လေထုညစ်ညမ်းမှုနဲ့ မိန်းကလေးငယ်တွေ ရာသီပန်းစောစောပွင့်လန်းမှု ဆက်နွှယ်သလား

လေထုညစ်ညမ်းစေတဲ့ PM2.5 ပမာဏများများကို ထိတွေ့မိတဲ့ အမေရိကန် မိန်းကလေးငယ်တွေဟာ အသက်စောစောအရွယ်မှာ ပထမဆုံး ရာသီပေါ်နိုင်ခြေပိုရှိတယ်ဆိုတာကို သုတေသန တစ်ခုကတွေ့ရှိထားပါတယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, လေထုညစ်ညမ်းစေတဲ့ PM2.5 ပမာဏများများကို ထိတွေ့မိတဲ့ အမေရိကန် မိန်းကလေးငယ်တွေဟာ အသက်စောစောအရွယ်မှာ ပထမဆုံး ရာသီပေါ်နိုင်ခြေပိုရှိတယ်ဆိုတာကို သုတေသန တစ်ခုကတွေ့ရှိထားပါတယ်
    • ရေးသားသူ, ဒေးဗစ် ကောက်ဇ်
    • ရာထူးတာဝန်, ဘီဘီစီ

အမေရိကန်ပြည်ထောင်စုမှာ အမျိုးသမီးငယ်တွေ သူတို့ရဲ့ ရာသီပန်း ပထမဆုံးပွင့်လန်းမှု အချိန်စောစော စတင်တယ်ဆိုတာကို သုတေသန အသစ်တစ်ခုက ဖော်ပြလာပါတယ်။ အဆိပ်အတောက်ဖြစ်စေတဲ့ လေထုနဲ့ ထိတွေ့မှုက အကြောင်းရင်းခံတွေထဲက တစ်ခုလို့ဆိုပါတယ်။

အမျိုးသမီးငယ်လေးတွေဟာ အရင်မျိုးဆက်တွေထက် အပျိုဖော်စောဝင်နေတဲ့လက္ခဏာတွေမြင်လာရတာကို ကမ္ဘာတဝန်းက သိပ္ပံပညာရှင် စိုးရိမ်နေကြတာ ဆယ်စုနှစ်ချီနေပြီဖြစ်ပါတယ်။

သိပ္ပံပညာရှင်တွေအပြောအရဆိုရင် အမျိုးသမီးငယ်တွေ ပထမဆုံး ရာသီသွေးဆင်းတာကစလို့ ရင်သားဖွံ့ထွားလာတာအဆုံး ဒီလိုမျိုးပွားမှုဆိုင်ရာအပြောင်းအလဲတွေဟာ မြီးကောင်ပေါက်အရွယ်ကို မြန်မြန်ဆန်ဆန် ချင်းနင်းဝင်ရောက်မှုကိုလည်း ပြနေတယ်လို့ ဆိုပါတယ်။

အမေရိကန်အမျိုးသမီးငယ်လေးတွေဟာ ပြီးခဲ့တဲ့ရာစုနှစ်တစ်ခုတုန်းကထက်စာရင် ၄ နှစ်စောပြီး ရာသီပန်းပွင့်လန်းမှု စတင်နေပြီလို့လည်း သုတေသီတွေက ခန့်မှန်းပါတယ်။

မေလတုန်းကဆိုရင် လေ့လာချက်အသစ်ရဲ့ အချက်အလက်တွေအရ ၁၉၅၀ ပြည့်နှစ်နဲ့ ၁၉၆၉ ခုနှစ်အတွင်း အမျိုးသမီးငယ်တွေဟာ အသက် ၁၂ နှစ်ခွဲအရွယ်မှာ ရာသီသွေးစဆင်းပြီး ၂၀၀၀ ပြည့်နှစ်အစောပိုင်းကာလတွေမှာ မွေးဖွားတဲ့ မျိုးဆက်ကတော့ ၁၁.၉ နှစ်အရွယ်အထိ ကျဆင်းသွားတယ်လို့ ဆိုပါတယ်။

ကမ္ဘာတဝန်းမှာလည်း ဒီလို အလားတူအခြေအနေမျိုး မြင်တွေ့ရတယ်လို့ ဆိုပါတယ်။

တောင်ကိုရီးယားမှာလည်း အမျိုးသမီးငယ်လေးတွေဟာ အသက် ၈ နှစ်မတိုင်ခင်မှာ ရင်သားကြီးထွားတာ ဒါမှမဟုတ် ရာသီသွေးဆင်းတာမျိုးလို အရွယ်နဲ့မလိုက်အောင် အပျိုဖော်ဝင်နေတဲ့ စိုးရိမ်စရာ အခြေအနေရှိနေတာကိုလည်း သိပ္ပံပညာရှင်တွေက ပြောထားပါတယ်။ ဒါ့အပြင် ဒီလိုဖြစ်တဲ့ပမာဏဟာ ၂၀၀၈ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အတွင်းမှာဆိုရင် ၁၆ ဆ အထိ မြင့်တက်လာတယ်လို့ဆိုပါတယ်။

‘‘အပျိုဖော်ဝင်တဲ့အသက်အရွယ် ပိုပြီး ငယ်လာကြတဲ့အခြေအနေကို လူမှုစီးပွားအခြေအနေ ချို့တဲ့တဲ့အစုအဖွဲ့တွေမှာ၊ လူနည်းစု မျိုးနွယ်အစုအဖွဲ့တွေမှာ ပိုပြီးမြင်လာရတယ်’’ လို့ အမေရိကန်ပြည်ထောင်စု၊ အတ္တလန္တာပြည်နယ်မှာရှိတဲ့ အမ်မိုရီတက္ကသိုလ် တွဲဖက်ပါမောက္ခ အော်ဒရေး တ်စ်ကင်စ်က ပြောပါတယ်။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

‘‘ဒီလိုဖြစ်တဲ့နေရာမှာ နောင်မှာ ကျန်းမာရေးအတွက် ရေရှည်သက်ရောက်မှုတွေ ရှိတယ်။’’

ဂတ်စ်ကင်လို သုတေသီတွေကတော့ အပျိုဖော်ဝင်မှု စောစောစတင်ပြီးတဲ့နောက် နောက်ပိုင်း အရွယ်ရောက်လာတဲ့အခါမှာ ကျန်းမာရေးဆိုးကျိုးတွေရှိလာမှာကို စိုးရိမ်နေကြပါတယ်။

ထွက်ပေါ်လာတဲ့အချက်အလက်တွေအရဆိုရင် မျိုးဆက်ပွားနိုင်မှုကာလအပိုင်းအခြား၊ အထူးသဖြင့် အမျိုးသမီးတွေ ဓမ္မတာ စောစောဆုံးတာနဲ့ အသက်တို သွားတာမျိုးလို အခြေအနေလည်း ရှိလာနိုင်ခြေကို ပြသနေပါတယ်။

အပျို‌ဖော်စောဝင်မှုဟာ ရင်သားနဲ့ သားအိမ်ကင်ဆာ၊ အဝလွန်တာနဲ့ ဆီးချို အမျိုးအစား-၂ လို ရောဂါတွေ၊ နောက် နှလုံးသွေးကြောဆိုင်ရာရောဂါတွေ ဖြစ်လာနိုင်စွမ်းလည်း မြင့်တက်မှုနဲ့ ဆက်နွှယ်နေပါတယ်။

သိပ္ပံပညာရှင်တွေကတော့ ဘာကြောင့် ဒါတွေဖြစ်ရလဲဆိုတဲ့အကြောင်းရင်းကို သိဖို့ ကြိုးစားနေကြဆဲဖြစ်ပါတယ်။ ဒါပေမဲ့ ကယ်လီဖိုးနီးယားတက္ကသိုလ်၊ ဘာကလေ ပြည်သူ့ကျန်းမာရေး ပါမောက္ခ ဘရန်ဒါ အက်စ်ကန်နာဇီကတော့ လူ့ခန္ဓာကိုယ်က ဆဲလ်တွေဟာ အီစတိုဂျင်လို မဟော်မုန်းတွေနဲ့ ကြာကြာထိတွေမှု များလာမယ်ဆိုရင် အဲဒီဟော်မုန်းတွေဟာ ဆဲလ်တွေကြီးထွားမှုကို လှုံ့ဆော်ပေးတာကြောင့် အကျိတ်ဖြစ်နိုင်တဲ့အန္တရာယ်လည်း မြင့်လာနိုင်ခြေရှိတယ်လို့ ဆိုပါတယ်။

‘‘ဖြစ်နိုင်ခြေတချို့ရှိတာကတော့ ဟော်မုန်းတွေနဲ့ ကြာကြာထိတွေ့မှုဖြစ်လာလေလေ၊ မျိုးပွားအင်္ဂါဆိုင်ရာကင်ဆာတွေ ဖြစ်လာနိုင်ခြေလည်း မြင့်လာလေလေပါပဲ’’ လို့ သူက ပြောပါတယ်။

အမေရိကန်ပြည်ထောင်စုမှာတော့ အမျိုးသမီးငယ်တွေဟာ လွန်ခဲ့တဲ့ ရာစုနှစ် တစ်ခုတုန်းက အမျိုးသမီးငယ်တွေထက်စာရင် ၄ နှစ် ပိုစောပြီး ရာသီပန်း စတင်ပွင့်လန်းတယ်လို့ သုတေသီတွေက ခန့်မှန်းကြပါတယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အမေရိကန်ပြည်ထောင်စုမှာတော့ အမျိုးသမီးငယ်တွေဟာ လွန်ခဲ့တဲ့ ရာစုနှစ် တစ်ခုတုန်းက အမျိုးသမီးငယ်တွေထက်စာရင် ၄ နှစ် ပိုစောပြီး ရာသီပန်း စတင်ပွင့်လန်းတယ်လို့ သုတေသီတွေက ခန့်မှန်းကြပါတယ်

အဲဒီနောက်မှာတော့ လူမှုရေးဆိုင်ရာအကျိုးဆက်တွေလည်း ဖြစ်လာနိုင်ပါတယ်။ ပါမောက္ခ ဘရန်ဒါ အက်စ်ကန်နာဇီကတော့ အပျိုဖော် စောဝင်တဲ့အမျိုးသမီးငယ်တွေဟာ လိင်မှုရေးရာကိုလည်း ပိုစောပြီး စိတ်ဝင်စားနိုင်ရှိတာကို ထောက်ပြပါတယ်။

‘’ကိုယ်ဝန်ဖျက်ချတာက တရားမဝင်ဖြစ်တာ၊ နောက်ပြီး ကိုယ်ဝန်တားဆေး လွယ်လွယ်မရာတာမျိုးလို အခြေအနေတွေဖြစ်လာနေချိန်မှာ ဒါက ကျွန်မတို့ အမေရိကန်ပြည်ထောင်စုမှာ စိုးရိမ်ဖို့ကောင်းတာအထိဖြစ်လာတယ်’’ လို့ သူမက ပြောပါတယ်။

‘‘ဒါက ဆယ်ကျော်သက်အရွယ်မှာ မလိုချင်ဘဲ ကိုယ်ဝန်ရသွားတာမျိုးတွေဆီ ပိုပြီး ဦးတည်သွားနိုင်ပါတယ်။ ဒီတော့ အကြောင်းပေါင်းစုံသွားတဲ့အခါ သိပ်ကို ကြောက်ဖို့ကောင်းတယ်။’’

ဒါပေမဲ့ ကလေးငယ်တွေဟာ ဘာကြောင့် ဒီလိုမြန်မြန် အရွယ်ရောက်လာနေကြတာပါလဲ။

အဝလွန်မှုအစနဲ့ လေထုညစ်ညမ်းမှု

ခန္ဓာကိုယ်ဆီ ဟော်မုန်းတွေထုတ်လွှတ်မှုကို ထိန်းချုပ်တဲ့ ဟိုက်ပိုသာလာမစ် ပက်ကျူတယ်ရီ အဒီနယ်(HPA) နဲ့ လိင်ပိုင်းဆိုင်ရာတိုးတက်မှု၊ မျိုးပွားမှုအတွက်အရေးပါတဲ့ ဟော်မုန်းတွေကို ထုတ်လွှတ်ပေးတဲ့ ဟိုက်ပိုသာလာမစ် ပက်ကျူတယ်ရီ ဂွန်နာဒယ်(HPA) ကွန်ရက်တို့ ဟန်ချက်ညီညီ ချိတ်ဆက် အလုပ်လုပ်ဆောင်တဲ့အခါ အပျိုဖော်ဝင်မှုလည်း ဖြစ်လာပါတယ်။ အဲဒီကွန်ရက်တွေဟာ ဦးနှောက်ထဲက ဟိုက်ပိုသာလာမစ်ဆိုတဲ့နေရာမှာ ချိတ်ဆက်ထားပြီး ဟော်မုန်းထုတ်ထုတ်တဲ့ဂလင်းတွေကနေတဆင့် ဆာလောင်တာက အစ အပူချိန်ထိန်းချုပ်တာအဆုံး ခန္ဓာကိုယ်က လုပ်ဆောင်ချက်တွေကို ထိန်းညှိလုပ်ဆောင်ရာမှာ အရေးပါပါတယ်။

ဂတ်စကင်ကတော့ လွန်ခဲ့တဲ့ ၁၀ နှစ်နဲ့ နှစ် ၂၀ တုန်းကအထိ သိပ္ပံပညာရှင်တွေဟာ ဖြစ်သင့်ထက်အရွယ်ထက်စောပြီး အပျိုဖော်ဝင်ရတဲ့ တစ်ခုတည်းသောအကြောင်းရင်းဟာ ကလေးဘဝ အဝလွန်တာနဲ့ ဆက်နွှယ်တယ်လို့ ယူထားကြတာဆိုပြီး ပြောပါတယ်။ အဲဒီအချိန်မှာပဲ HPA နဲ့ HPG ကွန်ရက်တွေ လှုံ့ဆော်ရာမှာ အခရာကျတဲ့ အဒီပိုကင်းစ်(adipokines) လို့ခေါ်တဲ့ အဝလွန်တဲ့ဆဲလ်တွေကနေထုတ်တဲ့ ပရိုတင်းတွေကလည်း အဝလွန်မှုနဲ့ ဆက်နွှယ်ပါတယ်။ ‘

"မကြာသေးခင်တုန်းကပဲ လူတွေက သြော် ... ဒါ မဖြစ်နိုင်ဘူး၊ တခြားအကြောင်းတွေလည်း ပါဝင်ရမယ်ဆိုပြီး ဖြစ်ကုန်ကြတယ်’’ လို့ သူက ပြောပါတယ်။

အဲဒီအစား ပြီးခဲ့တဲ့ ၃ နှစ်အတွင်း လေ့လာချက်တွေအချို့အရဆိုရင် နောက်ထပ်တစ်ချက်ကြောင့် လည်းဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဒီတစ်ကြိမ်မှာ အံ့သြစရာကောင်းတာကတော့ လေထုညစ် ညမ်းမှုကြောင့်ပါတဲ့။

ဒီသုတေသန အများစုကိုတော့ ကမ္ဘာ့လေထုအရည်အသွေးညွှန်းကိန်းအရ ကမ္ဘာပေါ်မှာ လေထုညစ်ညမ်းမှုအဖြစ်ဆုံး မြို့ကြီး ၁၀၀ စာရင်းထဲမှာပါဝင်တဲ့ ဆိုးလ်၊ ဘူဆန်နဲ့ အင်ချွန်း မြို့တွေရှိရာ တောင်ကိုရီးယားနိုင်ငံက သုတေသီတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဆိုးလ်မြို့မှာရှိတဲ့ အဲဝ အမျိုးသမီးတက္ကသိုလ်က ဖြန့်ချိတဲ့သုတေသန တစ်ခုမှာဆိုရင် လေထုအတွင်းက ညစ်ညမ်းတဲ့အမှုန်အများစုနဲ့ထိတွေ့မှုဟာ အပျိုဖော်ဝင်မှုစောတာနဲ့ အကြိမ်ကြိမ်ဆက်နွှယ်နေတာကို ပြနိုင်ခဲ့ပါတယ်။

အဲဒီနောက်ကွယ်က အဓိကလက်သည်အချို့ကတော့ ယာဥ်တွေကနေထွက်တာ ဒါမှမဟုတ် စက်ရုံ စွန့်ပစ်ပစ္စည်းတွေကနေထွက်တဲ့ ဆာလ်ဖာဒိုင်အောက်ဆိုဒ်၊ နိုက်ထရိုဂျင် ဒိုင်အောက်ဆိုက်၊ ကာဗွန်မိုနောက်ဆိုက်၊ အိုဇုန်းလို အဆိပ်အဆောက်ဖြစ်စေတဲ့ဓာတ်ငွေ့တွေ ဖြစ်ပါတယ်။ ကျောက်မီးသွေးတွေ မီးရှို့ပြီး ဓာတ်အားထုတ်လို့ လေထုအရည်အသွေးညံ့တယ်လို့ သိကြတဲ့ ပိုလန်နိုင်ငံက သုတေသီတွေက ၂၀၂၂ ခုနှစ်မှာပြုလုပ်ခဲ့ပြီး အမျိုးသမီး ၁,၂၅၇ ဦးကို လေ့လာချက်တစ်ခုအရဆိုရင် နိုက်ထရိုဂျင်ဓာတ်ငွေ့တွေကို ရှုရှိုက် ထိတွေ့မှုများတာဟာ အသက် ၁၁ နှစ်မတိုင်ခင်မှာ ရာသီစက်ဝန်းပေါ်မှုနဲ့ ချိတ်ဆက်နေတယ်ဆိုတာကို တွေ့ခဲ့ပါတယ်။

ပိုပြီး စိုးရိမ်စရာရှိတာတစ်ခုကတော့ (PM)လို့ခေါ်တဲ့မျက်စိနဲ့မမြင်နိုင်တဲ့အမှုန်တွေ ဖြစ်ပါတယ်။ မမြင်နိုင်ပေမဲ့ ဆောက်လုပ်ရေးလုပ်ငန်းခွင်အစ၊ တောမီးအဆုံး၊ ဓာတ်အားပေးစက်ရုံတွေ၊ ယာဥ်တွေနဲ့ ဖုန်ထူထူလမ်းတွေကတောင် ဒီအမှုန်တွေ ထွက်ပါတယ်။

၂၀၂၃ ခုနှစ်၊ အောက်တိုဘာလတုန်းကတော့ ဂတ်စ်ကင်နဲ့ သူ့လုပ်ဖော်ကိုင်ဖက်တွေဟာ မျက်စိနဲ့မမြင်နိုင်တဲ့ PM10 နဲ့ PM2.5 အမှုန်တွေကို မိခင်ဝမ်းထဲနဲ့ ကလေးဘဝမှာ ထိတွေ့မှုများတဲ့ အမေရိကန်အမျိုးသမီးငယ်တွေဟာ အသက်အရွယ်စောစောမှာပဲ ပထမဆုံး ရာသီပန်း စတင် ပွင့်လန်းနိုင်ခြေရှိတယ်ဆိုတာကို တွေ့ခဲ့ပါတယ်။

''PM2.5 အမှုန်တွေဟာ သွေးကြောထဲကို မြန်မြန် ဝင်နိုင်တယ်လေ'' လို့ ဂတ်စ်ကင်စ်က ပြောပါတယ်။

''အဲဒီအမှုန်တွေကို ရှုမိရင် အဆုတ်တွေထဲရောက်မယ်။ အဆုတ်ကလည်း တခြားပိုကြီးတဲ့အမှုန်တွေလို အဲဒီအမှုန်ငယ်တွေကို ပြန် စစ်မထုတ်နိုင်ဘူး။ ပြီးရင်တော့ အဲဒီအမှုန်ငယ်တွေဟာ ကိုယ်တွင်း အင်္ဂါစုံဆီ ရောက်သွားနိုင်တယ်။ အချင်း၊ သန္ဓေသားတစ်ရှူးတွေနဲ့ သားအိမ်တွေထဲမှာတောင် PM2.5 အမှုန်တွေကို မြင်လာရတာရှိတယ်။ အဲဒီအမှုန်တွေက နေရာတိုင်းကို ရောက်နိုင်တယ်။’’

သိပ္ပံပညာရှင်တွေကတော့ အပျိုဖော်စောဝင်တဲ့ အမျိုးသမီးငယ်တွေဟာ အရွယ်ရောက်ပြီးတဲ့နောက်မှာ ကျန်းမာရေးအကျိုးဆက်တွေ ရှိလာနိုင်တယ်လို့ ပြောပါတယ်

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, သိပ္ပံပညာရှင်တွေကတော့ အပျိုဖော်စောဝင်တဲ့ အမျိုးသမီးငယ်တွေဟာ အရွယ်ရောက်ပြီးတဲ့နောက်မှာ ကျန်းမာရေးအကျိုးဆက်တွေ ရှိလာနိုင်တယ်လို့ ပြောပါတယ်

နေအိမ်တွင်း လေထုနမူနာတွေထဲမှာမြင်ရတဲ့အမှုန်တွေကို လေ့လာကြည့်တဲ့အခါမှာ အဲဒီအမှုန်တွေထဲမှာပါတဲ့ဓာတုပစ္စည်းတွေဟာ အန်ဒိုဂျင်နဲ့ အက်စထရိုဂျင်တို့လို လူတွေကြီးထွားမှုမှာ တွေ့ရတဲ့ ဟော်မုန်းတွေနဲ့ အပြန်အလှန်တုံ့ပြန်မှုတွေ ပြုလုပ်နိုင်တယ်ဆိုတာကို လေ့လာချက်တွေက တွေ့ခဲ့ပါတယ်။ ဒါကပဲ အပျိုဖော်ဝင်မှု အစကို ဦးတည်စေတဲ့ ဆင့်ကဲတုံ့ပြန်မှုကို ဖြစ်လာနိုင်ခြေ ရှိပါတယ်။

‘’ဒါက ကျွန်မတို့ရဲ့ ကနဦး အနုမာန အယူအဆပေါ့နော်။ PM2.5 ကို ထိတွေ့မှု ပိုရှိတဲ့မိန်းကလေးငယ်တွေဟာ အီစထရိုဂျင်တွေလို တုပဟန်ဆောင်တာ ဒါမှမဟုတ် HPA နဲ့ သူ့ရဲ့ပုံမှန်အချက်ပြမှုတွေကို ကမောက်ကမဖြစ်အောင်လုပ်တဲ့ ဓာတုပစ္စည်းတွေနဲ့ ထိတွေ့မှုပိုဖြစ်လာတဲ့အခါ ဒါကပဲ ခန္ဓာကိုယ်ကို အပျိုဖော်စောဝင်မှု ဖြစ်သွားစေတယ်ပေါ့’’ လို့ ဂတ်စ်ကင်က ပြောပါတယ်။

တစ်ချိန်တည်းမှာပဲ အရွယ်မတိုင်ခင် အပျိုဖော်ဝင်မှုမှာ အခြားအကြောင်း အများစုလည်း ပါဝင်နိုင်ခြေရှိနေပါတယ်။ ဂတ်စ်ကင်ကတော့ PM2.5 နဲ့ တခြားလေထုညစ်ညမ်းစေတဲ့အမှုန်တွေနဲ့ ပတ်သက်လာရင် သဘာဝပတ်ဝန်းကျင်မှာတွေ့ရတဲ့ အန္တရာယ်ရှိဓာတုပစ္စည်းတွေဟာ လူ့ခန္ဓာ ကိုယ်ကို ဘယ်လောက်အထိ ထိုးဖောက်ဝင်ရောက်နိုင်တယ်ဆိုတာနဲ့ ဟိုမုန်းပြောင်းလဲမှုတွေကို ဘယ်လောက်အထိ ဖြစ်စေတယ်ဆိုတဲ့သက်သေအထောက် အထား နမူနာတစ်ခုလည်း ဖြစ်လာစေတယ်လို့ သူကပြောပါတယ်။

‘’အပျိုဖော်မဝင်ခင်အဆင့် အမျိုးသမီးငယ်လေးတွေဟာ နောက်ထပ် စိတ်ဝင်စားစရာအစုအဖွဲ့ ဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် သူတို့ဟာ တစ်ကိုယ်ရည်သန့်ရှင်းရေးပစ္စည်းတွေကနေတဆင့် ‌ဟိုမုန်းတွေရဲ့လုပ်ငန်း ကမောက်ကမဖြစ်စေတဲ့ ဓာတုပစ္စည်းတွေကို များများထိတွေ့မှု ဖြစ်တာကြောင့်ပါပဲ’’ လို့ ဂတ်စ်ကင်က ပြောပါတယ်။ ‘’ပြီးတော့ ကုမ္ပဏီအများစုဟာ အဲဒီလို အသက်အရွယ် အစုအဖွဲ့တွေကို ရည်ရွယ်ပြီး သူတို့ထုတ်ကုန်တွေကို ရောင်းဖို့လုပ်နေကြတယ်လေ။’’

ခြုံပြောရရင်တော့ ပြောင်းလဲလာနေတဲ့ကမ္ဘာကြီးနဲ့ ကလေးသူငယ်တွေ ဖွံ့ထွားတိုးတက်မှု၊ နောက် အမှုန်အဖြစ် ပြောင်းသွားတဲ့ပလတ်စတစ် အစအနတွေ၊ ရာသီဥတုပြောင်းလဲမှုတွေလို အကြောင်းရင်းခံအရာတွေ ဘယ်လောက်အထိ ရိုက်ခတ်မှုတို့ကြား ဆက်နွှယ်မှု ဘယ်လောက်အထိရှိလဲဆိုတာ မသိနိုင်တာတွေလည်း ရှိ‌နေသေးတယ်လို့ Eskenazi က ပြောပါတယ်။

‘‘ကျွန်မတို့ အခုတွေ့ရှိတာက ပြဿနာကြီးတစ်ခုလုံးရဲ့အစိတ်အပိုင်းလေးတစ်ခုကိုပဲ သိရတာလို့ ကျွန်မ ထင်တယ်’’ လို့ သူက ပြောပါတယ်။

‘‘ပိုပူလာနေတဲ့ရာသီဥတုက အမျိုးသမီးတွေရဲ့ရာသီစက်ဝန်းကို ဘယ်လောက်အထိ သက်ရောက်မှုရှိနေလဲဆိုတာ ဒါမှမဟုတ် လူမှုအကြောင်းရင်းခံတွေရဲ့အခန်းကဏ္ဍတွေဟာ အမျိုးသမီးငယ်တွေကို မြန်မြန် အပျိုဖော်ဝင်လာစေတာလားဆိုတာကိုလည်း မသိသေးပါဘူး။ ဒါပေမဲ့ အမျိုးသမီးငယ်တွေ အပျိုဖော်စောဝင်လာတာကတော့ တကယ့်လက်တွေ့ပါပဲ။ ပြီးတော့ အဲဒါက သဘာဝပတ်ဝန်းကျင်ထဲက ဓာတုပစ္စည်းတွေ၊ အဝလွန်တာနဲ့ စိတ်ပိုင်းဆိုင်ရာပြဿနာတွေကြောင့် အကုန်အကြောင်းစုံပြီး ဖြစ်သွားတာလည်း ဖြစ်နိုင်ပါတယ်။’’