လန်ဒန် ဟော်နင်မန် ပြတိုက်က ရှေးဟောင်း ပစ္စည်း ၇၂ ခု နိုင်ဂျီးရီးယားကို ပြန်ပေးဖို့ သဘောတူ

လန်ဒန်က ဟော်နင်မန် ပြတိုက်မှာရှိတဲ့ ၁၉ ရာစု ဘန်နင်းအင်ပါယာ လက်ထက် (လက်ရှိ နိုင်ဂျီးရီးယား နိုင်ငံ အနောက်တောင်ပိုင်း)က လုယက်ခံရတဲ့ ရှေးဟောင်းပစ္စည်းတွေကို နိုင်ဂျီးရီးယားနိုင်ငံကို ပြန်ပေးဖို့ သဘောတူထားပြီလို့ ပြတိုက်တာဝန်ရှိသူတွေက ပြောပါတယ်။
ရှေးဟောင်းပစ္စည်း ၇၂ ခုကို မူလပိုင်ရှင် နိုင်ဂျီးရီးယားအစိုးရထံကို ပြန်လွှဲပေးဖို့ သဘောတူ ထားကြောင်း ဟော်နင်မန် ပြတိုက်က တရားဝင် ထုတ်ပြောထားတာပါ။
ပြန်ပေးမယ့် ပစ္စည်းတွေထဲမှာ ဘန်နင်းခေတ် ကြေးပစ္စည်းတွေလို့ လူတွေက သိထားကြတဲ့ ကြေးကမ္ပည်း ၁၂ ခု ၊ ကြေးဝါ ကြက်ဖရုပ်တရုပ် နဲ့ ဘုရင့်နန်းတော်ရဲ့ သော့တစ်ခု ပါဝင် ပါတယ်။
အခုလို ပြန်ပေးဖို့ ဆုံးဖြတ်ရတာဟာ နိုင်ဂျီးရီးယားနိုင်ငံ အမျိုးသားပြတိုက်နဲ့ အထိမ်းအမှတ်များဆိုင်ရာ ကော်မရှင် (NCMM)တို့က ဇန်နဝါရီလတုန်းက ပြန်ပေးဖို့ တောင်းဆိုခဲ့လို့ ဖြစ်ပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး လန်ဒန်မြို့ အရှေ့တောင်ပိုင်းက ဟော်နင်မန် ပြတိုက်ဟာ နိုင်ဂျီးရီးယားနဲ့ ယူကေ အခြေစိုက် ရှေးဟောင်း အမွေအနှစ်ဆိုင်ရာ ပညာရှင်တွေ၊ ပညာရှင်တွေ ၊ ဧည့်သည်တွေ ၊ ကျောင်းသူကျောင်းသားတွေကို တိုင်ပင်ဆွေးနွေး အကြံဉာဏ်တွေ ရယူခဲ့ပါတယ်။

"ဘန်နင်းခေတ်က ပစ္စည်းတွေရဲ့ အနာဂတ် ပိုင်ဆိုင်မှုနဲ့ ပတ်သက်ပြီး သူတို့အားလုံးရဲ့ အမြင်၊ အဲ့ဒီပစ္စည်းတွေရဲ့ ဇစ်မြစ်တွေကိုပါ ထည့်သွင်းစဥ်းစား ဆုံးဖြတ်ခဲ့တာ"လို့ ဟော်နင်မန်ပြတိုက် က ရှင်းပြပါတယ်။
ကျင့်ဝတ်အရ ပြန်ပေးဖို့ ဆုံးဖြတ်ရတာလို့ ဟော်နင်မန် ပြတိုက် ဥက္ကဋ္ဌက လည်း ပြောပါတယ်။
လတ်တလောနှစ်တွေ အတွင်းမှာလည်း နိုင်ငံပေါင်းစုံက လုယူသိမ်းပိုက်လာတဲ့ ပစ္စည်းတွေကို ပြန်ပေးဖို့ ဥရောပ အစိုးရတွေနဲ့ ပြတိုက်တွေကို နိုင်ငံရေးအရ ဖိအားပေးတောင်းဆိုမှုတွေ တိုးလာနေပါတယ်။
အဲ့ဒီပစ္စည်းတွေထဲမှာ ဆင်စွယ်ပန်းပုတွေနဲ့ ဘန်နင်းခေတ် ကြေးလက်ရာတွေလို့ လူသိများတဲ့ ပန်းပုတွေ ပါဝင်ပါတယ်။
"ကျင့်ဝတ်ပိုင်းအရရော သူတို့ပိုင်ဆိုင်ခဲ့မှု အထောက်အထားတွေအရပါ ဒီပစ္စည်းတွေကို နိုင်ဂျီးရီးယားကို ပြန်ပေးသင့်တယ်ဆိုတဲ့ သဘောထားကို ပြင်ပက တိုင်ပင်ဆွေးနွေး သူတွေကလည်း ထောက်ခံခဲ့ကြပါတယ် " လို့ ဟော်နင်မန် ပြတိုက်ဥက္ကဋ္ဌ အိဗ်ဆယ်လမွန်က ပြောပါတယ်။
"ဟော်နင်မန်ပြတိုက်အနေနဲ့ ဒီအဆင့်ကို လှမ်းနိုင်ခဲ့တဲ့တာ ဝမ်းသာပြီး ဒီတန်ဖိုးကြီးပစ္စည်းတွေကို ရေရှည်စောင့်ရှောက်မှုအတွက် အာမခံနိုင်ဖို့အတွက်လည်း NCMM နဲ့ လက်တွဲဆောင်ရွက်သွားဖို့ မျှော်လင့်ထားပါတယ်"လို့ သူက ထပ်ဖြည့်ပြောပါတယ်။

အနောက်နိုင်ငံ ပြတိုက်တွေကနေ ပြီးခဲ့တဲ့ လအနည်းငယ်က နိုင်ဂျီးရီးယား ကို ပြန်ပေးလိုက်တဲ့ ရှေးဟောင်းပစ္စည်းအချို့ထဲမှာ ဟော်နင်မန်ပြတိုက်မှာ စုဆောင်းထားတဲ့ ပစ္စည်းတွေ လည်း ပါဝင်လာပါတယ်။
ပြီးခဲ့တဲ့လက ကိန်းဘရစ်ချ်က Jesus College နဲ့ Aberdeen University တွေက ကြက်ဖရုပ်တုနှင့် ဘုရင် ဦးခေါင်းပုံ ကြေးခေါင်းစွပ်ကို နိုင်ဂျီးရီးယားကို ပြန်လည်ပေးအပ်ခဲ့ပြီးပါပြီ။
ဂျာမနီနိုင်ငံ ကလည်း သူတို့နိုင်ငံက ရှေးဟောင်းပစ္စည်း ၁၁၀၀ ကျော်ကို နိုင်ဂျီးရီးယားနိုင်ငံကို ပြန်ပေးထားပါတယ်။
တန်ဖိုးမဖြတ်နိုင်တဲ့ ဒီ ပန်းပုရုပ်တုတချို့ကို ဘန်နင်း အမျိုးသားပြတိုက် တိုးချဲ့ပြီးတဲ့အခါ အဲဒီမှာ သိမ်းဆည်းထားမှာ ဖြစ်ပြီး တချို့ကိုတော့ လာဂို့စ်မြို့က ပြတိုက်မှာ သိမ်းထားမယ်လို့ NCMM အဖွဲ့က ပြောပါတယ်။
ဗြိတိသျှပြတိုက်ဟာ ဘန်နင်းခေတ်ကြေး ပစ္စည်းတွေကို အများဆုံး သိမ်းဆည်းထားတဲ့ ပြတိုက် တစ်ခုဖြစ်ပါတယ်။
၁၉၆၃ ဗြိတိသျှပြတိုက် ဥပဒေနဲ့ ၁၉၈၃ ရှေးဟောင်းအမွေအနှစ် ထိန်းသိမ်းမှုဆိုင်ရာ ဥပဒေတွေ အရ ပစ္စည်းတွေကို အပြီးအပိုင် ပြန်လည်ပေးအပ်ခြင်းကို တားမြစ်ထားတယ်လို့ ဆိုပါတယ်။








