ဗြိတိန်ပြတိုက်တွေထဲက ရှေးဟောင်း အမွေအနှစ်တွေ ပြန်ပေးဖို့ ကမ္ဘောဒီးယားပြော

ကမ္ဘောဒီးယား ဘုရားကျောင်းတွေကနေ ခိုးသွားတဲ့ ရှေးဟောင်းပစ္စည်းတွေပြန်ရဖို့ အတွက် အကူအညီပေးဖို့ ကမ္ဘောဒီးယားက ဗြိတိန်အစိုးရကို တောင်းဆိုထားပါတယ်။
လန်ဒန်က ဗစ်တိုးရီးယား & အဲလ်ဘတ် V&A ပြတိုက်နဲ့ ဗြိတိသျှပြတိုက်ကြီးမှာ သူတို့နိုင်ငံက လုသွားတဲ့ရှေးဟောင်း ပစ္စည်းတွေရှိတယ်လို့ ကမ္ဘောဒီးယားအစိုးရ ယဉ်ကျေးမှုဝန်ကြီးက ပြောတာဖြစ်ပါတယ်။
အဲဒီပြတိုက်တွေကတော့ သူတို့ပြတိုက်တွေမှာရှိနေတဲ့ ကမ္ဘောဒီးယားက ပစ္စည်းတွေနဲ့ပတ်သက်ပြီး အဲ့ဒီပစ္စည်းတွေ ဘယ်ကယူလာတယ်ဆိုတဲ့ မူလဇစ်မြစ်ကို ပွင့်လင်းမြင်သာမှုရှိရှိ ဖော်ပြထားတယ်လို့ ပြောပါတယ်။
ပြီးတော့ "အပြုသဘောဆောင်တဲ့ တွေ့ဆုံညှိနှိုင်းမှုတွေ"လုပ်ဖို့အတွက် ကြိုဆိုတဲ့ အကြောင်းကိုလည်း ဗစ်တိုရီးယားနဲ့ အဲလ်ဘတ် ပြတိုက်က ပြောထား ပါတယ်။ ဗြိတိသျှပြတိုက်ကတော့ တောင်းဆိုမှုတွေကို "ဂရုတစိုက် လေးလေး စားစား" ထည့်သွင်းစဉ်းစားမယ်လို့ တုံ့ပြန်ပါတယ်။
ကမ္ဘောဒီးယားယဉ်ကျေးမှုဝန်ကြီး ဖူရန်ဆက်ကော်နာက ဗြိတိန်အစိုးရ ယဥ်ကျေးမှု ဝန်ကြီး နာဒင်းဒိုရီစ်ကို စာတစ်စောင်ရေးပို့ခဲ့တာပါ။ အဲ့ဒီစာထဲမှာ သူတို့နိုင်ငံက အရေးကြီးတဲ့ ယဥ်ကျေးမှုဆိုင်ရာ ပစ္စည်းတွေခိုးယူခံရပြီး အဲ့ဒီပစ္စည်းတွေ လန်ဒန်ပြတိုက်နှစ်ခုက ဂိုဒေါင်တွေနဲ့ အဆောက်အအုံတွေထဲမှာ မရောက်သင့်ဘဲ ရောက်နေတယ်လို့ ရေးခဲ့ပါတယ်။
ရှေးဟောင်း ရုပ်တုတွေက သူတို့ ဘိုးဘေးတွေရဲ့ စိတ်ဝိညာဥ်တွေ ကိန်းအောင်းနေတယ်လို့ ကမ္ဘောဒီးယားတွေက ယုံကြည်ကြပါတယ်။ ပြီးတော့ သူတို့ဆီက ခိုးသွားတဲ့ပစ္စည်းအများစုဟာ ၂၀၂၀ ပြည့်နှစ်က သေဆုံးသွားပြီဖြစ်တဲ့ ဗြိတိန်အနုပညာ ကုန်သည် ဒေါက်ကလပ်စ် လက်ချ်ဖို့ဒ်က တဆင့် နိုင်ငံရပ်ခြားကို ရောက်သွားတာလို့ သက်သေပြုကြပါတယ်။

သူတို့နိုင်ငံရဲ့ အဖိုးတန်ဆုံး ပန်းပုလက်ရာတွေနဲ့ ရုပ်တုတွေကို ယူကေကနေပြန်ရဖို့ ကမ္ဘောဒီးယားရဲ့ ကြိုးစားမှုဟာ နောက်ဆုံးအဆင့်ကိုရောက်နေပြီး ယူကေမှာအပြင် အနောက်တိုင်းက ပြတိုက်တွေနဲ့ ပုဂ္ဂလိက စုဆောင်းသူတွေ လက်ထဲမှာ ကမ္ဘောဒီးယားက ရှေးဟောင်း ပစ္စည်းတွေ ရှိပါတယ်။
ကမ္ဘောဒီးယားယဉ်ကျေးမှုဝန်ကြီးဌာနရဲ့ ဥပဒေအကြံပေးအရာရှိချုပ်နဲ့ စုံစမ်းစစ် ဆေးရေးအဖွဲ့အကြီးအကဲ ဘရက်ဂေါ်ဒန်က အဆိုပါပစ္စည်းတွေ ကုန်သွယ် ရောင်းချမှုကို စစ်ရာဇဝတ်မှုလို့ ယူဆနိုင်ကြောင်း ဘီဘီစီကို ပြောပါတယ်။
ကမ္ဘောဒီးယား ယဥ်ကျေးမှုဝန်ကြီးရေးတဲ့စာထဲမှာလည်း ဗြိတိန်နဲ့ကမ္ဘောဒီးယား နှစ်နိုင်ငံစလုံးဟာ လက်နက်ကိုင်ပဋိပက္ခတွေအတွင်း ယဉ်ကျေးမှုဆိုင်ရာ ပစ္စည်း တွေကို ကာကွယ်ဖို့ ရည်ရွယ်ချက်နဲ့ လက်မှတ်ထိုးထား Hague ကွန်ဗင်းရှင်း အဖွဲ့ဝင်တွေဖြစ်တယ်လို့ ဗြိတိန်ကို သတိပေးရေးသားထားပါတယ်။
လူသတ်ခမာနီအစိုးရက ၁၉၇၅ ခုနှစ်ကနေ ၁၉၇၉ ခုနှစ်အထိ ကမ္ဘောဒီးယားမှာ အာဏာသိမ်းပြီးနောက် ကမ္ဘောဒီးယားက လူပေါင်း နှစ်သန်းကျော်ကို သတ်ဖြတ်ခဲ့တယ်လို့ ခန့်မှန်းထားကြပါတယ်။ ပြီးတော့ ၁၉၉၀ ပြည့်လွန်နှစ် နှောင်းပိုင်း ရောက်တဲ့အထိ တိုင်းပြည်ရဲ့ အစိတ်အပိုင်းအများအပြားကို ခမာနီတွေက ထိန်းချုပ်ခဲ့ပါတယ်။ လုယက်ခံရမှုအများစုကလည်း အဲ့ဒီ ဆယ်စုနှစ်သုံးခုကျော် ပြည်တွင်းစစ်ပဋိပက္ခတွေအတွင်းမှာ ဖြစ်ပွားခဲ့တာပါ။
"အဲ့ဒီအချိန်က ပဋိပက္ခဖြစ်နေတဲ့ အချိန်ဆိုတာ တစ်ကမ္ဘာလုံးက သိပါတယ်" လို့ ဘရက်ဂေါ်ဒန်က ဆိုခဲ့ပြီး " V&A ပြတိုက်တို့ လို ပြတိုက်ကြီးတွေအနေနဲ့ ဒီပစ္စည်း တွေကို လက်မခံသင့်ပါဘူး"လို့ လည်း ထောက်ပြခဲ့ပါတယ်။
"ကျွန်တော်တို့ ပြောနိုင်တာက အဲ့ဒီပစ္စည်းအများစုမှာ ပို့ကုန်လိုင်စင် မရှိဘူး၊ ခွင့်ပြုချက်ရထားတာလည်း မရှိဘူး။ ဒါကြောင့် ပစ္စည်းလက်ခံထားတဲ့ ဒီပြတိုက်တွေနဲ့ လူတစ်ဦးချင်းဆီက သူတို့လက်ခံထားတဲ့ ခိုးရာပါ ပစ္စည်းတွေကို ပြန်ပေးဖို့ လိုအပ်ပါတယ်"လို့လည်း သူက ထပ်ဖြည့် ပြောပါတယ်။
ယခုအခါ လန်ဒန်ပြတိုက်နှစ်ခုကလည်း သူတို့ပြတိုက်တွေမှာရောက်နေတဲ့ ကမ္ဘောဒီးယားအစိုးရတာဝန်ရှိတဲ့သူတွေပြုစုထားတဲ့ ပစ္စည်းစာရင်းကို ရလောက်ပြီးဖြစ်တယ်လို့ ယူဆရပါတယ်။ ဗြိတိသျှပြတိုက်မှာရောက်နေတဲ့ ကမ္ဘောဒီးယားက ပစ္စည်းအရေအတွက်ဟာ တစ်ရာလောက်ရှိမယ်လို့ ယုံကြည်ရပါတယ်။

ပြတိုက်မှာပြထားတဲ့ ပစ္စည်းအချို့ဟာ ကမ္ဘောဒီးယားကပြန်လိုချင်တဲ့ ဦးစားပေး စာရင်းမှာ ထိပ်ဆုံးကပါဝင်နေပါတယ်။ V&Aပြတိုက်မှာ ကမ္ဘောဒီးယားက ပစ္စည်း ၅၀ ကျော်ရှိနေတယ်လို့ ယူဆရပြီး အဲဒီထဲက အချို့ကို ပြတိုက်မှာ ခင်းကျင်း ပြသထားပါတယ်။
ဗြိတိသျှပြတိုက်ရဲ့ ထုတ်ပြန်ချက်ထဲမှာတော့ "ကျွန်တော်တို့ စုဆောင်းထားတဲ့ စာရင်းထဲမှာပါတဲ့ အရာဝတ္ထုပစ္စည်းတွေရဲ့ ဆက်ခံမှုနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာမှုရှိရှိ အမြဲတမ်းဖော်ပြထားပါတယ်။ပစ္စည်းတစ်ခုနဲ့ ပတ်သက်တဲ့ သက်သေအထောက်အထားတွေကို သေသေချာချာ ထိမ်းသိမ်းတဲ့ကိစ္စက ပြတိုက်ရဲ့ ၀ယ်ယူမှုလုပ်ငန်းစဉ်ထဲမှာ အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ခဲ့တာ ဆယ်စုနှစ် များစွာကြာပါပြီ။ အဲ့ဒီ သုတေသနလုပ်ငန်းစဥ်ကတဆင့် ဖြစ်လာနိုင်တဲ့ ကျင့်ဝတ်ဆိုင်ရာ သို့မဟုတ် ဥပဒေရေးရာ ပြဿနာတွေ ဖြေရှင်းဖို့အတွက်လည်း ကြိုးစား အားထုတ်နေပါတယ်။ ပစ္စည်းတစ်ခုကို ဝယ်ယူဖို့ကိစ္စမှာလည်း ဂေါပကအဖွဲ့ ဆုံးဖြတ်ချက်မချမီ ဂရုတစိုက် သေသေချာချာ လုပ်ဆောင်ရပါတယ်။"
သုတေသီတွေအတွက် ပစ္စည်းတွေကနေ အချက်အလက်တွေတတ်နိုင်သမျှ ရရှိနိုင်ဖို့ အသေအချာ ခြေလှမ်းတွေချပြီး လုပ်ဆောင်ခဲ့တယ်လို့ V&A ပြတိုက်ကလည်း ပြောထားပါတယ်။
"ကမ္ဘောဒီးယားကပစ္စည်းတွေရဲ့ မူရင်းဇစ်မြစ်တွေအပါအဝင် အချက်အလက်တွေကို ၂၀၀၉ ခုနှစ်က စလုပ်ထားတဲ့ သူပြတိုက်ရဲ့ အွန်လိုင်းဒေတာဘေ့စ်ထဲမှာလည်း ဝင်ကြည့်နိုင်ပါတယ်။ ပြီးတော့ စုဆောင်းထားတဲ့ ပစ္စည်းထားတွေအတွက် သုတေသနလုပ်ငန်းကိုလည်း ဆက်လုပ်နေပြီး အချက်အလက်အသစ်တွေကို ဒေတာဘေ့စ်ထဲကို ထည့်သွင်းနေပါတယ်"လို့ V&Aပြတိုက်ရဲ့ ထုတ်ပြန်ချက်ထဲမှာ ထည့်ပြောထားပါသေးတယ်။
ပြတိုက်နှစ်ခုစလုံးက ကမ္ဘောဒီးယားအစိုးရကပို့တဲ့စာတွေကို တုံ့ပြန်ဖြေရှင်း သွားမယ်လို့ ပြောထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Bopha Phorn / BBC
"ဒီရုပ်ပွားတော်တွေက ကျွန်မတို့အတွက် ကျောက်တုံးတွေချည်းသက်သက် မဟုတ်ပါဘူး။ ရုပ်ပွားတော်တွေမှာ စိတ်ဝိညာဉ်တွေ ပူးကပ်နေတယ်လို့ ယုံကြည်နေကြတာ"လို့ စုံစမ်းစစ်ဆေးရေးအဖွဲ့က ရှေးဟောင်း သုတေသန ပညာရှင် ဆိုဟိသ်မိစ် က ရှင်းပြပါတယ်။
ဘုရားကျောင်းတွေထဲက အပိုင်းပိုင်းကျိုးပဲ့နေတဲ့ ရုပ်ပွားတော်တွေကို မြင်ရရင် ဆိုဟိသ် အနေနဲ့ စိတ်မသက်မသာဖြစ်သလို ခံစားရပါတယ်။ ရုပ်တုတစ်ခုမှာ ဘုရင်၊နတ်ဘုရား ဒါမှမဟုတ် ဘိုးဘေးတစ်ဦးဦးရဲ့ ဝိညာဉ်တွေ ပူးကပ်နိုင်တယ်လို့ ကမ္ဘောဒီးယား လူမျိုးတွေက ယုံကြည်နေကြတဲ့အကြောင်းကိုလည်း သူက ရှင်းပြပါတယ်။
"ဒါကြောင့် ဦးခေါင်းနဲ့ ခြေထောက်ကို ဖြတ်လိုက်တဲ့အခါ တစ်ချို့လူတွေက တစ်စုံတစ်ယောက်ရဲ့ ခေါင်းကို ဖြတ်လိုက်သလို ခံစားရတယ်။"
ဒါဟာ ကိုလိုနီခေတ်ကဖြစ်ခဲ့တဲ့ ရာဇ၀တ်မှု မဟုတ်ပါဘူး။ ဂရိနိုင်ငံကယူလာတဲ့ Elgin ကျောက်တုံးတွေ နဲ့ အခု နိုင်ဂျီးရီးယားနိုင်ငံဖြစ်နေတဲ့နေရာက ယူလာတဲ့ ဘီနင်ကြေးရုပ်တုတွေလို ရှေးနှစ်ပေါင်းများစွာ က ဖြစ်ပျက်ခဲ့ တာမဟုတ်ပါဘူး။
ကမ္ဘောဒီးယားက ပစ္စည်းတွေ လုယက်ခံရပြီး ပါသွားတဲ့အချိန်က ၁၉၈၀ ကျော် နှစ်တွေ ၊ ၉၀ကျော်နှစ်တွေနဲ့ ၂၀၀၀ ခုနှစ် အစောပိုင်းနှစ်တွေမှာပါ။
ကမ္ဘောဒီးယားဘုရားကျောင်းတွေက ပစ္စည်းတွေ ခိုးယူခဲ့တဲ့ လုယက်သူ လူဟောင်း တွေနဲ့ ဆက်သွယ်မေးမြန်းဖို့ ဘီဘီစီက အထူးအခွင့်အရေး ရခဲ့ပါတယ်။
သူတို့ အတိတ်ကာလမှာ လုပ်ခဲ့တာတွေကို ပွင့်ပွင့်လင်းလင်းထုတ်မပြောချင်တဲ့ သူတွေအတွက် သူတို့ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ လူမသိနိုင်ဖို့ ကမ္ဘောဒီးယား စုံစမ်းစစ်ဆေးရေး အဖွဲ့က နာမည်ဝှက်တွေပေးထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Bopha Phorn / BBC
Iron Princess သံမဏိမင်းသမီး လို့ လူသိများတဲ့ လုယက်ခဲ့သူတစ်ဦးက ၁၉၉၀ ခုနှစ်တွေအတွင်း နိုင်ငံမြောက်ပိုင်းက ကမ္ဘောဒီးယားနိုင်ငံရဲ့ အကြီးဆုံးဘုရား ကျောင်းဝင်းတစ်ခု Preah Khan Kampang Svay ကို စနစ်တကျ ဖြိုဖျက်ဖို့ နေ့တိုင်းနီးပါး အဲ့ဒီမှာ သူအလုပ်လုပ်ခဲ့ပါတယ်။
အဲဒီအချိန်တုန်းက လုယက်တဲ့အလုပ်ကလွဲလို့ တခြားအလုပ်လည်း သူ့မှာလုပ်စရာ မရှိဘူးလို့ သူက ရှင်းပြပါတယ်။
"ကုန်သည်တွေ အများကြီးရှိတာကြောင့် ငွေအများဆုံးပေးတဲ့သူကို ရောင်းတယ်" လို့ သူက ထပ်ဖြည့်ပြောပါတယ်။
လန်ဒန်က V&A ပြတိုက်မှာရှိနေတဲ့ ကမ္ဘောဒီးယားက ပစ္စည်းတွေစာရင်းကို သူ့ကိုပြ လိုက်တော့ Preah Kahn Kampang Svay ဘုရားကျောင်းဝင်းထဲကနေ သူယူ လာတဲ့ ကြေးဝါနဲ့သဲကျောက်ရုပ်တုတွေအပါအဝင် ရှေးဟောင်း ပစ္စည်းတွေကို ရွေးပြပါတယ်။
Red Horse မြင်းနီလို့ လူသိများတဲ့ အခြားလုယက်သူဟောင်းတစ်ယောက်က ကျွန်တော်တို့ကို ကမ္ဘောဒီးယားနိုင်ငံ မြောက်ပိုင်း ကူလင်တောင်အနီးက ဝေးလံ ခေါင်သီတဲ့ ဘုရားကျောင်းကို ခေါ်သွားပါတယ်။
အဲဒီမှာ သူက ၁၉၇၀ ပြည့်လွန်နှစ်တွေတုန်းက သူတို့အဖွဲ့ နတ်ဘုရားရုပ်ထုကြီးကို တူးဖော်ခိုးယူခဲ့တဲ့ နေရာကို ပြပါတယ်။ ဗြိတိသျှပြတိုက် စာရင်းထဲမှာရှိတဲ့ အဲဒီရုပ်တုကြီးကိုလည်း သူ ကောင်းကောင်း မှတ်မိနေပါတယ်။
" ရုပ်တုကြီးရဲ့ တဖက်တချက်ကနေ ကျွန်တော်တို့အဖွဲ နှစ်ယောက်စီ တူးပြီး မကလော်ထုတ်ခဲ့ကြတာ၊ သယ်တာကိုတော့ ထမ်းစင်လိုဟာကို သုံးတာပေါ့ "လို့ သူက ရှင်းပြပါတယ်။
အဲ့ဒီ ရုပ်တုသွားတဲ့ လမ်းကြောင်းကို ကမ္ဘောဒီးယား စုံစမ်းစစ်ဆေးရေးမှူးတွေက ဂရုတစိုက် ခြေရာခံလိုက်ခဲ့ကြပါတယ်။ မြင်းနီလို့နာမည်ပေးထားတဲ့ လူက ဗြိတိသျှပြတိုက်ထဲကရုပ်တုဟာ သူတို့ခိုးထုတ်ခဲ့တဲ့ ပစ္စည်းလို့ပြောတာကိုလည်း စစ်ဆေးရေးအဖွဲက လူတွေက လက်ခံယုံကြည်ထားပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Nick Woolley / BBC
အဲ့ဒါက ဇာတ်လမ်းတစ်ခုပဲ ရှိပါသေးတယ်။ ထောင်နဲ့ချီတဲ့ တခြားဇာတ်လမ်းတွေလည်း ရှိနေပါသေးတယ်။
ကမ္ဘောဒီးယား နိုင်ငံတစ်ဝန်းက ဘုရားကျောင်းတွေမှာ တူးဖော်ခဲ့တဲ့ ပစ္စည်းတွေကို ပစ်မှတ်ထား၊ လုယက်ခဲ့သူတွေရဲ့ ဇာတ်လမ်းတွေကို အခြေခံပြီး ရှေးဟောင်းသုတေသန ပညာရှင်တွေက အထောက်အထားရှာဖွေတာတွေ လုပ်ကြပါတယ်။ ပြီးတော့ နိုင်ငံခြားက ပြတိုက်တွေမှာရှိတဲ့ ရုပ်ပွားတော်တွေနဲ့ ကိုက်ညီ၊မညီ ကျန်ခဲ့တဲ့ အပိုင်းအစတွေနဲ့ ဆက်စပ်ပြီး သက်သေပြုကြတာပါ။
အဲဒီဗျူဟာက အလုပ်ဖြစ်နေပါပြီ။ ပြင်သစ်ရှေးဟောင်းသုတေသနပညာရှင်တွေက အမေရိကန်မှာ စုဆောင်းထားတဲ့ ပန်းပုရုပ်အောက်ခံခုံတွေ၊ ခြေနင်းတွေနဲ့ ရုပ်တုကို ဆက်စပ်တွဲဖက်ပေးခဲ့တာကြောင့် ကမ္ဘောဒီးယားက ပြန်အလိုချင်ဆုံး စစ်သည်တော်ညီနောင် ရုပ်တုနှစ်ခု ဖနွမ်းပင်ကို ပြန်ရောက်နေပါပြီ။
အမေရိကန် အစိုးရရှေ့နေတွေကလည်း အမေရိကန် ပြတိုက်တွေနဲ့ စုဆောင်း ထားတဲ့သူတွေကို ပစ်မှတ်ထားပြီး ကမ္ဘောဒီးယားက ဝယ်ယူတဲ့ပစ္စည်းတွေကို စျေးမျှမျှတတပေးဖို့ တောင်းဆိုနေပါတယ်။
Iron Princessလို့ခေါ်တဲ့ သံမဏိမင်းသမီးနဲ့ Red Horseမြင်းနီတို့ဟာ ခြင်္သေ့လို့ ခေါ်တဲ့ ကမ္ဘောဒီးယားအမျိုးသားတစ်ဦးက တဆင့် သူတို့ရှာဖွေခိုးယူခဲ့တဲ့ ပစ္စည်းအများစုကို ရောင်းချခဲ့တာပါ။
ကမ္ဘောဒီးယား စုံစမ်းစစ်ဆေးရေးမှူးတွေက ခြင်္သေ့လို့ ခေါ်တဲ့ သူနဲ့အဆက်အသွယ် လုပ်တဲ့အခါ သူဟာ ကင်ဆာရောဂါခံစားနေရပေမယ့် မနှစ်က သူသေဆုံးတဲ့ အထိ အဲ့ဒီအဖွဲ့နဲ့အတူ အလုပ်လုပ်ခဲ့တယ်လို့ သိရပါတယ်။
ခြင်္သေ့ကတစ်ဆင့် သူတို့အဖွဲ့ လည်ပတ်ခဲ့တဲ့ပုံစံကို သေသေချာချာ စနား လည် လာကြပါတယ်။၁၉၈၀ကျော်နဲ့ ၁၉၉၀ကျော်နှစ်တွေတုန်းက ကမ္ဘောဒီးယားက ရှေး ဟောင်းပစ္စည်းတွေ ရောင်းချတဲ့လုပ်ငန်းကို ချုပ်ကိုင်ခဲ့တဲ့သူ နှစ်ဦးက ခြင်္သေ့ ဆိုတဲ့သူနဲ့ ဒေါက်ကလပ် လက်ချ်ဖို့ဒ် တို့ ဖြစ်ပါတယ်။
ဗြိတိသျှက အနုပညာပစ္စည်းတွေ အရောင်းအဝယ်လုပ်တဲ့ ဒေါက်ကလပ် လက်ချ်ဖို့ဒ် ဆိုတဲ့သူက အလွန်လူသိ များတဲ့လူတစ်ယောက်ဖြစ်ပြီး ခိုးသွားတဲ့ ပစ္စည်းတွေကလည်း သူ့လက်ထဲ ကနေ ဖြတ်သွားတဲ့အတွက် ကမ္ဘောဒီးယားယဉ်ကျေးမှု ဝန်ကြီးက ဗြိတိန်ယဥ်ကျေးမှုဝန်ကြီးဆီ ရေးတဲ့စာမှာ အဲဒီလူနာမည်ကို ထည့်ရေးခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Nick Woolley / BBC
အပြင်ပန်းအားဖြင့်တော့ လက်ချ်ဖို့ဒ်က သူ့ကိုယ်သူ ကမ္ဘောဒီးယားအနုပညာဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးအဖြစ် ပုံဖော်ထားပြီး အနောက်တိုင်း အနုပညာ စုစည်းတွေ စုစည်းမှုနဲ့ ပတ်သက်ပြီး တောက်ပတဲ့ဓာတ်ပုံတွေဝေဝေစာစာနဲ့ အနုပညာ စာအုပ်ကြီးတွေကိုတောင် ထုတ်ဝေခဲ့တဲ့သူ ဖြစ်ပါတယ်။
ဒါပေမယ့် အများစုက သူ့ကို ရိုးရိုးသားသား လုပ်ကိုင်နေတဲ့သူလို့ မထင်ကြပါဘူး။ သံသယရှိခဲ့ ကြပါတယ်။ ဒီကမ္ဘောဒီးယားအနုပညာလက်ရာတွေက အကြမ်းဖက်မှုတွေကြောင့် တိုင်းပြည်ပျက်သွားတဲ့အချိန် ၂၀ ရာစုနှောင်းပိုင်း ဆယ်စုနှစ်တွေ အတွင်းမှာ ဘယ်ကနေဖြတ်ပြီး ရောက်သွားတာလဲ ဆိုတာ သံသယရှိကြပါတယ်။
ဒေါက်ကလပ်စ်ရက်စ်ဖို့ကတော့ သူ့လုပ်ငန်း တရားဝင်တယ်လို့ အမြဲပြောခဲ့ပါတယ်။ ရုပ်ပွားတော်တွေ ကမ္ဘောဒီးယားမှာ ဆက်ရှိနေမယ်ဆိုရင် ခမာနီတပ်ဖွဲ့တွေ ပစ်မှတ်ထား လေ့ကျင့်တဲ့ပစ်မှတ်ဖြစ်လာမှာလို့ သူ ပြောခဲ့တာလည်း ရှိပါတယ်။
နယူးယောက်က အနုပညာကုန်သည်တွေကို ပစ်မှတ်ထားတဲ့ ၂၀၁၂ခုနှစ်က အမှုမှာ အမေရိကန်အစိုးရရှေ့နေတွေက သူ့နာမည်ကို ဖော်ပြခဲ့ပါတယ်။

အမေရိကန် အစိုးရရှေ့နေတွေက လက်ချ်ဖို့ဒ်ကို တရားစွဲဖို့လုပ်ပေမယ့် သူသေသွား တဲ့အတွက် မအောင်မြင်ခဲ့ပါဘူး။ရှေးဟောင်းပစ္စည်းတွေ ခိုးထုတ် ရောင်းချတဲ့ ကိစ္စတွေနဲ့ ပတ်သက်ပြီး သူကျုးလွန်ခဲ့တဲ့ ပြစ်မှုတွေကို အသေးစိတ်ရေးထားတဲ့ ၂၀၁၉ခုနှစ်က စွပ်စွဲချက်က စာမျက်နှာ၂၅မျက်နှာတောင်ရှိပါတယ်။ ဒါပေမယ့် နောက်နှစ် ရုံးတင်စစ်ဆေးခြင်းမပြုမီ သူကွယ်လွန်ခဲ့လို့ အဲ့ဒီအမှုက ပိတ် သွားပါတယ်။
လက်ချ်ဖို့ဒ်ရဲ့ မိသားစုက လက်ချ်ဖို့လုပ်ခဲ့တုန်းက သင်္ဘောကုန် တင်ကုန်ချမှတ် တမ်းတွေနဲ့ အီးမေးလ်တွေကို ကမ္ဘောဒီးယားအာဏာပိုင်တွေကို ပို့ပေးကြပါတယ်။ အဲ့ဒီစာရွက်စာတမ်းတွေက သူ့အပေါ် သံသယအများကြီးရှိခဲ့တဲ့အချက်ကို အတည်ပြုပေးနိုင်ခဲ့ပါတယ်။ လက်ချ်ဖို့ဒ် ဟာ သူ မသေခင်အချိန်ထိ ဝယ်ရောင်း အလုပ်တွေလုပ်ခဲ့တယ်လို့ ဘရက်ဂေါ်ဒန်က ပြောပါတယ်။
"သူမသေခင် ဆေးရုံမရောက်ခင်မှာ သူစုဆောင်းထားတွေအားလုံးကို ချက်ချင်းထုတ် ရောင်းပစ်ဖို့ ကြိုးစားခဲ့တယ်" လို့ ဘရတ်ဂေါ်ဒွန်က ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Bopha Phorn / BBC
ဒေါက်ကလပ်စ်ရဲ့ သမီး ဂျူလီယာလက်ချ်ဖို့ကလည်း သူ့အဖေ စုဆောင်းထားတဲ့ ပစ္စည်းအားလုံးရဲ့ တရားဝင်ပိုင်ဆိုင်ခွင့်ကို ကမ္ဘောဒီးယားအာဏာပိုင်ကို လွှဲပြောင်းပေးထားပြီးပြီလို့ ပြောပါတယ်။ လက်တွေ့လွှဲပြောင်းမှုအဖြစ်ကတော့ အခုအချိန်အထိ လက်ချ်ဖို့ သီးသန့်စု ဆောင်းထားတဲ့ထဲက အဓိကအရေးကြီးတဲ့ ပစ္စည်းငါးခုကို လွှဲပြောင်း ပေးခဲ့ပြီး ကျန်တဲ့ ပစ္စည်းအားလုံးကိုလည်း ပြန်ပေးမယ်လို့ ကတိပြုထားပါတယ်။
ကမ္ဘောဒီးယားက လူအချို့ကတော့ စောင့်နေရတာကို ငြီးငွေ့နေပါတယ်။ သူတို့ရဲ့ ဘုရားရုပ်တုတွေကို အိမ်မြန်မြန် ပြန်ရောက်စေချင်နေကြပါပြီ။
ရုပ်ပွားတော်တွေကို သူတို့ အရင်ကရှိခဲ့တဲ့ ဘုရားကျောင်းတွေကို ပြန်ပို့ပြီး အဲ့ဒီမှာ ပြန်ကြည့်ချင်တယ်လို့ စိတ်ကူးယဥ်တဲ့ ဆိုဟိပ်မိစ်လို ရှေးဟောင်း သုတေသနပညာရှင်တွေလဲ ရှိပါတယ်။
"ရုပ်တုက ဒီနေရာအတွက်ပဲ ရည်ရွယ်ပြီး လုပ်ထားတာလို့ ထင်တယ်" လို့ သူ့အနောက်ဘက် Preah Khan Kampang Svay အဆောက်အဦးးတွေထဲက ဗလာကျင်းနေတဲ့ ဘုရားကျောင်းတွေကိုပြပြီး သူက ပြောပါတယ်။ "ဒီရုပ်တုတွေ ငါတို့တိုင်းပြည်ကို ပြန်ရောက်လာရမယ်။ ဒါမှ ငါတို့လူတွေ ဆုတောင်းလို့ ရမှာ။"

ဓာတ်ပုံ ရင်းမြစ်, Nick Woolley / BBC
ကမ္ဘောဒီးယားက လူအများစုကလည်း သူတို့ ဘုရားကျောင်းတွေ အပြည့်အ၀ ပြန်လည်ပြုပြင်ထားတာကို မြင်ချင်ကြပါတယ်။ ဒါပေမယ့် နိုင်ငံခြားရောက်နေတဲ့ ပစ္စည်းတွေ အားလုံးပြန်ရောက်လာရင်ထားဖို့ ပြတိုက်လို နေရာ ဒါမှမဟုတ် ထားစရာ နေရာ သေသေချာချာမရှိပါဘူး။သူတို့ ချက်ချင်းပြန်လိုချင်တဲ့ အရေးကြီး ဆုံးပစ္စည်းတွေက ဦးစားပေးစာရင်းထဲမှာ ရှိပါတယ်။
ကမ္ဘောဒီးယားကပိုင်တဲ့ ပစ္စည်းတွေအားလုံး အနောက်တိုင်း ပြတိုက်တွေမှာ မထားချင်တာမဟုတ်ဘူးလို့ လည်း သူတို့ကပြောပါတယ်။ပြီးတော့ သူတို့လို ချင်တာက ဗြိတိသျှပြတိုက်နဲ့ ဗစ်တိုရီးယားနဲ့အဲလ်ဘ်ပြတိုက်တွေမှာရှိတဲ့ သူတို့ ပစ္စည်းတွေရဲ့ ပိုင်ရှင်က ကမ္ဘောဒီးယားပြည်သူတွေဆိုတာ အသိအမှတ်ပြု ဆိုင်းဘုတ်တွေ ပြောင်းတပ်ပေးဖို့ပါ။








