ဒူးပေါ်ပေါင်ပေါ်ပုံ တင်မိလို့ အဖမ်းခံရတဲ့ အိန္ဒိယသူ

india

ဓာတ်ပုံ ရင်းမြစ်, REHANA FATHIMA

ဓာတ်ပုံ ပုံစာ, ဒူးပေါ်ပေါင်ပေါ်ပုံ ဖေ့စ်ဘွတ်ပေါ်တင်မိလို့ အဖမ်းခံရ

အိန္ဒိယ နိုင်ငံမှာ ဆက်သွယ်ရေး နည်းပညာဆိုင်ရာ ကျွမ်းကျင်သူ တယောက်လည်းဖြစ် ၊ အမျိုးသမီး အရေး တက်ကြွ လှုပ်ရှားသူ ရီဟာနာ ဖာတီမာ ဟာ မိန်းမ မ၀င်ရ သတ်မှတ် ထားတဲ့ ဆာဘရီမာလာ ဟိန္ဒူ ဘုရားကျောင်းထဲ ပြီးခဲ့တဲ့ လတုန်းက ၀င်ဖို့ ကြိုးစားခဲ့ပါတယ်။

အဲဒီ ဘုရားကျောင်းဟာ အိန္ဒိယမှာ ဟိန္ဒူ ဘာသာ၀င်တွေ တန်ဖိုးထားတဲ့ နေရာတွေထဲ တခု အပါအဝင် ဖြစ်ပါတယ်။

india

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, အမျိုးသမီးမဝင်ရတဲ့ ဘုရားကျောင်း

သမိုင်း အစဉ်အဆက်မှာ ဓမ္မတာ ရာသီလာ အပျိုဖော်၀င်လာတဲ့ အရွယ်ရောက် အမျိုးသမီးတွေကို အဲဒီ ဘုရားကျောင်းထဲ ၀င်ခွင့်မပေးပါဘူး။

ဟိန္ဒူဘာသာ ထုံးတမ်း အရ ဓမ္မတာ လာတဲ့ အမျိုးသမီးတွေဟာ သန့်ရှင်းမှု မရှိဘူးလို့ သတ်မှတ်ကာ ဘာသာရေး ပွဲတွေ တက်ရောက်ခွင့် မရှိပါဘူး။

ဒါပေမယ့် ပြီးခဲ့တဲ့ စက်တင်ဘာလတုန်းကတော့ အိန္ဒိယမှာ ရှိတဲ့ ဗဟိုတရားရုံးချုပ်က ဒီဘုရားကျောင်းထဲကို အမျိုးသမီး မှန်သမျှ ၀င်ခွင့်ပေးတဲ့အမိန့် ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၃၂ နှစ် အရွယ်ရှိ သရုပ်ဆောင် မော်ဒယ် ဖြစ်တဲ့ ဖာတီမာ ဟာ အမျိုးသမီး သတင်းသမား တယောက်နဲ့ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက ရဲ တပ်ဖွဲ့ဝင် ၁ဝဝ ကျော်လောက် ခြံရံပြီး အဲဒီ ဘုရားကျောင်းထဲ ၀င်ဖို့ ကြိုးစားခဲ့ရာမှာ တောင်ထိပ်က ပင်မ ဘုရားကျောင်းဝင်းထဲ အထိ ရောက်ရှိခဲ့ပါတယ်။

india

ဓာတ်ပုံ ရင်းမြစ်, ARUN SANKAR

ဓာတ်ပုံ ပုံစာ, ဘုရားကျောင်းထဲ အမျိုးသမီးတွေကို ဝင်ခွင့်မပြုဖို့ ဆန္ဒပြသူ အများစုဟာ အမျိုးသမီးတွေ ဖြစ်

ဒါပေမယ့် နောက်ပိုင်းမှာ ဘုရားကျောင်း အလယ်က ရုပ်ပွားတော်တွေ ရှေ့က ၀တ်ပြုတဲ့ နေရာထဲကို ပေးမဝင်ဘဲ ကာရံတားမြစ်နေသူတွေနဲ့ ထိပ်တိုက် ရင်ဆိုင်မှု ကြုံခဲ့ရပါတယ်။

ဗဟို တရားရုံးချုပ်ရဲ့ အမိန့် ထွက်ပေါ်ပြီး နှစ်လ အကြာ အခုအချိန်မှာ အဲဒီ ဘုရားကျောင်းထဲ အမျိုးသမီးတွေ ဝင်ခွင့် ထပ်မံ ပိတ်ပင် ခံနေရပြန်ပါပြီ။

india

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ရဲတွေ ခြံရံပြီး ဘုရားကျောင်းဝင်း ထဲက တောင်ထိပ်ပေါ် တက်ဖို့ ကြိုးစားခဲ့စဉ်

အဲဒီလို အရွယ်ရောက် အမျိုးသမီး မ၀င်ရ ဆိုပြီး ပိတ်ထားတဲ့ ဘုရားကျောင်းထဲ ၀င်ဖို့ ပြီးခဲ့တဲ့ လတုန်းက ကြိုးစားခဲ့တဲ့ ရီဟာနာ ဖာတီမာ ဟာ ဘုရားဖူး၀တ်စုံနဲ့ ပေါင်ပေါ်တဲ့ပုံရိုက်ပြီး ဖေ့စ်ဘုတ် ပေါ်တင်တဲ့ အတွက် စွဲချက်တင် အဖမ်းခံခဲ့ရပါတယ်။

ကိုချင်မြို့က သူ့ရုံးခန်းမှာ ပြီးခဲ့တဲ့ အင်္ဂါနေ့တုန်းက သူ့ကို လာရောက် ဖမ်းသွားတာ ဖြစ်တယ်လို့ သူ့မိတ်ဆွေလည်းဖြစ် အမျိုးသမီးရေး ဝါဒီ တယောက်လည်း ဖြစ်တဲ့ Arathy SA က ဘီဘီစီကို ပြောပါတယ်။

တရားရုံးက သူ့ကို ထောင် ၁၄ ရက် ပြစ်ဒဏ် ချမှတ်လိုက်ပြီး အဲဒီ အတော်အတွင်း ရဲက သူ့ကို စစ်ဆေးမေးမြန်းမှုတွေ လုပ်မှာ ဖြစ်တယ်လို့ Arathy SA က ဆိုပါတယ်။

မစ္စ ဖာတီမာ ဟာ ဘာသာရေး ဆိုင်ရာ သဘောထား ကွဲမှု ဖြစ်အောင် လှုံ့ဆော် ဖန်တီးတယ် ဆိုပြီး စွပ်စွဲ ခံနေရတာ ဖြစ်ပါတယ်။

ဒါ့အပြင် သူ့အလုပ်လုပ်ရာ အစိုးရပိုင် ဆက်သွယ်ရေး ကုမ္ပဏီ BSNL ကလည်း သူ့ကို စုံစမ်း စစ်ဆေးမှုတွေ ပြီးတဲ့ အထိ တာဝန်က ရပ်နားထားပါတယ်။

india

ဓာတ်ပုံ ရင်းမြစ်, MANJUNATH KIRAN

ဓာတ်ပုံ ပုံစာ, အရပ်ပါ ဘုရားပုံ ကိုင်ဆောင်ထားသူတွေ

သူဟာ ဟိန္ဒူနတ်ဘုရား အရပ်ပါ ဝတ်ပြုသူတွေ ၀တ်လေ့ရှိတဲ့ အနက်ရောင် ဝတ်စုံကို ဝတ်ပြီး နဖူးမှာလည်း အမှတ်အသားတွေ ချယ်မှုန်းကာ အရပ်ပါ နတ်ဘုရား ထိုင်တဲ့ ပုံမျိုး ဆောင့်ကြောင့် ထိုင် ပေါင်ဖော်ရိုက် ထားတဲ့ ဆယ်လ်ဖီ ရိုက်ထားတဲ့ပုံကို ဖာတီမာက အောက်တိုဘာလတုန်းက ဖေ့စ်ဘုတ် ပေါ်တင်ခဲ့တာ ဖြစ်ပါတယ်။

ဒီဓာတ်ပုံဟာ လိင်ပိုင်းဆိုင်ရာ မြူဆွယ်လွန်းတယ် ၊ အရပ်ပါ နတ်ဘုရား ကိုးကွယ်သူတွေကို စိတ်ပိုင်းဆိုင်ရာ ခံစားမှု ဖြစ်စေတယ်လို့ ဆိုပြီး ရဲက သူ့ကို အမှု ဖွင့်ထားပါတယ်။

ဖာတီမာကတော့ အောက်တရားရုံးမှာ အခု နိုဝင်ဘာလ အစောပိုင်းတုန်းက အယူခံ ၀င်ခဲ့ပြီး သူ့ကို ထိန်းသိမ်းထားရာက ပြန်လွှတ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

ဒါပေမယ့် တရားရုံးက သူ့အယူခံကို ပယ်ချလိုက်တာကြောင့် သူဟာ ဖမ်းဆီး ထိန်းသိမ်းခံနေရတာ ဖြစ်ပါတယ်။

india

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဘုရားကျောင်းထဲ အမျိုးသမီးဝင်ခွင့်သဘောမတူသူတွေ ဆန္ဒပြ

အိန္ဒိယနိုင်ငံ ကယ်ရာလား ပြည်နယ်မှာ သာမက တနိုင်ငံလုံးမှာပါ အမျိုးသမီးတွေ ဒီဘုရားကျောင်းထဲ ၀င်ခွင့် ရရေးနဲ့ ပတ်သက်လို့ စိတ်ဝမ်း ကွဲပြားမှုတွေ ဖြစ်နေပါတယ်။

အမျိုးသမီး အရေး တက်ကြွ လှုပ်ရှားသူတွေကတော့ ဘုရားကျောင်းထဲ အမျိုးသမီးတွေ ၀င်ခွင့် မပေးတာဟာ အမျိုးသား ကြီးစိုးရေး ဝါဒီကို တွန်းအားပေးရာ ရောက်စေတယ်လို့ ဆိုနေကြသလို ရှေးရိုးစွဲ ဝါဒီတွေကလည်း အပျိုဖော်ဝင်ပြီး အမျိုးသမီးတွေဟာ နတ်ဘုရားရဲ့ ဗြဟ္မာစရိယ ကျင့်စဉ်တွေကို ခြိမ်းခြောက် အဟန့်အတား ပြုရာရောက်စေနိုင်တာကြောင့် အမျိုးသမီးတွေကို ဘုရားကျောင်းထဲ ပေးမ၀င်သင့်ဘူးလို့ ဆိုနေကြပါတယ်။