မွေးကင်းစကလေးတွေ အသတ်ခံနေရတာကို တားဆီးခဲ့တဲ့ သားဖွားဆရာမတွေ

ဆာရီအဝါဝတ်ထားတဲ့ သက်ကြီးပိုင်းသားဖွားဆရာမကိုစီရိုကို အသက် ၂၀ ဝန်းကျင် မော်နီကာကို ဖက်တွယ် ငိုကြွေးနေတာကိုတွေ့ရပါတယ်
ဓာတ်ပုံ ပုံစာ, ကလေးဘဝမှာ စွန့်ပစ်ခံလိုက်ရလို့ သူကယ်ဆယ်ခဲ့တဲ့ မော်နီကာကို ပြန်တွေ့တော့ သားဖွား ဆရာမ စီရို မျက်ရည်တွေကျခဲ့
    • ရေးသားသူ, အမ်မစ်တာ ပရပ်ရှာ
    • ရာထူးတာဝန်, BBC Eye Investigations

သားဖွားဆရာမ စီရို ဒေဝီက မော်နီကာ တက်တေကို ပွေ့ဖက်ပြီး ငိုပါတယ်။ အသက် ၂၀ ကျော် အရွယ်ရှိပြီဖြစ်တဲ့ မော်နီကာဟာ သူ့မွေးရပ်ဇာတိမြို့ကို ပြန်လာခဲ့ပါတယ်၊ အဲဒီမြို့က စီရိုက ကလေးပေါင်း ရာနဲ့ချီပြီး မွေးပေးခဲ့ရာမြို့ပါ။

သူတို့ ပြန်လည်တွေ့ဆုံနိုင်မှုက ထူးကဲပြီး သူတို့အတိတ်က အများနဲ့မတူပါဘူး။ စီရို့ မျက်ရည်တွေရဲ့ နောက်ကွယ်မှာ နာကျင်စရာ ဇာတ်လမ်းတခု ရှိပါတယ်။ မော်နီကာ မွေးလာတဲ့အချိန်မှာ ဒီမွေးကင်းစ မိန်းကလေးလေးကို သတ်ပစ်ဖို့ ဖိအားပေးတာကို စီရိုနဲ့ သူ့လို အိန္ဒိယက သားဖွားဆရာမတွေဟာ အမြဲတစေ ခံခဲ့ကြရပါတယ်။

မော်နီကာက သူတို့ ကယ်ဆယ်လိုက်တဲ့ ကလေးတွေထဲက တစ်ယောက်ပါ။

ကျွန်တော် စီရိုရဲ့ ဇာတ်လမ်းကို လိုက်ပြီးစုံစမ်းခဲ့တဲ့အဖြစ်က နှစ်ပေါင်း ၃၀ ကြာခဲ့ပါပြီ။ ၁၉၉၆ ခုနှစ်ထဲ အိန္ဒိယရဲ့ ဘီဟာပြည်နယ်က သူနဲ့ သူ့လို ကျေးလက်ဝမ်းဆွဲ ဆရာမ ၄ ယောက်ကို ကျွန်တော် အင်တာဗျူး ခဲ့ပါတယ်။

အစိုးရမဟုတ်တဲ့ အကူအညီပေးရေးအဖွဲ့(အန်ဂျီအို)တခုက သူတို့ဟာ ကတီဟာခရိုင်အတွင်းမှာ မွေးကင်းစ မိန်းကလေးငယ်တွေကို သတ်ခဲ့တဲ့သူတွေဖြစ်တယ်၊ ကလေးမိဘတွေက သူတို့ကို ဖိအားပေးတာကြောင့် ကလေးတွေကို အဆိပ်ကျွေးပြီး ဒါမှမဟုတ် လည်ပင်းလိမ်ချိုးပြီး သတ်ခဲ့ကြတာလို့ ဆိုပါတယ်။

သူတို့ထဲက အသက်အကြီးဆုံး သားဖွားဆရာမဖြစ်တဲ့ ဟာကီယာ ဒေဝီက သူ သတ်ခဲ့တဲ့ ကလေး ၁၂ ယောက်၊ ၁၃ ယောက်လောက် ရှိတယ်လို့ ကျွန်တော့်ကို အဲဒီအချိန်က ပြောပြပါတယ်။

သားဖွားဆရာမ နောက်တယောက်ဖြစ်တဲ့ ဒါမီ ဒေဝီကလည်း သူ အနည်းဆုံး မွေးကင်းစ ကလေး ၁၅ ယောက်ကနေ အယောက် ၂၀ အထိ သတ်ခဲ့တယ်ဆိုတာကို ဝန်ခံခဲ့ပါတယ်။

စာရင်းအတိအကျ စုဆောင်းထားတာမဟုတ်တော့ သူတို့ သတ်ခဲ့တဲ့ မွေးကင်းစကလေး အရေအတွက် အတိအကျကို သိရဖို့က မဖြစ်နိုင်ပါဘူး။

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဒါပေမဲ့ သူတို့နဲ့ နောက်ထပ် သားဖွားဆရာမ အယောက် ၃၀ ကို မေးမြန်းထားတာကို အခြေပြုပြီး ၁၉၉၅ မှာ အန်ဂျီအိုတခုက အစီရင်ခံစာထုတ်ပြန်ခဲ့ပါတယ်။ တကယ်လို့ အစီရင်ခံစာရဲ့ မှန်းဆချက်က မှန်ကန်မယ်ဆိုရင် သားဖွားဆရာမ ၃၅ ယောက်က နှစ်စဥ်နှစ်တိုင်း ဒီခရိုင်တခုတည်းအတွင်းမှာ သတ်ခဲ့တဲ့ မွေးကင်းစ မိန်းကလေးပေါင်း ၁,၀၀၀ ကျော်ရှိပါတယ်။ ဘီဟာပြည်နယ်မှာ အဲဒီအချိန်က သားဖွားဆရာမပေါင်း ၅ သိန်း ကျော်ရှိတယ်လို့ အစီရင်ခံစာက ဆိုပါတယ်။ အဲဒီအချိန်ကာလက မွေးကင်းစ ကလေးသတ်ဖြတ်မှုတွေဟာ ဘီဟာပြည်နယ်တစ်ခုတည်းမှာတင် ဖြစ်နေတာ မဟုတ်ပါဘူး။

အဲဒီလိုလုပ်ဖို့ ပြောတာကို သားဖွားဆရာမတ‌ယောက်အနေနဲ့ ငြင်းပယ်ဖို့က မဖြစ်နိုင်သလောက်ပဲလို့ ဟာကီယာက ပြောပါတယ်။

“(ကလေး) မိသားစုက အခန်းတံခါးကို ပိတ်၊ တုတ်တွေကိုင်ထားပြီး ကျွန်မတို့ နောက်မှာ ရှိနေကြတာ” လို့ ဟာကီယာ ဒေဝီက ပြောပါတယ်။ “သူတို့က... ငါတို့ မိန်းကလေး ၅ ယောက်၊ ၆ ယောက်ရပြီးနေပြီ။ ဒီတယောက်နဲ့ဆိုရင် ငါတို့မှာ ရှိသမျှ ဓနဥစ္စာတွေ ကုန်တော့မယ်။ ငါတို့ သမီးတွေအတွက် ဒေါင်ရီ (Dowry - သတို့သမီးဘက်က တင်တောင်းရတာတွေ) ပေးရရင် ငါတို့တော့ ငတ်ပြီး သေတော့မယ်။ အခု နောက်ထပ် မိန်းကလေး မွေးလာပြန်ပြီ။ သူ့ကို သတ်ပစ်လိုက်” တဲ့။

“ဘယ်သူ့ကို သွားပြောမလဲ။ ကျွန်မတို့ သိပ်ကြောက်ပါတယ်။ ကျွန်မတို့ ရဲကို သွားတိုင် ရင်လည်း ကျွန်မတို့ ဒုက္ခရောက်မယ်။ ကျွန်မတို့ ဒါတွေ ထုတ်ပြောရင်လည်း လူတွေက ကျွန်မတို့ကို ခြိမ်းခြောက်လိမ့်မယ်” လို့ သူက ကျွန်တော့်ကို ပြောပြပါတယ်။

ဝါရင့်သတင်းထောက်ပြီး အမီတာ ဘရာရှာက ၁၉၉၀ ပြည့်နှစ်တွေမှာ သူ ပြုလုပ်ခဲ့တဲ့ အိန္ဒိယ ဝမ်းဆွဲတွေနဲ့ အင်တာဗျူးကို ကွန်ပြူတာ မော်နီတာမှာ ကြည့်နေတာဖြစ်ပါတယ်။ အခန်းက မှောင်နေပြီး သူ့မျက်နှာကတော့ ကွန်ပြူတာ ဖန်သားပြင်က ထွက်ရဲ့အလင်းရောင်ဟပ်နေပါတယ်။
ဓာတ်ပုံ ပုံစာ, သူ ၁၉၉၀ နှစ်တွေထဲမှာ သူလုပ်ခဲ့တဲ့ သားဖွားဆရာမတွေနဲ့ အင်တာဗျူးကို အမ်မစ်တာ ပြန်ကြည့် နေစဥ်

အိန္ဒိယကျေးလက်ဒေသက ဝမ်းဆွဲ လက်သည်တွေဟာ ရိုးရာအစဥ်အလာ ဓလေ့တွေကြားထဲ ပိတ်မိနေရသလို ဆင်းရဲမှုနဲ့ ဇာတ်စနစ်ခွဲခြားမှုတို့ကပေးတဲ့ ဒုက္ခတွေကိုလည်း ခါးစည်းခံကြရပါတယ်။ ကျွန်တော် အင်တာဗျူးခဲ့တဲ့ သားဖွားဆရာမတွေဟာ အိန္ဒိယလူမျိုးဇာတ်ခွဲခြားတဲ့စနစ်မှာ နိမ့်ကျတဲ့ ဇာတ်နိမ့်အလွှာက အမျိူးသမီးတွေပါ။ ဝမ်းဆွဲအတတ်ပညာကိုတော့ သူတို့ရဲ့ အဖွား၊ သူတို့ရဲ့ အမေတို့ကနေ လက်ဆင့်ကမ်းအမွေ‌ ပေးခဲ့တာပါ။ သူတို့ထက် ပိုသြဇာကြီးပြီး သူတို့ထက် ဇာတ်မြင့်တဲ့မိသားစုတွေရဲ့ အမိန့်ကို ပယ်ရှားဖို့ မဖြစ်နိုင်တဲ့ကမ္ဘာမှာ သူတို့နေခဲ့ရတာပါ။

မွေးကင်းစကလေး တယောက်ကို သတ်ပေးဖို့ ဆာရီတထည် ဒါမှမဟုတ် ဂျုံတအိတ် ဒါမှမဟုတ် ငွေစ အနည်းငယ် သူတို့ရပါတယ်။ တစ်ခါတလေမှာ ဘာမှ မပေးဘဲ လုပ်ခိုင်းတာပါ။ သူတို့ လက်သည်လုပ်ပေးတဲ့ ကိုယ်ဝန်ဆောင်ကနေ ယောက်ျားလေးတယောက် မွေးဖွားပေးရင်တော့ သူတို့ ရူပီး ၁,၀၀၀ လောက်ရကြပါတယ်။ မိန်းကလေးမွေးလာရင်တော့ သူတို့ သားဖွားပေးခက တဝက်လျော့သွားပါတယ်။

အိန္ဒိယမှာ အမြစ်တွယ်နေတဲ့ ‌ဒေါင်ရီ ပေးရတဲ့ အစဥ်အလာက ဒီ တဖက်စောင်းနင်း ဖြစ်နေမှုရဲ့ အကြောင်းရင်းခံပါလို့ သူတို့က ရှင်းပြပါတယ်။ ဒီ ဒေါင်ရီ ပေးရတဲ့ဓလေ့ကို ၁၉၆၁ မှာ ဥပဒေနဲ့ ဖျက်သိမ်းလိုက်ပါပြီးဖြစ်ပါတယ်။ ဒါပေမဲ့ ၁၉၉၀ နှစ်တွေမှာ ဒီဓလေ့က ခိုင်ခိုင်မာမာ ဆက်ရှိနေခဲ့ပါတယ်။ နှစ်ပေါင်း ၃၀ ကျော်ကြာလာတဲ့အထိလည်း ဒီဓလေ့က လုံးဝ ပျောက်ကွယ်မသွားသေးပါဘူး။ ဆက်ရှိနေပါသေးတယ်။

ဒေါင်ရီက အမျိုးမျိုးပါ၊ ငွေ၊ လက်ဝတ်ရတနာ၊ အသုံးအဆောင်ပစ္စည်း စသဖြင့် တင်တောင်းရတာက အမျိုးမျိုးရှိပါတယ်။ မင်္ဂလာဆောင်ပြီဆိုရင် ဆင်းရဲ ချမ်းသာ မရွေး လုပ်ဆောင်ရတဲ့ ဓလေ့ပါ။ ‌ဒါကြောင့်ပဲ သား ယောက်ျားလေးမွေးလာတာက အောင်ပွဲခံဖို့ ဖြစ်ပြီး၊ သမီး မိန်းကလေး မွေးလာတာက ဝန်ထုပ်ဝန်ပိုး ဖြစ်လာတာပါ။

ကျွန်တော် အင်တာဗျူးခဲ့တဲ့ ဝမ်းဆွဲဆရာမတွေထဲ လက်ရှိအချိန်မှာ တဦးတည်း အသက်ထင်ရှား ကျန်နေတဲ့ စီရို ဒေဝီက လူမှုရေး အဆင့်နေရာခွဲခြားမှုကို အသေအချာ ရှင်းပြနိုင်ဖို့ ပုံဖော်ပြောပြပါတယ်။

ဇရာတွေပြည့်နေတဲ့ စီရိုကို အဝါရောင် ဆာရီဝတ်ထားတာမြင်ရပါတယ်။ သူ့လက်ထဲမှာ ပွေ့ပိုက်ထားတဲ့ကလေးငယ်ကို ပြုံးပြုံးကြီး ငုံ့ကြည့်နေပါတယ်။
ဓာတ်ပုံ ပုံစာ, သူကလေးဘဝ ကတည်းက စီရိုက ဝမ်းဆွဲ ဆရာမ အဖြစ်လုပ်ခဲ့

“ယောက်ျားလေးက အမြင့်မှာရှိတယ်၊ အပေါ်မှာ ရှိတယ်။ သမီးမိန်းကလေးက အောက်မှာ ရှိတယ်။ နိမ့်တဲ့နေရာမှာ ရှိတယ်။ သားတယောက်က မိဘကို လုပ်ကျွေးတာ၊ ဂရုစိုက်တာမျိုး ရှိချင်ရှိ၊ မရှိရင်နေ ကိစ္စမရှိဘူး၊ ရတယ်၊ သူတို့အားလုံးက သား‌ကိုပဲ လိုချင်ကြတာ။”

အိန္ဒိယက နိုင်ငံအဆင့် ကောက်ယူထားတဲ့ စာရင်းဇယားတွေကို ကြည့်ရင် သားယောက်ျားကို ပိုလိုချင်ကြတာကို တွေ့ရပါတယ်။ နောက်ဆုံး ကောက်ယူခဲ့တဲ့ ၂၀၁၁ သန်းခေါင်စာရင်းအရ အမျိုးသား ၁,၀၀၀ ယောက်မှာ အမျိုးသမီးက ၉၄၃ ယောက်ဆိုတဲ့အချိုးအစားကို တွေ့ရပါတယ်။ မည်သို့ဆိုစေ ဒါက ၁၉၉၀ နှစ်တွေကထက် ဒီအချိုးအစားက တက်လာတာပါ၊ ၁၉၉၁ သန်းခေါင်စာရင်းမှာ အမျိုးသမီး၊ အမျိုးသား အချိုးအစားက ၉၂၇/၁,၀၀၀ ပါ။

အစိမ်း၊ အဖြူနဲ့ ရွှေရောင် ဆာရီဝတ်ထားတဲ့ အနီလာက လက်သည်အစုအဖွဲ့က ပြောနေတာကို နားထောင်နေတာပါ။ သူတို့အားလုံး ကြမ်းပြင်ပေါ် ထိုင်နေကြပါတယ်။ သူ့ကို စကားပြောနေကြပါတယ်။ ၁၉၉၀ ပြည့်နှစ်တွေမှာ ရိုက်ကူးထားတဲ့ ဓာတ်ပုံက မြင်ကွင်းလည်း ဖြစ်ပါတယ်။
ဓာတ်ပုံ ပုံစာ, လူမှုရေးလုပ်သား အန်နီလာ ကုမ္မာရီ (လက်ဝဲဘက် ဒုတိယမြောက်)ဟာ ၁၉၉၀ နှစ်တွေမှာ ဝမ်းဆွဲဆရာမတွေကို အမြင်ပြောင်းလဲဖို့ ကြိုးပမ်းခဲ့

ကျွန်တော် သားဖွားဆရာမတွေနဲ့ အင်တာဗျူးတာကို ရိုက်ပြီးခဲ့တဲ့ ၁၉၉၆ ထဲမှာပဲ အပြောင်းအလဲတွေက တိတ်တိတ်လေးနဲ့ စတင်လာပါတယ်။ အရင်တုန်းက သူတို့ကို စေခိုင်းတဲ့ အတိုင်းလုပ်ခဲ့ကြတဲ့ သားဖွားဆရာမတွေက ဒီအမိန့်တွေကို စတင်ငြင်းဆန်လာပါတော့တယ်။ ကက်တီဟာ တဝိုက်မှာရှိတဲ့ရွာတွေက အမျိုးသမီးတွေကို ကူညီပေးနေတဲ့ လူမှုရေးလုပ်သား အန်နီလာ ကုမ္မာရီက ဒီအပြောင်းအလဲကို စတင်လှုံ့ဆော်ခဲ့တာဖြစ်ပြီး သူက ဒီမွေးကင်းစ မိန်းကလေးတွေ သတ်ဖြတ်မှု ပြဿနာကို ဖြေရှင်းနိုင်ရေးအတွက် ကြိုးပမ်းခဲ့ပါတယ်။

အန်နီလာရဲ့ နည်းက ရိုးရိုးလေးပါ။ သူက သားဖွားဆရာမတွေကို မေးခွန်း တခု မေးပါတယ်၊ “ရှင်တို့ကိုယ်ပိုင် သမီးတွေဆိုရင် ဒီလိုမျိုးလုပ်မလား” တဲ့။

သူ့အမေးက နှစ်ပေါင်းများစွာ ပစ်ပယ်ထားခဲ့တာတွေ၊ အဆင်ခြင်မဲ့မှုတွေကို ထိုးဖောက်သွားပါတော့တယ်။ ရပ်ရွာအသိုင်းအဝိုင်းကတဆင့် အရပ်လက်သည်တွေကို ငွေ‌‌ရေးကြေးရေးပိုင်း အကူအညီပေးတဲ့အခါ တဖြည်းဖြည်းနဲ့ ဒီအကြမ်းဖက်သံသရာကို တားဆီးဟန့်တားနိုင်လာပါတယ်။

စီရိုက ဒီအပြောင်းအလဲအကြောင်းကို ၂၀၀၇ တုန်းက ကျွန်တော့်ကို ရှင်းပြပါတယ်။

“ကျွန်မကို သတ်ဖို့ပြောတဲ့ သူတွေက ကျွန်မက ပြန်ပြောတယ်။ အဲဒီကလေးကို ငါ့ဆီပေးလိုက်၊ ငါ မစ္စ အန်နီလာ ဆီကို ခေါ်သွားလိုက်မယ်။”

ဒီလိုနဲ့ သားဖွားဆရာမတွေဟာ မိသားစုတွေက သေစေချင်တဲ့ ဒါမှမဟုတ် စွန့်ပစ်လိုက်တဲ့ မွေးကင်းစ မိန်းကလေး အနည်းဆုံး ၅ ယောက်ကို ကယ်တင်ခဲ့ကြပါတယ်။

ကလေးတစ်ယောက်ကတော့ သေဆုံးသွားပါတယ်။ ဒါပေမဲ့ အန်နီလာဟာ ကျန်တဲ့ ကလေး ၄ ယောက်ကို ဘီဟာပြည်နယ်ရဲ့ မြို့တော် ပက်နာကို ပို့ပြီး အဲဒီမှာ အန်ဂျီအိုတခုက ကလေးမွေးစားမယ့်သူ ရအောင် စီစဥ်ပေးပါတယ်။

ဇာတ်လမ်းက ဒီမှာ ဆုံးချင်ရင် ဆုံးလို့ ရနိုင်ပါတယ်။ ဒါပေမဲ့ မွေးစားခံရတဲ့ ကလေးတွေ ဘာဖြစ်သွားလဲ၊ သူတို့ ဘယ်လိုဘဝမှာ နေထိုင်သွားကြရလဲဆိုတာကို ကျွန်တော်သိချင်ခဲ့ပါတယ်။

အန်နီလာရဲ့ မှတ်တမ်းတွေက သေသေချာချာလုပ်ထားတာပါ၊ ဒါပေမဲ့ မွေးစားခွင့်ပေးပြီးနောက်ပိုင်း အခြေအနေကိုတော့ သိပ်မသိကြရပါဘူး။

ဘီဘီစီကမ္ဘာတလွှားအစီအစဥ်က အဖွဲ့တခုနဲ့အတူ ကျွန်တော်အလုပ်လုပ်နေတုန်း မီဒါ ရှက်ခါလို့ ခေါ်တဲ့ အမျိုးသမီးတယောက်နဲ့ ဆက်သွယ်နိုင်ခဲ့ပါတယ်။ သူက ၁၉၉၀ နှစ်တွေတုန်းက ဘီဟာပြည်နယ်ထဲ မွေးကင်းစကလေးတွေ သတ်ဖြတ်ခံရမှုတွေကို သုတေသန လုပ်ခဲ့သူပါ။

အန်နီလာနဲ့ သားဖွားဆရာမတွေက ကလေးတွေကို ကယ်ပြီးရင် သူ့ရဲ့ အန်ဂျီအိုဆီကို လာပို့ကြပါတယ်။ ဒီကယ်တင်ခဲ့တဲ့ ကလေးတွေထဲက တယောက်လို့ သူယုံကြည်ထားတဲ့ အမျိုးသမီးငယ် တယောက်နဲ့ မီဒါက အခုအချိန်အထိ အဆက်အသွယ် ဆက်ရှိနေပါသေးတယ်။

သားဖွားဆရာမတွေက ကယ်တင်ခဲ့တဲ့ မိန်းကလေးတွေရဲ့ နာမည်တွေ ရှေ့မှာ “ကိုစီ” ဆိုတဲ့ စကားလုံးကို ထည့်ထားတယ်၊ ဘီဟာက ကိုစီမြစ်ကို အမှတ်တရတင်စားပြီး အဲဒီလို ထည့်ပေးထားတာပါလို့ အန်နီလာက ကျွန်တော့်ကို ‌ပြောပါတယ်။ မော်နီကာကို မွေးစားတဲ့သူ လက်ထဲမထည့်ခင်အချိန်က သူ့နာမည်ရှေ့မှာ ကိုစီဆိုတဲ့စာလုံး ပါတာကို မီဒါက မှတ်မိနေပါတယ်။

ကလေးမွေးစားဖို့ စီစဥ်ပေးတဲ့ အေဂျင်စီက မော်နီကာရဲ့ မှတ်တမ်းတွေကို ကျွန်တော်တို့ကို ကြည့်ခွင့်မပေးပါဘူး၊ ဒါ့ကြောင့် ဒီအဖြစ်က အသေအချာပဲလို့တော့ မဆိုနိုင်ပါဘူး။ ဒါပေမဲ့ မော်နီကာရဲ့ ဇာတိက ပက်နာ၊ သူ့ ရဲ့ မွေးနေ့ အချိန်ကာလ၊ နာမည် ရှေ့က “ကိုစီ” စာလုံး စတာတွေက မော်နီကာဟာ အန်နီလာနဲ့ သားဖွားဆရာမတွေ ကယ်တင်လိုက်တဲ့ ကလေး ၅ ယောက်ထဲက တယောက်ဆိုတာကို ညွှန်းဆိုပြနေပါတယ်။

ကျွန်တော် မော်နီကာကို တွေ့ရဖို့ သူ့မိဘတွေရဲ့ အိမ်ရှိရာ ကီလိုမီတာ ၂,၀၀၀ ခရီးအကွာက ပူနီမြို့ဆီကို သွားခဲ့ပါတယ်။ သူက သူ့ကို ချစ်ခင်တဲ့မိသားစုက မွေးစားတာကို ခံရတဲ့အတွက် သိပ်ကို ကံကောင်းတယ်လို့ ခံစားရတဲ့အကြောင်း ပြောပြပါတယ်။

အဖြူရောင်နဲ့ အနီရောင် ဘလောက်စ် အင်္ကျီဝတ်ထားတဲ့ မော်နီကာတစ်ယောက် ခရင်မ်ရောင် အင်္ကျီဝတ်ထားတဲ့ သူ့မွေးစားဖခင်ဘက်ဆီ မီပြီး ပြုံးနေပါတယ်။
ဓာတ်ပုံ ပုံစာ, မော်နီကာ ၃ နှစ်အရွယ်ကစပြီး မွေးစားဖခင်ဆီ ရောက်ခဲ့

“ပျော်ရွှင်စရာကောင်းတဲ့ ပုံမှန် ဘဝလို့ ကျွန်မ မြင်တယ်၊ ကျွန်မ နေနေတဲ့ ဘဝပေါ့” လို့ သူက ပြောပါတယ်။ မော်နီကာက သူ့ကို ဘီဟာကနေ မွေးစားလာတာဆိုတာ သိပါတယ်။ ဒါပေမဲ့ သူမွေးစားခံရတုန်းက အခြေအနေ အသေးစိတ်တွေကို ကျွန်တော်တို့က သူ့ကို ပြောပြနိုင်ခဲ့ပါတယ်။

ဒီနှစ်အစောပိုင်းတုန်းက မော်နီကာဟာ အန်နီလာနဲ့ စီရိုကို တွေ့ဖို့ ဘီဟာကို လာခဲ့ပါတယ်။ သူဟာ အန်နီလာနဲ့ သားဖွားဆရာမတွေ နှစ်ပေါင်းများစွာ ခက်ခက်ခဲခဲ ကြိုးပမ်းထားမှုရဲ့ အစုအဝေးဆိုတာကို မော်နီကာ တယောက် သိလိုက်ပါပြီ။

“စာမေးပွဲမှာ ကောင်းကောင်းဖြေနိုင်ဖို့ လူတွေဟာ အများကြီး ကြိုးစားပြင်ဆင် ကြရတယ်။ သူတို့ သိပ်ကို ကြိုးစားခဲ့ကြရတယ်၊ အခု သူတို့ရဲ့ ရလဒ်ကို သူတို့ သိချင်ကြတယ်လေ။ ဒါကြောင့် ကျွန်မ သူတို့နဲ့ တွေ့ချင်တာ။”

အနက်ရောင်နဲ့ နီညိုရောင် ဆာရီဝတ်ထားတဲ့ အန်နီလာ တစ်ယောက် မော်နီကာကို ဖတ်ထားရင်း ပြုံးနေပါတယ်။ မော်နီကာလည်း သူ့ရင်ခွဲထဲမှာ ပြုံးပြီး ပြန်ဖက်ထားပါတယ်။
ဓာတ်ပုံ ပုံစာ, အန်နီလာဟာ နှစ်ပေါင်းများစွာအကြာမှာ မော်နီကာနဲ့ တွေ့ရတော့ သိပ်ပျော်ရွှင်ခဲ့ပါတယ်

မော်နီကာနဲ့ တွေ့တော့ အန်နီလာတယောက် အပျော် မျက်ရည်တွေ ကျလာပါတယ်။ စီရိုကတော့ သူ့ခံစားမှုကို မထိန်းနိုင်တော့ပါဘူး။

သူ ရှိုက်ကြီးတငင် ငိုကြွေးပြီး မော်နီကာကို တင်းတင်းဖက်ကာ သူ့ ဆံပင်တွေကို ကိုင်တွယ်ကြည့်ပါတယ်။

“ငါ မင်းအသက်ကို ကယ်ပြီး မိဘမဲ့‌ဂေဟာကို ခေါ်သွားတာ ... အခုတော့ ငါ စိတ်အေးချမ်းရပါပြီ” လို့ စီရိုက မော်နီကာကို ပြောပါတယ်။

နောက် တရက် နှစ်ရက် အကြာမှာ ကျွန်တော်က စီရိုဆီကနေ ဘာတွေ ထပ်ပြီးကြားရမလဲလို့ ထပ်မေးကြည့်ပါတယ်။ ဒါပေမဲ့ သူဘာမှ ထပ်ပြီး ပြောချင်ပုံ မရတော့ပါဘူး။

“အတိတ်မှာ ဖြစ်ခဲ့တာတွေက အတိတ်မှာ ကျန်ခဲ့ပါပြီ” လို့ သူက ပြောပါတယ်။

ဒါပေမဲ့ ဒီမိန်းကလေးတွေအပေါ် အာဃာတ ထားမှုက အတိတ်မှာ ကျန်ခဲ့တာ မဟုတ်သေးပါဘူး။

အခုအချိန်မှာ မွေးကင်းစ မိန်းကလေးတွေကို သတ်ဖြတ်တာက သိပ်ကို မရှိ သလောက် နည်းသွားပြီဖြစ်ပေမယ့် လိင်ကို ရွေးချယ်ပြီး ကိုယ်ဝန်ဖျက်ချတာတွေက ၁၉၉၄ ကတည်းက ဥပဒေနဲ့ တားမြစ်ထားပြီး ဖြစ်တာတောင် အခုအချိန်ထိ ဆက်ဖြစ်နေဆဲပါ။

အိန္ဒိယမြောက်ပိုင်းက ဒေသတချို့ မှာ ကလေးမွေးဖွားချိန်ဆိုင်ရင် သီဆိုလေ့ရှိကြတဲ့ ရိုးရာတေး - ဆိုဟာ သီချင်းကို နားထောင်ကြည့်ရင် သားယောက်ျားမွေးမှ ပျော်နိုင်မှာလို့ ဆိုတဲ့စာသား ပါဝင်တာတွေ့ရပါတယ်။ မိန်းကလေး မွေးရင်လည်း ပျော်ရွှင်အောင်ပွဲခံနိုင်ကြစေဖို့ ဒေသခံအဆိုတော်တွေက သီချင်း စာသားကို ပြောင်းပြီး ဆိုကြပါတယ်။ ဒါပေမဲ့ အဲဒါက ၂၀၂၄ ကျမှ ဖြစ်လာတာပါ။

ကျွန်တော်တို့ မှတ်တမ်းတင် ဗီဒီယိုရိုက်ကြတုန်း ကက်တီဟာမှာ မွေးကင်းစ မိန်းကလေး ၂ ယောက် စွန့်ပစ်သွားကြတာကို တွေ့ရပါတယ်။ တစ်ယောက်ကို ခြုံပုတ်တခုထဲမှာ တွေ့ရတာဖြစ်ပြီး မွေးလာတာ နာရီပိုင်း‌ အနည်းငယ်သာရှိသေးတဲ့ နောက်တစ်ယောက်ကိုတော့ လမ်းဘေးမှာ တွေ့ခဲ့ရတာပါ။ တစ်ယောက်က နောက်ပိုင်းမှာ ဆုံးသွားပါတယ်။ ကျန်တဲ့တစ်ယောက်ကတော့ မိဘမဲ့ဂေဟာမှာ မွေးစားမယ့်သူတွေကို စောင့်နေပါတယ်။

ခြုံပုတ်တွေကြားထဲမှာ စွန့်ပစ်ခံရတဲ့ မွေးကင်းစကလေးငယ်တစ်ဦးရဲ့ ကင်မရာဓာတ်ပုံ
ဓာတ်ပုံ ပုံစာ, ဘီဘီစီက ဗီဒီယို ရိုက်စဥ်ကာလမှာ ကြုံရတဲ့ စွန့်ပစ်ခံ ရင်ခွင်ပိုက် မိန်းကလေးငယ်လေး ၂ ယောက်ထဲက တယောက်

မော်နီကာ တယောက် ဘီဟာကနေ ပြန်မသွားခင် ကာတီဟာက မွေးစားကလေးများ အထူးစင်တာမှာ ရှိနေတဲ့ အဲဒီကလေးကို သွားတွေ့ပါတယ်။

မွေးကင်းစ မိန်းကလေးတွေ သတ်ဖြတ်ခံရတာမျိုးတွေ နည်းသွားပေမဲ့ မွေးကင်းစ မိန်းကလေးတွေကို စွန့်ပစ်မှုက ဆက်ရှိနေတုန်းပဲ ဆိုတာကို သိလိုက်ရတော့ သိပ်ကို ခြောက်ခြားမိတယ်လို့ သူက ပြောပါတယ်။

“သံသရာ စက်ဝန်းလည်နေသလိုပဲ... လွန်ခဲ့တဲ့ နှစ်အတန်ကြာက ကျွန်မကို အခုအချိန်မှာ ကျွန်မ တွေ့လိုက်ရသလိုပဲ၊ ကျွန်မလို မိန်းကလေးတွေ ဆက်ပြီး ရှိနေပြန်ပါပြီ။”

ဒါပေမဲ့ ပျော်စရာတွေကလည်း ထပ်တူဖြစ်လာတာတွေ ရှိပါတယ်။

နိုင်ငံရဲ့ အရှေ့မြောက်ပိုင်း အာသံပြည်နယ်က လင်မယား စုံတွဲ တတွဲက အဲဒီကလေးကို မွေးစားလိုက်ပါတယ်။ သူတို့က ကလေးကို အီဒါလို့ နာမည်ပေးလိုက်ပါတယ်၊ အဓိပ္ပါယ်က ပျော်ရွှင်မှုပါ။

စွန်ပစ်ခံ ကလေးငယ်ကို အီဒါဆိုတဲ့ အမည်မှည့်ခေါ်ထားပြီး အာသံက မိသားစုတစုကနေ မွေးစားထားပြီဖြစ်
ဓာတ်ပုံ ပုံစာ, စွန်ပစ်ခံ ကလေးငယ်ကို အီဒါဆိုတဲ့ အမည်မှည့်ခေါ်ထားပြီး အာသံက မိသားစုတစုကနေ မွေးစားထားပြီဖြစ်

“ကျွန်တော်တို့ သူ့ ဓာတ်ပုံကို တွေ့တော့ ဒီကလေး စွန့်ပစ်ခံရတာ တခါပဲ ဖြစ်စေရမယ်လို့ နောက်တခါ မကြုံရစေတော့ဘူး” လို့ ပြောမိကြတဲ့အကြောင်း အိန္ဒိယလေတပ်က အရာရှိတယောက် ဖြစ်သူ မွေးစားဖခင် ဂေါ်ရက်ဗ်က ပြောပါတယ်။

နောက် သီတင်းပတ်အနည်းငယ်အကြာမှာ အီဒါ သိနေတတ်နေပုံ အသစ်တွေကို ဗီဒီယိုရိုက်ပြီး ‌ဂေါ်ရက်ဗ်က ကျွန်တော့်ဆီကို ပို့ပါတယ်။ ဒါတွေကို မော်နီကာဆီ တစ်ခါတလေ ကျွန်တော်မျှဝေဖြစ်ပါတယ်။

ဒီဇာတ်လမ်းတစ်ခုအပေါ် နှစ်ပေါင်း ၃၀ လောက် ကြည့်လာတဲ့ အခါမှာ အတိတ်ဟာ အတိတ်မှာပဲ ကျန်ရစ်မနေခဲ့ပါဘူး။ စိတ်မသက်သာစရာ အမှန်တရားတွေကို တွေ့ရပါတယ်။ အတိတ်ကိုတော့ ပြန်ပြင်ဆင်လို့ မရနိုင်ပါဘူး၊ ဒါပေမဲ့ အတိတ်က ဖြစ်ခဲ့တာတွေကိုတော့ ပြောင်းလဲပစ်နိုင်ပါတယ်။

ဒီအပြောင်းအလဲမှာ မျှော်လင့်ချက်တွေလည်း တွဲပါနေပါတယ်။