အိန္ဒိယနိုင်ငံမှာ ဇနီးမယားကို ရိုက်ပိုင်ခွင့်ရှိတယ် ဆိုတဲ့ အယူအဆ ဘယ်လောက်တောင် အမြစ်တွယ်နေသလဲ

အိန္ဒိယ၊ ကျား-မ အခြေခံတဲ့ အကြမ်းဖက်မှု၊ ဇနီး ခင်ပွန်း၊ အိမ်တွင်း အကြမ်းဖက်မှု၊

ဓာတ်ပုံ ရင်းမြစ်, Tasveer Hasan

ဓာတ်ပုံ ပုံစာ, အိန္ဒိယမှာ အမျိုးသမီး ၃ ဦးမှာ ၁ ဦးဟာ ကျား-မ အခြေခံတဲ့ အကြမ်းဖက်မှုနဲ့ ရင်ဆိုင်နေရပြီး အများစုဟာ သူတို့ရဲ့ ခင်ပွန်းတွေက ကျူးလွန်ကြတာ ဖြစ်
    • ရေးသားသူ, ဂီတာ ပန်ဒေ
    • ရာထူးတာဝန်, ဘီဘီစီသတင်းဌာန၊ ဒေလီ

ပြီးခဲ့တဲ့လက အိန္ဒိယနိုင်ငံမှာ မနက်စာ ငန်လို့ ဇနီးသည်ကို လည်ပင်းညှစ် သတ်ခဲ့တယ် ဆိုတဲ့ အသက် ၄၆ နှစ်အရွယ် အမျိုးသားတစ်ဦးကို ရဲက ဖမ်းဆီးခဲ့ပါတယ်။

မွန်ဘိုင်းမြို့အနီး သာနာမြို့က ဘဏ်စာရေး နီကက်ရှ် ဂက်ဂ်ဟာ အသက် ၄၀ အရွယ် သူ့ဇနီး နီရာမာလာ ချက်တဲ့ သာကူက ဆားအရမ်းငန်လို့ ဒေါသ အရမ်းထွက်ပြီး ဇနီးသည်ကို လည်ပင်းညှစ်သတ်ခဲ့တယ်လို့ ရဲတပ်ဖွဲ့ တာဝန်ရှိပုဂ္ဂိုလ် မီလင်း ဒီဆိုင်းက ဘီဘီစီကို ပြောပြပါတယ်။

မနက်စာ သာကူက ဆားအရမ်းငန်တယ်လို့ ဖခင်က မကျေမနပ်ပြောရင်း မိခင်နောက်ကို အိပ်ခန်းထဲအထိ လိုက်သွားပြီး ရိုက်နှက်ခဲ့ပုံကို မျက်မြင်တွေ့ခဲ့တဲ့ သူတို့ရဲ့ ၁၂ နှစ်အရွယ် သားငယ်က ရဲကို ပြန်ပြောပြပါတယ်။

"အမေကို ရိုက်နေတာ ရပ်ဖို့ ကလေးက ငိုယိုတောင်းပန်ခဲ့ပါတယ်" "ဒါပေမဲ့ နီကက်ရှ် ဂက်ဂ်က သူ့ဇနီးကို ဆက်ရိုက်နှက်ခဲ့ပြီး လည်ပင်းကို ကြိုးနဲ့တုပ် သတ်ခဲ့တယ်" လို့ ရဲတာဝန်ရှိပုဂ္ဂိုလ် မစ္စတာ ဒီဆိုင်းက ပြောပါတယ်။

အိမ်ထဲကနေ သူ့အဖေ ဒေါသတကြီးနဲ့ ထွက်သွားအပြီး ကလေးက သူ့အမေဘက်က အဖွားနဲ့ ဦးလေးကို ဖုန်းဆက်ခေါ်ခဲ့ပါတယ်။

"အခင်းဖြစ်တဲ့နေရာကို ကျွန်တော်တို့ ရောက်လာချိန်မှာ မိသားစုက နီရာမာလာကို ဆေးရုံကို အမြန်ခေါ်သွားခဲ့ကြပါပြီ၊ ဒါပေမဲ့ ဆေးရုံရောက်တော့ အသက်မရှိတော့ပါဘူး"လို့ မစ္စတာ ဒီဆိုင်းက ပြောပါတယ်။

အဲဒီနောက်မှာ နီကက်ရှ် ဂက်ဂ်က ရဲစခန်းမှာ လာအဖမ်းခံခဲ့ပါတယ်။ သူသွေးတိုး တက်နေတဲ့အကြောင်း နီကက်ရှ် ဂက်ဂ်က ရဲတွေကို ပြောခဲ့ပါတယ်။ ရဲတွေက သူ့ကို အကျဉ်းထောင်ပို့လိုက်ပါတယ်။

နီကက်ရှ် ဂက်ဂ်ဟာ ဇနီးသည် နီရာမာလာနဲ့ အိမ်တွင်းရေးကိစ္စ အချင်းများနေတာ ၁၅ ရက်လောက် ရှိပြီလို့ နီရာမာလာရဲ့ မိသားစုက ရဲကို ပြောပြပါတယ်။ ဒီလို ပြဿနာဖြစ်နေတာနဲ့ ပတ်သက်လို့တော့ နီရာမာလာဆီကရော၊ သူ့မိသားစုဆီကပါ ရဲကို လာတိုင်တာမျိုး မရှိခဲ့ဘူးလို့ မစ္စတာ ဒီဆိုင်းက ပြောပါတယ်။

အခုလို အစားအသောက်နဲ့ ပတ်သက်လို့ စကားများပြီး ခင်ပွန်းက ဇနီးသည်ကို အသေသတ်တဲ့ အမှုတွေက အိန္ဒိယနိုင်ငံမှာ သတင်းခေါင်းကြီးပိုင်းမှာ အမြဲပါလေ့ရှိပါတယ်။

လတ်တလော ဖြစ်ခဲ့တဲ့အမှုတွေကို ကြည့်ရင်

  • ဇန်နဝါရီလက ဒေလီမြို့ပြင် နိုအီဒါရပ်ကွက်မှာ ညစာပြင်မပေးလို့ ဇနီးသည်ကို သတ်ခဲ့တယ် ဆိုတဲ့ စွပ်စွဲချက်နဲ့ အမျိုးသားတစ်ဦး အဖမ်းခံခဲ့ရပါတယ်။
  • ၂၀၂၁ ခုနှစ် ဇွန်လက အူတာပရာဒက် ပြည်နယ်မှာ ထမင်းပွဲထဲ ဆလပ်ရွက် မပါလို့ဆိုပြီး ဇနီးသည်ကို သတ်ခဲ့မှုနဲ့ အမျိုးသားတစ်ဦးကို ဖမ်းဆီး ထိန်းသိမ်းခဲ့ပါတယ်။
  • နောက်လေးလအကြာ ဘန်ဂလိုပြည်နယ်မှာလည်း ကြက်ကြော်တာ ကောင်းကောင်း မကြော်လို့ ဆိုပြီး အမျိုးသားတစ်ဦးက ဇနီးသည်ကို အသေရိုက်သတ်ခဲ့ပါတယ်။
  • ၂၀၁၇ ခုနှစ်တုန်းက ညစာ ချက်တာ နောက်ကျလို့ဆိုပြီး ဇနီးသည်ကို အသက် ၆၀ အရွယ် အမျိုးသားတစ်ဦးက သေနတ်နဲ့ ပစ်သတ်ခဲ့တဲ့သတင်းကို ဘီဘီစီက တင်ပြခဲ့ပါတယ်။

ကျား-မ တန်းတူရေး လှုပ်ရှားတောင်းဆိုသူ မက်ဒါဗီ ကွတ်ကရီဂျာ က ဒီလို အသတ်ခံရမှုတွေကြောင့် ဒီကိစ္စအပေါ် လူတွေ အာရုံစိုက်လာကြပေမဲ့ ဒီအမှုတွေအားလုံးဟာ ကျား-မ ခွဲခြားတဲ့ အကြမ်းဖက်မှုမျိုးလို့ မရှုမြင်ကြတဲ့ အမှုတွေ ဖြစ်တယ်လို့ ပြောပါတယ်။

Presentational white space

ဇနီးသည်ကို ခင်ပွန်းက ရိုက်တာ မှန်တယ်လို့ လက်ခံထားကြတဲ့ ဒေသအလိုက် အမျိုးသမီး ရာခိုင်နှုန်း

ဇနီးသည်ကို ခင်ပွန်းက ရိုက်တာ မှန်တယ်လို့ လက်ခံထားကြတဲ့ အမျိုးသမီး ရာခိုင်နှုန်း
Presentational white space

အမှုအများစုကို ခင်ပွန်း ဒါမှမဟုတ် သူ့မိသားစု ဆွေမျိုးတွေ ရက်ရက်စက်စက်လုပ်တဲ့ ကျူးလွန်မှုအဖြစ် ဥပဒေကြောင်းအရ ဖော်ပြခဲ့ကြပါတယ်။ အိန္ဒိယနိုင်ငံမှာ နှစ်စဉ်နှစ်တိုင်း အိမ်တွင်း အကြမ်းဖက်မှုတွေဟာ အမျိုးသမီးတွေအပေါ် ကျူးလွန်တဲ့ အကြမ်းဖက်ရာဇဝတ်မှုတွေ အများဆုံး ဖြစ်ပါတယ်။ အခုနောက်ဆုံး ၂၀၂၀ ခုနှစ်မှာ ရတဲ့ ရာဇဝတ်မှု အချက်အလက် ကိန်းဂဏန်းတွေအရ အမျိုးသမီး ၁၁၂,၂၉၂ ဦး ထံက တိုင်ကြားချက်တွေ ရဲက လက်ခံရခဲ့ပြီး ဒါဟာ ပျမ်းမျှအားဖြင့် ကြည့်ရင် အမျိုးသမီးတွေ ရဲတိုင်တဲ့နှုန်းဟာ ၅ မိနစ်ကို တစ်ဦးနှုန်းလောက် ဖြစ်နေပါတယ်။

ဒီလို အကြမ်းဖက်မှုမျိုးဟာ အိန္ဒိယနိုင်ငံမှာတင် ဖြစ်နေတာ မဟုတ်ပါဘူး။ WHO ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီးရဲ့ ကိန်းဂဏန်းတွေအရ ကမ္ဘာတဝန်း အမျိုးသမီး ၃ ဦးမှာ ၁ ဦးဟာ ကျား-မ အခြေခံတဲ့ အကြမ်းဖက်မှုတွေနဲ့ ရင်ဆိုင်နေရပြီး အများစုဟာ ကိုယ့်နဲ့ ရင်းနှီး နီးစပ်တဲ့ လက်တွဲဖော်တွေက လုပ်တာလို့ သိရပါတယ်။

အိန္ဒိယမှာ ဒီလိုအကြမ်းဖက်မှုမျိုးကို ရေငုံနှုတ်ပိတ်နေကြတဲ့ အစဉ်အလာ ထုံးစံကိုရော၊ ပိုထိတ်လန့်စရာ ကောင်းတာက ဒီလိုအကြမ်းဖက်မှုမျိုးကို ဝိုင်းလက်ခံနေကြတာကိုပါ အဲဒီမှာ ရှိတဲ့ ကျား-မ တန်းတူရေး လှုပ်ရှားနေသူတွေ ရင်ဆိုင်ကြုံတွေ့နေရပါတယ်။

အိန္ဒိယအစိုးရက လုပ်ခဲ့တဲ့ အိန္ဒိယလူမှုအသိုင်းအဝိုင်းဆိုင်ရာ အကျယ်ပြန့်ဆုံး အိမ်ထောင်စု လေ့လာမှု စစ်တမ်းတစ်ခုဖြစ်တဲ့ မိသားစုကျန်းမာရေး စစ်တမ်း(NFHS5)ရဲ့ အခုနောက်ဆုံး ကိန်းဂဏန်းတွေကို ကြည့်ရင် ဒီကိစ္စကို မြင်သာနိုင်ပါတယ်။

တကယ်လို့ ဇနီးသည်က ယောက္ခမတွေကို မလေးမစား လုပ်ရင်၊ အိမ်ထောင့်တာဝန် မကျေပွန်ရင်၊ ကလေးတွေကို ကောင်းကောင်း မကြည့်ရင်၊ ခင်ပွန်းကို မပြောဘဲ အပြင်ထွက်ရင်၊ လိင်ဆက်ဆံဖို့ ငြင်းရင် ဒါမှမဟုတ် ကောင်းကောင်း ချက်ပြုတ် မကျွေးမွေးရင် ဇနီးသည်ကို ခင်ပွန်းက ရိုက်နှက် ဆုံးမနိုင်ကြောင်း အမျိုးသမီး ၄၀ ရာခိုင်နှုန်းကျော်နဲ့ အမျိုးသား ၃၈ ရာခိုင်နှုန်းက အဲဒီ စစ်တမ်း လေ့လာသူတွေကို ပြောခဲ့ကြပါတယ်။

ပြည်နယ် ၄ ခုမှာ ဆိုရင် အမျိုးသမီး ၇၇ ရာခိုင်နှုန်းကျော်က ဇနီးသည်တွေကို ရိုက်နှက်တာက မှန်တယ်လို့ ပြောခဲ့ကြပါတယ်။

ဇနီးသည်ကို ရိုက်နှက်တာက မှန်တယ်လို့ ပြည်နယ်အများစုမှာ အမျိုးသားတွေထက် အမျိုးသမီးတွေက ပိုလက်ခံထားကြပြီး ဟင်းကောင်းကောင်း မချက်ရင် ဇနီးသည်ကို ခင်ပွန်းက ရိုက်နှက် ဆုံးမသင့်တယ်ဆိုတာကို ကာနာတာကာ ပြည်နယ်တစ်ခုကလွဲလို့ ကျန်တဲ့ ပြည်နယ်တိုင်းမှာ အမျိုးသားတွေထက် အမျိုးသမီးတွေက ပိုလက်ခံထားကြပါတယ်။

ပြီးခဲ့တဲ့ ၅ နှစ်က လုပ်ခဲ့တဲ့ စစ်တမ်းထဲမှာတော့ ဇနီးသည်ကို ရိုက်နှက်တာက မှန်တယ် ဆိုတဲ့ အယူအဆကို အမျိုးသမီး ၅၂ ရာခိုင်နှုန်း၊ အမျိုးသား ၄၂ ရာခိုင်နှုန်းက လက်ခံခဲ့ကြပါတယ်။ အခုတော့ ဒီလို ယူဆသူ အရေအတွက် အနည်းအပါး လျော့ကျသွားခဲ့ပေမဲ့ စိတ်ဓာတ်တွေက ပြောင်းမသွားဘူးလို့ Oxfam ပရဟိတအဖွဲ့ရဲ့ ကျား-မ တန်းတူရေးစီမံကိန်းကို ဦးဆောင်သူ အမီတာ ပီထရီ က ပြောပါတယ်။

"အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုနဲ့ ဒီကိစ္စက မှန်တယ်လို့ လက်ခံထားမှုဟာ အမျိုးသားတွေ ကြီးစိုးချုပ်ကိုင်မှုဝါဒကနေ အမြစ်တွယ်လာတာ ဖြစ်ပါတယ်၊ အိန္ဒိယမှာ အမျိုးသမီးတွေကို လက်အောက်ငယ်သားလို့ ယူဆထားတာကြောင့် အခုလို ကျား-မ အခြေခံတဲ့ အကြမ်းဖက်မှုမျိုးကို အများက လက်ခံထားကြတာ ဖြစ်တယ်" လို့ သူက ဘီဘီစီကို ပြောပြပါတယ်။

"အမျိုးသမီးတွေ ဘယ်လို ပြုမူနေထိုင်ရမယ်၊ အမျိုးသမီးက အမျိုးသားကို အမြဲ ခေါင်းငုံ့ခံရမယ်၊ အမျိုးသား ဆုံးဖြတ်တာကို အမြဲ သဘောတူရမယ်၊ အမျိုးသားကို ပြုစုရမယ်၊ အမျိုးသားထက် အမျိုးသမီးက ဝင်ငွေနည်းရမယ် စသဖြင့် လူမှုအသိုင်းအဝိုင်းကြား ပုံသေ မှတ်ယူထားကြပါတယ်၊ ဒါ့အပြင် ဒီထုံးစံကို ပြောင်းပြန်လှန်ပစ်တာကို လက်ခံတာမျိုးကလည်း အရမ်းကို နည်းပါတယ်၊ ဒီတော့ တကယ်လို့ အမျိုးသမီးတစ်ဦးက စောဒကတက် စိန်ခေါ်လာရင် သူ့ခင်ပွန်းက မင်းနေရာ မင်းနေစမ်း ဆိုပြီး ပြောခွင့် ရှိနေပါတယ်။"

Presentational white space
အိန္ဒိယ၊ ကျား-မ အခြေခံတဲ့ အကြမ်းဖက်မှု၊ ဇနီး ခင်ပွန်း၊ အိမ်တွင်း အကြမ်းဖက်မှု၊
ဓာတ်ပုံ ပုံစာ, ကိုယ့်ဇနီးမယားကို ရိုက်ပိုင်ခွင့် ရှိတယ်လို့ ယူဆထားကြသူ အမျိုးသား ရာခိုင်နှုန်း
Presentational white space

"အမျိုးသမီးတွေကို ရိုက်နှက်တာက မှန်တယ်လို့ အမျိုးသမီးတွေ ပိုပိုလက်ခံလာကြတဲ့ အကြောင်းရင်းက အမျိုးသားကြီးစိုးတဲ့ ဝါဒက ကျားမ ထုံးစံကို ပိုထောက်ကူ အားဖြည့်ပေးနေပြီး ဒါကို အမျိုးသမီးတွေအနေနဲ့ ကြိတ်မှိတ် လက်ခံနေကြတဲ့အတွက် ဖြစ်ပါတယ်။ မိသားစုနဲ့ လူမှုအသိုင်းအဝိုင်းကလည်း ဒီလိုအယူအဆတွေ သူတို့ခေါင်းထဲရောက်အောင် သွင်းပေးနေတာပါ။"

အိန္ဒိယနိုင်ငံမှာ ဆင်းရဲအနွမ်းပါးဆုံး ပြည်နယ်တစ်ခုဖြစ်တဲ့ မြောက်ပိုင်း ဘန်ဒယ်လ်ခန်းပြည်နယ်မှာ နှိပ်စက်ခံ အမျိုးသမီးတွေကို အကူအညီပေးနေတဲ့ ဗာနန်ဂါနာ ပရဟိတအဖွဲ့ကို ၂၅ နှစ်ကြာ ဦးစီးဖွင့်လှစ်လာခဲ့သူ မစ်စ် ကွတ်ကရီဂျာ က "အိမ်ထောင်ပြုမယ့် သတို့သမီးတွေအကြား ပြောလေ့ရှိတဲ့ အကြံပေးချက်တစ်ခုက "ကိုယ်နေမယ့်အိမ်ကို မင်္ဂလာထမ်းစင်နဲ့ ဝင်သွားပြီးရင် သေခါမှပဲ အလောင်းတင်တဲ့ စင်နဲ့ ပြန်ထွက်လာပါ "ဆိုတဲ့ အကြံပေးချက် ဖြစ်ပါတယ်၊ သဘောက ဘာကြီးဖြစ်နေနေ၊ အိမ်ထောင်မြဲအောင် သေတဲ့အထိ သည်းခံ ကြိတ်မှိတ်နေရမယ်လို့ ဆိုလိုတာပါ" လို့ ပြောပါတယ်။

ဒီတော့ အမျိုးသမီးအများစု အထူးသဖြင့် အရိုက်အမြဲခံနေရတတ်သူတွေကတောင်မှ ဒီလို အရိုက်ခံနေရတာဟာ သူတို့ကံမကောင်း အကြောင်းမလှလို့ ဖြစ်တာ ဆိုပြီး ရဲကို မတိုင်ကြပါဘူး။

ပြီးခဲ့တဲ့ဆယ်စုနှစ်အတွင်းရဲကိုအကြောင်းကြားတိုင်ကြားတာတွေပိုရှိလာပေမဲ့လည်း ဇနီးသည်တွေက သူတို့ ရိုက်နှက်ခံရမှုကို ရဲမတိုင်တာက အိန္ဒိယမှာ ခုချိန်ထိ အများကြီး ရှိနေဆဲပါ၊ ဒီကိစ္စမျိုးက ရဲတိုင်ဖို့၊ မှတ်တမ်းယူထားဖို့က ခက်ပါတယ်။ လူအများစုက အိမ်ထဲမှာ ဖြစ်တဲ့ကိစ္စ အိမ်ထဲမှာပဲ ဖြေရှင်းသင့်တယ်လို့ ခုချိန်ထိ ပြောနေကြတုန်းပါပဲ၊ ဒီတော့ အမျိုးသမီးတွေအနေနဲ့ ရဲကို သွားတိုင်ဖို့ သိပ်အားမရှိကြပါဘူး လို့ မစ်စ် ကွတ်ကရီဂျာ ကပြောပါတယ်။

ဒါ့အပြင် တကယ်လို့ ယောက်ျားနဲ့ အဆင်မပြေဖြစ်ပြီး အိမ်ကနေ ဆင်းလာမယ် ဆိုရင်လည်း သူတို့မှာ ဘယ်မှာမှ သွားနေစရာ မရှိဘူးလို့ မစ်စ် ကွတ်ကရီဂျာ က ပြောပါတယ်။

"အိမ်ထောင်ကွဲတာကို ကဲ့ရဲ့ရှုတ်ချတတ်တဲ့ ဓလေ့ကြောင့်ရော၊ နောက်အတော်များများက ဆင်းရဲလွန်းတာကြောင့် နောက်ပါးစပ်တစ်ပေါက်ကို ထပ်ကျွေးဖို့ မတတ်နိုင်တဲ့အတွက် မိန်းကလေးမိဘတွေက လက်ခံ မထားချင်ကြပါဘူး၊ သူတို့ကို ထောက်ပံ့ကူညီတဲ့ စနစ်မျိုး မရှိသလို သူတို့ကို ခိုလှုံခွင့်ပေးမယ့် နေရာတွေကလည်း အနည်းအပါးပဲ ရှိပြီး ယောက်ျားနဲ့ ကွဲသွားတဲ့ အမျိုးသမီးတွေအတွက် လျော်ကြေးငွေကလည်း ရူပီးငွေ ၅၀၀ နဲ့ ၁၅၀၀ ကြားလောက်ပဲ ရကြပါတယ်။ ဒီငွေပမာဏက သူ့ကလေးတွေကို ကျွေးဖို့နေနေသာသာ သူ့တစ်ယောက်ထဲတောင် မလောက်ပါဘူး။"

ဗာနန်ဂါနာ ပရဟိတအဖွဲ့ကို ဦးဆောင်နေသူ ပူရှ်ပါ ရှားမား က ပြီးခဲ့တဲ့လက သူ့ကို လာအကြောင်းကြားတဲ့ အမှုနှစ်ခုအကြောင်း ဘီဘီစီကို ပြောပြခဲ့ရာမှာ အမျိုးသမီးတွေကို ခင်ပွန်းတွေက ရိုက်နှက်ပြီး ကလေးငယ်တွေနဲ့ ပစ်သွားခဲ့ကြတယ်လို့ ဆိုပါတယ်။

"အဲဒီအမှု နှစ်ခုစလုံးမှာ သူတို့ ခင်ပွန်းတွေက သူတို့ကို ဆံပင်ဆွဲပြီး အိမ်ထဲကနေ ဆွဲထုတ်ခဲ့ကြပြီး အိမ်နားနီးချင်းတွေရှေ့မှာ ရိုက်နှက်ကန်ကျောက်ခဲ့ကြပါတယ်။ သူတို့ ထမင်းဟင်း ကောင်းကောင်း မချက်လို့ဆိုပြီး အပြစ်တင်ခဲ့ပါတယ်၊ ဒါပေမဲ့ ဒါက အမြဲတမ်း မကျေမနပ် အပြစ်ပြောနေကျ တွေထဲက တစ်ခုပါ "

အမျိုးသမီးတစ်ယောက်ကို မျိုးရိုးအစဉ်အဆက် ထိန်းမယ့် သားယောက်ျား မမွေးပေးဘဲ သမီးမွေးလို့ ဆိုပြီး ရိုက်နှက်လို့ မရပါဘူး၊ ဒါမှမဟုတ် သူက အသားမည်းလို့၊ မလှလို့ ဒါမှမဟုတ် မင်္ဂလာလက်ဖွဲ့ကြေး များများ မပေးလို့ ဒါမှမဟုတ် ယောက်ျားက အရက်မူးလာလို့ ဒါမှမဟုတ် ယောက်ျား အိမ်ပြန်လာချိန်မှာ အစားအသောက်၊ ရေ မြန်မြန် မတိုက်လို့ ဒါမှမဟုတ် ဟင်းထဲမှာ ဆားများသွားလို့ ဖြစ်ဖြစ် ဆားထည့်ဖို့ မေ့သွားလို့ဖြစ်ဖြစ် ရိုက်နှက်ဆုံးမစရာ မလိုပါဘူး လို့ သူက ပြောပါတယ်။

အိန္ဒိယ၊ ကျား-မ အခြေခံတဲ့ အကြမ်းဖက်မှု၊ ဇနီး ခင်ပွန်း၊ အိမ်တွင်း အကြမ်းဖက်မှု၊

ဓာတ်ပုံ ရင်းမြစ်, Tasveer Hasan

ဓာတ်ပုံ ပုံစာ, ဗာနန်ဂါနာ ပရဟိတအဖွဲ့ဟာ အိန္ဒိယနိုင်ငံရဲ့ ဆင်းရဲနွမ်းပါးဆုံး ပြည်နယ်မှာ အိမ်တွင်းအကြမ်းဖက်ခံရသူ အမျိုးသမီးတွေကို အကူအညီပေးနေတဲ့ အဖွဲ့တစ်ခုဖြစ်

၁၉၉၇ ခုနှစ်မှာ ဗာနန်ဂါနာ ပရဟိတအဖွဲ့က အိမ်တွင်းအကြမ်းဖက်မှုအကြောင်း လူတွေ သိမြင် ခံစားတတ်လာအောင် မူဂျီ ဂျဝက်ဘ် ဒူ (ကျွန်မကို ဖြေပါ) လို့ အမည်ပေးထားတဲ့ လမ်းပေါ် ပြဇာတ်တစ်ခုကို တင်ဆက်ခဲ့ပါတယ်။

"ဟဲ့ ပဲဟင်းထဲ ဆားမပါပါ့လား" ဆိုတဲ့ စာကြောင်းနဲ့ ပြဇာတ်ကို စထားပါတယ် လို့ မစ်စ် ကွတ်ကရီဂျာက ပြောပါတယ်။

ကျွန်မတို့ရဲ့ လှုပ်ရှားမှု ၂၅ နှစ်ကြာလာခဲ့ပေမဲ့ ပြောင်းလဲမှုက သိပ်မရှိလှပါဘူး။ ဒါကလည်း အိမ်ထောင်ကို တန်ဖိုးထားကြလို့ပါ။ အိမ်ထောင်မှု၊ ဘုရားတည်၊ ဆေးမင်ရည် စုတ်ထိုး ဆိုတာမျိုးက ပြင်လို့ မရတာကြောင့် အိမ်ထောင်မြဲအောင် အတတ်နိုင်ဆုံးလုပ်ကြရမယ် ဆိုတဲ့ အတွေးအခေါ်မျိုးကို ပြင်ဖို့ လိုပါတယ်၊ အမျိုးသမီးတွေကို ခွန်အားပေးရပါမယ်၊ ကြိတ်မှိတ်ပြီး အရိုက်အနှက်ခံနေရဖို့ မလိုပါဘူး လို့ သူက ပြောပါတယ်။

ကိန်းဂဏန်း အချက်အလက်တွေနဲ့ ဂရပ်ဖစ်ပုံတွေကို ဘီဘီစီသတင်းထောက် ရှာဒက် နက်ဇ်မီက စုဆောင်းရှာဖွေခဲ့တာပါ။

Presentational grey line
Presentational grey line