မြန်မာ ကလေးသူငယ် ဘဝ ခိုးယူခံနေရတယ်လို့ သတိပေး နေ

ကလေးသူငယ် အခွင့်အရေး

ဓာတ်ပုံ ရင်းမြစ်, Save the children

ဓာတ်ပုံ ပုံစာ, အလယ်တန်း ပညာရေး ရရှိတဲ့ ကလေး အရေအတွက် ၃ဝ% အောက် ရှိနေ

မြန်မာနိုင်ငံက အရွယ်မရောက်သေးတဲ့ ကလေးသူငယ် အများအပြားဟာ သူတို့ရဲ့ ကလေးဘဝတွေ ခိုးယူ ခံနေရတယ် ဆိုပြီး Save the Children ဆိုတဲ့ ကလေး သူငယ် အခွင့်အရေး လှုပ်ရှားတဲ့ နိုင်ငံတကာ အဖွဲ့က ပြောပါတယ်။

အဲဒီ အဖွဲ့က ထုတ်ပြန်လိုက်တဲ့ အစီရင်ခံစာထဲမှာလည်း နိုင်ငံပေါင်း ၁၇၂ နိုင်ငံအနက် မြန်မာ နိုင်ငံဟာ ကလေးသူငယ် အခွင့်အရေးနဲ့ ပတ်သက်ရင် အဆင့် ၁၁၂ မှာ ရှိနေတယ်လို့ ဆိုပါတယ်။

ဒါဟာ အခြေအနေ အကောင်းဆုံး အဆင့် ၁ ကနေ အဆိုးဆုံး အဆင့် ၄ ဆိုပြီး ခွဲထားတဲ့ အထဲက အဆင့် ၃ မှာ မြန်မာနိုင်ငံကို ပထမဆုံး နိုင်ငံ အဖြစ် Save the Children အဖွဲ့က ထည့်သွင်း သတ်မှတ် ထားတာ ဖြစ်ပါတယ်။

သူတို့ရဲ့ အစီရင်ခံစာ ထဲမှာ မြန်မာနိုင်ငံမှာ မီးဖွားရင်း ကလေးသေနှုန်း တစ်ထောင်မှာ ၅ဝ ရှိပြီး၊ ကောင်းစွာ ဖွံ့ဖြိုး ကြီးထွားနိုင်ပြီး အလယ်တန်း ပညာရေးကို ရရှိတဲ့ ကလေး အရေအတွက် လည်း ၃ဝ% အောက် ရှိနေတယ်လို့ အဲဒီ အဖွဲ့က ဆိုပါတယ်။

ကလေးသူငယ် တွေရဲ့ အခွင့်အရေးနဲ့ ပတ်သက်ပြီး လုံလောက်စွာ အဟာရ ရရှိနိုင်ရေးက အစ၊ ကျန်းမာရေးနဲ့ ပညာရေး ကဏ္ဍမှာ အထူး ဂရုစိုက် ကိုင်တွယ်ဖို့ လိုအပ်နေကြောင်း တွေ့ရှိ ထားရတယ်လို့ Save the children အဖွဲ့ ရဲ့ မြန်မာ နိုင်ငံ ဆိုင်ရာ တာဝန်ရှိသူက ဘီဘီစီကို ပြောပါတယ်။