ဟောင်ကောင်က တီယန်နန်မင် ရင်ပြင် အထိမ်းအမှတ် ရုပ်တု ဖယ်ရှားခံရ

ဟောင်ကောင်တက္ကသိုလ်ထဲမှာ ရှိနေခဲ့တဲ့ Pillar of Shame ရုပ်တု

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, ဟောင်ကောင်တက္ကသိုလ်ထဲမှာ ရှိနေခဲ့တဲ့ Pillar of Shame ရုပ်တု

ဟောင်ကောင်တက္ကသိုလ်မှာ ရှိတဲ့ နာမည်ကျော် တီယန်နန်မင် ရင်ပြင် အစုလိုက် အပြုံလိုက် အသတ်ဖြတ်ခံရခြင်း အောက်မေ့ဖွယ် ရုပ်တုဟာ ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းမှာ ဖယ်ရှားခံလိုက်ရပြီ ဖြစ်ပါတယ်။

အဲဒီ ရုပ်တုဟာ ပြီးခဲ့တဲ့ ၁၉၈၉ ခုနှစ်က တရုတ်အာဏာပိုင်တွေကြောင့် သေဆုံးသွားခဲ့ရတဲ့ ရာပေါင်းများစွာ၊ ထောင်ပေါင်းများစွာ အထိ ရှိနိုင်တဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေရဲ့ အလောင်းတွေပုံနေတာကို ထုလုပ်ပြသထားတာ ဖြစ်ပါတယ်။ ဒီရုပ်တုဟာ ဟောင်ကောင်မှာ အဲဒီအဖြစ်အပျက်နဲ့ ပတ်သက်လို့ နောက်ဆုံး ကျန်နေတဲ့ အများပြည်သူ ရှုမြင်နိုင်တဲ့ အထိမ်းအမှတ်တွေထဲက တခုလည်း ဖြစ်ပါတယ်။

ဘေကျင်းက ဟောင်ကောင်မှာ နိုင်ငံရေး ဆန့်ကျင် လှုပ်ရှားမှုတွေကို ပိုပြီး ဖိနှိပ်လာနေတဲ့ အချိန်မှာပဲ ဒီရုပ်တုကို ဖယ်ရှားလိုက်တာ ဖြစ်ပါတယ်။

ဒီတီယန်နန်မင် ရင်ပြင် ဆန္ဒပြပွဲတွေ ဖြိုခွဲခံရမှုဟာ တရုတ်ပြည်မှာ အင်မတန် ထိရှလွယ်တဲ့ ကိစ္စ ဖြစ်ပြီး ဟောင်ကောင်ဟာလည်း တရုတ်ပြည်ထဲမှာ ဒီအဖြစ်အပျက်တွေနဲ့ ပတ်သက်လို့ အထိမ်းအမှတ်တွေကို ခွင့်ပြုထားတဲ့ နေရာ အနည်းငယ်ထဲက တနေရာလည်း ဖြစ်ပါတယ်။

လွန်ခဲ့တဲ့ ၁၉၈၉ ခုနှစ်က ဘေကျင်းမြို့တော်မှာ ရှိတဲ့ တီယန်နန်မင် ရင်ပြင်ဟာ နိုင်ငံရေး လွတ်လပ်မှု ပိုရဖို့အတွက် တောင်းဆိုခဲ့ကြသူတွေရဲ့ စုရုံးရာ နေရာ တခုဖြစ်ခဲ့ပါတယ်။ အဲဒီမှာ လူထောင်းပေါင်းများစွာဟာ သီတင်းပတ်များစွာ စခန်းချနေခဲ့ကြပါတယ်။ ဒါပေမဲ့ အဲဒီနှစ် ဇွန်လ ထဲမှာပဲ တရုတ် စစ်တပ်က အင်အားသုံးပြီး ပစ်ခတ်ဖြိုခွဲပစ်ခဲ့ပါတယ်။

အဲဒီတုန်းက အရပ်သားပြည်သူ ၂၀၀ နဲ့ လုံခြုံရေးတပ်ဖွဲ့ဝင် ဒါဇင်အနည်းငယ် အသက်ဆုံးရှုံးခဲ့ရတယ်ဆိုပြီး တရုတ်အစိုးရက ပြောပါတယ်။ ဒါပေမဲ့ သေဆုံးသူ ဦးရေဟာ ရာပေါင်းများစွာကနေ ၁၀,၀၀၀ လောက် အထိတောင် ရှိနိုင်မယ်လို့ ခန့်မှန်းထားကြတာတွေလည်း ရှိပါတယ်။

တီယန်နန်မင် အရေးအခင်း အရှက်ရစရာ အထိမ်းအမှတ် ရုပ်တုကို ဖယ်ရှားဖို့ တက္ကသိုလ်ဘက်က ပြီးခဲ့တဲ့ အောက်တိုဘာလထဲမှာ အမိန့်ထုတ်ခဲ့ပါတယ်။

တီယန်နန်မင်ကို တစ်လခွဲကြာ သိမ်းပိုက်ခဲ့

ဓာတ်ပုံ ရင်းမြစ်, AFP

ဓာတ်ပုံ ပုံစာ, တီယန်နန်မင်ကို တစ်လခွဲကြာ သိမ်းပိုက်ခဲ့

ဒီ သက်တမ်းကြာလာပြီဖြစ်တဲ့ ရုပ်တုနဲ့ ပတ်သက်လို့ ဆုံးဖြတ်ရာမှာ ပြင်ပက ဥပဒေရေးရာ အကြံဥာဏ်တွေ ယူခဲ့သလို၊ ဘေးအန္တရာယ် ကင်းရှင်းလုံခြုံရေးတွေကိုပါ လေ့လာပြီး တက္ကသိုလ်အတွက် အကောင်းဆုံး ဖြစ်မယ့် လမ်းကို ရွေးခဲ့တာ ဖြစ်ကြောင်း ကြာသပတေးနေ့မှာ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

ရုပ်တုဟာ ခိုင်ခံ့မှု မရှိတဲ့အတွက် တက္ကသိုလ်အနေနဲ့ ဘေးကင်းလုံခြုံရေးနဲ့ ပတ်သက်လို့ အလွန်အမင်း စိုးရိမ်မိကြောင်းပါ ဖော်ပြထားပါတယ်။

အရင်ကလည်း တရုတ်အာဏာပိုင်တွေက ဘေးကင်းလုံခြုံရေးနဲ့ အများပြည်သူ ကျန်းမာရေး အတွက် စိုးရိမ်မှုတွေကို အကြောင်းပြပြီး တီယန်နန်မင် ရင်ပြင် အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှု အထိမ်းအမှတ် အောက်မေ့ဖွယ်နဲ့ ဆုတောင်းပွဲတွေကို မကျင်းပဖို့ ပိတ်ပင်တားမြစ်တာတွေ ရှိပါတယ်။

ဒီရုပ်တုကို ဖယ်ရှားမယ့် အရိပ်လက္ခဏာတွေကို ဗုဒ္ဓဟူးနေ့ နှောင်းပိုင်းမှာ စမြင်ခဲ့ရပါတယ်၊ တက္ကသိုလ်ဘက်က တာဝန်ရှိသူတွေက ရုပ်တုနဲ့ အနီးတဝိုက်ကို ပလပ်စတစ်ပြား အကာတွေနဲ့ ကာပစ်ခဲ့ကြပါတယ်။

အဲဒီ ပလပ်စတစ် အကာအရံတွေရဲ့ နောက်မှာတော့ အလုပ်သမားတွေက အမြင့် ၈ မီတာ (၂၆ ပေ) မြင့်တဲ့ ကြေးရုပ်ကြီးကို ဖြိုဖျက်ခဲ့ကြပါတယ်။ လုံခြုံရေးတွေကလည်း သတင်းထောက်တွေ အနားမလာနိုင်ဖို့ ဓာတ်ပုံနဲ့ ဗီဒီယိုတွေ မရိုက်နိုင်ဖို့အတွက် ပိတ်ဆို့ ထားခဲ့ကြပါတယ်။

ဟောင်ကောင်က အထိမ်းအမှတ်ပွဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ဟောင်ကောင်မှာ ကျင်းပခဲ့တဲ့ အထိမ်းအမှတ်ပွဲ

မြို့ရဲ့ ကိုယ်ပိုင်လက္ခဏာကို စော်ကားတာလား

ဟောင်ကောင်က ဘီဘီစီ ကမ္ဘာတလွှား သတင်းဌာနက ဂရေ့စ် ဆွိုင်က ဟောင်ကောင်ဟာ တရုတ်နယ်နမိတ်ထဲမှာ ၁၉၈၉ တီယန်နန်မင် ရင်ပြင် အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုနဲ့ ပတ်သက်လို့ မမေ့တဲ့ တခုတည်းသော နေရာ၊ တရုတ်ရဲ့ လိပ်ပြာသန့်တဲ့ အသိတရား ဆိုပြီး ဆယ်စုနှစ်များစွာ ဂုဏ်ယူနေခဲ့တာဖြစ်တယ်လို့ ပြောပါတယ်။

ဘေကျင်းကလည်း နှစ်စဥ် ဒီသွေးစွန်းတဲ့ နေ့ရောက်တိုင်း အမှတ်ရ အောက်မေ့ကြတဲ့ အနေနဲ့ ဖယောင်းတိုင်ထွန်း ဆုတောင်းပွဲတွေ ကျင်းပကြတာကို ခွင့်ပြုထားခဲ့ကြတာကြောင့် ဆုတောင်းပွဲတွေဟာ ဟောင်ကောင်ရဲ့ သညာတခု ဖြစ်လာခဲ့ပါတယ်။

ဒါပေမဲ့ အမျိုးသာ လုံခြုံရေး ဥပဒေကို ပြဋ္ဌာန်းလိုက်ပြီး နောက်မှာ ဒီလို အောက်မေ့ဆုတောင်းပွဲတွေကို စီစဥ်တဲ့ Hong Kong Alliance in Support of Patriotic Democratic Movements in China အဖွဲ့ဟာ ဖျက်သိမ်းခဲ့ရပြီး ဆန္ဒပြ ခေါင်းဆောင်တွေလည်း ထောင်ဒဏ်တွေ အပြစ်ပေး ခံခဲ့ရတယ်၊ ဒါဟာ ဘေကျင်းဟာ လူသိရှင်ကြား အာခံမှုတွေကို သည်းခံတော့မှာ မဟုတ်ဘူးဆိုတာကို ပြလိုက်တာပဲ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီရုပ်တုကြီးဟာလည်း တက္ကသိုလ် ပရဝုဏ်ထဲမှာ နှစ်ပေါင်း ၂၀ ကျော် ရှိနေခဲ့ပေမယ့် ညပိုင်းက ဖယ်ရှားခံလိုက်ရတယ်။ ထုရိုက်သံတွေနဲ့ လွန်ပူသံတွေ ကြားနေခဲ့ ရပေမယ့် ဘာတွေ ဖြစ်နေလဲ ဆိုတာ ဘယ်သူမှ မသိခဲ့ကြဘူးလို့ ဆိုပါတယ်။ လူတော်တော်များများ အတွက်ကတော့ ဒီလို ရုတ်တရက်ကြီး ရုပ်တုကြီးကို ဖယ်ပစ်လိုက်တာဟာ မြို့မျက်နှာကို အိုးမည်း သုတ်တာပဲ ဖြစ်တယ်လို့ယူဆကြကြောင်း ဂရေ့စ် ဆွိုင်က သုံးသပ်ထားပါတယ်။

ဒီရုပ်တုကြီးဟာ တစစီဖြစ်နေတဲ့၊ လိမ်ထားတဲ့ လူ့ ခန္ဓာ ဒါဇင်များစွာကို အထပ်ထပ် ပုံထားသလို ဖန်တီးပုံဖော်ထားတာ ဖြစ်ပါတယ်။ ရုပ်တုကြီးကို ဖန်တီးခဲ့သူ Jens Galschiot က ရှက်စရာကောင်းတဲ့ အဖြစ်အပျက်တွေ နောက်ထပ် မကြုံရအောင် သတိပေးဖို့ အတွက် ရည်ရွယ်ထားတာ ဖြစ်တယ်လို့ ပြောပါတယ်။

တက္ကသိုလ်ဘက်ကတော့ ပရဝုဏ်ထဲမှာ ၂၄ နှစ်တိုင်တိုင် တည်ရှိနေခဲ့တဲ့ ဒီ ရုပ်တုကြီးကို ပစ္စည်း သိုလှောင်ရုံထဲမှာ သိမ်းထားမယ်လို့ ပြောပါတယ်။

Jens Galschiot ကတော့ ဒီလို ဖယ်ရှားပစ်တာဟာ အင်မတန် လူမဆန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြောလိုက်ပြီး အာဏာပိုင်တွေဆီကနေ နစ်နာကြေးအတွက် တရားစွဲဖို့ စဥ်းစားမယ်လို့ တောင် ပြောပါတယ်။

"ဒီရုပ်တုဟာ သေဆုံးခဲ့ရသူတွေအတွက်ပါ။ ၈၉ တုန်းက ဘေကျင်းမှာ သေဆုံးရသူတွေကို အမှတ်ရနေစေဖို့ ဖြစ်ပါတယ်။ ဒါကို ဖျက်ဆီး ပစ်တာဟာ သင်္ချိုင်းတွေကို သွားပြီး အုတ်ဂူကျောက်တိုင်တွေကိ ဖျက်ဆီး ပစ်သလိုပါပဲ "လို့ သူက ဘီဘီစီကို ပြောပါတယ်။

တီယန်နန်မင် ရင်ပြင် ဖြိုခွဲခံရမှုမှာ အသက်မသေဘဲ လွတ်မြောက်ခဲ့တဲ့ ကျောင်းသား ခေါင်းဆောင်တယောက် ဖြစ်ပြီး အခု အမေရိကန် ပြည်ထောင်စုမှာ နေထိုင်နေတဲ့ ဝမ်ဒန် ကတော့ ဒီလုပ်ရပ်ကို ပြင်းပြင်းထန်ထန် ပြစ်တင်ရှုတ်ချလိုက်ပြီး တရုတ် ကွန်မြူနစ်ပါတီဟာ သူတို့ရဲ့ ရာဇဝတ်မှုတွေကို ဖုံးကွယ်ဖို့ ကြိုးစားနေတယ်လို့ စွပ်စွဲ လိုက်ပါတယ်။

သူက "ဟောင်ကောင် အစိုးရဟာ သွေးစွန်းနေတဲ့ သမိုင်း စာမျက်နှာကို ဖျောက်ဖျက်ဖို့ စက်ဆုပ်ဖွယ်ကောင်းတဲ့ အလုပ်ကို လုပ်ခဲ့တာပဲ "လို့ တွစ်တာပေါ်မှာ ရေးခဲ့ပါတယ်။

ဟောင်ကောင် တက္ကသိုလ်က ၂၂ နှစ်အရွယ် ကျောင်းသား ဘီလီ ကွပ်ခ်က ဒီရုပ်တုကြီး ဖယ်ရှားခံလိုက်ရတာကို အင်မတန် စိတ်မကောင်း ဖြစ်မိတဲ့ အကြောင်း ရိုက်တာ သတင်းဌာနကို ပြောခဲ့ပါတယ်။

ရုပ်တု ထားရှိတဲ့ အဆောက်အအုံကိုက လွတ်လပ်စွာ ပြောဆို ရေးသာခွင့်ကို အထောက်အကူ ဖြစ်စေမယ့် နေရာဆိုပြီး အခုလို ဖယ်ရှားပစ်လိုက်တာ တလွဲကြီး ဖြစ်နေတယ်၊ ဒီလိုဖြစ်မယ်လို့ ဘယ်သူမှ မျှော်လင့်ထားခဲ့ကြမှာ မဟုတ်ဘူးလို့ ပြောပါတယ်။

တင့်ကားရှေ့ ပိတ်ရပ်တဲ့ ဆန္ဒပြသမား ဇွန် ၄၊ ၁၉၈၉

ဓာတ်ပုံ ရင်းမြစ်, Reuters

ဓာတ်ပုံ ပုံစာ, တင့်ကားရှေ့ ပိတ်ရပ်တဲ့ ဆန္ဒပြသမား ဇွန် ၄၊ ၁၉၈၉

ရုပ်တုဖယ်ရှားမှုက ဘာကြောင့် အရေးပါသလဲ

စင်္ကာပူ အမျိုးသား တက္ကသိုလ်က တွဲဖက်ပါမောက္ခ ဒေါက်တာ အီယံချောင်းက ဒီရုပ်တုဟာ တီယန်နန်မင် ဖြိုခွဲခံရမှုနဲ့ ပတ်သက်လို့ အနည်းငယ်ပဲ ကျန်တော့တဲ့ အထင်ကရ အထိမ်းအမှတ် အောက်မေ့ဖွယ်တွေထဲက တခု ဖြစ်တယ်၊ တချိန်က ဟောင်ကောင်ရဲ့ ပိုပြီး လွတ်လပ်ခဲ့တဲ့ အတိတ်ကာလတွေကို ပြန်ပြောင်းအမှတ်ရစေတယ်လို့ ဘီဘီစီကို ပြောပါတယ်။

ဒီလို အစုလိုက် အပြုံလိုက် သတ်ဖြတ်ခံရမှု အထိမ်းအမှတ် တခုကို အများပြည်သူရဲ့ ရှေ့မှောက်ကနေ ဖယ်ပစ်လိုက်တာကို ကြည့်ရင် ဟောင်ကောင်နဲ့ ဘေကျင်း အစိုးရတွေဟာ ဇွန်လ ၄ ရက်နေ့ အောက်မေ့ဖွယ်တွေ ကျင်းပကြတာကို သည်းခံတော့မှာ မဟုတ်ဘူး ဆိုတာကို ပြလိုက်တာပဲလို့ ဆိုပါတယ်။

ဟောင်ကောင်မှာ ဘေကျင်း လိုလားသူတွေ အနိုင်ရခဲ့ကြတဲ့ မဲပေးသူ အနည်းဆုံး ဖြစ်ခဲ့တဲ့ ပါလီမန် ရွေးကောက်ပွဲ ကျင်းပပြီး ဘာမှ မကြာသေးခင်မှာ အခုလို ရုပ်တုကို ဖယ်ရှားလိုက်တာ ဟာလည်း အချိန်အခါအရ အမှတ်သညာတခု ဖြစ်စေတယ်လို့ ဒေါက်တာ ချောင်းက ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်က ဘေကျင်းက တင်းကြပ်တဲ့ အမျိုးသား လုံခြုံရေး ဥပဒေကို ပြဋ္ဌာန်းခဲ့ပါတယ်။ အဲဒီထဲမှာ ခွဲထွက်ဖို့ ကြိုးစားတာ၊ တွန်းလှန်ဖြိုဖျက်ဖို့ ကြိုးစားတာ၊ အကြမ်းဖက်ဖို့နဲ့ ပြည်ပအင်အားတွေနဲ့ လျှို့ဝှက် ပူးပေါင်း ကြံစည်မှု မှန်သမျှကို ပြစ်မှုမြောက်တယ်လို့ သတ်မှတ်ထားပါတယ်။ တက်ကြွ လှုပ်ရှားသူတွေကတော့ ဒီဥပဒေဟာ အရပ်ဘက် လူမှု အဖွဲ့အစည်းတွေကို နှိပ်ကွပ်ဖို့၊ ဒီမိုကရေစီရေး လှုပ်ရှားသူတွေကို ထောင်ချနိုင်ဖို့ နဲ့ လွတ်လပ်မှုတွေကို ထိန်းချုပ်ဖို့ လုပ်တာ ဖြစ်တယ်လို့ ပြောကြပါတယ်။

No tag

ဓာတ်ပုံ ရင်းမြစ်, Getty Images

တီယန်နန်မင် ရင်ပြင် ဆန္ဒပြပွဲတွေဆိုတာ ဘာလဲ

လွန်ခဲ့တဲ့ ၁၉၈၉ ခုနှစ် ဇွန်လ ၄ ရက်နေ့မှာ တီယန်နန်မင် ရင်ပြင်မှာ ရှိနေခဲ့တဲ့ ဆန္ဒပြသူတွေကို တရုတ်တပ်ဖွဲ့ဝင်တွေက တင့်ကားတွေပါ သုံးပြီး ပစ်ခတ် ဖြိုခွဲခဲ့တာ ဖြစ်ပြီး နိုင်ငံတကာက ပြစ်တင် ဝေဖန် ရှုတ်ချ ခဲ့ကြပါတယ်။ ဒီအဖြစ်အပျက်တွေဟာ တရုတ်ပြည်မမှာ နိုင်ငံရေးအရ အင်မတန် ထိလွယ်ရှလွယ်တဲ့ ကိစ္စတခုဖြစ်ပြီး ဒီဇွန်လ ၄ ရက် အဖြစ်အပျက်တွေနဲ့ ဆက်နွယ်မှု ရှိတဲ့ အကြောင်းဆို သွယ်ဝိုက်ပြီးတောင် မပြောဖို့ အာဏာပိုင်တွေက ပိတ်ပင်ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၀ အတွင်းကလည်း နှစ်ပေါင်း ၃၀ အတွင်း ပထမဆုံးအကြိမ်အဖြစ် တီယန်နန်မင် ရင်ပြင် ဖြိုခွဲခံရမှု အထိမ်းအမှတ် အောက်မေ့ဖွယ် ဆုတောင်းပွဲ အခမ်းအနားကို မကျင်းပဖို့ ဟောင်ကောင် အာဏာပိုင်တွေ ပိတ်ပင်ခဲ့ကြပါတယ်။ သူတို့က ကိုဗစ် ရောဂါအတွက် ချမှတ်ထားတဲ့ ကန့်သတ်မှုတွေကို အကြောင်းပြခဲ့ပေမယ့် တက်ကြွ လှုပ်ရှားသူတွေကတော့ ဒီမိုကရေစီရေး လှုပ်ရှားမှုတွေကို ထိန်းချုပ်ဖို့ ဘေကျင်းက ဖိအားပေးတာကြောင့် လုပ်တာလို့ စွပ်စွဲကြပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလအတွင်းကလည်း ဟောင်ကောင်က ဒီမိုကရေစီရေး တက်ကြွလှုပ်ရှားသူ ၉ ဦး ကို အဲဒီ ဆုတောင်းပွဲမှာ ပါဝင်ခဲ့လို့ ဆိုပြီး ထောင်ဒဏ် ၆ လနဲ့ ၁၀ လကြား ပြစ်ဒဏ်တွေ ချမှတ်ခဲ့ပါတယ်။

ဒီလ အစောပိုင်းကလည်း မီဒီယာ သူဌေးကြီး ဂျင်မီလိုင်ကို အဲဒီ ဆုတောင်းပွဲမှာ ပါဝင်ခဲ့လို့ ဆိုပြီး ထောင်ဒဏ် ၁၃ လ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။