အိန္ဒိယ တောအုပ်ထဲမှာ သံကြိုးနဲ့ချည်လျက်တွေ့ရတဲ့ အမေရိကန် အမျိုးသမီးရဲ့ ပဟေဠိ

အိန္ဒိယ
ဓာတ်ပုံ ပုံစာ, ခင်ပွန်းသည်က အစာအငတ်ထားပြီး သစ်ပင်မှာ သံကြိုးနဲ့ချည်ထား သတ်ခဲ့တာလို့ သူကပြော

အိန္ဒိယနိုင်ငံ အနောက်ပိုင်း မဟာရက်ရှ်ထရာ ပြည်နယ် တောအုပ် တစ်နေရာက သစ်ပင်မှာ သံကြိုးနဲ့ချည်ခံထားရတဲ့ အမေရိကန် အမျိုးသမီး တစ်ယောက် အော်ဟစ် အကူအညီတောင်းနေတာကို တွေ့ခဲ့ရတာကြောင့် လူအများက ဒီကိစ္စအပေါ် ပဟေဠိ ဖြစ်ခဲ့ကြပါတယ်။

လာလီတာ ခေရီ ဆိုတဲ့ အသက် ၅၀ အရွယ် အမျိုးသမီးကို ဆင်ဟူဒါ ဒေသက တောအုပ်ထဲမှာ အော်ဟစ် ငိုကြွေး အကူအညီတောင်းနေတာကို လွန်ခဲ့တဲ့ သီတင်းပတ်တွေတုန်းက နွားကျောင်းသားတွေ တွေ့ခဲ့ကြတာပါ။

အဲဒီနောက် သူတို့က ရဲကို အကြောင်းကြားခဲ့တာကြောင့် ခြေထောက်ကို သစ်ပင်မှာ သံကြိုးနဲ့ ချည်ထားတဲ့ အမေရိကန် အမျိုးသမီးကို ရဲက ကယ်တင်ခဲ့ရပါတယ်။

သူတို့တွေ့ရှိချိန်မှာ မစ္စခေရီဟာ လုံးဝ ပိန်ချုံးချည့်နဲ့နေတာကြောင့် ဆေးရုံခေါ်သွား ကုသမှုပေးခဲ့ရပါတယ်။ အဲဒီနောက် သူ့ရဲ့ ခန္ဓာကိုယ် ကျန်းမာရေး အခြေအနေ တိုးတက်မှု ရှိခဲ့တဲ့အတွက် ပြီးခဲ့တဲ့ သောကြာနေ့တုန်းက စိတ်ကျန်းမာရေး ဆေးရုံကို ခေါ်သွားပြီး လိုအပ်တဲ့ ကုသမှုပေးခဲ့ရတယ်လို့ ဆရာဝန်တွေက ဘီဘီစီကို ပြောပါတယ်။

သူ့ကို ခင်ပွန်းဖြစ်သူက တောထဲက သစ်ပင်မှာ သံကြိုးနဲ့ ချည်ပြီး စားစရာနဲ့ ရေ မပေးဘဲ အငတ်ထား သတ်ပစ်ခဲ့တာလို့ သူက စွပ်စွဲ ပြောကြားထားကြောင်း ရဲထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

သူ့ပြောဆိုချက်အရ နိုင်ငံတောင်ပိုင်း တမီးလ် နာဒူပြည်နယ်မှာ ခင်ပွန်းဖြစ်သူကို လိုက်ရှာခဲ့တယ်လို့ ရဲက ဆိုပါတယ်။

အိန္ဒိယ
ဓာတ်ပုံ ပုံစာ, ကနဉီး ရုပ်ပိုင်းဆိုင်ရာ ကုသမှု ပေးပြီးနောက် စိတ်ကျန်းမာရေးအတွက် ကုသပေးခဲ့ရတယ်လို့ ဆရာဝန်ပြော

သူ့ကို တွေ့ရှိတဲ့ နွားကျောင်းသား ပန်ဒရာယန်း ဂွာခါကတော့ သူ့ကျွဲနွားတိရစ္ဆာန်တွေကို စားကျက်ထဲလွှတ်ဖို့ တောထဲသွားရင်း အမျိုးသမီးတစ်ယောက်ရဲ့ အော်သံကျယ်ကျယ်လောင်လောင်ကို ကြားခဲ့ရပြီး တွေ့ခဲ့ရတာ ဖြစ်တယ်လို့ ဘီဘီစီ မာရသီ ဌာနကို ပြောပါတယ်။

တောင်ကမ်းပါးဘက်ကနေ အသံတွေကြားရလို့ သွားကြည့်တဲ့အခါ အဲဒီအမျိုးသမီးကို သူ့ခြေထောက်တွေကို သစ်ပင်မှာ ချည်ခံထားရတာ တွေ့တယ်၊ သူက တိရစ္ဆာန်လို အော်ဟစ်နေတယ်၊ အဲဒီနောက် တခြားရွာသားတွေကိုခေါ် ပြီး ဒေသန္တရ ရဲဆီ အကြောင်းကြားခဲ့တယ်လို့ ဂွာခါက ပြန်ပြောပြပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

သူ့နားတဝိုက်မှာ နိုင်ငံကူးလက်မှတ် မိတ္တူတစ်စောင် တွေ့ရပြီး သူဟာ အမေရိကန် နိုင်ငံသား ဖြစ်ကြောင်း ၊ တခြားစာရွက်စာတမ်းတွေအရ အိန္ဒိယမှာ သူ့အိမ်လိပ်စာက တမီးလ်နာဒူးက ဆိုတာသိခဲ့ရတယ်လို့ ရဲက ပြောပါတယ်။

ဒါ့အပြင် သူနဲ့အတူ မိုဘိုင်းလ်ဖုန်း တလုံး ၊ တက်ဘလက် တစ်ခုနဲ့ ရူပီးသုံးသောင်းတစ်ထောင်နဲ့အတူ တွေ့ရပါတယ်။ ဒါပေမဲ့ အဖိုးတန်ပစ္စည်းတွေ၊ ငွေအများအပြားနဲ့ တွေ့ရပေမယ့် ခိုးမှုနဲ့ပတ်သက်သူအဖြစ် မယူဆကြောင်းရဲက ဆိုပါတယ်။

ဒီအမျိုးသမီးကို နွားကျောင်းသားက တွေ့ရှိခဲ့တဲ့အတွက် သူဟာ အလွန်ကံကောင်းတဲ့သူ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။ သူ့ကိုတွေ့ရှိခဲ့တဲ့ တောအုပ်ဟာ ကျယ်ပြောလှပြီး သူအကူအညီတောင်းသံ တစုံတစ်ယောက်ကမှ မကြားမိခဲ့ဘူးဆိုရင် ရက်ကြာလာရင် သူသေသွားလိမ့်မယ်လို့ ဆိုပါတယ်။

ကနဦးအစမှာ ရဲက သူ့ကို ဒေသတွင်းမှာ ရှိတဲ့ ဆေးရုံတစ်ရုံကို ခေါ်သွားခဲ့ပြီးနောက် အနားမှာရှိတဲ့ ဂိုအာပြည်နယ်က ဆေးရုံဆီ ရွှေ့ပေးခဲ့ပါတယ်။

သူ့ခြေထောက်မှာ ဒဏ်ရာတချို့တွေ့ရပြီး သူဟာ စိတ်ကျန်းမာရေး ချွတ်ယွင်းနေတာတွေ့ရတယ်လို့ ဂိုအာ ဆေးကောလိပ် အကြီးအကဲ ဒေါက်တာ ရှီဗန်နန် ဘန်ဒီကာက The Indian Express သတင်းစာကို ပြောကြားခဲ့ပါတယ်။

ဒါ့အပြင် သူတို့မတွေ့ခင် ဒီအမျိုးသမီး ဘယ်အချိန်ကတည်းက အစာမစားဘဲနေခဲ့ရသလဲ ဆိုတာ မသိပေမဲ့ သူ့ရဲ့ အရေးကြီး ကိုယ်ခန္ဓာ အစိတ်အပိုင်းတွေ ကောင်းမွန်ပါတယ်လို့ ဒေါက်တာ ဘန်ဒီခါက ပြောပါတယ်။

အဲဒီနောက် သူ့ရဲ့ ရုပ်ပိုင်းဆိုင်ရာ အခြေအနေ တိုးတက်လာပြီမို့ သူ့ကို မဟာရက်ရှ်ထရာ ပြည်နယ် ရတနာဂီရိက စိတ်ကျန်းမာရေး ဆေးရုံဆီကို ပြောင်းရွှေ့ပေးခဲ့ပါတယ်။

လက်ရှိ သူ့ကျန်းမာရေး အခြေအနေ တည်ငြိမ်မှု ရှိတယ်လို့ ဆေးရုံတာဝန်ရှိသူ ဒေါက်တာ ဆန်ဂါမိတာ ဖူလီက ဘီဘီစီ မာရသီ ဌာနကို ပြောပါတယ်။

ဒီအမျိုးသမီးဟာ ဆေးသောက်၊ အစာစားပြီး လူတွေနဲ့ အပြန်အလှန် စကားပြောလာပြီ၊ သူတခုခု လိုချင်ရင် သူစကားပြောတယ်၊ အင်္ဂလိပ်လိုပဲ ပြောတတ်တယ်လို့ ဒေါက်တာ ဖူလီက ဆိုပါတယ်။

အိန္ဒိယ
ဓာတ်ပုံ ပုံစာ, သူ့အခြေအနေနဲ့ပတ်သက်လို့ ရေးထားတဲ့ လက်ရေးမူ

ရဲတွေရဲ့ ပြောဆိုချက်အရ မစ္စခေရီဟာ အမေရိကန်မှာ ဘဲလေးကချေသည်လည်းဖြစ် ယောဂကျင့်စဉ် သင်ပေးသူလည်း ဖြစ်ပြီး သူဟာ မက်ဆာချူးဆက် ပြည်နယ်က ဖြစ်တယ်လို့ တချို့ဒေသတွင်း သတင်းတွေမှာ ဖော်ပြကြပါတယ်။

သူဟာ ယောဂကျင့်စဉ်နဲ့ တရားအားထုတ်မှုတွေ လေ့လာဖို့ လွန်ခဲ့တဲ့ ၁၀နှစ်က တမီးလ်နာဒူး ပြည်နယ်မှာ ပြောင်းရွှေ့နေထိုင်ခဲ့တာလို့ ရဲက ပြောခဲ့ပါတယ်။

အဲဒီမှာ ဆာတိရှ်ဆိုတဲ့အမျိုးသားနဲ့ တွေ့ခဲ့တာ ဖြစ်တယ်၊ သူနဲ့ခင်ပွန်းဖြစ်သူတို့ မကြာခဏ အချင်းများလေ့ရှိတယ်လို့ ရဲက ယူဆပါတယ်။

တချို့သတင်းတွေမှာတော့ သူဟာ ဂိုအာက ဟိုတယ်တစ်ခုမှာ နှစ်ရက်နေခဲ့ပြီး အိန္ဒိယက စီးပွားရေး မြို့တော် မွမ်ဘိုင်းကို ထွက်ခဲ့တယ်လို့ ဖော်ပြပါတယ်။

ဒါပေမယ့် ဒီကိစ္စတွေနဲ့ ပတ်သက်လို့ ဘယ်အချိန်မှာ သူဘယ်လိုလုပ်ပြီး တောအုပ်ထဲက သစ်ပင်မှာ ချည်ခံခဲ့ရတာလဲ ဆိုတာတွေတော့ ရှင်းရှင်းလင်းလင်း မသိခဲ့ရပါဘူး။

မစ္စခေရီကို စတွေ့တော့ သူစကားမပြောနိုင်ဘဲ ရှိခဲ့ပေမဲ့ ရဲတွေ၊ ဆရာဝန်တွေနဲ့တော့ စာရေး စကားပြောနိုင်ခဲ့ပါတယ်။ ဒါကြောင့် သူ့ကို ခင်ပွန်းဖြစ်သူက သစ်ပင်မှာ ချည်ထားခဲ့တာ၊ ရက် ၄၀ ကြာ သူ့ကို စားစရာနဲ့ရေ မပေးမကျွေးဘဲ ထားခဲ့တာ ဆိုတာတွေကို သိရှိခဲ့ကြတာ ဖြစ်ပါတယ်။

သူ့ကို ပြင်းထန်တဲ့ စိတ်ဝေဒနာ ခံစားရအောင် ထိုးဆေးတစ်မျိုးပေးခံရတာကြောင့် သူ့မေးရိုးတွေ လှုပ်မရဖြစ်နေပြီး ရေလည်း သောက်မရတာကြောင့် အကြောဆေးသွင်းရတဲ့ အခြေအနေ ဖြစ်ခဲ့တယ်လို့လည်း သူက ပြောပါတယ်။

"ကျွန်မက ဒုက္ခရောက်ခဲ့သူပါ၊ သောကပင်လယ်မှာ ရပ်တည်ခဲ့ရသူပါ၊ ဒါပေမယ့် သူကတော့ ကျွန်မကို ထားသွားခဲ့ပြီ"လို့လည်း သူက သူ့ခင်ပွန်းသည်ကို စွပ်စွဲ ပြောကြားခဲ့ပါတယ်။

သူ့ပြောဆိုချက်တွေနဲ့ ပတ်သက်လို့ အတည်မပြုနိုင်ဘူးလို့ ရဲက ပြောပြီး အစာမစား၊ ရေမသောက်ဘဲ ဒီလောက် ရက်ရှည်ကြီးကို ဘယ်သူမှ အသက်ရှင်ရပ်တည်နိုင်မှာ မဟုတ်ဘူးလို့ ရဲက ယုံကြည်ခဲ့ပါတယ်။

သူ့ပြောဆိုချက်အရ ရဲက သူ့ခင်ပွန်းသည်ကို လူသတ်ဖို့ ကြံစည်မှုနဲ့ အမှုဖွင့်ခဲ့ပြီး တမီးလ် နာဒူ၊ ဂိုအာ နဲ့ မဟာရက်ရှ်ရာ ပြည်နယ်တွေမှာ ရှာဖွေမှုတွေ လုပ်ခဲ့ပေမဲ့ ရဲက သူ့ခင်ပွန်းကို ရှာမတွေ့ ဖြစ်ခဲ့ပါတယ်။

ဒီအမျိုးသမီးနဲ့အတူတွေ့ရတဲ့ မိုဘိုင်းလ်ဖုန်းနဲ့ တက်ဘလက်တွေကတဆင့် ကွင်းဆက်တွေကို ရှာဖွေခဲ့တယ်လို့လည်း ရဲက ပြောပါတယ်။

ဒေလီမြို့က အမေရိကန် သံရုံးကတော့ ရဲတပ်ဖွဲ့ရဲ့ စုံစမ်းစစ်ဆေးမှုတွေ မြန်မြန်ဆန်ဆန် ဖြစ်လာအောင် ဖိအားပေးတာတွေ လုပ်နေတယ်လို့ သတင်းမီဒီယာတွေကို ပြောပေမဲ့ ဒီကိစ္စနဲ့ပတ်သက်လို့ တစုံတရာ မှတ်ချက်ပေးဖို့ ငြင်းဆိုခဲ့ပါတယ်။

အမေရိကန် နိုင်ငံမှာ ပြဋ္ဌာန်းထားတဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်တွေကို ထိန်းသိမ်းစောင့်ရှောက်ရတဲ့ (လူအများကြားပြောခွင့်မရှိတဲ့) ဥပဒေအရ သတင်းမီဒီယာတွေရဲ့ မေးမြန်းမှုကို တုံ့ပြန် ဖြေကြားမှု မလုပ်နိုင်တာပါလို့ အမေရိကန် သံရုံး ပြောခွင့်ရက ဘီဘီစီကို ပြောကြားထားပါတယ်။

ဒါပေမဲ့ အခု အခါမှာတော့ အဲဒီအမျိုးသမီးက သူဟာ လက်ထပ်ထားသူမဟုတ်ဘူးလို့ ပြောပြီး သူဟာ ပထမ ထွက်ဆိုချက်တွေကို စိတ်အာရုံချောက်ချားပြီး ပြောတာ ဖြစ်နိုင်ကြောင်း ဆင်ဟူဒါ ဒေသက ရဲမှူး ဆော်ရက်ဘ် အက်ဂရာဝါက သြဂုတ်လ ၆ ရက် မှာ ပြောပါတယ်။

အဲဒီအမျိုးသမီးဟာ သူ့ဗီဇာက ကုန်သွားပြီး ငွေလည်း ကုန်သွားတာကြောင့် စိတ်ဖိစီးပြီး သော့နဲ့ သံကြိုးတွေ ဝယ်ပြီး သူ့ကိုယ်သူ သစ်ပင်မှာ ချည်ထားတာ ဖြစ်တယ်လို့ သူက ပြောခဲ့တယ်လို့ ရဲက ပြောပါတယ်။