စုံတွဲတွေ ဘာကြောင့် ပိုပြီး ခွဲအိပ်လာကြသလဲ
ဖာနန်ဒါ ပေါလ်
ဘီဘီစီ ကမ္ဘာတစ်လွှား

ဓာတ်ပုံ ရင်းမြစ်, Getty Images
အရာအားလုံး ကိုဗစ်-၁၉ ကပ်ရောဂါ အပြီးမှာ စခဲ့တာပါ။
သူ့ကြင်ရာဖက်ရဲ့ ဟောက်သံက မခံနိုင်အောင် ဖြစ်လာပြီး စစ်စလီယာ (အမည်လွှဲ) လုံးဝ အိပ်မပျော်နိုင်တော့ပါဘူး။
တစ်ဖက်လှည့်သွားရင် ဟောက်တာများ ရပ်သွားမလားဆိုပြီး သူ့ကြင်ရာဖက်ကို သူက တွန်းထုတ်နေတာပါ။
ဒါပေမဲ့ အလကားပါပဲ။
အသက် ၃၅ နှစ် အရွယ် စစ်စလီယာ ဘယ်လိုမှ သည်းမခံနိုင်တော့ပါဘူး။ ဒါနဲ့ပဲ သူတို့ တစ်ခန်းတည်း အတူမအိပ်ကြတော့ဖို့ ဆုံးဖြတ်လိုက်ကြပါတယ်။
“အလုပ်မှာ အာရုံမစိုက်နိုင်တော့ဘူးလေ။ တစ်နေကုန် ကြိုးစားတာပါပဲ။ ရက်ပိုင်းတော့ ခံနိုင်ဦးမှာပေါ့။ ဒါပေမဲ့ ရေရှည်တော့ ဘယ်ခံနိုင်မလဲ" လို့ စစ်စလီယာက လန်ဒန်က သူ့နေအိမ်ကနေ ဘီဘီစီကို ပြောပါတယ်။ သူအဲဒီမှာနေတာ နှစ်ပိုင်းကြာနေပါပြီ။
"အဲဒါ လွယ်တော့ မလွယ်ဘူးပေါ့။ ကျွန်မတို့ နည်းနည်းတော့ စိတ်မကောင်း ဖြစ်ကြတယ်။ ဒါပေမဲ့ ကျွန်မတို့ ကောင်းကောင်းအိပ်နိုင်ကြတော့ ကျွန်မ ပျော်ပါတယ်" လို့ သူက ဆက်ပြောပါတယ်။
စစ်စလီယာနဲ့ အသက် ၄၃ နှစ်အရွယ် သူ့လက်တွဲဖော်တို့ “sleep divorce” “ခွဲအိပ်” တဲ့နည်းကို ကျင့်သုံးခဲ့ကြပါတယ်။
“ခွဲအိပ်ကတော့ အများအားဖြင့် အစကတော့ ခဏဆိုပြီး လုပ်ကြတာပေါ့။ နောက်တော့ တစ်ယောက်တည်း အိပ်တာက ပိုပြီး ကောင်းကောင်းအိပ်ရတယ်ဆိုတာကို စုံတွဲတွေ သိလာကြတယ်" လို့ အမေရိကန်နိုင်ငံ မက်ကလင်း ဆေးရုံက စိတ်ရောဂါအထူးကုဆရာဝန် စတက်ဖနီ ကော်လီယာက ပြောပါတယ်။
“ပုံမှန်အားဖြင့် ခွဲအိပ်တာက ကျန်းမာရေးကြောင့်ပါပဲ။ တစ်ယောက်ယောက်က ဟောက်တာ၊ ခြေထောက်လှုပ်ရောဂါရှိတာ၊ အိပ်နေတုန်း လမ်းထလျှောက်တာ၊ ဒါမှမဟုတ် ဆေးတွေကြောင့် အိမ်သာ အကြိမ်ပေါင်းများစွာ ထသွားရတာ တွေကြောင့် ဖြစ်တာ။ အဲဒီတော့ လှုပ်မယ်၊ ဟိုဘက်သည်ဘက် လှိမ့်မယ် အဲဒီတော့ နောက်တစ်ယောက်ကို အနှောင့်အယှက် ဖြစ်တာပေါ့" လို့ သူက ဘီဘီစီကို ပြောပါတယ်။
"အခု ခွဲအိပ်တဲ့ အကျင့်ရှိလာကြပြီး တကယ် ပိုပြီး လူကြိုက်များလာပြီ" လို့ သူက ဆက်ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
မစ်လန်နီယယ် မျိုးဆက်တွေမှာ ဒီလို အကျင့်ပိုဖြစ်လာ
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ပြီးခဲ့တဲ့နှစ်ဆုံးပိုင်းက နာမည်ကျော် အမေရိကန် သရုပ်ဆောင် ကန်မရွန်း ဒီယက်ဇ် က Lipstick on the Rim ပေါ့ကတ်စ်မှာ သူနဲ့ သူ့ခင်ပွန်းတို့ တစ်ခန်းတည်း မအိပ်ကြဘူးလို့ ပြောပြခဲ့ပါတယ်။
“ကျွန်မကတော့ သီးသန့် အိပ်ခန်းတွေရှိဖို့ အကျင့်လုပ်ရမယ် ထင်တယ်” လို့ ပြောပါတယ်။
ဒီလို ထုတ်ပြောလာတာကို ဆိုရှယ်မီယာမှာ ထောင်ပေါင်းများစွာက အကြီးအကျယ် တုံ့ပြန်ပြောဆိုကြပြီး မီဒီယာတွေမှာလည်း ဆောင်းပါးတွေ မျိုးစုံရေးလာကြပေမဲ့ ဟောလိဝုဒ်ကြယ်ပွင့်ရဲ့ ပြောပြတာမျိုးက သူတို့ စုံတွဲ ချည်းပဲ ဖြစ်တာတော့ မဟုတ်ပါဘူး။
အမေရိကန် အိပ်စက်မှု ဆေးပညာ အကယ်ဒမီ (AASM) ရဲ့ လေ့လာမှုအရ အမေရိကန်က ဖြေဆိုသူ သုံးပုံတစ်ပုံကျော်ဟာ အိပ်ရေးဝဝ အိပ်နိုင်အောင် အခါအားလျော်စွာ ဖြစ်ဖြစ် ပုံမှန် သီးခြားအိပ်ခန်းတွေမှာ ဖြစ်ဖြစ် သူတို့ရဲ့ ဇနီး၊ခင်ပွန်းတွေနဲ့ခွဲအိပ်ကြတယ်လို့ သိရပါတယ်။
ဒီလိုခွဲအိပ်တာကို ခန့်မှန်းခြေ အသက် ၂၈ နဲ့ ၄၂ နှစ် အရွယ်ကြား မစ်လန်နီယယ်မျိုးဆက်တွေမှာ ပိုပြီး သိသိသာသာတွေ့ရတယ်လို့ အဲဒီသုတေသနက ဖော်ပြပါတယ်။
တစ်ဝက်နီးပါး (၄၃%) က သူတို့ ကြင်ရာဖက်တွေနဲ့ ခွဲအိပ်ကြတယ်လို့ ဆိုပါတယ်။
နောက်ထပ် အသက်အုပ်စုတွေမှာတော့ X မျိုးဆက် ( ၁၉၆၅ ကနေ ၁၉၈၀ ကြားမွေးသူတွေ) က ၃၃ ရာခိုင်နှုန်း၊ Z မျိုးဆက် ( ၁၉၉၇ ကနေ ၂၀၁၂ ကြားမွေးသူတွေ) က ၂၈ ရာခိုင်နှုန်းနဲ့ Baby boomer မျိုးဆက် ( ၁၉၄၆ ကနေ ၁၉၆၄ ကြားမွေးသူတွေ) က ၂၂ ရာခိုင်နှုန်း ရှိကြပါတယ်။
ဘာကြောင့် အသက်ငယ်တဲ့ မျိုးဆက်တွေမှာ ဒီလို ပိုဖြစ်ကြသလဲဆိုတာကို တိတိကျကျ မသိပေမဲ့ လေ့လာယူဆချက်တွေတော့ ရှိပါတယ်။ တစ်ခုက ခွဲအိပ်တာကို အပြစ်ဆိုတာမျိုးတွေ ပိုနည်းတာကြောင့်ပါ။ အဲဒါက ယဥ်ကျေးမှု ပြောင်းလဲလာတာပါ။ သူတို့က 'ငါပိုအိပ်ရေးဝတယ်၊ အဲဒီတော့ နေရထိုင်ရတာ ပိုကောင်းတယ်။ အဲဒီတော့ ဘာလို့ မလုပ်နိုင်ရမှာလဲ' လို့ တွေးကြတာလို့ ဒေါက်တာ ကော်လီယာက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
သမိုင်းတစ်လျှောက်မှာ ဒီအယူအဆက ပြောင်းလဲခဲ့ပါတယ်။
စုံတွဲ အိပ်ရာ ( နှစ်ယောက်အိပ်ကုတင်) က ခေတ်အမြင် ဖြစ်ပြီး စက်မှုတော်လှန်ရေးနဲ့အတူ ဖြစ်လာတာလို့ သမိုင်းဆရာတွေက ပြောပါတယ်။ အဲဒီကာလမှာ လူတွေက လူနေ ပိုထူထပ်တဲ့နေရာတွေမှာ နေခဲ့ကြပါတယ်။
ဒါပေမဲ့ ၁၉ ရာစု မတိုင်ခင်က အိမ်ထောင်သည် စုံတွဲတွေ သီးခြားစီ အိပ်တာ ပုံမှန်ပဲ ဖြစ်ပါတယ်။
“ပြီးတော့ လူမှုစီးပွားရေး အဆင့်မြင့်လာရင် ခွဲပြီးအိပ်တာ ပိုများလာတာပါပဲ။ တော်ဝင် မိသားစုတွေ ဘယ်လို အိပ်လဲဆိုတာ ကြည့်နိုင်ပါတယ်”လို့ ချီလီ ကက်သလစ် တက္ကသိုလ်၊ ဆေးပညာ ဌာနက အိပ်စက်မှု အထူးပြု ပညာရှင် ပါဘလို ဘရွက်မန်းက ပြောပါတယ်။
ခွဲအိပ်တာရဲ့ ကောင်းကျိုးက ဘာတွေလဲ
တစ်ခန်းစီခွဲအိပ်တဲ့ စုံတွဲတွေမှာ ကောင်းကျိုးတွေ ရှိတယ်ဆိုတာ ပညာရှင်တွေက လက်ခံပါတယ်။
“အဓိက ကောင်းကျိုးကတော့ သူတို့ ကောင်းကောင်း အိပ်ပျော်နိုင်တယ်။ ပြီးတော့ အိပ်ရေးဝတာက ကျန်တဲ့ လူမှုဘဝအဖြာဖြာအတွက် မရှိမဖြစ်ပါပဲ” လို့ ဒေါက်တာ ကော်လီယာက ပြောပါတယ်။
“လူတစ်ယောက် အိပ်မပျော်နိုင်ဘူးဆိုရင် သူတို့ ကိုယ်ခံအားက အစ သူတို့ ကိုယ်ခန္ဓာလုပ်ဆောင်မှုတွေ အကုန်လုံးကို သက်ရောက်မှာပါ။ ပြီးတော့ ပိုပြီး ဒေါသထွက် လွယ်လာမယ်၊ စိတ်မရှည်တော့ဘူး။ စိတ်ကျတာတွေ ဘာတွေလည်း ဖြစ်လာနိုင်တယ်”လို့ သူက ပြောပါတယ်။
“ခွဲပြီးအိပ်တာ”က "ပိုကောင်း"တဲ့ ဆက်ဆံရေး ထိန်းသိမ်းထားဖို့လည်း အထောက်အကူ ဖြစ်စေတယ်လို့ စိတ်ရောဂါ ဆရာဝန်တွေက ယုံကြည်ကြပါတယ်။
“ကောင်းကောင်း အိပ်စက် အနားမယူရတဲ့ စုံတွဲတွေက ပိုပြီး ငြင်းကြခုံကြတယ်၊ ပိုပြီး စိတ်အနှောင့်အယှက် ဖြစ်လွယ်တယ်၊ စာနာစိတ် နည်းလာတယ်”လို့ သူက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
AASM က အဆုတ်ရောဂါ အထူးကုလည်းဖြစ် ပြောခွင့်ရသူလည်းဖြစ်တဲ့ ဆီမာ ခိုစလာက ဒါကို လက်ခံပါတယ်။
"အိပ်ရေးမဝတာက လူရဲ့ စိတ်ခံစားချက်ကို ပိုဆိုးစေပါတယ်။ အိပ်ရေးတွေ ပျက်နေတဲ့သူက သူတို့ ကြင်ရာဖက်တွေနဲ့ ငြင်းတာခုံတာ ပိုဖြစ်နိုင်ပါတယ်။ အိပ်ရေးပျက်အောင် လုပ်တဲ့သူကိုလည်း မကျေနပ်တွေ ဖြစ်လာနိုင်ပြီး ဆက်ဆံရေး ဆိုးရွားသွားစေနိုင်တယ်”လို့ AASM က "ခွဲအိပ်ခြင်း" အကြောင်း သုတေသနကို မိတ်ဆက်ပြောကြားချိန်မှာ သူက ပြောပါတယ်။
“ညဘက် ကောင်းကောင်း အိပ်ရတာက ကျန်းမာရေးအတွက်ရော၊ စိတ်ချမ်းမြေ့ပျော်ရွှင်မှုအတွက်ရော အရေးကြီးပါတယ်။ ဆိုတော့ သူတို့ လူမှုဘဝ အဖြာဖြာအတွက် တချို့ စုံတွေ သီးခြားစီ ခွဲအိပ်ကြတာ အံ့သြစရာတော့ မဟုတ်ပါဘူး” လို့ သူက ပြောပါတယ်။
စစ်စလီယာအတွက်တော့ သူ့ရဲ့ လက်ရှိ လက်တွဲဖော်နဲ့ တစ်ခန်းစီ ခွဲအိပ်ရတာက “သူ့ဘဝ ပြောင်းလဲ”သွားပါတယ်။
“အဲဒါက အများကြီး သက်သောင့်သက်သာ ရှိပါတယ်။ အိပ်လို့ ပိုကောင်းလာပါတယ်။ အိပ်စရာနေရာလည်း ကျယ်ကျယ်ဝန်းဝန်း ပိုရှိလာတယ်။ ဟိုဘက်သည်ဘက် လှိမ့်ရင်လည်း သူများ မနိုးတော့ဘူးပေါ့”လို့ သူက ပြောပါတယ်။
“ပြီးတော့ သူများ ထတဲ့အချိန် လိုက်ထဖို့လည်း မလိုတော့ဘူး။ ကိုယ်တကယ် ထချင်တဲ့ အချိန်မှ ထလို့ရတယ်။”
ဆိုးတာတွေက ဘာတွေလဲ
အသိသာဆုံး ဆိုးတဲ့ အချက်ကတော့ အဲဒီလို ခွဲအိပ်မယ်ဆိုရင် အိပ်ရာ နောက်တစ်ခုထပ်လိုပါမယ်။ ပြီးတော့ အခန်းနောက်ထပ်တစ်ခန်းလည်း လိုဦးမှာဆိုတော့ စုံတွဲ တော်တော်များများ အတွက်တော့ စဥ်းတောင်စဥ်းစားလို့ မရပါဘူး။
ပြီးတော့ အဲဒါတွေ ဖြစ်နိုင်တယ်ဆိုရင်တောင် ဒီလို ဆုံးဖြတ်တာက အဆိုးသက်ရောက်မှုတွေလည်း ဖြစ်လာနိုင်ပါတယ်။ စုံတွဲတော်တော်များများက ရင်းရင်းနှီးနှီး နွေးနွေးထွေးထွေး မရှိတော့မှာကို စိုးရိမ်ကြတာပါ။
“ကျွန်မ လက်တွဲဖော်နဲ့ ကျွန်မတို့ကြား ရင်းနှီးမှုမှာတော့ တစ်မျိုးတစ်ဖုံတော့ ပြောင်းသွားပါတယ်” လို့ စစ်စလီယာက ဆိုပါတယ်။
“ဆက်ဆံရေးတွေ၊ နွေးနွေထွေးထွေး အထိအတွေ့တွေတော့ ထိခိုက်သွားတာပေါ့။ ဒါပေမဲ့ ပြောပလောက်တဲ့အထိ ဆိုးမသွားပါဘူး။ ကောင်းတာက ပိုများတယ်လို့ ထင်ပါတယ်”လို့ သူက ပြောပါတယ်။
အချိန်ပြည့် အလုပ်လုပ်ကြတဲ့သူတွေက သူတို့ ကြင်ရာဖက်တွေနဲ့ ကောင်းကောင်းဆုံရတဲ့အချိန်ကအိပ်ရာဝင်ချိန်ပဲ ရှိတယ်လို့ ဒေါက်တာ ကော်လီယာက ပြောပါတယ်။
“ဒါကြောင့် သူတို့ အတူတူရှိတဲ့အချိန်ကို အကောင်းဆုံး အသုံးချနိုင်ဖို့က ဖြေရှင်းနည်းတစ်ခုပါ” လို့ သူက ပြောလာပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
ဒေါက်တာ ဘရွက်မန်းကတော့ အဲဒီလို “ခွဲအိပ်တဲ့နည်း” က စုံတွဲတွေ အကုန်လုံးမှာတော့ အလုပ်ဖြစ်တာ မဟုတ်ဘူးလို့ ပြောပါတယ်။
“နှစ်ယောက်အတူတူ အိပ်တာက ဇီဝဗေဒပိုင်းအရ ကောင်းကျိုး ရှိပါတယ်။ တော်တော်များများအတွက် အတူတူ အိပ်ကြတာက စိတ်ချင်းဆက်သွယ်မှု ရှိစေပါတယ်။ အဲဒါက လူသားတွေအတွက် အခြေခံပါပဲ။ ဥပမာ အမေနဲ့ ကလေးဆို မိခင်နို့တိုက်ရင်း အိပ်ချိန်၊နိုးချိန် တွေတူလာကြပြီး နှစ်ယောက်လုံးအတူ အိပ်စက်အနားယူနိုင်ကြတာပေါ့။”
“စုံတွဲတွေ အဲဒီလို ဆက်နွှယ်တာတွေ ရှိလာကြပြီဆိုရင် နှစ်ပေါင်းများစွာ အတူတကွ အိပ်ကြတဲ့ စုံတွဲတွေက ကောင်းကောင်းအိပ်ပျော်အောင် အိပ်တတ်ကြတယ်ဆိုတဲ့ လေ့လာတွေ့ရှိမှုတွေ ရှိပါတယ်” လို့ အိပ်စက်မှု အိပ်စက်မှု အထူးပြု ပညာရှင်က ပြောပါတယ်။
ဒါပေမဲ့ စုံတွဲတစ်တွဲက “ခွဲအိပ်”ဖို့ ဆုံးဖြတ်လိုက်ပြီဆိုရင် လိုက်နာသင့်တဲ့ အကြံပြုချက်တွေလည်း ရှိပါတယ်လို့ ပညာရှင်တွေက ပြောပါတယ်။
“တစ်ယောက်က ခွဲအိပ်ချင်ပြီး နောက်တစ်ယောက်က ခွဲမအိပ်ချင်ဘူးဆိုရင်တော့ ဒါက အလုပ်မဖြစ်ပါဘူး။ ဘာလို့လဲဆိုတော့ အဲဒါက စိတ်မကျေမနပ်တာတွေ ဖြစ်လာနိုင်ပါတယ်” လို့ ဒေါက်တာ ကော်လီယာက ပြောပါတယ်။
“တချို့လူတွေက တစ်ယောက်တည်း မအိပ်ချင်ပါဘူး။ အဲဒါကို သူတို့ မခံစားနိုင်ပါဘူး။ အဲဒါကြောင့် နှစ်ယောက်စလုံး သဘောတူတဲ့ ညီညီမျှမျှ ဆုံးဖြတ်ချက်ချဖို့ ထည့်စဥ်းစားသင့်ပါတယ်။”
ဒေါက်တာ ဘရွက်မန်းက သဘောတူပါတယ်။
“ဟောက်တာ၊ ခြေထောက်လှုပ်တဲ့ရောဂါရှိတာ၊ အိပ်ရင်းလမ်းထလျှောက်တာတွေ ဖြစ်တဲ့သူအတွက် ခက်ပါတယ်။ ဘာလို့လဲ ဆိုတော့ အဲဒီလို ဖြစ်တဲ့သူတွေဘက်က ခွဲမအိပ်ချင်တတ်ကြတာပါ။ အမျိုးသားတွေက ပိုပြီး ခွဲမအိပ်ချင်ကြပါဘူး”လို့ သူက ပြောပါတယ်။
အနည်းဆုံးတော့ တချို့နိုင်ငံတွေမှာ ခွဲအိပ်တဲ့အလေ့အကျင့် တိုးလာတယ်လို့ သုတေသနတွေအရ သိရပါတယ်။
ယူကေက အိပ်ရာခမ်းနားလုပ်ငန်းတွေက ထူထောင်ထားတဲ့ National Bed Federation က ၂၀၂၀ မှာ လေ့လာမှုအရ အတူတူနေကြတဲ့ ဗြိတိန် စုံတွဲခြောက်တွဲမှာ တစ်တွဲ (၁၅ %) က သီးခြားစီ အိပ်စက်နေကြပြီလို့ လေ့လာတွေ့ရှိခဲ့ပါတယ်။ သူတို့ထဲက ၁၀ တွဲမှာ ၉ တွဲနီးပါးက သီးခြားအခန်းတွေမှာ အိပ်ကြတာ ဖြစ်ပါတယ်။
အိပ်စက်မှုကောင်စီက ၂၀၀၉ မှာ ဖော်ပြခဲ့တဲ့ စစ်တမ်းမှာတော့ ခွဲအိပ်တာက စုံတွဲ ၁၀ တွဲမှာ တစ်တွဲ ( ၇%) မပြည့်ခဲ့ဘူးလို့ သိရပါတယ်။
“ဒါကြောင့် သီးခြားစီခွဲအိပ်နှုန်းက ပြီးခဲ့တဲ့ ဆယ်စုနှစ်မှာ နှစ်ဆလောက်တိုးလာတာ ပြနေတာကို” National Bed Federation က လေ့လာတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် ဘယ်သူ ဘယ်နေရာမှာ အိပ်မယ်ဆိုတာနဲ့ ပတ်သက်လာရင် ချစ်သူ၊အိမ်ထောင်ဖက်ရှိကြသူတွေဟာ အိပ်ရေးဝ၀ ကောင်းကောင်းအိပ်စက်နိုင်ဖို့ကို ပိုဦးစားပေးလာကြပြီ ဖြစ်ပါတယ်။








