ဇိမ်ခံရေမွှေးထုတ်လုပ်မှုမှာ ကလေးလုပ်သားတွေပါနေတာ ဘီဘီစီတွေ့ရှိ

- ရေးသားသူ, အာမက် အယ်လ်ရှာမီနဲ့ နာတာရှာခေါက်ဇ်
- ရာထူးတာဝန်, BBC Eye စုံစမ်းထောက်လှမ်းသတင်းရေးသားမှု
ကလေးငယ်တွေဟာ ကမ္ဘာကျော် အလှကုန်ပစ္စည်းကုမ္ပဏီကြီး ၂ ခုကို ပစ္စည်းပေးသွင်းသူတွေသုံးတဲ့ အလှကုန်ထုတ်ရာမှာပါဝင်တဲ့ ပစ္စည်းတွေကို ခူးဆွတ်ပေးနေရတာတွေရှိတယ်ဆိုတာကို ဘီဘီစီက တွေ့ရှိခဲ့ပါတယ်။
Lancôme နဲ့ Aerin Beauty's တို့ကို ပါဝင်ပစ္စည်းတွေ ထောက်ပံ့ပေးတဲ့ကုမ္ပဏီတွေ သုံးတဲ့ စံပယ်ပန်းတွေကို အသက်မပြည့်သေးတဲ့ကလေးငယ်တွေက ဆွတ်ခူးပေးနေတယ်ဆိုတာ အလှကုန်ထောက်ပို့လုပ်ငန်းကွင်းဆက်ကို ပြီးခဲ့တဲ့နှစ်နွေရာသီတုန်းက ဘီဘီစီက စုံစမ်းလေ့လာရာမှာ တွေ့ခဲ့ရတာပါ။
နာမည်ကျော် ရေမွှေးတံဆိပ်တွေအားလုံးက ကလေးသူငယ်လုပ်သားစေခိုင်းမှုအသုံးပြုတာကို လုံးဝ လက်မခံဘူးဆိုပြီး ပြောဆိုတာတွေ ရှိထားပါတယ်။
Lancôme ကို ပိုင်ဆိုင်တဲ့ L'Ore'al ကတော့ လူ့အခွင့်အရေးအပေါ် လေးစားလိုက်နာတဲ့ ကတိကဝတ်ထားရှိတယ်လို့ ပြောထားပါတယ်။ Aerin Beauty ကို ပိုင်တဲ့ Estee Lauder ကတော့ သူတို့ဆီကို ပစ္စည်းတွေပို့နေတဲ့လုပ်ငန်းတွေကို ဆက်သွယ်ထားပြီးပြီလို့ ပြောပါတယ်။
Aerin Beauty ရဲ့ Ikat Jasmine နဲ့ Limone Di Sicilia၊ Lancôme Idôle L'Intense တို့သုံးတဲ့ စံပယ်ပန်းတွေဟာ ရေမွှေးမှာ ပင်မအမွှေးနံ့သာပစ္စည်းအဖြစ်အသုံးပြုတဲ့ စံပယ်ပန်းတွေကို ကမ္ဘာအဆင့်နဲ့တိုင်းတာရင် ကုန်တဝက်လောက် ထောက်ပံ့ပေးနေတဲ့ အီဂျစ်ကနေ လာတာဖြစ်ပါတယ်။
အဲဒီလုပ်ငန်းကို အတွင်းကျကျသိရှိသူတွေကတော့ ဇိမ်ခံတံဆိပ်တွေကိုပိုင်တဲ့ကုမ္ပဏီအချို့ဟာ အသုံးစရိတ်တွေကို ချုံ့လာကြတာကြောင့် လစာပေးတာလည်း အတော်လေးနည်းလာတယ်လို့ ပြောပါတယ်။ ဒီအခြေအနေကပဲ ပန်းခူးတဲ့နေရာမှာ သူတို့ကလေးတွေပါ သုံးလာရစေဖို့ အကြောင်းဖန်လာတယ်လို့ အီဂျစ် စံပယ်ပန်းဆွတ်သူတွေက ပြောပါတယ်။
ကုန်ပစ္စည်းထောက်ပို့ကွင်းဆက်ကို စစ်ဆေးဖို့ ရေမွှေးလုပ်ငန်းနယ်ပယ်က သုံးတဲ့ စာရင်းစစ် စနစ်တွေဟာလည်း ချို့ယွင်းချက်တွေအတော်လေးရှိနေတာကိုလည်း တွေ့ခဲ့ပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ခေတ်သစ်ကျွန်ပြုမှုပုံစံများဆိုင်ရာ ကုလသမဂ္ဂအထူးအစီရင်ခံစာတင်သွင်းသူ တိုမိုယာ အိုဘိုခါတာကတော့ ဘီဘီစီရဲ့အခုတွေ့ရှိချက်တွေကြောင့် စိုးရိမ်စိတ်ဖြစ်မိတယ်လို့ ပြောပါတယ်။ ဘီဘီစီက ပြီးခဲ့တဲ့စံပယ်ပန်းခူးရာသီမှာ အီဂျစ် စံပယ်ပန်းခင်းတွေထဲအထိ သွားရောက်ပြီး အသွင်ယူရိုက်ကူးမှုတွေ လုပ်ခဲ့တာပါ။
''စာရွက်ပေါ်မှာတော့ သူတို့ (ဒီ နယ်ပယ်) ဟာ ကောင်းတဲ့အရာတွေအများစုကို ကတိပြုထားတယ်။ ထောက်ပို့ကွင်းဆက်ပိုင်းမှာ ပွင့်လင်းမြင်သာဖို့နဲ့ ကလေးလုပ်သားအသုံးပြုမှုကို တိုက်ဖျက်မှုပြုလုပ်မယ် ဆိုတာမျိုးပေါ့။ ဒီရုပ်သံကိုကြည့်ရင် သူတို့ဟာ ကတိပေးထားတဲ့ ကိစ္စတွေကို တကယ်မလုပ်ဘူးဆိုတာကို ပြသနေတယ်'' လို့ အိုဘိုခါတာက ပြောပါတယ်။
အီဂျစ်ရဲ့ စံပယ်ပန်းထွက်ရာအချက်အခြာနေရာဖြစ်တဲ့ Gharbia ခရိုင်ထဲက ကျေးရွာတစ်ရွာမှာ နေထိုင်တဲ့ ဟီဘာ ဟာ နေအပူက ပန်းတွေကို မညှိုးသွားစေခင်မှာ ပန်းတွေ ခူးဆွတ်ဖို့ သူ့ရဲ့မိသားစုကို မနက် ၃ နာရီမှာ အိပ်ယာကနေ နှိုးရပါတယ်။
ဟီဘာက အသက် ၅ နှစ်ကနေ ၁၅ နှစ်ကြားရှိတဲ့ သူ့ကလေး ၄ ယောက်ရဲ့ အကူအညီကို ယူရတယ်လို့ ပြောပါတယ်။ အီဂျစ်က စံပယ်ပန်းခူးသူ အများစုလိုပဲ သူဟာ ''တစ်သီးပုဂ္ဂလပန်းခူးသူ'' အဖြစ် စံပယ်ပန်းခင်းလေးတစ်ခုမှာ အလုပ်လုပ်ပါတယ်။ သူနဲ့ သူ့ကလေးတွေ ပန်းပိုခူးနိုင်လေလေ၊ ငွေပိုရှာနိုင်လေလေ ဖြစ်ပါတယ်။
သူ့ကို ဘီဘီစီက ရိုက်ကူးရေးလုပ်တဲ့ညမှာတော့ သူနဲ့ သူ့ကလေးငယ်တွေဟာ စံပယ်ပန်း ၁.၅ ကီလိုဂရမ်အထိ ဆွတ်ခူးနိုင်ခဲ့ပါတယ်။ ရလာတဲ့ငွေရဲ့ သုံးပုံတစ်ပုံကို မြေပိုင်ရှင်ကို ပေးခဲ့ပြီးတဲ့နောက်မှာတော့ သူ့လက်ထဲမှာ အဲဒီညအတွက် လုပ်တဲ့လုပ်အားခဟာ အမေရိကန်ဒေါ်လာ ၁ ဒေါ်လာခွဲနဲ့ညီတဲ့ အီဂျစ်ငွေပဲ ကျန်ပါတော့တယ်။ အီဂျစ်မှာ ငွေကြေးဖောင်းပွမှုနှုန်းက မိုးထိုးတဲ့အထိရောက်နေတာကြောင့် ဒီငွေဟာ အရင်ကလောက် တန်ဖိုးမရှိတော့သလို ပန်းခူးသူတွေဟာ ဆင်းရဲမွဲတေမှုနှုန်းအောက်မှာ နေကြရသူတွေ ဖြစ်နေတတ်ပါတယ်။

ဟီဘာရဲ့ ၁၀ နှစ်အရွယ်သမီးငယ် ဘက်စ်မာလာဟာ ပြင်းထန်တဲ့မျက်လုံးဓာတ်မတည့်မှုကို ဆေးကုသခံနေရသူဖြစ်ပါတယ်။ သူဆရာဝန်သွားပြချိန်မှာ ဘီဘီစီက အတူလိုက်သွားခဲ့ပါတယ်။ မျက်လုံးအရောင်ကျအောင် မကုသပဲ စံပယ်ပန်းဆက်ခူးနေမယ်ဆိုရင် အမြင်အာရုံထိခိုက်သွားနိုင်တယ်လို့ ဆရာဝန်က သူတို့ကို ပြောလိုက်ပါတယ်။
စံပယ်ပန်းတွေကို ခူး၊ ချိန်တွယ်ပြီးနောက်မှာတော့ အဲဒီပန်းတွေကနေ အဆီထုတ်မယ့် နယ်ခံစက်ရုံတွေထဲက တစ်ခုဆီကို ပို့ပါတယ်။ အဲဒီမှာ အဓိကလုပ်နေတဲ့ စက်ရုံတွေကတော့ A Fakhry and Co၊ Hashem Brothers နဲ့ Machalico တို့ ဖြစ်ပါတယ်။ ပန်းခူးရာသီတိုင်းမှာ ဟီဘာတို့လို လူတွေ ခူးဆွတ်ထားတဲ့ စံပယ်ပန်းတွေကို ဒီစက်ရုံတွေက စျေးသတ်မှတ်ပါတယ်။
အီဂျစ်က စံပယ်ပန်းခူးလုပ်ငန်းမှာ အလုပ်လုပ်ကြသူ ၃၀,၀၀၀ လောက်ထဲမှာ ကလေးလုပ်သားဘယ်လောက်ပါဝင်တယ်ဆိုတာကို ပြောဖို့ ခက်ပါတယ်။ ၂၀၂၃ ခုနှစ်နွေကာလအတွင်း အဲဒီဒေသမှာ ဘီဘီစီက ရိုက်ကူးခဲ့တဲ့တလျှောက် စကားပြောဆိုခဲ့သူဒေသခံအများစုကတော့ စံပယ်ပန်းစျေးနည်းတာကပဲ သူတို့ကလေးတွေကို သူတို့အလုပ်တွေမှာ ဝင်လုပ်ခိုင်းဖို့ အကြောင်းဖြစ်လာစေတယ်လို့ ပြောကြပါတယ်။

ဘီဘီစီက သွားရောက်လေ့လာရိုက်ကူးခဲ့တဲ့ မတူညီတဲ့နေရာလေးခုမှာ စက်ရုံကြီးတွေကို အဓိကပို့တဲ့ စံပယ်ပန်းစိုက်ခင်းလေးတွေကြားထဲ အလုပ်လုပ်ကြသူတွေဟာ တော်တော်များများက အသက် ၁၅ နှစ်အောက် ကလေးငယ်တွေ ဖြစ်နေပါတယ်။ ဘီဘီစီကို ပြောပြတဲ့သတင်းရင်းမြစ်တွေကတော့ Machalico စက်ရုံက တိုက်ရိုက်ပိုင်ဆိုင်တဲ့ စံပယ်စိုက်ခင်းတွေမှာ ကလေးတွေအလုပ်လုပ်ကိုင်နေတယ်လို့ပြောတာကြောင့် အဲဒီမှာ အသွင်ယူ ရုပ်သံရိုက်ကူးဖို့ သွားခဲ့ပြီး တွေ့ခဲ့တဲ့ပန်းခူးသူတွေက သူတို့အသက်ဟာ ၁၂ နှစ်ကနေ ၁၄ နှစ်ကြားဖြစ်တယ်လို့ ပြောကြပါတယ်။
အီဂျစ်မှာ ည ၇ နာရီကနေ မနက် ၇ နာရီအတွင်း အသက် ၁၅ နှစ်အောက်တွေ အလုပ်မလုပ်ရ၊ လုပ်ရင် အဲဒါ တရားမဝင်အလုပ်လုပ်မှုလို့ သတ်မှတ်ထားပါတယ်။
စက်ရုံတွေဟာ စံပယ်ပန်းအဆီတွေကို ရေမွှေးထုတ်မယ့်နိုင်ငံတကာအမွှေးအကြိုင် လုပ်ငန်းတွေဆီ တင်ပို့ကြပါတယ်။ အဲဒီထဲက အကြီးမားဆုံးလုပ်ငန်းဟာ ဆွစ်ဇာလန်အခြေစိုက် Givaudan ဖြစ်ပြီး A Fakhry and Co စက်ရုံနဲ့အတူ လက်တွဲလာတာ ကာလရှည်ကြာနေပြီဖြစ်ပါတယ်။

ဒါပေမဲ့ သူတို့အထက်မှာတော့ လုပ်ပိုင်ခွင့်အရှိဆုံးကတော့ ရေမွှေးကုမ္ပဏီတွေဖြစ်ပြီး အဲဒီထဲမှာ L'Oréal နဲ့ Estée Lauder တို့လည်းပါတယ်လို့ တသီးပုဂ္ဂလရေမွှေးထုတ်သူ ခရစ္စတော့ဖ် လော်ဒါမီရယ် နဲ့ ရေမွှေးနယ်ပယ်က အတွင်းလူအများစုက ပြောပါတယ်။
''သခင်ကြီးတွေ'' လို့ သိကြတဲ့ အဲဒီကုမ္ပဏီတွေဟာ ရေမွှေးလုပ်ငန်းတွေအတွက် အသုံးစရိတ်ကို နည်းနည်းလေးပဲ ချပေးကြသူတွေဖြစ်တယ်လို့လည်း လော်ဒါမီရယ်က ပြောပါတယ်။
''ဒီသခင်ကြီးတွေ အဓိကထားတာတော့ ရေမွှေးပုလင်းထဲထည့်မယ့် ပန်းဆီကို စျေးပေါနိုင်သမျှ ပေါပေါနဲ့ရဖို့ပဲ။ ပြီးရင်တော့ အဲဒီရေမွှေးကို စျေးအမြင့်ဆုံးနဲ့ ရောင်းတာပေါ့'' လို့ ရေမွှေးလုပ်ငန်းတစ်ခုမှာ နှစ်ပေါင်းများစွာ အတွင်းကျကျလုပ်ကိုင်ခဲ့သူ မစ္စတာလော်ဒါမီရယ်က ပြောပါတယ်။
''တကယ်တော့ ပန်းခူးသူတွေရဲ့ လစာတွေ၊ နေ့စားကိစ္စတွေကို သူတို့ တကယ်မကိုင်ကြသလို စံပယ်ပန်းရဲ့ပေါက်စျေးကိစ္စကိုလည်း သူတို့မလုပ်ပါဘူး။ အဲဒီလောက်အထိ ဆင်းမလုပ်ပါဘူး၊ သူတို့ကိုင်တာက ဒီအပိုင်းတွေကျော်ပြီးမှပါ'' လို့ သူက ရှင်းပြပါတယ်။
ဒါပေမဲ့ သူတို့သတ်မှတ်လိုက်တဲ့ အသုံးစရိတ်ကြောင့် နေ့စဥ်လုပ်အားခတွေအပေါ် သက်ရောက်မှုရှိပြီး နောက်ဆုံးမှာ စက်ရုံတွေနဲ့ ပန်းခူးသူတွေအထိ ရောက်သွားတယ်လို့ ပြောပါတယ်။
''စျေးကွက်တင်တဲ့အပိုင်းမှာ ပြောကြဆိုတဲ့ တန်ဖိုးရှိမှုအပိုင်းနဲ့ ပန်းခူးသူတွေ တကယ်ရရှိမှုအပိုင်းမှာ ကွာဟနေတဲ့ ကွာဟချက်က ကြီးမားလွန်းတယ်'' လို့လည်း သူက ထပ်လောင်းပြောပါတယ်။

စျေးကွက်မြှင့်တင်ဖို့ ပြောကြရေးကြတဲ့အထဲတွေမှာတော့ ရေမွှေးနဲ့ အမွှေးအကြိုင်ထုတ်လုပ်ငန်းတွေဟာ ကျင့်ဝတ်နဲ့ကိုက်ညီတဲ့လုပ်ထုံးလုပ်နည်းတွေကိုသာ အသုံးပြုတယ်လို့ ရည်ညွှန်းပြသကြပါတယ်။ ရေမွှေးနဲ့အမွှေးအကြိုင်လုပ်ငန်းအတွက် ကုန်ထောက်ပံ့ကွင်းဆက်က လုပ်ငန်းရှင်မှန်သမျှဟာလည်း ကုလသမဂ္ဂဆီမှာ ကတိကဝတ်လက်မှတ်ရေးထားရတာရှိပါတယ်။ အဲဒါကတော့ ကလေးလုပ်သားအသုံးပြုမှု အမြစ်ဖြတ်ရေးနဲ့ လုံခြုံဘေးကင်းတဲ့လုပ်ငန်းခွင်ကျင့်ဝတ်ဆိုင်ရာလမ်းညွှန်ချက်တွေကို လိုက်နာပါ့မယ်ဆိုတဲ့ကတိဖြစ်ပါတယ်။
အမွှေးအကြိုင်လုပ်ငန်း Givaudan ရဲ့ အကြီးတန်းအမှုဆောင်တစ်ဦးရဲ့အပြောအရဆိုရင် ဒီပြဿနာဟာ သက်ဆိုင်ရာရေမွှေးကုမ္ပဏီတွေအနေနဲ့ သူတို့ရဲ့ ထုတ်ကုန်ထောက်ပို့ကွင်းဆက်တွေအပေါ်မှာ ထဲထဲဝင်ဝင်စောင့်ကြည့်မှု ကင်းမဲ့တာကြောင့်လို့ဆိုပါတယ်။
အမည်မဖော်လိုတဲ့ အဲဒီအကြီးတန်းအမှုဆောင်ကတော့ ဒီကုမ္ပဏီတွေဟာ အလုပ်အတွက်ပူးပေါင်းဆောင်ရွက်တာမလုပ်ခင် စံချိန်စံညွှန်းနဲ့ကျင့်ဝတ်ပိုင်းကို အရင်လေ့လာဆန်းစစ်မှုလုပ်ဖို့ ကြားက စာရင်းစစ်ကုမ္ပဏီတွေကို အားကိုးကြတာကြောင့်လို့ ဆိုပါတယ်။
အမွှေးအကြိုင်လုပ်ငန်းတွေနဲ့ စီးပွားရေးလုပ်ငန်းကြီးတွေက သူတို့ အင်တာနက်စာမျက်နှာ ဒါမှမဟုတ် ကုလသမဂ္ဂဆီ တင်တဲ့စာမှာ မကြာခဏဖော်ပြခံရလေ့ရှိတဲ့စာရင်းစစ်ကုမ္ပဏီတွေကတော့ Sedex နဲ့ UEBT တို့ဖြစ်ပါတယ်။ သူတို့ရဲ့စစ်ဆေးမှုရလဒ်တွေကိုတော့ လူသိရှင်ကြား ထုတ်ပြန်လေ့ မရှိပါဘူး။ ဒါပေမဲ့ ကျင့်ဝတ်နဲ့အညီ ရယူထားတဲ့ စံပယ်ပန်းတွေ ဝယ်ချင်သူတစ်ဦး အဖြစ် ဟန်ဆောင်ပြီး ဘီဘီစီအဖွဲ့က ဆက်သွယ်တဲ့အခါ အဲဒီ စာရင်းစစ်ကုမ္ပဏီကြီးတွေရဲ့ အစီရင်ခံစာတွေကို A Fakhry and Co စက်ရုံကနေတဆင့် ရရှိခဲ့ပါတယ်။
အဲဒီစက်ရုံကို ပြီးခဲ့တဲ့နှစ်တုန်းက သွားရောက်လေ့လာခဲ့တဲ့ UEBT ရဲ့ အစီရင်ခံစာအရဆိုရင် လူ့အခွင့်ရေး ပြဿနာတွေ ရှိခဲ့တာကို ဖော်ပြထားချက်တစ်ခု တွေ့ရပါတယ်။ ဒါပေမဲ့ အသေးစိတ်တော့ မဖော်ပြထားပါဘူး။ အဲဒီလို ရှိပေမဲ့ စာရင်းစစ်အဖွဲ့က ဒီ ကုမ္ပဏီကို "ထောက်ခံအတည်ပြုချက်" ပေးခဲ့ပါတယ်။ အဲဒါကြောင့် ကုမ္ပဏီက သူတို့ဆီက ''တာဝန်သိသိ ဆွတ်ခူးမှုကနေ လာတဲ့စံပယ်ပန်းအဆီ'' ကို ပေးပါတယ်လို့ ပြောနိုင်သွားပါတယ်။
ဒါကိုတုံ့ပြန်တဲ့အနေနဲ့ UEBT ကတော့ ''ကုမ္ပဏီတစ်ခုကို တာဝန်သိသိနဲ့ရင်းမြစ်ရယူမှု မှန်ကန်ကြောင်း သက်သေခံချက် ထုတ်ပေးခဲ့ပါတယ်၊ ဒါက သူတို့ဘက်က လုပ်ဆောင်ပေးရမယ့် တာဝန်ကို လုပ်ရမယ်ဆိုတဲ့ သတ်မှတ်ချက်နဲ့ပါ။ ဒီ ထောက်ခံချက်က၂၀၂၄ ခုနှစ် နှစ်လယ်ပိုင်းအထိ အကျုံးဝင်ပါတယ်။ အကောင်ထည်ဖော် ဆောင်ရွက်မှုအပိုင်း မလုပ်နိုင်ဘူးဆိုရင်တော့ ... ပြန်လည်ရုပ်သိမ်းပါမယ်'' လို့ ဆိုပါတယ်။
Sedex အစီရင်ခံစာမှာတော့ အဲဒီစက်ရုံကို အများကြီး အကောင်းဘက်က အကဲဖြတ်ဖော်ပြထားပါတယ်။ ဒါပေမဲ့ သူတို့ရဲ့ ရေးသားဖော်ပြချက်ကိုကြည့်ရင် ကြိုတင်ကြေညာထားပြီးမှ သွားရောက်စစ်ဆေးခဲ့တာဖြစ်ကြောင်း ထင်ရှားပါတယ်။ ပြီးတော့ စက်ရုံဝင်းကိုသာ စစ်ဆေးခဲ့ပြီး အဲဒီစက်ရုံကရယူနေတဲ့ စံပယ်ပန်းတွေစိုက်တဲ့စိုက်ခင်းတွေကို သွားရောက်စစ်ဆေးတာမျိုးမရှိခဲ့ပါဘူး။
Sedex ကတော့ ကုမ္ပဏီဟာ ''လုပ်သားအခွင့်အရေးချိုးဖောက်မှု ပုံစံအားလုံးကို ခိုင်ခိုင်မာမာဆန့်ကျင်တယ်''လို့ ပြောပေမဲ့ ''လူ့အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အန္တရာယ်တွေ ဒါမှမဟုတ် ရိုက်ခတ်မှုတွေကို ဖော်ထုတ်ပြီး လျော့ပါးသက်သာအောင်လုပ်ဖို့ တစ်ဦးတစ်ယောက်တည်း နည်းလမ်းတစ်ခုတည်းကို မှီခိုလို့ မရဘူး၊ မှီခိုဖို့ မသင့်ဘူး" လို့ ဆိုပါတယ်။
ကမ္ဘာလုံးဆိုင်ရာ ဝန်ဆောင်မှုကွင်းဆက်တွေမှာ လူ့အခွင့်ရေးချိုးဖောက်မှုဖြစ်နေတာတွေ လျော့သွားအောင်လုပ်နေတဲ့ တာဝန်သိသိလုပ်ငန်းအပ်နှံခြင်းစီမံချက် (Responsible Contracting Project) ကို ဖွဲ့စည်းသူ ရှေ့နေ ဆာရာ ဒါဒတ်ရှ်ကတော့ ဘီဘီစီရဲ့ စုံစမ်းထောက်လှမ်းသတင်းဖော်ပြချက်က '' ... ဒီစနစ်တွေ အလုပ်မလုပ်ဘူး'' ဆိုတာ ပြနေတယ်လို့ ပြောပါတယ်။
သူကတော့ ဒီပြဿနာဟာ ''စာရင်းစစ်တွေက သူတို့ကို စစ်ဖို့ပေးထားတာကိုပဲ စစ်တာဖြစ်ပြီး'' ဒါကပဲ ''ကလေးလုပ်သားအသုံးပြုမှုရဲ့ ပင်မပြဿနာဖြစ်တဲ့'' လုပ်သားတွေကို ပေးနေတဲ့ လုပ်ခလစာကို ထည့်တွက်ဖို့ မပါတာကြောင့် ဖြစ်နိုင်တယ်လို့သူက ပြောပါတယ်။
အီဂျစ် အမွှေးနံ့သာကုန်ကြမ်းလုပ်ငန်း A Fakhry and Co ကတော့ သူ့ရဲ့စိုက်ခင်းတွေနဲ့ စက်ရုံမှာ ကလေးလုပ်သားသုံးတာကို တားမြစ်ထားသလို သူတို့ဝယ်တဲ့ စံပယ်ပန်းအအများစုဟာ တစ်သီးပုဂ္ဂလ ခူးဆွန်သူတွေဆီကနေ လာတယ်လို့ဆိုပါတယ်။ ''၂၀၁၈ ခုနှစ်တုန်းက UEBT ရဲ့ စောင့်ကြည့်မှုအောက်မှာပဲ စံပယ်ပင်ကာကွယ်ရေး ထုတ်ကုန်လျော့ပါးသက်သာရေးစီမံချက် ကို စတင်လုပ်ဆောင်ခဲ့ပါတယ်။ အဲဒီစီမံချက်အရ စံပယ်ခြံတွေမှာ အသက် ၁၈ နှစ်အောက်တွေ အလုပ်လုပ်ကိုင်မှုကို တားမြစ်ပါတယ်'' လို့ ပြောပါတယ်။ ဒါ့အပြင် ''အီဂျစ်မှာ ဘယ်စံနှုန်းတွေနဲ့ပဲ ယှဥ်ယှဥ် စံပယ်ပန်းခူးတာက လုပ်ခ ကောင်းကောင်းရတဲ့အလုပ်ပါ'' လို့လည်း ထပ်လောင်းပြောပါတယ်။
Machalico ဘက်ကတော့ သူတို့ဟာ အသက် ၁၈ နှစ်အောက် ပန်းခူးသူတွေကို အသုံးမပြုသလို ပြီးခဲ့တဲ့ ၂ နှစ်အတွင်း ပန်းခူးခတွေကို တိုးပေးခဲ့ပြီး ဒီနှစ်မှာလည်း ထပ်တိုးပေးဖို့ရှိတယ်လို့ ပြောပါတယ်။ Hashem Brothers ကတော့ ဘီဘီစီရဲ့သတင်းဟာ ''မမှန်ကန်တဲ့အချက်အလက်အပေါ် အခြေခံထားတယ်'' လို့ ပြောပါတယ်။

Lancôme Idôle L'Intense ထုတ်လုပ်တဲ့ Givaudan အမွှေးအကြိုင်လုပ်ငန်းကတော့ ဘီဘီစီရဲ့ စုံစမ်းစစ်ဆေးမှုဟာ ''အလွန်အမင်း ထိတ်လန့်စရာ'' ဖြစ်ပြီး '' ကလေးလုပ်သားအသုံးပြုနေတယ် ဆိုတဲ့စိုးရိမ်စရာအခြေအနေကို ဖယ်ရှားရေး အရေးတယူလုပ်ဆောင်တာတွေ ဆက်လုပ်ဖို့ ဖြစ်လာစေပါတယ်'' လို့ ပြောပါတယ်။
၂၀၂၃ ခုနှစ် နွေကာလတုန်းက Machalico ဆီကနေ စံပယ်ပန်းရယူခဲ့ပြီး Aerin Beauty အတွက် Ikat Jasmine နဲ့ Limone Di Sicilia ထုတ်လုပ်နေတဲ့ အမွှေးအကြိုင်လုပ်ငန်း Firmenich ကတော့ အခုဆို သူတို့ အီဂျစ်မှာ ကုန်ကြမ်းပေးမယ့်သူ ပြောင်းသုံးနေပြီလို့ပြောပါတယ်။ ဒါအပြင် သူတို့အနေနဲ့ ''ဒေသခံစံပယ်ပန်းစိုက်တောင်သူတွေနဲ့ရော၊ လုပ်ငန်းနယ်ပယ်ထဲက မိတ်ဖက်တွေနဲ့ပါ ပူးပေါင်းပြီး ဒီပြဿနာကို ဖြေရှင်းနိုင်ရေး စုပေါင်းလုပ်ဆောင်နိုင်မယ့်ရှေ့ဆောင်အစီအစဥ်တွေကို အားပေးသွားမယ်'' လို့ ပြောပါတယ်။
ဘီဘီစီရဲ့ တွေ့ရှိချက်တွေကို ရေမွှေးဆရာကြီးတွေကိုလည်း ချပြခဲ့ပါတယ်။
လော်ရီယယ်ကတော့ သူတို့ဟာ ''နိုင်ငံတကာက လေးစားသတ်မှတ်ထားတဲ့ လူ့အခွင့်အရေးစံနှုန်းတွေကို တက်တက်ကြွကြွလေးစားလိုက်နာမယ့် ကတိကဝတ် ထားရှိထားပြီး'' ဖြစ်သလို ''စိုက်ပျိုးသူတွေကို ထိခိုက်စေအောင် ပါဝင်ပစ္စည်းတွေရဲ့စျေးနှုန်းကိုလည်း စျေးကွက်နှုန်းထက်ချပြီး ပေးဖို့ အမွှေးအကြိုင်လုပ်ငန်းတွေကို တောင်းဆိုတာမျိုး ဘယ်တုန်းကမှလုပ်ခဲ့တာမရှိပါဘူး။ အဲဒီလိုမျိုး ကျွန်ုပ်တို့ရဲ့ ခိုင်မာတဲ့ကတိကဝတ်တွေရှိနေပေမဲ့ ကမ္ဘာ့အချို့နေရာတွေမှာ လော်ရီယယ်ကို ကုန်ထောက်ပို့သူတွေဟာ ကျွန်ုပ်တို့ရဲ့ကတိကဝတ်တွေကို လေးစားလိုက်နာတဲ့အပိုင်းမှာ စိုးရိမ်စရာအခြေအနေနဲ့ လုပ်ကိုင်နေတာတွေကိုလည်း ကျွန်ုပ်တို့ဘက်က သိပါတယ်'' လို့ ပြောပါတယ်။
''ပြဿနာတစ်ခုခု ပေါ်လာပြီဆိုရင် လော်ရီယယ်ဟာ ဖြစ်ရတဲ့အကြောင်းရင်းခံတွေကို တက်တက်ကြွကြွဖော်ထုတ်ပြီး အဲဒီပြဿနာကို ဖြေရှင်းနိုင်ဖို့ နည်းလမ်းရှာပါတယ်။ ၂၀၂၄ ခုနှစ် ဇန်နဝါရီလတုန်းက ဆိုရင် ကျွန်ုပ်တို့ရဲ့ မိတ်ဖက်ဟာ အထူးသဖြင့် ကလေးလုပ်သားအသုံးပြုမှုတွေကို ပပျောက်ရေးအာရုံစိုက်လုပ်တဲ့အနေနဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ဖြစ်လာနိုင်ခြေရှိမရှိကို မြေပြင်အထိသွားပြီး လေ့လာဆန်းစစ်မှုတွေ လုပ်ခဲ့ပါတယ်။"
အက်စတီး လောင်ဒါကတော့ ''ကျွန်ုပ်တို့အနေနဲ့ ကလေးငယ်တွေအားလုံးရဲ့အခွင့်အရေးဟာ အကာအကွယ်ပေးရမယ့်အရာအဖြစ် ယုံကြည်ပါတယ်။ ပြီးတော့ ဒီအရေးကြီးတဲ့အကြောင်းအရာကိုလည်း စုံစမ်းဖော်ထုတ်ဖို့ ကျွန်ုပ်တို့ရဲ့ကုန်ပစ္စည်းထောက်ပံ့သူကို ဆက်သွယ်ခဲ့ပြီးဖြစ်ပါတယ်။ ဒေသန္တရ စံပယ်ပန်းထောက်ပို့ကွင်းဆက်မှာ ရှုပ်ထွေးတဲ့လူမှုစီးပွားအခြေအနေက ကပ်ပါနေတာကို ကျွန်ုပ်တို့ သတိထားမိပါတယ်။ ပိုပြီးပွင့်လင်းမြင်သာမှုရှိအောင်လည်း ကြိုးပမ်းနေပါတယ်။ ရင်းမြစ်ရယူတဲ့ အသိုင်းအဝိုင်းတွေရဲ့ အသက်မွေးမှုအပိုင်း တိုးတက်လာရေးလည်း လုပ်ဆောင်နေပါတယ်''
အီဂျစ်က ဂါဘီယာမှာတော့ စံပယ်ခူးသူ ဟီဘာတစ်ယောက် နိုင်ငံတကာစျေးကွက်မှာရောင်းနေတဲ့ ရေမွှေးစျေးနှုန်းကို ဘီဘီစီအဖွဲ့က ပြောပြလိုက်တဲ့အခါ အတော်လေးကို အံ့သြသင့်ပါတယ်။
''ဒီမှာ ရှိနေကြသူတွေက ဘာမှတန်ဖိုး မရှိဘူးပေါ့'' လို့ သူက ပြောပါတယ်။
''လူတွေ ရေမွှေးသုံးကြတာကို ဘာမှ ပြောစရာ မရှိပါဘူး။ ဒါပေမဲ့ ရေမွှေးသုံးနေကြသူတွေအနေနဲ့ အဲဒီရေမွှေးထဲမှာ ကလေးတွေနဲ့နာကျင်မှုတွေပါဝင်တယ်ဆိုတာကို မြင်စေချင်တယ်။ ဒီအရေး ထုတ်ပြောစေချင်တယ်''
ဒါပေမဲ့ ရှေ့နေ ဆာရာ ဒါဒတ်ရှ်ကတော့ တာဝန်ယူမှု တာဝန်ခံမှုအပိုင်းဟာ သုံးစွဲသူဆီမှာ မူမတည်ဘူးလို့ ပြောပါတယ်။
''ဒါက ကျွန်မတို့ ရှင်းသင့်တဲ့ ပြဿနာတော့ မဟုတ်ပါဘူး။ ကျွန်မတို့ ဥပဒေလိုတယ်။ ... စီးပွားရေးလုပ်ငန်းဘက် တာဝန်ယူမှု တာဝန်ခံမှုလိုတယ်။ အဲဒီတာဝန်ခံမှုက သုံးစွဲသူတွေအပေါ်မှာပဲ မရှိသင့်နေဘူးလေ''





