ဒေါ်လာ ၆.၂ သန်းနဲ့ ဝယ်ထားတဲ့ ငှက်ပျောသီး အနုပညာကို ခရစ်ပတို သူဌေးစားပြ

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, အဲလက်စ် လော့ဖ်တပ်စ်
- ရာထူးတာဝန်, ဘီဘီစီသတင်း
တရုတ်ပြည်ဖွား ခရစ်ပတို စွန့်ဦးတီထွင် လုပ်ငန်းရှင်က အရင်ပတ်က ဒေါ်လာ ၆.၂ သန်းနဲ့ သူဝယ်ထားတဲ့ အနုပညာလက်ရာကို သူ့ကတိအတိုင်း စားပြခဲ့ပါတယ်။
မော်ရီဇီယို ကတ်တယ်လန်းရဲ့ ၂၀၁၉ က လက်ရာ လူရွှင်တော်- နံရံမှာ တိပ်ကပ်ထားတဲ့ ငှက်ပျောသီးကို ဂျပ်စတင်ဆန်းက တခြား လူခြောက်ယောက်ကို ကျော်ပြီး နယူးယောက်က ဆောက်သဘီ လေလံပွဲမှာ ဝယ်ယူခဲ့ပါတယ်။
ဟောင်ကောင်မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ သူ စားပြခဲ့တာပါ။ အဲဒီမှာ အနုပညာလက်ရာနဲ့ ခရစ်ပတိုငွေကြေးကို သူ နှိုင်းယှဉ်ပြခဲ့ပါတယ်။
ဒီငှက်ပျောသီးကို ပြပွဲမတိုင်မီ ပုံမှန် အစားထိုးလေ့ရှိပါတယ်။ မစ္စတာဆန်းကတော့ အသီးကို ဘယ်လို အစားထိုးရမလဲ လမ်းညွှန်နဲ့အတူ ဒီအင်စတောလေးရှင်း အနုပညာပစ္စည်းကို ပြသခွင့်ကိုပါ ဝယ်ယူခဲ့ပါတယ်။
အရင်နှစ်ခါတုန်းကလည်း ဒီငှက်ပျောသီးကို စားပြခဲ့ကြဖူးပါတယ်။ ပထမအကြိမ် ၂၀၁၉ မှာ ပါဖောင်းမန့်စ် အနုပညာရှင်တယောက်က စားပြတာပါ။ ၂၀၂၃ မှာတော့ တောင်ကိုရီးယား ကျောင်းသားတယောက်က စားပြပါတယ်။ ဒီနှစ်ကြိမ်လုံးမှာ စားပြဖို့ ပိုက်ဆံမပေးခဲ့ရပါဘူး။
သတင်းစာ ရှင်းလင်းပွဲမှာ ဒီအသီးကို စားပြတာက အနုပညာပစ္စည်းရဲ့ သမိုင်းမှာ တစိတ်တပိုင်း ဖြစ်လာနိုင်တယ်လို့ မစ္စတာဆန်းက ပြောပါတယ်။
တခြား ငှက်ပျောသီးတွေထက် ပိုကောင်းတယ်လို့လည်း သူက ပြောပါတယ်။
ဒီအနုပညာပစ္စည်းကို စိတ်ဝင်စားမိပြီး ဒီငှက်ပျောသီးက ပုပ်မသွားဘူးလား ဆိုပြီး ပေါက်ကရ မေးခွန်းတွေ မေးခဲ့မိတယ်လို့လည်း ၃၄ နှစ် အရွယ် မစ္စတာဆန်းက ဝန်ခံပါတယ်။
ကမ္ဘာပေါ်မှာ စျေးအကြီးဆုံး အသီး ဖြစ်မလာခင် အရင်ပတ်က လေလံပွဲနေ့မှာ ငှက်ပျောသီး လတ်လတ်ဆတ်ဆတ်တလုံးကို ၃၅ ဆင့်နဲ့ ဝယ်ခဲ့ကြောင်း နယူးယောက်တိုင်း သတင်းစာမှာ ပါရှိပါတယ်။
သောကြာနေ့က ဒီပွဲတက်သူတိုင်းကို ငှက်ပျောသီးတလုံးနဲ့ တိပ်ပြားခွေ တခွေစီ အမှတ်တရပစ္စည်းအဖြစ် ပေးခဲ့ပါတယ်။
လူတိုင်း ငှက်ပျောသီးတလုံးစီ စားစရာ ရတယ်လို့ မစ္စတာဆန်းက ပြောပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images
မစ္စတာဆန်းက ခရစ်ပတိုငွေကြေး ရောင်းဝယ်တဲ့ ထရုန်း ဘလော့ချိန်း ကွန်ရက်ကို လည်ပတ်သူ ဖြစ်ပါတယ်။
ခရစ်ပတိုငွေဆိုတာ ဘဏ်နဲ့ မသက်ဆိုင်ဘဲ လည်ပတ်နေတဲ့ ဒစ်ဂျစ်တယ်ငွေတွေ ဖြစ်ပြီး အင်မတန် စိတ်ချရတဲ့ ဗဟိုချုပ်ကိုင်မှုကင်းတဲ့ အရောင်းအဝယ် လုပ်လို့ရပါတယ်။
မစ္စတာဆန်းက အနုပညာလက်ရာနဲ့ တခြားဒြပ်မဲ့ပစ္စည်းတွေကို အန်အက်ဖ်တီနဲ့ နှိုင်းယှဉ်ပြပါတယ်။
ဒီအန်အက်ဖ်တီဆိုတဲ့ တိုကင်တွေက ပင်ကိုယ်တန်ဖိုး မရှိဘဲ လူတွေ သတ်မှတ်တဲ့ တန်ဖိုးပဲ ရှိတဲ့ ဒစ်ဂျစ်တယ် အနုပညာ ပစ္စည်းတွေ ဖြစ်ပါတယ်။
မစ္စတာဆန်းရဲ့ ဒစ်ဂျစ်တယ် စင်္ကြံလို နေရာတွေမှာ အန်အက်ဖ်တီတွေကို ရောင်းဝယ်ကြပါတယ်။
မနှစ်က သူ့ကိုမှတ်ပုံတင်မထားတဲ့ လုံခြုံရေးဆိုင်ရာ တိုကင်တွေ ရောင်းမှုနဲ့ အမေရိကန် လုံခြုံရေးနဲ့ ဖလှယ်မှု ကော်မရှင်က စွပ်စွဲခဲ့ပါတယ်။
မစ္စတာဆန်းက ဒီစွဲချက်တွေကို ပယ်ချပြီး အမှုက ဆက်ရှိနေတုန်း ဖြစ်ပါတယ်။
အမေရိကန် သမ္မတ အရွေးခံရတဲ့ ဒေါ်နယ်ထရမ့်ရဲ့ ခရစ်ပတို စီမံကိန်းမှာ ဒေါ်လာ သန်း ၃၀ ဖိုး ရင်းနှီးမြှုပ်နှံထားကြောင်း ဒီအပတ်ထဲမှာပဲ မစ္စတာဆန်း ဖွင့်ဟခဲ့ပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Getty Images








