အမျိုးသမီးတွေက သူတို့ယောက်ျားတွေကိုသတ်ခဲ့ရာ ဟန်ဂေရီကရွာ

အဲဒီရွာက အမျိုးသီး ၂၆ ယောက်ကို ခုံရုံးတင်ခဲ့ကြ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အဲဒီရွာက အမျိုးသီး ၂၆ ယောက်ကို ခုံရုံးတင်ခဲ့ကြ
    • ရေးသားသူ, BBC News မွန်ဒို

ဟန်ဂေရီနိုင်ငံ၊ ဆိုလ်နော့ခ်မြို့ငယ်လေးက တရားရုံးမှာ ၁၉၂၉ ခုနှစ်၊ ဒီဇင်ဘာလအတွင်းက တရားစီရင်မှု တခု လုပ်ခဲ့ကြပါတယ်။ အဲဒီမြို့လေးနားက နက်ဂျာရက်ဗ် (Nagyrev) ရွာမှာ အမျိုးသမီး အယောက် ၅၀ လောက်က သူတို့ ခင်ပွန်း ယောက်ျားတွေကို ရည်ရွယ်ချက်ရှိရှိ အဆိပ်ကျွေးသတ်ခဲ့ကြတယ်ဆိုတဲ့အမှုကို ဒီတရားရုံးမှာ ကြားနာကြတာပါ။

အဲဒီရွာမှာ အမျိုးသားတွေကို အဆိပ်ကျွေးသတ်တဲ့အမှုနဲ့ အမျိုးသမီးအယောက် ၅၀ လောက် တရားရင်ဆိုင်နေကြတယ်လို့ အဲဒီအချိန်တုန်းက နယူးရော့ခ်တိုင်းမ် သတင်းစာက ရေးပါတယ်။

ဘူဒါပက်စ်မြို့ တောင်ဘက် ကီလိုမီတာ ၁၃၀ လောက်အကွာမှာရှိတဲ့ နက်ဂျာရက်ဗ်ရွာက အမျိုးသားအယောက် ၅၀ ကျော်ဟာ ၁၉၁၁ နဲ့ ၁၉၂၉ ကြားမှာ အာဆင်းနစ် အဆိပ်နဲ့ အသတ်ခံရကြောင်းလည်း သတင်းထဲမှာ ဖော်ပြထားပါတယ်။

အဲဒီ စွပ်စွဲခံရတဲ့ အမျိုးသမီးတွေကို နတ်သား ဖန်ဆင်းသူ (angel makers) တွေလို့ အများက ခေါ်ဝေါ်ခဲ့ကြပါတယ်။

ဒီတရားခွင်မှာ ရွာက ဝမ်းဆွဲလက်သည်ဖြစ်တဲ့ ဆူဇန်နာ ဖက်ဇီကတ်စ် ရဲ့ အမည်ကို ခဏခဏ ကြားခဲ့ရပါတယ်။

နက်ဂျာရက်ဗ်ရွာက ဘဝတွေ

နက်ဂျာရက်ဗ်ရွာက ဟန်ဂေရီမှာ ဝိုင်ထုတ်လုပ်တာ အများဆုံး အရပ်ဖြစ်တဲ့ ကွန်းဆက်ခ် ဒေသအတွင်း တစ်ဇာ မြစ်ကမ်းပေါ်က ရွာတရွာဖြစ်ပြီး စိုက်ပျိုးရေးနဲ့ အသက်မွေးကြတဲ့ တောင်သူတွေ နေထိုင်ကြရာရွာပါ။

ဒီအရပ်မှာ အိမ်ထောင်ထူကြပုံက စီစဉ်ပေးစားကြလို့ ယူကြတဲ့ စုံတွေတွေက အများစုပါ။ အသက်အရွယ်ငယ်သေးတဲ့ အမျိုးသမီးတွေဟာ သူတို့ထက် အသက်အတော်ကြီးတဲ့ ယောက်ျားတွေနဲ့ ယူကြ ရတာများပါတယ်။

အဲဒီလို မိဘရဲ့အစီအစဉ်၊ မိသားစုရဲ့ အစီအစဉ်နဲ့ လုပ်ကြတဲ့ အိမ်ထောင်ပြုမှုတွေမှာ မြေယာပေးတာတို့၊ အမွေအနှစ်ပေးတာတို့ ပါဝင်သလို ဥပဒေကြောင်းအရ စည်းနှောင်မှုတွေလည်း ပါဝင် ပါတယ်။ လင်မယား ကွာရှင်းဖို့ ဆိုတာက ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

အဲဒီအချိန်က အဲဒီရွာလေးဟာ သြစတြီးယား - ဟန်ဂေရီ အင်ပါယာရဲ့ အုပ်ချုပ်မှုအောက်မှာ ရှိပါတယ်။

နက်ဂျာရက်ဗ်ရွာမှာ ဆရာဝန် တယောက်မှ မရှိပါဘူး။ ခရစ်ယာန် ဘုန်းကြီးလည်း တပါးမှ မရှိပါဘူး။ ဖက်ဇီကတ်စ်က သူသိသလောက် ဆေးဝါးတွေ၊ ဓာတုပစ္စည်းတွေရဲ့ အကူအညီနဲ့ ရွာမှာ ဝမ်းဆွဲဆရာမလည်း ဟုတ်သလို၊ ဆေးကုပေးသူလည်း ဖြစ်ပါတယ်။

"သူ့ ဗဟုသုတကြောင့် လူတွေက သူ့ဆီကို လာအကူအညီယူကြသလို သူ့ကိုလည်း ယုံကြည်ကြပါတယ်" လို့ မာရီယာ ဂွန်ညာက ၂၀၀၄ တုန်းက ဘီဘီစီကို ပြောဖူးပါတယ်။

အဲဒီအချိန်က ရဲတွေက ရွာမှာ အကြောင်းရင်းမသိရဘဲ သေဆုံးနေတာတွေအပေါ် စုံစမ်းတဲ့ နေရာမှာ ကူညီဖို့ ဒေသဆိုင်ရာအရာရှိဖြစ်တဲ့သူ့ဖခင်ကို ပန်ကြားခဲ့ကြပြီး အဲဒီအချိန်မှာ ဂွန်ညာက အသက် အတော်ငယ်ငယ်ပဲ ရှိသေးတဲ့ ကလေးမလေးပါ။

ဝမ်းဆွဲဆရာမက ရွာလမ်းကို အပေါ်စည်းကနေ မိုးပြီးကြည့်နေတဲ့ တထပ်အိမ် တလုံးမှာ နေပါတယ်။

ရွာထဲက အမျိုးသမီးတွေဟာ သူတို့ရဲ့ ပြဿနာတွေကို ဖြေရှင်းပေးဖို့ အရေး ဖက်ဇီကတ်စ်ဆီကို ခဏခဏ သွားတတ်ကြကြောင်း မစ္စ ဂွန်ညာက ပြောပြပါတယ်။

"သူက အိမ်တွေထဲမှာ ဖြစ်နေတာတွေကို အများကြီး သိလာတာပေါ့၊ ယောက်ျားတွေက မိန်းမတွေကို ရိုက်တာ၊ မုဒိမ်းကျင့်တာ၊ နောက်ပြီး ယောက်ျား အများစုက သူတို့ ဇနီးတွေအပေါ် သစ္စာ မရှိကြတာ၊ အနိုင်ကျင့် နှိပ်စက်တာ၊ အများကြီးပဲ" လို့ မစ္စ ဂွန်ညာက ပြောပြပါတယ်။

ယောက်ျားတွေ အရက်မူး ရမ်းတာ၊ အကြမ်းဖက်တာတွေကို မကျေမနပ် တိုင်ကြားကြတဲ့ အမျိုးသမီးတွေနဲ့ တွေ့တဲ့အခါ ဖက်ဇီကတ်စ်က အဲဒီအမျိုးသမီးတွေကို "အဲဒီ ယောက်ျားက ပြဿနာ ရှာနေရင် ငါ့မှာ ရိုးစင်းတဲ့ အဖြေရှိတယ်" လို့ ပြောကြောင်း သူက ပြန်ပြောပြပါတယ်။

အဖြေက အာဆင်းနစ်ပါ။ ယင်ကောင်ဖမ်းတဲ့ အဆိပ်လူး စာရွက်ကို ရေစိမ်ပြီး အဲဒီ အရည်တွေကို ဝမ်းဆွဲဆရာမက ပေါင်းခံရည် ထုတ်ယူပါတယ်။

သူ့ ခြံထဲမှာ မြေမြှုပ်ထားတဲ့ အဆိပ်ပုလင်းလေးတွေကို နောက်ပိုင်းမှာ တွေ့ခဲ့ရကြောင်း ဗြိတိန် သတင်းစာ တစောင်ဖြစ်တဲ့ သည်တိုင်းမ် သတင်းစာက သတင်းရေးဖူးပါတယ်။

ဖမ်းပြီ

၁၉၂၉ ခုနှစ်က နက်ဂျာရက်ဗ်ရွာအတွင်း ယာယီ အကျဉ်းချ နေရာတခုမှာ လူသတ်မှုနဲ့ စွပ်စွဲခံထားရတဲ့ အမျိုးသမီးတွေကို ဖမ်းထားစဉ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၁၉၂၉ ခုနှစ်က နက်ဂျာရက်ဗ်ရွာအတွင်း ယာယီ အကျဉ်းချ နေရာတခုမှာ လူသတ်မှုနဲ့ စွပ်စွဲခံထားရတဲ့ အမျိုးသမီးတွေကို ဖမ်းထားစဉ်

နှစ်တွေကြာလာတာနဲ့ အမျှ ရွာက သင်္ချိုင်းကုန်းမှာ မြေပုံတွေ ပြည့်ပြည့်လာပါတယ်။

၁၉၁၁ နဲ့ ၁၉၂၉ ကြား နက်ဂျာရက်ဗ် သင်္ချိုင်းကုန်းမှာ မြှုပ်ဖို့ အလောင်း ၅၀ လောက် ရောက်လာခဲ့ပါတယ်။ လင်ယောက်ျားတွေ၊ ဖခင်တွေရဲ့ အလောင်းတွေပါ။

တဖြည်းဖြည်းနဲ့ အာဏာပိုင်တွေက သံသယရှိလာတော့ အလောင်းတွေကို မြေကြီးထဲကနေ ပြန်ဖော်ပြီး စစ်ဆေးကြည့်ကြပါတယ်။

အလောင်း ၅၀ ထဲ ၄၆ လောင်းမှာ အာဆင်းနစ်ဓာတ်တွေကို တွေ့ကြရပြီး အဆိပ်မိလို့ သေခဲ့ကြရတယ်ဆိုတာကို သူတို့ အတည်ပြုနိုင်ခဲ့ပါတယ်။

သဲလွန်စ အားလုံးက ဖက်ဇီကတ်စ်ဆီကို ညွှန်ပြနေပါတယ်။

၁၉၂၉ ဇူလိုင်လ ၁၉ ရက်နေ့မှာတော့ ရဲတွေက သူ့ကို ဖမ်းဖို့ သူ့အိမ်ကို သွားကြပါတယ်။

"ရဲတွေ သူ့အိမ်ဆီလာနေတာကို သူတွေ့တော့ အားလုံး သူ့အပေါ် ပုံကျလာပြီဆိုတာ သူ သဘောပေါက်သွားပုံရတယ်။ ရဲတွေ သူ့အိမ်ရောက်တဲ့ အချိန်မှာတော့ သူ သေနေပါပြီ။ သူ အဆိပ်သောက်ပစ် လိုက်ပါပြီ" လို့ မစ္စ ဂွန်ညာက ပြန်ပြောပြပါတယ်။

ပထမဆုံး သေဆုံးတဲ့သူတွေ

၁၉၂၉ ခုနှစ်က နက်ဂျာရက်ဗ်ရွာအတွင်း ယာယီ အကျဉ်းချ နေရာတခုမှာ လူသတ်မှုနဲ့ စွပ်စွဲခံထားရတဲ့ အမျိုးသမီးတွေကို ဖမ်းထားစဉ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နက်ဂျာရက်ဗ်ရွာက သင်္ချိုင်းထဲ ဘယ်သူမှ မဝင်ဖို့ သတိပေးချက်ကို ရွာဆော်က လိုက်လံ ကြေညာစဉ် - ၁၉၂၉

ပထမဆုံး လူသတ်မှုတွေက ၁၉၁၁ မှာ ဖြစ်ခဲ့တာလို့ ရဲတွေက ကောက်ချက်ချပါတယ်။ အဲဒီနှစ်ထဲမှာပဲ ဖက်ဇီကတ်စ်က အဲဒီရွာမှာ လာရောက် အခြေချတာပါ။ အဲဒီနှစ်ကတည်းက စလာခဲ့တဲ့ အဆိပ်ခတ်မှုဟာ နောက် ဆယ်စုနှစ် ၂ ခုနီးပါးအထိ ဆက်ဖြစ်ခဲ့ပါတယ်။

ဒါပေမဲ့ ဝမ်းဆွဲ ဆရာမ ဆီမှာပဲ အပြစ်ပုံလို့ မရနိုင်ပါဘူး။ ဆိုလ်နော့ခ် မြို့မှာ အမျိုးသမီး ၂၆ ယောက်ကို ၁၉၂၉ က ခုံရုံးတင်ခဲ့ပါတယ်။ ၈ ယောက် သေဒဏ်ကျသွားပါတယ်။ ကျန်တဲ့ အမျိုးသမီးအားလုံး ထောင်ကျပါတယ်။ သူတို့ထဲက ၇ ယောက်က တသက်တကျွန်းဒဏ်ပါ။ သူတို့ထဲက တချို့ကပဲ အပြစ်ရှိကြောင်း ဝန်ခံခဲ့ကြပါတယ်။ သူတို့ ဘာဖြစ်လို့ ဒီလိုလုပ်တာလဲဆိုတဲ့ အကြောင်းရင်းကတော့ သိပ်မရှင်းလင်းလှပါဘူး။

ဘာလို့ ဒီလိုသူတို့ လုပ်ခဲ့ကြသလဲဆိုတဲ့အပေါ် အမြင်တွေအမျိုးမျိုး ထွက်လာခဲ့ပါတယ်။ တွေးဆကြတဲ့အကြောင်းရင်းတွေထဲ ဆင်းရဲမှု၊ လောဘစိတ်၊ ငြီးငွေ့လာမှု စတဲ့ အကြောင်းတွေလည်း ပါဝင်ပါတယ်။

တချို့ သတင်းတွေမှာတော့ ဒီလိုရေးကြပါတယ်။ ပထမကမ္ဘာစစ်အတွင်း သူတို့ယောက်ျားတွေက စစ်တိုက်ဖို့ ရှေ့တန်းရောက်နေချိန် သူတို့ လယ်တွေမှာ အလုပ်ဖို့ စေခိုင်းခံရတဲ့ ရုရှား စစ်သုံ့ပန်းတွေ ရွာကို ရောက်လာကြတယ်၊ အဲဒီသုံ့ပန်းတွေနဲ့ ရွာသူတွေ ကြိုက်ကုန်ကြတယ်။

သူတို့ ယောက်ျားတွေ စစ်ပွဲကနေ အိမ်ကို ပြန်လာတဲ့အခါ ဒီအမျိုုးသမီးတွေဟာ လွတ်လပ်မှု ချက်ချင်းဆိုသလို ဆုံးရှုံးသွားကြတဲ့အတွက် အခုလို တယောက်ပြီး တယောက် လုပ်လာကြတာ လို့ ရေးကြတာပါ။

နက်ဂျာရက်ဗ်မှာသာ မဟုတ်

သြစတြီးယား - ဟန်ဂေရီ အင်ပါယာ ကျဆုံးခါနီးကာလမှာ အဆိပ်ခတ်သတ်တာတွေ အတော်အဖြစ်များခဲ့

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သြစတြီးယား - ဟန်ဂေရီ အင်ပါယာ ကျဆုံးခါနီးကာလမှာ အဆိပ်ခတ်သတ်တာတွေ အတော်အဖြစ်များခဲ့

အဆိပ်ခတ်သတ်မှုက အဲဒီရွာမှာတင် မဟုတ်နိုင်ပါဘူး။ အနားက တစ်ဇာကတ်မြို့မှာလည်း တခြားအလောင်းတွေကို ပြန်ဖော်ပြီး စစ်ကြည့်တော့ အာဆင်းနစ်အဆိပ်တွေ တွေ့ရပါတယ်။ အဲဒီအမှုတွေမှာတော့ တရားခံ ဘယ်သူလဲဆိုတာ ရှာမတွေ့ ခဲ့ပါဘူး။

တချို့ ခန့်မှန်းချက်တွေအရ အဲဒီဒေသအတွင်း အဆိပ်ခတ်ခံရလို့ သေတာ အယောက် ၃၀၀ လောက်အထိ ရှိနိုင်တယ်လို့ သိရပါတယ်။

နက်ဂျာရက်ဗ်ရဲ့ အတိတ်ဆိုးကို မေ့ပစ်နိုင်ကြဖို့ နှစ်ပေါင်းများစွာ ကြာခဲ့ပါတယ်။ အခုအချိန်မှာတော့ ဒီရွာ နာမည်ကြောင့် ဒီဒေသတွင်းမှာ စိတ်မသက်မသာဖြစ်တာမျိုး မရှိကြတော့ပါဘူး။

ဒါပေမဲ့ မစ္စ ဂွန်ညာက ရွဲ့တဲ့တဲ့နဲ့ တခုတော့ ထောက်ပြပါတယ်။ အဲဒီ အဆိပ်ခတ်မှုတွေ နောက်ပိုင်း ဇနီးတွေအပေါ် လင်ယောက်ျားတွေရဲ့ ပြုမူဆက်ဆံပုံက "သိသိသာသာကို ပိုကောင်း လာတယ်" လို့ သူက ဆိုပါတယ်။