နီပေါမှာ ရာသီလာလို့ တဲထဲနေရတဲ့ အမျိုးသမီးနဲ့ ကလေးတွေသေဆုံး

In this file photo taken on November 23, 2011 a Nepali teenage girl sits inside a "chhaupadi house" in Achham village, some 800km west of Kathmandu,

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, ရာသီတဲတွေကို ပိတ်ပင်ခဲ့ပေမယ့် ကျေးလက်တွေမှာ ကျင့်သုံးနေဆဲ

နီပေါနိုင်ငံမှာ ရာသီသွေးပေါ်လို့ တဲထဲသွားနေရတဲ့ အမျိုးသမီးနဲ့ ကလေးနှစ်ယောက် သေဆုံးနေတာကို တွေ့ခဲ့ရပါတယ်။

ဆောင်းရာသီ ခိုက်ခိုက်တုန်အောင် ချမ်းတဲ့အချိန်မှာ အမျိုးသမီးက သူနဲ့ သားငယ်နှစ်ယောက်ကို အနွေးဓာတ်ရဖို့ မီးဖိုခဲ့တာပါ။

သားအမိ သုံးယောက်စလုံး အိပ်နေတုန်း မီးခိုးငွေ့ ရှူမိပြီး သေဆုံးပုံရတယ်လို့ အာဏာပိုင်တွေက ဘီဘီစီ နီပေါဘာသာဌာနကို ပြောကြားပါတယ်။

nepal

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ရိုးရာပွဲတော်တခုကိုလာတဲ့ နီပေါသားအမိ

ရာသီလာတဲ့ အမျိုးသမီးတွေကို အိမ်ပြင်ထုတ်ထားတဲ့ ဓလေ့ကို နီပေါမှာ အစိုးရက ၂ဝ၁၇ မှာ တားမြစ်ခဲ့ပေမယ့် ကျေးလက်ဒေသတွေမှာ ဆက်ပြီး ရှိနေဆဲ ဖြစ်ပါတယ်။

ဒီလို တဲတွေထဲသွားနေရလို့ သေဆုံးမှုတွေ အရင်ကလည်း ရှိခဲ့ပါတယ်။ ဒီဓလေ့ကြောင့် မီးခိုးမွှန်ပြီး သေဆုံးမှုတွေနဲ့ မြွေကိုက်လို့ သေဆုံးတာတွေ ရှိခဲ့ပါတယ်။

ဟိန္ဒူဝါဒနဲ့ နွယ်တဲ့ ယုံကြည်မှုကြောင့် ရာသီသွေးပေါ်တဲ့ အမျိုးသမီးတွေနဲ့ ကလေးမွေးပြီးစ အမျိုးသမီးတွေကို မသန့်ရှင်းဘူး၊ လာဘ်တိတ်တယ် ဆိုပြီး တဲတွေ၊ နွားတင်းကုပ်တွေမှာ သွားနေခိုင်းတာတွေ ဖြစ်နေတာပါ။

nepal

ဓာတ်ပုံ ရင်းမြစ်, PRAKASH MATHEMA

ဓာတ်ပုံ ပုံစာ, ရေခဲအိုင်ကြီးတွေနဲ့ အေးချမ်းလှတဲ့ ဟိမဝန္တာတောင်တန်း

ဒီအမျိုးသမီးတွေက နွားနဲ့ အမျိုးသားတွေကို ထိလို့မရသလို တချို့အစားအသောက်တွေကိုလည်း စားလို့မရပါဘူး။ အိမ်သာသုံးတာနဲ့ အိမ်ထဲမှာ ဆေးကြောသန့်စင်တာတွေကိုလည်း မလုပ်ရပါဘူး။ ရွာနဲ့ အဝေးကြီးထိ အမျိုးသမီးတွေ ထွက်ပြီး ကိုယ်လက်သန့်ရှင်းရတာပါ။

ဒီလို အပြင်ထွက်နေရလို့ ရာသီဥတုအအေးဒဏ်နဲ့ ရာဇဝတ်မှုခင်းတွေ ကြုံတွေ့ရသလို မိန်းကလေးငယ်တွေလည်း ကျောင်းမသွားရပါဘူး။

နောက်ဆုံးဖြစ်ရပ်ကတော့ နီပေါအနောက်ဖျားပိုင်းမှာ ဖြစ်ခဲ့တာပါ။

အလောင်းတွေကို ရင်ခွဲစစ်ဆေးပြီး သေဆုံးတဲ့ အကြောင်းရင်းကို အတည်ပြုဖို့ စောင့်နေတယ်လို့ ခရိုင် အုပ်ချုပ်ရေးမှူး ချာတာရက်ဂျ် ဘာရယ်က ပြောပါတယ်။

တဲထဲမှာ စောင်တွေ မီးလောင်ထားတာ တွေ့ရသလို သေဆုံးသူ မိခင်ရဲ့ ခြေထောက်တွေမှာလည်း မီးလောင်ရာတွေ တွေ့တယ်လို့ ရဲက အေအက်ဖ်ပီ သတင်းဌာနကို ပြောပါတယ်။

သေဆုံးတဲ့ ကလေးတွေကတော့ ၁၂ နှစ်နဲ့ ကိုးနှစ်သားတွေ ဖြစ်ကြပါတယ်။

'ရုပ်အလောင်းတွေကို သင်္ဂြိုဟ်ဖို့အတွက် မိသားစုဆီ ပြန်လွှဲပေးခဲ့တယ် ' လို့လည်း မစ္စတာ ဘာရယ်က ပြောပါတယ်။

နီပေါဥပဒေအရ အမျိုးသမီးတွေကို ရာသီတဲမှာ ထွက်နေခိုင်းသူကို ထောင်သုံးလနဲ့ ၂၇ ဒေါ်လာထိ ဒဏ်တပ်လို့ရပါတယ်။ ဒီဥပဒေကို ပိုပြီး ထိထိရောက်ရောက် ကျင့်သုံးဖို့ အမျိုးသမီးရေး လှုပ်ရှားသူတွေက တောင်းဆိုနေကြပါတယ်။