရက်နေ့မှာ ကျယ်ကျယ်ပြန့်ပြန့် မျှဝေခဲ့ကြပါတယ်။
ဒီဗီဒီယိုမှာ လူအုပ်ထဲက အမျိုးသားတွေက ဒီအမျိုးသမီး နှစ်ဦးကို မဖွယ်မရာကိုင်တွယ်ပြီး လယ်ကွင်းပြင်ထဲကို အတင်းဆွဲခေါ်သွားတာ ဖြစ်ပါတယ်။
ကန်ပေါက်ပီ ရွာမှာ ကူကီး-ဇို မျိုးနွယ်စုက အမျိုးသမီးတွေအပေါ် ကျူးလွန်ခဲ့တဲ့ ဒီလူမဆန်တဲ့ ဖြစ်ရပ်က ဖြစ်ပွားခဲ့တာလို့ ဌာနေ မျိုးနွယ်စု ခေါင်းဆောင်များ ဖိုရမ် (ITLF)က ထုတ်ပြန်ချက်မှာ ပြောပါတယ်။
ဒီအမျိုးသမီးတွေ အုပ်စုလိုက် မုဒိမ်းကျင့်ခံရတယ်လို့လည်း စွပ်စွဲထားပါတယ်။
'ခေတ်သစ် အိန္ဒိယမှာ ဒါမျိုး မဖြစ်သင့်ဘူး' - ဂရိတာ ပန်ဒီ ၊ ဘီဘီစီ ဒေလီ သတင်းထောက်
ပဋိပက္ခနဲ့ မငြိမ်မသက်မှုတွေတွေမှာ အမျိုးသမီးတွေရဲ့ ခန္ဓာကိုယ်က တိုက်ခိုက်စရာ ဖြစ်လာပါ တယ်။ အဓမ္မကျင့်တာ၊ လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုတာတွေကို အကြမ်းဖက် လက်နက်အဖြစ် အသုံးပြုပြီး အမျိုးသမီးတွေအပေါ် ကျူးလွန်လေ့ရှိရပါတယ်။
မဏိပူမှာ ကူကီး မျိုးနွယ်ဝင် အမေနဲ့ သမီးအပေါ် ကျူးလွန်ခဲ့တဲ့ လိင်ပိုင်းဆိုင်ရာ တိုက်ခိုက်မှုက နောက်ဆုံး ဥပမာ တရပ် ဖြစ်ခဲ့ပါတယ်။
ဗီဒီယိုထဲမှာ အမျိုးသမီးတွေက ငိုယို၊ နာကျင်ရှုံ့မဲ့နေပြီး တိုက်ခိုက်သူတွေကို အသနားခံ တောင်းပန်နေပါတယ်။ ဒါက အဲဒီ ဗီဒီယို ကြည့်ရသူတွေအတွက် စိတ်ထိခိုက်စရာ ဖြစ်ခဲ့ပါတယ်။
တိုက်ခိုက်မှုကို ရဲတပ်ဖွဲ့ကို သတင်းပေးပြီး ၂ လကျော်အကြာမှာမှ ပထမဆုံးအနေနဲ့ ဖမ်းဆီးမှုတွေ လုပ်ခဲ့တာပါ။ အဲဒီလို ကြာနေတာကြောင့်ပဲ တာဝန်ရှိသူတွေကို မယုံမကြည် ဖြစ်စေပါတယ်။ ပိုဆိုးတာက ဗီဒီယိုထဲက အမျိုးသား အတော်များများကို ဘယ်သူတွေဆိုတာရှင်းရှင်းလင်းလင်း မြင်နေလျက်နဲ့ ဖမ်းဖို့ ကြာနေတာပါ။
အိန္ဒိယမှာ ဒီဗီဒီယို ထွက်ပေါ်လာပြီးတဲ့နောက် လူတွေရဲ့ ဒေါသက ဆိုးရွားတဲ့ ရာဇဝတ်မှုတွေကို ပိုသတိထားမိ ပြောဆိုစရာ ဖြစ်လာပါတယ်။
ကျူးလွန်ခံရသူတွေ၊ မိသားစုတွေကို နှစ်သိမ့်ပေးဖို့ အစိုးရရဲ့ ပျက်ကွက်မှုကို မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ ဒါ့အပြင် မဏိပူကို အစိတ်စိတ်အမြွှာမြွှာ ဖြစ်စေနိုင်တဲ့ မျိုးနွယ်စု အကြမ်းဖက်မှုနဲ့ ပတ်သက်ပြီး မစ္စတာ မိုဒီက ထုတ်ပြောလာအောင် နောက်ဆုံးမှာ ဖိအားပေးနိုင်ခဲ့ပါတယ်။
မဏိပူပြည်နယ်မှာ အထူးသဖြင့် ကူကီး လူနည်းစုတွေရဲ့ ယုံကြည်မှုကို ပြန်ရရှိနိုင်ဖို့ ကျူးလွန်သူတွေကို ဖော်ထုတ်ဖို့နဲ့ အမျိုးသမီးတွေ အတွက် တရားမျှတမှုကို ယူဆောင်ပေးနိုင်ဖို့ တာဝန်ရှိသူတွေက အမြန်ဆုံး လုပ်ဆောင်ဖို့ ဖိအား ရှိနေပါတယ်။
ဒီနေ့ခေတ် အိန္ဒိယမှာ အခုလိုမျိုး မဖြစ်သင့်ဘူးလို့ နိုင်ငံတဝန်းက လူတွေက ယုံကြည်နေပါတယ်။
“ရွာကို မီးရှို့ပြီး လူလတ်ပိုင်းနဲ့ ဆယ်ကျော်သက် အမျိုးသား နှစ်ယောက်ကို လူအုပ်က သေတဲ့ အထိ ဝိုင်းရိုက်နှက်ခဲ့ပြီးတဲ့နောက်မှာ အမျိုးသမီးတွေကို အုပ်စုလိုက် အဓမ္မကျင့်မှု ဖြစ်ခဲ့ပါတယ်” လို့ ITLFက ပြောပါတယ်။
ဒီဖြစ်ရပ်က မေလ ၄ ရက်နေ့မှာ ဖြစ်ခဲ့တာ ဖြစ်ပြီး ဖမ်းဆီးပြီး အုပ်စုလိုက် အဓမ္မကျင့်တာနဲ့ လူသတ်မှုတွေကို သောဘာပြည်နယ်အတွင်းမှာ တိုင်ကြားအရေးယူထား တယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။
ဒီတိုက်ခိုက်မှုကို ဘက်ပေါင်းစုံက နိုင်ငံရေးသမားတွေက ဆန့်ကျင်ရှုတ်ချခဲ့ကြပါတယ်။
ဖက်ဒရယ်လ် ဝန်ကြီး ဆမ်ရီတီ အီရန်နီက “လူမဆန်တဲ့ လုပ်ရပ်”လို့ ခေါ်ဆိုခဲ့ပါတယ်။
ပြည်နယ်ထဲမှာ ဖြစ်နေတဲ့ အကြမ်းဖက်မှုတွေကို ငြိမ်သက်သွားအောင် မလုပ်နိုင်တာကြောင့် ဘီဂျေပီပါတီ အစိုးရကို အတိုက်အခံ ခေါင်းဆောင်တွေက ဝေဖန်ခဲ့ပါတယ်။
မဏိပူမှာ အမျိုးသမီးတွေအပေါ် ကျူးလွန်တဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေက နှလုံးသွေးပျက်စရာ ဖြစ်တယ်လို့ ကွန်ဂရက်ပါတီ ခေါင်းဆောင် ပရီယန်ကာ ဂန္ဒီ ဗက်ရာက ပြောပါတယ်။
ဒေလီ ဝန်ကြီးချုပ် အာဗင်းကယ်ဂျရီဝါကလည်း အိန္ဒိယ လူ့အဖွဲ့အစည်းမှာ ခွင့်မလွှတ်နိုင်စရာ ကောက်ကျစ်ယုတ်မာတဲ့ လုပ်ရပ်လို့ ပြောပါတယ်။








