"မိသားစုနဲ့ ပြန်လည်သင့်မြတ်ဖို့ မလုပ်ချင်ပါဘူး"- ဘရွတ်ကလင်းဘက်ခမ်း

ဘရွတ်ကင်း၊ ဗစ်တိုးရီးယားနဲ့ ဒေးဗစ်ဘက်ခမ်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဆာဒေးဗစ်ဘက်ခမ်းနဲ့ လေဒီဗစ်တိုးရီးယားဘက်ခမ်း တို့က သူတို့ရဲ့ အကြီးဆုံးသား ဘရွတ်ကလင်းနဲ့ သူ့ဇနီး နီကိုလာတို့အကြား ဖြစ်ပေါ်နေတဲ့ မိသားစုအတွင်း အဆင်မပြေမှုကိုလူသိရှင်ကြား အတည်ပြု ပြောကြားထားခြင်း မရှိသေးပါဘူး။
    • ရေးသားသူ, မိုင်ယာဒေဗီ
    • ရာထူးတာဝန်, ဘီဘီစီကမ္ဘာတလွှား

ဆာဒေးဗစ်ဘက်ခမ်းရဲ့ သားကြီးဖြစ်သူ ဘရွတ်ကလင်း ပယ့်လ်ဇ် ဘက်ခမ်းက သူ့မိဘတွေနဲ့ သူ့ကြားက ဆက်ဆံရေးအခြေအနေကို ဖော်ပြထားတဲ့ သတင်းတွေကို ပထမဆုံးအကြိမ် လူသိရှင်ကြား တုံ့ပြန်ပြောကြားလာပါတယ်။ အဲဒီပြောကြားချက်တွေထဲမှာ သူ့အနေနဲ့ '' မိသားစုနဲ့ ပြန်လည်သင့်မြတ်ရေး မလုပ်ချင်ဘူး'' ဆိုတဲ့ ပြောဆိုချက်လည်းပါဝင်ပါတယ်။

သူ့ရဲ့ Instagram ပေါ်မှာ ဆက်တိုက်တင်ထားတဲ့ ပို့စ်တွေထဲမှာ သူ့မိဘ နှစ်ဦးဖြစ်တဲ့ ဆာဒေးဗစ်ဘက်ခမ်းနဲ့ လေဒီဗစ်တိုးရီးယားဘက်ခမ်းတို့ဟာ သူနဲ့ သူ့ဇနီး နီကိုလာ ပယ့်လ်ဇ် ဘက်ခမ်း တို့ကို သတင်းမီဒီယာတွေထဲကနေ "တိုက်ခိုက်ပြစ်တင်နေတယ်"လို့ ပြောပါတယ်။ သူ့မိဘတွေဟာ သူနဲ့သူ့ဇနီးရဲ့ ဆက်ဆံရေးကိုဖျက်ဖို့ တောက်လျှောက်ကြိုးစားခဲ့တယ်လို့ ဆိုပါတယ်။

မိသားစုအတွင်း မပြေလည်မှုတွေရှိနေတယ်ဆိုတဲ့ ခန့်မှန်းပြောဆိုချက်တွေ လပေါင်းအတော်ကြာအောင် ထွက်ပေါ်နေခဲ့တဲ့အချိန်မှာ သူ့အနေနဲ့ ဒါကို ကိုယ်ရေးကိုယ်တာကိစ္စအဖြစ်သာ ဖြေရှင်းခဲ့ပေမဲ့ နောက်ဆုံးမှာတော့ "သူ့အတွက်ရော အမှန်တရားအတွက်ပါ ထုတ်ပြောရမယ့်အခြေအနေရောက်လာခဲ့တယ်" လို့ ဆိုပါတယ်။

ဘရွတ်ကလင်းရဲ့ ပြောဆိုချက်အပေါ် မှတ်ချက်ရဖို့ ဘီဘီစီက ဒေးဗစ်ဘက်ခမ်းနဲ့ ဗစ်တိုးရီးယားတို့ရဲ့ ကိုယ်စားလှယ်တွေကို ဆက်သွယ်ထားပါတယ်။ သူတို့နှစ်ဦးကတော့ မိသားစုအတွင်း အဆင်မပြေမှု ရှိနေတယ်ဆိုတဲ့အချက်ကို တစ်ခါမှ လူသိရှင်ကြား အတည်ပြု ပြောကြားထားခြင်း မရှိပါဘူး။

အသက် ၂၆ နှစ်အရွယ် မော်ဒယ် ဘရွတ်ကလင်းက ဖော်လိုဝါ ၁၆ သန်းရှိတဲ့ သူ့ရဲ့ အင်စတာဂမ် အကောင့်မှာ တင်ထားတဲ့ ပို့စ်တွေထဲမှာ "ဒီအကြောင်းအရာတွေကို နှစ်ပေါင်းများစွာ နှုတ်ဆိတ်နေခဲ့ပြီး ကိုယ်ရေးကိုယ်တာအဖြစ်သာထိန်းသိမ်းထားဖို့ အပြည့်အဝ ကြိုးစားခဲ့ပါတယ်" လို့ ရေးသားခဲ့ပါတယ်။

''ကံမကောင်းစွာနဲ့ပဲ ကျွန်တော့်မိဘတွေနဲ့ သူ့တို့ရဲ့ လုပ်ငန်းထဲက သူတွေက မီဒီယာတွေကိုအဆင်ပြေနေကြောင်းသာ ပုံဖော်ပြောဆိုနေတာကြောင့် မီဒီယာထဲပါနေတဲ့ မုသားတချို့ရဲ့ အမှန်တရားကိုပြောပြဖို့ မလွှဲမရှောင်သာ ဖြစ်လာခဲ့ပါတယ်။

''ကျွန်တော်မိသားစုနဲ့ ပြန်လည်သင့်မြတ်ရေး လုပ်ချင်တာ မရှိပါဘူး။ ကျွန်တော့်ကို ထိန်းချုပ်ထားတာမျိုး ကျွန်တော်မခံပါဘူး။ ဘဝမှာ ပထမဆုံးအကြိမ်အနေနဲ့ ကိုယ့်အတွက် ကိုယ်ကိုယ်တိုင် ရပ်တည်ပြောဆိုခြင်းသာ ဖြစ်ပါတယ်။

''မကြာသေးခင်ကပဲ ကျွန်တော့် မျက်မြင်ကိုယ်တွေ့ သိခဲ့ရတာက သူတို့ရဲ့ ကိုယ်ပိုင်ပုံရိပ်ကို ထိန်းသိမ်းထားဖို့အတွက် အပြစ်မရှိတဲ့ လူတွေကို ထိခိုက်စေတဲ့အထိ မီဒီယာတွေထဲမှာ မုသားအများကြီး ထည့်သွင်းပုံဖော်ဖို့ ဘယ်လောက်ထိ ကြိုးစားကြတယ်ဆိုတာပါပဲ။ ဒါပေမယ့် အမှန်တရားကတော့ အမြဲတမ်း ထွက်ပေါ်လာတတ်တယ်လို့ ကျွန်တော် ယုံကြည်ပါတယ်။"

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ဘရွတ်ကလင်းရဲ့ ပို့စ်တွေမှာ သူ့ရဲ့ ကြင်သူဇနီးမယားနဲ့ သူ့ဆက်ဆံရေးအပေါ်ကို အလေးထား ဖော်ပြထားပါတယ်။ သူ့ဇနီးက အမေရိကန် သရုပ်ဆောင်မင်းသမီးတစ်ဦးဖြစ်သလို ဘီလျံနာ စီးပွားရေးလုပ်ငန်းရှင် နယ်လ်ဆင် ပယ့်လ်ဇ်ရဲ့ သမီးဖြစ်တဲ့ နီကိုလာပါ။

"မိသားစုအဖြစ် တစ်စုတစ်စည်းတည်း ဖြစ်အောင် ကျွန်တော်တို့ဘက်က ဘယ်လောက်ကြိုးစားခဲ့ပါစေ (နီကိုလာ ဟာ) ကျွန်တော့်မိသားစုဘက်က အမြဲတမ်း လေးစားမှုမရှိဘဲ ဆက်ဆံခံခဲ့ရတယ်" လို့ သူကရေးတင်ခဲ့ပါတယ်။

သူတို့ရဲ့ မင်္ဂလာပွဲကို ဖျက်ဆီးဖို့ မိဘတွေက ကြိုးစားခဲ့တယ်လို့ ဘရွတ်ကလင်းက စွပ်စွဲပြောကြားထားပါတယ်။ ဖက်ရှင်ဒီဇိုင်နာဖြစ်တဲ့ သူ့မိခင် ဗစ်တိုးရီးယားက နီကိုလာ ဝတ်ဆင်ဖို့ သူကိုယ်တိုင် မင်္ဂလာဝတ်စုံဒီဇိုင်းလုပ်ပေးမယ်လို့ ကတိကဝတ်ပြုထားပြီး နီကိုလာကလည်း ယောက္ခမလောင်းရဲ့လက်ရာနဲ့ ပွဲထွက်ဖို့ စိတ်လှုပ်ရှားနေခဲ့ပေမဲ့ နောက်ဆုံးအချိန်ကျမှ ကပ်ပြီး ရုတ်တရက် ပယ်ဖျက်လိုက်တာကြောင့် နီကိုလာအနေနဲ့ ဝတ်စုံအသစ် တစ်စုံကို အရေးပေါ် ရှာဖွေခဲ့ရတယ်လို့ ဆိုပါတယ်။

အဲဒီအချိန်တုန်းက သတင်းတွေထွက်ပေါ်ခဲ့တာက လက်ရှိ အသက် ၃၁ နှစ်ရှိနေပြီဖြစ်တဲ့ နီကိုလာက လေဒီဗစ်တိုးရီးယားဘက်ခမ်းရဲ့ ဝတ်စုံဒီဇိုင်းတစ်ခုကို မဝတ်ချင်ဘူးလို့ ငြင်းဆိုခဲ့တယ်ဆိုတာပါ။ ဒါပေမယ့် နောက်ပိုင်းမှာ နီကိုလာက The Times သတင်းဌာနကို ပြောကြားရာမှာတော့ ဗစ်တိုးရီးယားအနေနဲ့ သူ့ စက်ချုပ်အလုပ်ရုံ (atelier) က ဝတ်စုံကို အချိန်မီ ပြီးစီးအောင် မလုပ်နိုင်ဘူးဆိုတာ နားလည်သဘောပေါက်ခဲ့တာသာ ဖြစ်ပြီး မိသားစုအတွင်း အငြင်းပွားမှုရှိနေတယ်ဆိုတာမျိုး မဟုတ်ကြောင်း ပြောသွားပါတယ်။

ဒါတင်မက ဘရွတ်ကလင်းရဲ့ ပြောဆိုချက်မှာ သူတို့စုံတွဲရဲ့ ပထမဆုံးအကဖြစ်ရမယ့်အချိန်မှာ မိခင်က ကြားဖြတ်ဝင်လုခဲ့တယ်လို့ ဆိုပါတယ်။ သူ့ ဇနီးကို နေရာမပေးဘဲ ဗစ်တိုးရီးယားဘက်ခမ်းက စင်ပေါ်မှာ ဘရွတ်ကလင်းကို စောင့်နေပြီး အရင်တွဲကခဲ့တယ်၊ သူနဲ့တွဲကပုံကလည်း လူအများရှေ့မှာ မသင့်တော်တဲ့ အခြေအနေဖြစ်ခဲ့တယ်လို့ ပြောပါတယ်။

ဘရွတ်ကလင်းက သူနဲ့ နီကိုလာတို့ ၂၀၂၅ ခုနှစ်မှာတော့ မင်္ဂလာကတိကဝတ် အသစ်တွေချခဲ့ကြတယ်လို့ဆိုပါတယ်။ "စိတ်ဖိစီးမှုနဲ့ ရှက်စရာတွေမဟုတ်ဘဲ ပျော်ရွှင်မှုနဲ့ ဝမ်းမြောက်မှုကို ပေးစွမ်းနိုင်တဲ့ အမှတ်တရအသစ်တွေ" ဖန်တီးဖို့လုပ်ခဲ့ရတာလို့ ပြောပါတယ်။

ဘရွတ်ကလင်းက သူတို့ မင်္ဂလာပွဲ မကျင်းပခင် ရက်သတ္တပတ်အနည်းငယ်အလိုမှာ သူ့မိဘတွေက သူ့အမည်ကို အသုံးပြုခွင့်ဆိုင်ရာ အခွင့်အရေးတွေကို စွန့်လွှတ် လက်မှတ်ထိုးဖို့ အကြိမ်ကြိမ် ဖိအားပေးခဲ့ပြီး အကျိုးအမြတ်ပေးကာ ဆွဲဆောင်ဖို့ ကြိုးစားခဲ့တယ်လို့လည်း စွပ်စွဲခဲ့ပါတယ်။

ဒါပေမဲ့ ဘယ်လိုအခွင့်အရေးတွေကို ဆိုလိုထားတာလဲဆိုတာကိုတော့ ရှင်းရှင်းလင်းလင်းပြောထားတာ မရှိသေးပါဘူး။

သူက အဲဒီလို လက်မှတ်ထိုးဖို့ကို သဘောမတူဘဲ ရှောင်ရှားခဲ့တာကြောင့် "သူ့ရဲ့ ငွေကြေးရပိုင်ခွင့် အကျိုးခံစားခွင့်ကိုထိခိုက်စေခဲ့ပြီး အဲဒီအချိန်ကစပြီး မိဘတွေက သူ့ကိုအရင်လို မဆက်ဆံတော့ဘူး" လို့ ပြောပါတယ်။

ဘက်ခမ်းမိသားစုနဲ့ ဘရွတ်ကလင်းနဲ့ နီကိုလာတို့ကို ပွဲတစ်ခုမှာ အတူတွေ့ရပုံ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၂၀၂၃ ခုနှစ် အောက်တိုဘာလမှာ Netflix မှ ထုတ်လွှင့်တဲ့ သူတို့မိသားစုမှတ်တမ်းရုပ်ရှင်ပွဲ အခမ်းအနားကို မိသားစုဝင်တွေအတူ တက်ရောက်ခဲ့ကြပါတယ်။

သူက မိသားစုအတွင်း အဆင်မပြေမှုရှိနေတယ်ဆိုတဲ့ ခန့်မှန်းပြောဆိုချက်တွေကို ပိုပြီး ကျယ်ကျယ်လောင်လောင် ဖြစ်စေခဲ့တဲ့ အဖြစ်အပျက်တစ်ခုကိုလည်း ရည်ညွှန်းပြောကြားခဲ့ပါတယ်။ အဲဒါကတော့ မေလမှာ ကျင်းပခဲ့တဲ့ ဆာဒေးဗစ်ဘက်ခမ်းရဲ့ အသက် ၅၀ ပြည့် မွေးနေ့ပါတီကို သူနဲ့ ဇနီးတို့ မတက်ရောက်ခဲ့တာဖြစ်ပါတယ်။

ဘရွတ်ကလင်းကတော့ သူနဲ့ သူ့ဇနီးတို့ဟာ ဆာဒေးဗစ်ဘက်ခမ်းရဲ့ မွေးနေ့အတွက် လန်ဒန်ကို ရောက်လာခဲ့ကြပြီး ဖခင်ဖြစ်သူနဲ့ ကိုယ်ပိုင်အချိန်ကို အတူတကွ ကုန်ဆုံးနိုင်ဖို့ စီစဉ်နေချိန်မှာ ဟိုတယ်အခန်းထဲမှာ တစ်ပတ်လောက်စောင့်နေရပြီး ငြင်းပယ်ခံခဲ့ရတယ် လို့ ပြောပါတယ်။

"ဧည့်သည် တစ်ရာလောက်ရှိပြီး နေရာတိုင်းမှာ ကင်မရာတွေ တပ်ထားတဲ့ သူ့ရဲ့ မွေးနေ့ပါတီကြီးကိုပဲ တက်ရောက်ဖို့ လက်ခံခဲ့ပြီး အဲဒီလိုမဟုတ်တဲ့ တခြားကျွန်တော်တို့ရဲ့ ကြိုးစားမှုအားလုံးကိုသူက ငြင်းပယ်ခဲ့ပါတယ်" လို့ ရေးတင်ခဲ့ပါတယ်။

သူက သူ့အဖေဟာ နောက်ဆုံးမှာတော့ သူနဲ့တွေ့ဆုံဖို့ သဘောတူခဲ့ပေမယ့် သူ့ဇနီး မပါဘဲသာ တွေ့ရမယ်ဆိုတဲ့ အခြေအနေနဲ့ ဖြစ်ခဲ့တယ် လို့ ပြောကြားပြီး အဲဒါက "မျက်နှာကို ဖြတ်ရိုက်လိုက်သလို ဖြစ်ခဲ့တယ်" လို့ ဖော်ပြခဲ့ပါတယ်။ ဒါ့အပြင် နောက်ပိုင်း လော့စ်အန်ဂျလိစ်ကို သွားရောက်ခဲ့ချိန်မှာလည်း မိသားစုဘက်က သူ့ကို တွေ့ဆုံဖို့ ငြင်းဆန်ခဲ့တယ်လို့ ပြောပါတယ်။

အဲဒီအချိန်တုန်းကတော့ သတင်းရင်းမြစ်တစ်ဦးက BBC ကို ပြောကြားခဲ့တာက ဘရွတ်ကလင်းက ပါတီကို မတက်ရောက်ဖို့ ကိုယ်တိုင် ဆုံးဖြတ်ခဲ့တာဖြစ်ပြီး အကြောင်းရင်းကတော့ သူ့ ညီ ရိုမီယိုဟာ အရင်က ဘရွတ်ကလင်းနဲ့ ချိတ်ဆက်မှုရှိခဲ့ဖူးတဲ့ အမျိုးသမီးတစ်ဦးနဲ့အတူ ပါတီကို တက်ရောက်မယ်ဆိုတာကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

သူ့အမေက သူနဲ့ အရင်တုန်းက ဆက်ဆံရေးရှိခဲ့ဖူးတဲ့ အမျိုးသမီးတွေကို ထပ်ခါတလဲလဲ မိသားစုထဲကို ခေါ်သွင်းခဲ့တယ်၊ ဒါဟာ သူနဲ့ လက်ရှိဇနီးတို့ နှစ်ဦးစလုံးကို အဆင်မပြေ စိတ်ကသိကအောင့်ဖြစ်စေချင်တဲ့ ရည်ရွယ်ချက်ရှိရှိ လုပ်ရပ်မျိုးလို့ စွပ်စွဲရေးသားထားပါတယ်။

အကြီးဆုံးသား ဘရွတ်ကလင်းကတော့ သူ့မိသားစုဟာ အရာအားလုံးထက် လူသိရှင်ကြား ထင်ပေါ် ကျော်ကြားမှုနဲ့ လုပ်ငန်းအောင်မြင်မှုတွေကို ပိုပြီးအလေးထားတယ်လို့ ဝေဖန်ပြောကြားပါတယ်။

"Brand Beckham ဘက်ခမ်းအမှတ်တံဆိပ်က သူတို့အတွက် ပထမဦးစားပေး အရေးကြီးဆုံးပါ" လို့ သူက ရေးသားခဲ့ပြီး "မိသားစုရဲ့ 'အချစ်' ဆိုတာကို လူမှုမီဒီယာပေါ်မှာ ဘယ်လောက်ရေးသလဲ တင်သလဲဆိုတဲ့ အတိုင်းအတာနဲ့ ဆုံးဖြတ်ကြတယ်"လို့ ထည့်ပြောထားပါတယ်။

"Brand Beckham" ဘက်ခမ်းအမှတ်တံဆိပ်ဆိုတာက အင်္ဂလန်ဘောလုံးသမားဟောင်း ဒေးဗစ်ဘက်ခမ်းနဲ့ Spice Girl အဖွဲ့ဝင်ဟောင်း ဗစ်တိုးရီးယားဘက်ခမ်းတို့ "ပါဝါစုံတွဲ" ရဲ့ စီးပွားရေးမိတ်ဖက်အဖွဲ့အစည်း၊ အားကစား၊ ဖက်ရှင်နဲ့ မီဒီယာတို့ကို ပေါင်းစပ်ထားတဲ့ ဘက်ခမ်းအမည်သုံးစွဲတဲ့ လုပ်ငန်းစု အဖွဲ့အစည်းဖြစ်ပါတယ်။

"ကျွန်တော် ဘဝအချိန်အများစုကို မိဘများရဲ့ ထိန်းချုပ်မှုအောက်မှာ နေထိုင်လာခဲ့ရပါတယ်။ ကြီးပြင်းလာတဲ့ အချိန်တလျှောက်လုံး စိတ်ဖိစီးမှုကြီးမားစွာ ခံစားခဲ့ရပါတယ်။ မိသားစုကနေ ထွက်ခွာလာတဲ့ နောက်ပိုင်းမှာတော့ ဘဝထဲမှာ ပထမဆုံးအကြိမ်အဖြစ် အဲဒီ စိတ်ဖိစီးမှုတွေ ပျောက်ကွယ်သွားခဲ့ပါတယ်" လို့ ဘရွတ်ကလင်းက ရေးခဲ့ပါတယ်။

သူ့မိဘတွေဘက်က သူ့ကို တိတ်တိတ်တစ်မျိုး လူသိရှင်ကြားတစ်ဖုံနဲ့ မပြတ်တိုက်ခိုက်မှုတွေခံခဲ့ရပြီး အဲဒီတိုက်ခိုက်မှုတွေထဲက သူတို့ဖြန့်ဝေချင်တဲ့ အကြောင်းအရာတွေကို သူတို့ရဲ့ အဖွဲ့တွေဆီကတစ်ဆင့် မီဒီယာတွေဆီ ပို့ခဲ့ကြတယ်လို့ ဘရွတ်ကလင်းက ပြောပါတယ်။

သူ့ ညီငယ်တွေကပါ လူမှုမီဒီယာပေါ်မှာ သူ့ကို တိုက်ခိုက်အောင် တွန်းပို့ခဲ့ကြတယ်လို့ ပြောပါတယ်။ နောက်ဆုံးမှာတော့ ပြီးခဲ့တဲ့နွေရာသီက သူ့ကို အကြောင်းမဲ့ Block လုပ်ပိတ်သွားခဲ့ကြတယ်လို့ ဆိုပါတယ်။

အသက် ၂၀ နှစ်အရွယ် ခရက်ဇ်ဘက်ခမ်းက သူတို့မိဘတွေဟာ သူတို့သားတွေကို ဘယ်တော့မှ unfollow မလုပ်ပါဘူးလို့ ဒီဇင်ဘာလမှာ ပြောကြားခဲ့ပါတယ်။ ဘက်ခမ်းစုံတွဲက အဲဒီလိုလုပ်ခဲ့တယ်လို့ ဆိုထားတဲ့ Daily Mail သတင်းတစ်ပုဒ်ကို တုံ့ပြန်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

"ပြောနေကြတာတွေက မမှန်ပါဘူး။ အမေနဲ့ အဖေက သူတို့ရဲ့ သားကို ဘယ်တော့မှ unfollow မလုပ်ပါဘူး။ အချက်အလက်တွေကို မှန်မှန်ကန်ကန် သိအောင် လုပ်ကြပါ" လို့ သူက Instagram ပေါ်မှာ ရေးသားခဲ့ပါတယ်။

"သူတို့လည်း ကျွန်တော့်လိုပဲ မနက်အိပ်ရာထပြီးကြည့်လိုက်တော့ block လုပ်ထားခံထားရတာကို တွေ့ခဲ့ရတာပါ။"

အင်္ဂလန်ဘောလုံးအသင်းခေါင်းဆောင်ဟောင်း ဆာဒေးဗစ်ဘက်ခမ်းနဲ့ စပိုက်စ်ဂဲလ် အဖွဲ့ဝင်ဟောင်း လေဒီဘက်ခမ်းတို့မှာ သားသမီး လေးဦးရှိပါတယ်။ အကြီးဆုံးသား ဘရွတ်ကလင်းအပြင် သားနှစ်ယောက်ဖြစ်တဲ့ ရိုမီရို (အသက် ၂၃ နှစ်)၊ ခရက်ဇ် (၂၀ နှစ်) နဲ့ အငယ်ဆုံးသမီး ဟာပါဆဲဗင်း (အသက် ၁၄ နှစ်) တို့ ဖြစ်ပါတယ်။