ဟောင်ကောင်မှာ နိုင်ငံတော် လုံခြုံရေးဥပဒေကြောင့် Amnesty Internationalအဖွဲ့ ရုံးခွဲတွေ ပိတ်တော့မယ်

ဟောင်ကောင်၊ Amnesty International

ဓာတ်ပုံ ရင်းမြစ်, EPA

ဓာတ်ပုံ ပုံစာ, Amnesty International အဖွဲ့က ဟောင်ကောင်မှာ ရုံးခွဲနှစ်ခု ဖွင့်ထား

ဟောင်ကောင်မှာ မကြာသေးခင်က ပြဌာန်းလိုက်တဲ့ နိုင်ငံတော် လုံခြုံရေး ဥပဒေကြောင့် Amnesty International လူ့အခွင့်အရေးအဖွဲ့က အဲဒီမှာရှိတဲ့ ရုံးတွေကို ပိတ်သိမ်းတော့မှာ ဖြစ်ပါတယ်။

တရုတ်အစိုးရ ပြဌာန်းတဲ့ အဲဒီ ဥပဒေကြောင့် သူတို့အဖွဲ့အနေနဲ့ ဟောင်ကောင်မှာ ဆက်လှုပ်ရှား လည်ပတ်ဖို့ လုံးဝ မဖြစ်နိုင်တော့ဘူးလို့ Amnesty International လူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။

Amnesty International အဖွဲ့ဟာ ဟောင်ကောင်မှာ ရုံးဖွင့်ထားတာ နှစ်ပေါင်း ၄၀ ကျော် ရှိခဲ့ပြီ ဖြစ်ပြီး အခုအခါ အဲဒီမှာ ရုံးခွဲ နှစ်ခု ဖွင့်ထားပါတယ်။ တစ်ရုံးက ဟောင်ကောင်အတွက်နဲ့ နောက်တစ်ရုံးက အာရှဒေသတွင်းအတွက် အာရုံစိုက် လုပ်ဆောင်ဖို့ ဖြစ်ပါတယ်။

ဟောင်ကောင်အတွက် ရုံးခွဲကို အောက်တိုဘာလ ၃၁ ရက်နေ့မှာ ပိတ်သိမ်းတော့မှာ ဖြစ်ပြီး ဒေသန္တရရုံးခွဲကိုတော့ အခုနှစ် နှောင်းပိုင်းမှာ ပိတ်သိမ်းမှာ ဖြစ်ပါတယ်။

စည်းမျဉ်းကန့်သတ်မှုတွေ ကျယ်ကျယ်ပြန့်ပြန့် ထည့်သွင်းထားတဲ့ အဲဒီ နိုင်ငံတော် လုံခြုံရေး ဥပဒေအရ ဟောင်ကောင်မှာ ခွဲထွက်ရေး လှုပ်ရှားမှု၊ အဖျက်အမှောင့်၊ အကြမ်းဖက်မှု၊ နိုင်ငံခြား အင်အားစုတွေနဲ့ ပူးပေါင်းမှု စတဲ့ စွဲချက်တွေနဲ့ ရာဇ၀တ်မှုအဖြစ် သတ်မှတ်ပြီး အရေးယူခံရနိုင်ပါတယ်။

ဒီဥပဒေဟာ အတိုက်အခံတွေကို ချေမှုန်းဖို့ ရည်ရွယ် ပြဌာန်းခဲ့တာ ဖြစ်တယ်လို့ ဝေဖန်သူတွေက ပြောနေပါတယ်။ ဒါပေမဲ့ တရုတ်အစိုးရကတော့ တည်ငြိမ် အေးချမ်းဖို့အတွက် လုပ်တာလို့ ဆိုပါတယ်။

ဒီဥပဒေကို သုံးပြီး နှိပ်ကွပ် ဖမ်းဆီးခဲ့မှုတွေကြောင့် အခုနှစ်အတွင်း နိုင်ငံရေးအုပ်စု ၃၅ ဖွဲ့ ဖျက်သိမ်းခဲ့ရတယ်လို့ Amnesty International အဖွဲ့ရဲ့ နိုင်ငံတကာ ဘုတ်အဖွဲ့ဥက္ကဋ္ဌ အန်ဂျူလာ မိုင်ယာ ဆင်းဘိုင်စ်ရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

"ရုံးခွဲတွေ ပိတ်သိမ်းဖို့ ကိစ္စကို အသေအချာ အလေးအနက်ထားပြီး ဆုံးဖြတ်ခဲ့တာ ဖြစ်ပါတယ်။ ဒီနိုင်ငံတော် လုံခြုံရေး ဥပဒေကြောင့် ဟောင်ကောင်မှာရှိတဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေအနေနဲ့ အကြီးအကျယ် အရေးယူခံရမှာကို စိုးရိမ်ထိတ်လန့်စရာ မလိုဘဲ လွတ်လွတ်လပ်လပ် လှုပ်ရှား ဆောင်ရွက်ဖို့က လုံးဝ မဖြစ်နိုင်တော့ပါဘူး"လို့ ဆိုပါတယ်။

ဒီနိုင်ငံတော် လုံခြုံရေးဥပဒေကို သုံးပြီး လက်စားချေ အရေးယူမှုတွေ လုပ်နေတာကြောင့် မသေချာ ရေရာမှုတွေ ဖြစ်ပေါ်လာနေပြီး ဘယ်လို လှုပ်ရှားဆောင်ရွက်မှုတွေက ရာဇဝတ်မှုနဲ့ အရေးယူ ခံရနိုင်သလဲ ဆိုတာ တပ်အပ်သိဖို့ မလွယ်တော့ဘူး လို့ ဆိုပါတယ်။

အခုနှစ်အတွင်း ဖျက်သိမ်းခဲ့ရတဲ့ အုပ်စုတွေထဲမှာ ထိပ်တန်း အလုပ်သမားသမဂ္ဂတွေ၊ အစိုးရ မဟုတ်တဲ့ အန်ဂျီအိုအဖွဲ့တွေနဲ့ သက်မွေးဝမ်းကျောင်းအုပ်စုတွေ အတော်များများ ပါပါတယ်။

New School for Democracy အပါအဝင် တခြား အန်ဂျီအိုအဖွဲ့ အတော်များများက ထိုင်ဝမ်ကို ပြောင်းရွှေ့ အခြေစိုက်ခဲ့ကြပါတယ်။