ထိုင်းရဲကို ပစ်ခတ်ပြီးထွက်ပြေးနေတဲ့မြန်မာလူငယ်ကို KNU က ထိုင်းလက်အပ်

ထိုင်းရဲကို ပစ်ခတ်ပြီးထွက်ပြေးနေတဲ့ မြန်မာလူငယ်ကို ကော်ဘရာစစ်ကြောင်းမှူးက ထိုင်းရဲလက်ကို အပ်နှံလိုက်တဲ့သတင်းအပါအဝင် ဇန်နဝါရီ ၂၂ ရက် နိုင်ငံတဝန်းနဲ့ ကမ္ဘာတဝန်းကထူးခြားသတင်းတွေကို တိုက်ရိုက်တင်ဆက်သွားမှာဖြစ်ပါတယ်။

အနှစ်ချုပ်

  • မလေးရှားအစိုးရက လဝကအကျဥ်းထောင်တွေက ရိုဟင်ဂျာဒုက္ခသည်တွေကို အထောက်အထား စတင်လုပ်ဆောင်ပေးနေ
  • ကျောက်တော်မြို့နယ်၊ ချောင်းတူရွာအနောက်ဘက်ကို လေကြောင်းဗုံးကြဲမှု စစ်သုံ့ပန်းစခန်းက စစ်သုံ့ပန်းနဲ့ ကလေးအပါအဝင် မိသားစုဝင် ၂၁ ဦးသေဆုံး၊ ၃၀ ဦးထိခိုက်
  • ICJ ရောက် မြန်မာကိုယ်စားလှယ်အဖွဲ့ကို ထောက်ခံရာမှာ ရိုဟင်ဂျာ အမည်တပ်ပြီး အမုန်းစကားမဖြန့်ဖို့ စစ်ကော်မရှင်က သတိပေး
  • ထိုင်းရဲကို ပစ်ခတ်ပြီး ထွက်ပြေးနေတဲ့ မြန်မာနိုင်ငံသား ကိုနိုင်လင်းအောင်ကို ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ဒါဘောက ထိုင်းရဲတပ်ဖွဲ့ရဲ့ လက်ကို သူကိုယ်တိုင် အပ်နှံ
  • မြန်မာ့အရေးကိုင်တွယ်မယ့် အာဆီယံအထူးသံ၊ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဇာ လာဇရိုနဲ့ မြန်မာက တော်လှန်‌ရေးအင်အားစုတွေ ဖိလစ်ပိုင်နိုင်ငံမှာ ၂ ရက်တာတွေ့ဆုံ
  • ခေတ်မီလေတပ်ဖြစ်ရေး လေယာဉ်/ ရဟတ်ယာဉ်များ၊ မောင်းသူမဲ့လေယာဉ်နဲ့ လက်နက်စနစ်တွေ ဝယ်ယူဖြည့်တင်းမှုကို အလေးထားလုပ်နေတယ်ဆိုပြီး ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးထွန်းအောင်ပြော

တိုက်ရိုက် ထုတ်လွှင့်ချက်

  1. ဇန်နဝါရီ ၂၂ ရက် နောက်ဆုံးရသတင်းတွေကို တင်ဆက်လို့ပြီးပါပြီ။ ဒီနေ့ တစ်နေ့တာ တင်ဆက်ခဲ့တဲ့သတင်းတွေကို အခုစာမျက်နှာမှာ တစုတစည်းတည်း ပြန်လည် ဖတ်ရှုနိုင်ပါတယ်။ဘီဘီစီ သတင်းတွေကို ဖတ်ရှုခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်။

  2. ရွေးကောက်ပွဲရှုံးတဲ့ နာမည်ကြီးတွေ

    အရှုံးနဲ့တွေ့သွားကြတဲ့နိုင်ငံရေးသမားတွေ
    ဓာတ်ပုံ ပုံစာ, အရှုံးနဲ့တွေ့သွားကြတဲ့နိုင်ငံရေးသမားတွေ

    အရှုံးနဲ့တွေ့သွားကြတဲ့အထဲ အငြိမ်းစားဒုတိယဗိုလ်ချုပ်ကြီးလည်းပါသလို ဒေါ်စန္ဒာမင်းလို NLD ဟောင်း၊ တစ်သီးပုဂ္ဂလတွေလည်း ပါပါတယ်။

    ဒါ့အပြင် ကြံ့ခိုင်ရေးပါတီကို ကျော်ဖြတ်နိုင်ခဲ့တဲ့ တိုင်းရင်းသားအမတ်တွေရှိသလို ကြိုတင်မဲနဲ့ရှုံးပွဲတွေ့ရတဲ့ အမတ်တွေလည်းရှိနေပါတယ်။

    ရွေးကောက်ပွဲရှုံးကြတဲ့အထဲ ပါတီဥက္ကဋ္ဌတွေလည်း ပါဝင်နေတာတွေ့ရပါတယ်။

    ဝေဖန်ကန့်ကွက်မှုတွေကြားထဲက ရွေးကောက်ပွဲဝင်ပြိုင်ပြီးရှုံးကြတာဖြစ်လို့ ရှုံးချက်နာတယ်လို့ နိုင်ငံရေးအကဲခတ်တချို့က သုံးသပ်ပါတယ်။

    ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ် မှာ ဆက်လက်ဖတ်ရှုနိုင်ပါတယ်။

  3. ရန်ကုန်၊ရွှေပြည်သာစက်မှုဇုန်က COSTEC စက်ရုံမှာ ဆန္ဒပြမှုဖြစ်ပွား

    COSTEC တရုတ်အထည်ချုပ်စက်ရုံက ဆန္ဒပြတောင်းဆိုမှု

    ဓာတ်ပုံ ရင်းမြစ်, ရွှေပြည်သာအထည်ချုပ်သမဂ္ဂ

    ဓာတ်ပုံ ပုံစာ, COSTEC တရုတ်အထည်ချုပ်စက်ရုံက ဆန္ဒပြတောင်းဆိုမှု

    ရန်ကုန်၊ ရွှေပြည်သာမြို့နယ် စက်မှုဇုန် ၃ ရှိ COSTEC အထည်ချုပ်စက်ရုံက အလုပ်သမားခေါင်းဆောင်ကို စက်ရုံဘက်က ဇန်နဝါရီ ၂၁ ရက်က အလုပ်ထုတ်လိုက်တာနဲ့ ပတ်သက်လို့ အလုပ်သမားတွေက မကျေနပ်ကြောင်း စက်ရုံတွင်းမှာ ဆန္ဒပြတောင်းဆိုမှုတွေလုပ်နေပါတယ်။

    ဆန္ဒပြမှုကို ဇန်နဝါရီ ၂၂ ရက် မနက် ၈ နာရီကစတင်ပြုလုပ်နေပြီး တောင်းဆိုချက်တွေထဲမှာ အလုပ်ထုတ်ခံရတဲ့ အလုပ်သမားခေါင်းဆောင်ကို ပြန်ခန့်ပေးဖို့၊ ဖိနှိပ်မှုတွေလုပ်နေတဲ့ HR Manager ကိုအလုပ်က ထုတ်ပေးဖို့ဆိုပြီး စက်ရုံသမဂ္ဂက တဆင့် တောင်းဆိုနေတာလို့ဆိုပါတယ်။

    COSTEC အထည်ချုပ်စက်ရုံဟာ တရုတ်နိုင်ငံသားဖွင့်ထားတဲ့ စက်ရုံဖြစ်ပြီး နာမည်ရ နိုင်ငံတကာအမှတ်တံဆိပ်အထည်‌ တွေကိုချုပ်လုပ်တယ်လို့ သိရပါတယ်။

    '' အလုပ်သမား‌ခေါင်း‌ဆောင်က မြို့နယ်သမဂ္ဂခေါင်း‌ဆောင်ဖြစ်ပါတယ်။ စက်ရုံတွင်းမှာလည်းသူက အလုပ်သမား‌‌တွေအတွက် အတော်ကို‌ရပ်တည်ပေးတဲ့ ‌ခေါင်း‌ဆောင်ဖြစ်ပါတယ်။

    တဖက်မှာလည်း ရွှေပြည်သာအထည်ချုပ်သမဂ္ဂ က တဆင့်လည်း အဲဒီအလုပ်ထုတ်ခံရတဲ့ အလုပ်သမားခေါင်းဆောင်ကို အလုပ်ပြန်ခန့်ရေးကို အလုပ်သမားဦးစီးဌာန၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန(အ.လ.ရ) ကို တိုင်စာတင်ထားတယ်လို့ ရွှေပြည်သာအထည်ချုပ်သမဂ္ဂက အဖွဲ့ဝင်တစ်ဦးကပြောပါတယ်။

    '' အလုပ်သမားခေါင်းဆောင်ကို စက်ရုံဘက်က အလုပ်ဖြုတ်ရတဲ့အကြောင်းပြချက်က အလုပ်သမားခေါင်းဆောင်က စက်ရုံနဲ့ ပူးပေါင်းဆောင်ရွက်မှု မလုပ်နိုင်တာမျိုးပေါ့။ စက်ရုံဘက်ကလုပ်ချင်တာတွေနဲ့ အလုပ်သမားခေါင်းဆောင်နဲ့ သဘောထားမကိုက်ညီလို့ပြောတယ်'' လို့ ရွှေပြည်သာအထည်ချုပ်သမဂ္ဂက အဖွဲ့ဝင်ကပြောပါတယ်။

    ရွှေပြည်သာအထည်ချုပ်သမဂ္ဂဘက်က အပြောအရ စက်ရုံက အလုပ်သမားတွေရဲ့ လုပ်ခလစာငွေ ဖြတ်တောက်ခံရမှုကို တစ်လနီးပါးကြာမြင့်တဲ့အထိ ဖြေရှင်းမှုမရှိတာ‌ကြောင့် အင်းစိန်မြို့နယ် ၊ အလုပ်ရုံနှင့်အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန(အ.လ.ရ)တိုင်ကြားခဲ့ကြပါတယ်။

    အဲဒီနောက်မှာ အလုပ်ရှင်ဘက်မှ စက်ရုံအတွင်း အရင်က ဖော်ပြခဲ့တာမရှိ့ လစာပေးစနစ် တွက်ချက်ပုံနှင့် စက်ရုံစည်းကမ်းများကို သိရှိနားလည်ကြောင်း စာထုတ်ကာ အလုပ်သမားကို အတင်းလက်မှတ်ထိုးစေခဲ့တဲ့ ပြဿနာက‌နေ အလုပ်သမားခေါင်းဆောင် အလုပ်ထုတ်ခံရတာလို့ပြောပါတယ်။

    COSTEC စက်ရုံမှာ အလုပ်သမား ၁၀၀၀ ဝန်းကျင်ရှိပြီး LC Waikiki၊ X shutters၊ Zero Stage၊ Colopuca၊ Logos တို့လို ကမ္ဘာ့အထည်အမှတ်တံဆိပ်‌တွေကိုတဆင့်ချုပ်ယူနေတဲ့ စက်ရုံလို့သိရပါတယ်။

  4. အင်းတော် လေကြောင်းတိုက်ခိုက်ခံရမှု PDF ၅ ဦးသေဆုံး

    ဇန်နဝါရီ ၂၁ ရက်၊ ည ၁၁ နာရီမှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူးမြို့က မာန်ဟဲရွာထိပ်အခြေအနေ

    ဓာတ်ပုံ ရင်းမြစ်, Indaw Revolution

    ဓာတ်ပုံ ပုံစာ, ဇန်နဝါရီ ၂၁ ရက်၊ ည ၁၁ နာရီမှာ လေကြောင်းတိုက်ခိုက်ခံခဲ့ရတဲ့ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူးမြို့က မာန်ဟဲရွာထိပ်အခြေအနေ

    စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ မော်လူးမြို့က မာန်ဟဲရွာထိပ်ကို စစ်တပ်က တိုက်လေယာဥ်နဲ့ ဗုံး ၂ လုံးကြဲတာကြောင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၅ ဦးသေဆုံးတယ်လို့ အင်းတော်မြို့နယ်ထဲက တော်လှန်ရေးသတင်းတွေ ‌ဖော်ပြနေတဲ့ Indaw Revolution က ဆိုပါတယ်။

    ဇန်နဝါရီ ၂၁ ရက်၊ ည ၁၁ နာရီမှာ လေကြောင်းတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၂ ဦးလည်းထိခိုက်တယ်လို့ ဖော်ပြပါတယ်။

    ဗုံးစထိမှန်ပြီး မာန်ဟဲရွာက အိမ် ၃ လုံးပျက်စီးသလို ရွာခံတွေမွေးထားတဲ့ နွားတချို့လည်းသေဆုံးတယ်လို့ ဆိုပါတယ်။

    လေကြောင်းကြိုတင်သတိပေးချက်တွေ ဖြန့်ဝေနေတဲ့ ဝေဟင်အဖွဲ့ကလည်း တံတားဦးလေတပ်က က်သွားတဲ့ ဂျက်ဖိုက်တာတစ်စီးဟာ မနေ့ကည ၁၁ နာရီ ဝန်းကျင်မှာ မော်လူးနယ်တစ်နေရာကို လေကြောင်းတိုက်သွားတယ်လို့ ထုတ်ပြန်ထားပါတယ်။

    ဒီလအစပိုင်းတိုင်းကလည်း မော်လူးမြို့၊ ပဲခူးရွာနဲ့ ရွာရှည်ရွာကြားကို လေကြောင်းကနေဗုံးကြဲတာ ကြောင့် ကျောင်းသူတစ်ဦး သေဆုံးပြီး တစ်ဦးထိခိုက်ခဲ့ပါတယ်။

  5. မောင်းသူမဲ့လေယာဉ်နဲ့ လက်နက်စနစ်တွေ ဝယ်ယူဖြည့်တင်းနေတယ်လို့ လေချုပ်ပြော

    လေယာဉ်မောင်းသင်တန်း၊ ကျောင်းဆင်းတောင်ပံအပ်နှင်းပွဲအခမ်းအနား

    ဓာတ်ပုံ ရင်းမြစ်, MOI

    ဓာတ်ပုံ ပုံစာ, လေယာဉ်မောင်းသင်တန်း၊ ကျောင်းဆင်းတောင်ပံအပ်နှင်းပွဲအခမ်းအနား

    ခေတ်မီလေတပ်ဖြစ်ရေး လေယာဉ်/ ရဟတ်ယာဉ်များ၊ မောင်းသူမဲ့လေယာဉ်နဲ့ လက်နက်စနစ်တွေ ဝယ်ယူဖြည့်တင်းမှုကို အလေးထားလုပ်နေတယ်ဆိုပြီး ကာကွယ်ရေးဦးစီးချုပ် (လေ) ဗိုလ်ချုပ်ကြီးထွန်းအောင် က လေယာဉ်မောင်းသင်တန်းဆင်းတွေကို ပြောပါတယ်။

    မိတ္ထီလာမြို့၊ လေကြောင်းအတတ်သင်လေတပ်စခန်းဌာနချုပ်မှာ ဇန်နဝါရီ ၂၁ ရက်ကလုပ်ခဲ့တဲ့ လေယာဉ်မောင်းသင်တန်း၊ ကျောင်းဆင်းတောင်ပံအပ်နှင်းပွဲအခမ်းအနားမှာ သူက ပြောခဲ့တာဖြစ်ပါတယ်။

    '' ပျံသန်းရေးအုပ်အသီးသီးမှာ တန်ဖိုးကြီးမားတဲ့ အဆင့်မြင့်လေယာဉ်၊ ရဟတ်ယာဉ်တွေကို တာဝန်ယူပျံသန်းမောင်းနှင်ပြီး နိုင်ငံတော်ကာကွယ်ရေးတာဝန်များကို စတင်ထမ်းဆောင်ရတော့မယ်'' လို့ သူ ကျောင်းဆင်းသင်တန်းသားတွေကို ပြောပါတယ်။

    လေယာဉ်/ ရဟတ်ယာဉ်တွေနဲ့ လက်နက်စနစ်တွေကို မောင်းနှင်ကိုင်တွယ်အသုံးပြုရမှာဖြစ်လို့ ခေတ်မီနည်းပညာတွေကို အသုံးပြုတိုက်ပွဲဝင်နိုင်ဖို့ သင်ခန်းစာဖော်ထုတ်လေ့ကျင့်ဖို့လိုအပ်တယ်လို့လည်း သူက ထည့်ပြောပါတယ်။

    ဗိုလ်ချုပ်ကြီးထွန်းအောင် ရဲ့ အပြောအရ လေတပ်အနေနဲ့ သမားရိုးကျစစ်ပွဲအပြင် သမားရိုးကျမဟုတ်တဲ့ စစ်ပွဲနဲ့ စိန်ခေါ်မှုတွေကို ခုခံတွန်းလှန်နိုင်ဖို့ ရည်မှန်းထားတယ်လို့ဆိုပါတယ်။

    လေယာဉ်မောင်းသင်တန်းအမှတ်စဉ်(၈၇) မှာသင်တန်းဆင်းဆယ်ချီတွေ့ရပြီး စစ်တပ်ကတော့ သင်တန်းဆင်းအရေအတွက်ကို အတိအကျမထုတ်ပြန်ထားပါဘူး။

    အာဏာသိမ်းပြီးတဲ့နောက် စစ်တပ်ဟာ သူ့ရဲ့ မြေပြင်တိုက်ပွဲတွေမှာ လေကြောင်းပစ်ကူတိုက်ခိုက်မှုကို အဓိကအသုံးပြုနေပြီး သူတို့လက်လွတ်ဆုံးရှုံးခဲ့တဲ့ နယ်မြေတွေကိုလည်း လေကြောင်းတိုက်ခိုက်မှု စစ်ရေးဗျူဟာသုံးပြီး ပြန်လည်ရယူနေပါတယ်။

  6. ဖိလစ်ပိုင်ရဲ့ မြန်မာ့အရေးအထူးသံနဲ့ NUG အပါအဝင်တော်လှန်ရေးအင်အားစုတွေ တွေ့ဆုံ

    ဖိလစ်ပိုင်နိုင်ငံ၊ တာဂါတေးမြို့မှာ ပြုလုပ်ခဲ့တဲ့ မြန်မာအရေးသက်ဆိုင်သူများပါဝင်တဲ့အစည်းအဝေးက အာဆီယံအထူးသံ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဇာ လာဇရို

    ဓာတ်ပုံ ရင်းမြစ်, Ma. Theresa P. Lazaro

    ဓာတ်ပုံ ပုံစာ, ဖိလစ်ပိုင်နိုင်ငံ၊ တာဂါတေးမြို့မှာ ပြုလုပ်ခဲ့တဲ့ မြန်မာအရေးသက်ဆိုင်သူများပါဝင်တဲ့အစည်းအဝေးက အာဆီယံအထူးသံ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဇာ လာဇရို

    ဖိလစ်ပိုင်က ၂၀၂၆ အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဖြစ်လာပြီးနောက် မြန်မာ့အရေးကိုင်တွယ်မယ့် အာဆီယံအထူးသံ၊ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီး ထရီဇာ လာဇရိုနဲ့ မြန်မာက တော်လှန်‌ရေးအင်အားစုတွေ ဖိလစ်ပိုင်နိုင်ငံမှာ ပြီးခဲ့တဲ့ ၁၉ ရက်နဲ့ ၂၀ ရက်တို့မှာ ၂ ရက်တာတွေ့ဆုံခဲ့ကြပါတယ်။

    ဖိလစ်ပိုင်နိုင်ငံ၊ တာဂါတေးမြို့မှာ ပြုလုပ်တဲ့ အဲဒီဆွေးနွေးပွဲမှာ မြန်မာက နိုင်ငံရေးအင်အားစုတွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ တချို့ကို ဖိတ်ခေါ်ခဲ့တယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးက သူ့ရဲ့ X လူမှုကွန်ရက်မှာ ပြောထားပါတယ်။

    မြန်မာတော်လှန်ရေးအင်အားစုတွေဘက်က နိုင်ငံရေးနဲ့ တိုင်းရင်းသား အစုအဖွဲ့ ၁၃ ခုရဲ့ ကိုယ်စားလှယ်တွေတက်ရောက်ခဲ့တယ်လို့ ဘီဘီစီက သိရှိရပါတယ်။

    အဲဒီအဖွဲ့တွေထဲမှာ အမျိုးသားညီညွတ်ရေးအစိုးရ NUG၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ NUCC၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ CRPH၊ မြန်မာနိုင်ငံလုံးဆိုင်ရာ မွတ်စလင်လူမျိုးစုများ အတိုင်ပင်ခံကော်မတီ MMMCC၊ မကွေးဖက်ဒရယ်လွှတ်တော်၊ ချင်းအမျိုးသားတပ်ဦး CNF၊ မွန်ပြည်ဖက်ဒရယ်ကောင်စီ MFSC ၊ ရိုဟင်ဂျာအတိုင်ပင်ခံကောင်စီ၊ ပအိုဝ်းအမျိုးသားဖက်ဒရယ်ကောင်စီ PNFC၊ မွန်ပြည်သစ်ပါတီ(စစ်အာဏာရှင်ဆန့်ကျင်ရေး)၊ မန္တလေးကြားကာလအုပ်ချုပ်ရေးကောင်စီ၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF နဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြတာပါ။

    အာဆီယံဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်ရေးအတွက် တက်ရောက်လာသူတွေဘက်က ထိရောက်၊ အပြုသဘောဆောင်ပြီး အဓိပ္ပါယ်ရှိတဲ့ အမြင်သဘောထားတွေ မျှဝေခဲ့ကြတယ်လို့ အာဆီယံအထူးသံက ရေးထားပါတယ်။

    အထူးသံရဲ့ အပြောအရ အဲဒီဆွေးနွေးပွဲမှာ သက်ဆိုင်သူတွေပါဝင်တဲ့ နိုင်ငံရေးဆွေးနွေးမှုဖြစ်ပေါ်လာစေရေးကိစ္စ၊ လူသားစာနာအထောက်အပံ့တွေ လွယ်ကူချောမွေ့စေရေး၊ နယ်စပ်ဖြတ်ကျော်ရာဇဝတ်မှုထိထိရောက်ရောက်တိုက်ဖျက်ရေးကိစ္စတွေကို ဆွေးနွေးခဲ့ကြတယ်လို့ဆိုပါတယ်။

    တက်ရောက်ခဲ့တဲ့တော်လှန်ရေးအင်အားစုတွေဘက်ကတော့ အာဆီယံရဲ့ဘုံသဘောတူညီချက် ၅ ရပ် အကောင်အထည်ဖော်မှုက ပြန့်ကျဲနေပြီး စုစည်းတဲ့လုပ်ငန်းအစီအစဥ် Work Plan မရှိခြင်း၊ အလှည့်ကျ ဥက္ကဋ္ဌ တွေအနေနဲ့ သူတို့သက်တမ်းအတွင်းမြန်မာ့အရေးဖြေရှင်းနိုင်ကြောင်း ပြသလိုနေတယ်တဲ့ သီးခြားချဥ်းကပ်မှုတွေကိုလုပ်ဆောင်နေခြင်းနဲ့ အာဆီယံမှာဆုံးဖြတ်ချက်တွေကိုအကောင်အထည်ဖော်နိုင်တဲ့ ယန္တရားတွေအခိုင်အမာမရှိတာတွေကို ထောက်ပြဝေဖန်ဆွေးနွေးခဲ့ကြတယ်လို့ အဲဒီအစည်းအဝေးအကြောင်းကိုသိတဲ့ ဘီဘီစီရဲ့ သတင်းရင်းမြစ်ကပြောပါတယ်။

    ဒါအပြင် မလေးရှား အလှည့်ကျဥက္ကဋ္ဌ တာဝန်ယူချိန်ကလုပ်ခဲ့တဲ့လုပ်ငန်းစဥ်တွေကို ဆက်လက်လုပ်ပေးဖို့လည်းတိုက်တွန်းခဲ့ကြတယ်လို့ဆိုပါတယ်။

    အာဆီယံအထူးသံ ဖိလစ်ပိုင်နိုင်ငံခြားရေးဝန်ကြီးဟာ ဇန်နဝါရီ ၆ ရက်တုန်းက နေပြည်တော်ကို လာရောက်ခဲ့ပြီး စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့တွေ့ဆုံထားပြီး အာဆီယံဘုံသဘောတူညီချက် ၅ ရပ်မူကို ဆက်သွားမယ်လို့ပြောထားပါတယ်။

  7. ထိုင်းရဲကို ပစ်ခတ်ပြီး ထွက်ပြေးနေတဲ့ ရဲဘော်ဟောင်းကို ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ဒါဘောက ထိုင်းလက်အပ်

    ထိုင်းအာဏာပိုင်တွေ၊ ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ဒါဘောနဲ့ ကိုနိုင်လင်းအောင်

    ဓာတ်ပုံ ရင်းမြစ်, Tanaphoom Wongprasert

    ဓာတ်ပုံ ပုံစာ, ထိုင်းအာဏာပိုင်တွေ၊ ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ဒါဘောနဲ့ ကိုနိုင်လင်းအောင်

    ထိုင်းရဲကို ပစ်ခတ်ပြီး ထွက်ပြေးနေတဲ့ မြန်မာနိုင်ငံသား ကိုနိုင်လင်းအောင်ကို ကော်ဘရာစစ်ကြောင်းမှူး ဗိုလ်ဒါဘောက ထိုင်းရဲတပ်ဖွဲ့ရဲ့ လက်ကို သူကိုယ်တိုင် အပ်နှံလိုက်တယ်လို့ မဲဆောက် မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးကသူ့ရဲ့ လူမှုကွန်ရက်မှာ ဓာတ်ပုံနဲ့တကွတင်ထားပါတယ်။

    ကိုနိုင်လင်းအောင်ဟာ ကော်ဘရာစစ်ကြောင်းရဲ့ ရဲဘော်ဟောင်းတစ်ဦးဖြစ်တယ်လို့ မဲဆောက်မှာ အမျိုးသမီးနဲ့ကလေးအခွင့်အရေး‌ဆောင်ရွက်နေသူတစ်ဦးက ပြောထားပါတယ်။

    ဇန်နဝါရီ ၂၀ ရက်က မဲဆောက်၊ မဲကုတိုက်နယ်မှာ မြန်မာနိုင်ငံသား လက်နက်သယ်ဆောင်သူ ၂ ဦးကို ထိုင်းရဲတပ်ဖွဲ့က အသွင်ယူဖမ်းဆီးဖို့လုပ်ချိန် ပစ်ခတ်မှုဖြစ်ပြီး ရဲတပ်ဖွဲ့ဝင် ၁ ဦး ကျည်ထိမှန်ခဲ့တယ်လို့ ထိုင်းဘက်က ထုတ်ပြန်ထားတာပါ။

    အဲဒီ နှစ်ဦးထဲက မြန်မာတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးမိပြီး ပစ်ခတ်မှုလုပ်ခဲ့တဲ့မြန်မာတစ်ဦးက ထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်။ အခုတော့ ထွက်ပြေးသူကို သူ့ရဲ့ တပ်ရင်းဖြစ်ခဲ့တဲ့ ကော်ဘရာစစ်ကြောင်း ကိုယ်တိုင်က ပြန်လည်အပ်နှံပေးခဲ့တာဖြစ်ပါတယ်။

    အဲဒီ မြန်မာလူငယ်ဦးဟာ စားဝတ်နေရေးအခက်အခဲနဲ့ ငွေကြေးလိမ်လည်ခံရတာတွေကြောင့် လက်နက်သယ်တဲ့အလုပ်ကို လုပ်ဖြစ်သွားတာလို့ မိသားစုဘက်က ပြောထားတာ ဖြစ်ပါတယ်။

  8. ရိုဟင်ဂျာ အမည်တပ်ပြီး အမုန်းစကားမဖြန့်ဖို့ စစ်ကော်မရှင်က သတိပေး

    ၂၀၁၈ ခုနှစ်၊ တပ်ထောက်ခံသူ အမျိုးသားရေးသမားတွေ ဦးဆောင်တဲ့ ရိုဟင်ဂျာပဋိပက္ခအတွက် မြန်မာစစ်ဗိုလ်ချုပ်တွေ တာဝန်ခံစေရေး ပြောဆိုတဲ့ နိုင်ငံတကာနဲ့ အဖွဲ့အစည်းတွေကို ဆန့်ကျင်ပွဲ(ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ၂၀၁၈ ခုနှစ်၊ တပ်ထောက်ခံသူ အမျိုးသားရေးသမားတွေ ဦးဆောင်တဲ့ ရိုဟင်ဂျာပဋိပက္ခအတွက် မြန်မာစစ်ဗိုလ်ချုပ်တွေ တာဝန်ခံစေရေး ပြောဆိုတဲ့ နိုင်ငံတကာနဲ့ အဖွဲ့အစည်းတွေကို ဆန့်ကျင်ပွဲ(ပုံဟောင်း)

    ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံး သတ်ဖြတ်မှု စွပ်စွဲချက်နဲ့ အပြည်ပြည်ဆိုင်ရာတရားရုံး ICJ မှာ တရားရင်ဆိုင်နေတဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့အတွက်လုပ်မယ့်ပြည်တွင်းက ထောက်ခံပွဲတွေမှာ အထူးသတိပြုလိုက်နာရမယ့်အချက်တွေဆိုပြီး စစ်ကော်မရှင်က ထုတ်ပြန်ပါတယ်။

    အဲဒီထဲကအချက်တွေအရ ရိုဟင်ဂျာနာမည်တပ်ပြီး အမုန်းစကားမဖြန့်ဖို့၊ ICJ တရားရုံးနဲ့ တရားသူကြီးတွေကို ဝေဖန်ပုပ်ခတ်တာနဲ့ ဖိအားပေးတဲ့ ရေးသားပြောဆိုခြင်းတွေမလုပ်ဖို့၊ လူမျိုးရေးခွဲခြားတဲ့ အသုံးအနှုန်းတွေ ရေးသားပြောဆိုတာနဲ့ လက်ကိုင်ဆိုင်းဘုတ်ပြုလုပ်တာကို မပြုလုပ်ဖို့ဆိုတာမျိုးတွေကို သတိပေးထားပါတယ်။

    နိုင်ငံရေးအကဲခတ်တချို့ကတော့ မြန်မာစစ်တပ်နဲ့ သူ့အစိုးရအဖွဲ့ရဲ့ အခုလိုထုတ်ပြန်ချက်ဟာ သူ့ထောက်ခံသူတွေနဲ့ ပတ်သက်ပြီး တွေ့ရခဲတဲ့ သတိပေးမှုမျိုးဖြစ်တယ်လို့ ပြောပါတယ်။

    စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်ထဲမှာရိုဟင်ဂျာလို့ တိုက်ရိုက်မသုံးဘဲ '' တိုင်းရင်းသား အမျိုးအမည်မှာမပါဝင်တဲ့ တိုင်းရင်းသားအဖြစ် မသတ်မှတ်ထားတဲ့ လူမျိုးအမည်ကို သုံးစွဲပြီး ထိုအမည်ကို အမုန်းစကားများမပြုလုပ်ကြဖို့'' ဆိုပြီး သုံးနှုန်းရေးသားထားတာတွေ့ရပါတယ်။

    စစ်ကော်မရှင် ဝန်ကြီး ဦးကိုကိုလှိုင်ဦး‌ဆောင်တဲ့ မြန်မာကိုယ်စားလှယ်အဖွဲ့ကို လူမှုကွန်ရက်မှာ ထောက်ခံအားပေးတဲ့ပို့စ်၊ ထုတ်ပြန်ချက်နဲ့ ထောက်ခံပွဲတွေလုပ်ရာမှာ လိုက်နာဖို့ဆိုပြီး စစ်ကော်မရှင်က အခုလိုထုတ်ပြန်တာဖြစ်ပါတယ်။

    မြန်မာအစိုးရ သို့ စစ်တပ်ဟာ ရိုဟင်ဂျာတွေကို ဖိနှိပ်ဖို့ အမုန်းစကားဖြန့်ချိရာမှာ ဦးစီးဆောင်ရွက်ခဲ့တာကြောင့် ရိုဟင်ဂျာတွေကို လူမျိုးတုံးစေလိုတဲ့ ရည်ရွယ်ချက်ရှိတယ်လို့ လက်ရှိဇန်နဝါရီလအတွင်းလုပ်နေတဲ့ကြားနာပွဲမှာ ဂမ်ဘီယာနိုင်ငံဘက် ရှေ့နေတချို့က လျှောက်လဲထားပါတယ်။

    မြန်မာဘက်က ရှေ့နေကလည်း ဂမ်ဘီယာရဲ့ လူမျိုးတုံးစေဖို့ဆိုတဲ့အချက်နဲ့ အမုန်းစကားဆိုတာက ဆက်စပ်မှုမရှိကြောင်းနဲ့ အမုန်းစကားနဲ့လူမျိုးတုံးသတ်ဖြတ်မှု ချိတ်ဆက်တယ်ဆိုသည့်တိုင် မြန်မာနဲ့ သက်ဆိုင်မှုရှိ မရှိ သက်သေမပြနိုင်ဘူးဆိုကာ ချေပလျှောက်လဲထားတာတွေ့ရပါတယ်။

    ၂၀၁၉ ခုနှစ်မှာ အနောက်အာဖရိကထဲက ဂမ်ဘီယာနိုင်ငံက ကုလသမဂ္ဂရဲ့ အမြင့်ဆုံးတရားရုံး ICJ မှာ မြန်မာဟာ လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ တရားစွဲဆိုထားတာဖြစ်ပါတယ်။

    အဲဒီအတွက် နောက်ဆုံးအဆုံးအဆင့်ဖြစ်တဲ့ နှစ်ဖက်ကြားနာပွဲတွေကို နယ်သာလန်နိုင်ငံ သဟေ့ဂ်မြို့ က ICJ မှာ အများပြည်သူရှေ့မှောက် ကြားနာပွဲတွေ ပြုလုပ်နေတာဖြစ်ပါတယ်။

  9. တောင်ကြီး - ပုဂ္ဂလိကကျောင်းက အဓမ္မပြုကျင့်ခံရမှုဖြစ်စဥ်သိရသမျှ

    ပြစ်မှုကျူးလွန်သူကို ရဲက ဖမ်းဆီးအမှုဖွင့်ထား

    ဓာတ်ပုံ ရင်းမြစ်, အောင်မြေသစ်

    ဓာတ်ပုံ ပုံစာ, ပြစ်မှုကျူးလွန်သူကို ရဲက ဖမ်းဆီးအမှုဖွင့်ထား

    ရှမ်းပြည်နယ်(တောင်ပိုင်း) တောင်ကြီးမြို့၊ အောင်မြေသစ် ပုဂ္ဂလိကျောင်းမှာဖြစ်ခဲ့တဲ့ အဓမ္မပြုကျင့်မှုဖြစ်စဥ်က ပြစ်မှုကျူးလွန်သူကို ရဲက ဖမ်းဆီးအမှုဖွင့်ထားပါတယ်။

    နစ်နာသူ Grade-12 ကျောင်းသူ လုံမေ(အမည်လွှဲ) ကတော့ လိုအပ်တဲ့ ဆေးစစ်မှုပြုလုပ်ပြီးနောက်မှာ ဆေးကုသမှုခံယူနေရတယ်လို့ လုံမေရဲ့ သူငယ်ချင်းကပြောပါတယ်။

    လုံမေနဲ့အတူ အဆောင်တစ်ခန်းတည်းနေခဲ့တဲ့ သူငယ်ချင်းတွေထဲက ကျောင်းသူတစ်ဦးနဲ့ ဇန်နဝါရီ ၂၁ ရက်မှာ ဘီဘီစီက စကားပြောခွင့်ရခဲ့ပါတယ်။

    "သူ့ကို ရုပ်ပိုင်းကျန်းမာရေးကုသမှုအပြင် စိတ်ပိုင်းဆိုင်ရာအတွက်လည်း ကုသနေရတယ်"လို့ လုံမေရဲ့သူငယ်ချင်း ကျောင်းသူက ပြောပြပါတယ်။

    တောင်ကြီးမြို့ အောင်မြေသစ်ပုဂ္ဂလိကကျောင်းက အဓမ္မပြုကျင့်ခံရမှုဖြစ်စဥ်ကို သိရှိထားသူရဲ့ ပြောပြချက်ကို ဒီဆောင်းပါးမှာ ဖတ်ရှုနိုင်ပါတယ်။

  10. ရခိုင်၊ချောင်းတူရွာလေကြောင်းတိုက်ခိုက်ခံရမှု စစ်သုံ့ပန်းနဲ့ မိသားစုဝင် ၂၁ ဦးသေဆုံး

    လေကြောင်းတိုက်ခိုက်မှုကြောင့် ဗုံးထိမှန်ခဲ့တဲ့ ချောင်းတူရွာ စစ်သုံ့ပန်းစခန်းအခြေအနေ

    ဓာတ်ပုံ ရင်းမြစ်, အာရက္ခမင်းသမီး မီဒီယာ

    ဓာတ်ပုံ ပုံစာ, လေကြောင်းတိုက်ခိုက်မှုကြောင့် ဗုံးထိမှန်ခဲ့တဲ့ ချောင်းတူရွာ စစ်သုံ့ပန်းစခန်းအခြေအနေ

    အာရက္ခတပ်‌တော်(အေအေ) ထိန်းချုပ်ထားတဲ့ ကျောက်တော်မြို့နယ်ထဲက ချောင်းတူရွာအနောက်ဘက်ကို ဇန်နဝါရီ ၂၀ ရက်မှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲခဲ့တာကြောင့် စစ်သုံ့ပန်းစခန်းက စစ်သုံ့ပန်းနဲ့ ကလေးအပါအဝင် မိသားစုဝင် ၂၁ ဦးသေဆုံးတယ်လို့ အာရက္ခမင်းသမီးမီဒီယာက ဖော်ပြပါတယ်။

    သေဆုံးသူအပြင် ထိခိုက်ဒဏ်ရာရသူ ၃၀ ဦးရှိတယ်လို့ ဆိုပါတယ်။

    ဒီစခန်းမှာထားရှိတဲ့ စစ်သုံ့ပန်းတွေဟာ ပုဏ္ဏားကျွန်းမြို့သိမ်းတိုက်ပွဲအတွင်း ဖမ်းဆီးရမိတဲ့ ခမရ ၃၇၇ နဲ့ ခမရ ၅၃၉ တို့က စစ်သုံ့ပန်းတွေလို့ သတင်းကဖော်ပြပါတယ်။

    ချောင်းတူရွာက စစ်သုံ့ပန်းစခန်းကို ဂျက်ဖိုက်တာ ၂ စီးနဲ့ ဗုံး ၄ လုံးကြဲချခဲ့တာလို့ အာရက္ခတပ်တော်(အေအေ) က မနေ့တုန်းက ထုတ်ပြန်ထားပါတယ်။

    စစ်သုံ့ပန်းစခန်းနဲ့ ဆေးခန်းအပါအဝင် နေရာ ၃ ခုကိုဗုံးကြဲခဲ့တာလို့ အာရက္ခမင်းသမီးမီဒီယာသတင်းက ဆိုပါတယ်။

    ဒီနေရာမှာ ထားရှိတဲ့ စစ်သုံ့ပန်းတွေဟာ အေအေက မကြာခင်ပြန်လွှတ်ပေးတော့မယ့်သူတွေဖြစ်တယ်လို့ အေအေဘက်က ပြောပါတယ်။

    ၂၀၂၄ စက်တင်ဘာကနေ ၂၀၂၆ ဇန်နဝါရီအထိ ပေါက်တော၊ မောင်တော၊ မြောက်ဦးနဲ့ ကျောက်တော်မြို့နယ်တွေကို စစ်တပ်ကလေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တာ‌ကြောင့် စစ်သုံ့ပန်းစခန်း ၄ ခု မှာ အစုလိုက်သေဆုံးသူ ၁၀၀ ကျော်လာပြီဖြစ်တယ်လို့ အေအေရဲ့ အချက်အလက်အရသိရပါတယ်။

  11. ကိုယ်နဲ့ စကားပြောသူက AI လား လူအစစ်လားဆိုတာ ခွဲခြားနိုင်ပြီလား

    လူနဲ့ အေအိုင် စကားပြောနေတဲ့ အခြေအနေသရုပ်ပြ ဂရပ်ဖစ်ပုံ။ နံရံခြားထားတဲ့ ကွန်ပြူတာစားပွဲ နှစ်ခုမှာ တစ်ဖက်ကလူ တစ်ဖက်က စက်ရုပ် စာပို့နေပုံ

    ဓာတ်ပုံ ရင်းမြစ်, Jesussanz/Getty Images

    အခုဆို ကွန်ပျူတာတွေရဲ့ ဉာဏ်ရည် မြင့်မားလာတာနဲ့အမျှ ဒါဟာလည်း လူအများရဲ့ မေးစရာမေးခွန်းတွေထဲကတစ်ခု ဖြစ်လာပါတယ်။

    ဒါတွေအားလုံးရဲ့အစဟာ ၁၉၅၀ ခုနှစ်က ဗြိတိသျှ သင်္ချာပညာရှင်လည်းဖြစ်သလို ကွန်ပျူတာသိပ္ပံပညာရှင်လည်းဖြစ်တဲ့ Alan Turing ရဲ့ ' Turing Test ' စမ်းသပ်မှုကနေ စတင်ပါတယ်။ Turing Test ဆိုတဲ့ နာမည်ဟာ Alan Turing ရဲ့ နောက်ဆုံးနာမည်ကို အစွဲပြုပြီးပေးခဲ့တာပါ။

    သူဟာ စက်တွေရဲ့ ဉာဏ်ရည်ကို ပထမဆုံး သုတေသနပြု လေ့လာစမ်းသပ်မှုတွေ လုပ်ခဲ့ပါတယ်။

    ဒီစမ်းသပ်မှုမှာ ကွန်ပျူတာတစ်ခုရဲ့ အမူအကျင့်ဟာ လူတစ်ဦးရဲ့အမူအကျင့်တွေနဲ့ ခွဲခြားလို့မရနိုင်ရင် ဒါကို 'ဉာဏ်ရည်မြင့်မား'တယ်ဆိုပြီး မှတ်ယူပါတယ်။

    ဆောင်းပါးအပြည့်အစုံကို ဒီလင့်ခ်မှာ ဆက်လက်ဖတ်ရှုနိုင်ပါပြီ။

  12. မြန်မာဒုက္ခသည်အများစုရှိတဲ့ မလေးရှားမှာ အစိုးရရဲ့ ဒုက္ခသည်အထောက်အထားထုတ်ပေး, လဝကအကျဥ်းထောင်က ရိုဟင်ဂျာဒုက္ခသည်တွေကိုစတင်လုပ်ပေး

    ၂၀၂၀ ခုနှစ်က မလေးရှားလဝက ဝင်ရောက်စီးနင်းမှုအတွင်း ဖမ်းဆီးခံရသူတွေ (ပုံဟောင်း)

    ဓာတ်ပုံ ရင်းမြစ်, Getty Images

    ဓာတ်ပုံ ပုံစာ, ၂၀၂၀ ခုနှစ်က မလေးရှားလဝက ဝင်ရောက်စီးနင်းမှုအတွင်း ဖမ်းဆီးခံရသူတွေ (ပုံဟောင်း)

    မလေးရှားအစိုးရရဲ့ ဒုက္ခသည်များမှတ်ပုံတင်ခြင်းအစီအစဥ်(DPP)ကို ဒီနှစ် ဇန်နဝါရီ ၁ ရက် ကတည်းက စတင်နေပြီး လူဝင်မှုကြီးကြပ်ရေးအကျဥ်းထောင်တွေက ရိုဟင်ဂျာဒုက္ခသည်တွေကို စတင်လုပ်ဆောင်ပေးနေတယ်လို့ မလေးရှားသတင်းတွေကဖော်ပြပါတယ်။

    မ‌လေးရှားလူဝင်မှုကြီးကြပ်ရေး အကျဥ်းထောင် ၁၆ ခုမှာ ထိန်းသိမ်းခံထားရတဲ့ ဒုက္ခသည်တွေကို စတင်ထုတ်ပေးဖို့ စီစဥ်ထားတယ်လို့ သိရှိရပါတယ်။

    ပထမဆုံးအကျဥ်းသား ၂၆ ဦးကို ဒုက္ခသည်အမှုတွဲစစ်ဆေးမေးမြန်းဖို့ ပဲရပြည်နယ်၊ ဘီဒေါမြို့က စင်တာကို ပြောင်း ရွှေ့ခဲ့ပြီး ဖြစ်တယ်လို့ မလေးရှားပြည်ထဲရေးဝန်ကြီးက ပြောကြားချက်ကို သတင်းမှာဖော်ပြပါတယ်။

    “DPPစနစ်ထဲမှာ ရိုဟင်ဂျာဒုက္ခသည်တွေကို ပထမဆုံးစစ်ဆေးသွားမှာဖြစ်ပြီး လဝကရဲ့ လက်အောက်မှာရှိတဲ့ ကလေးစောင့်ရှောက်ရေးစင်တာက ကလေးတွေပါ အကျုံးဝင်မှာဖြစ်ပါတယ်” လို့ ပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။

    လဝကရဲ့ ကလေးစောင့်ရှောက်ရေးစင်တာတွေဟာ လဝကအကျဥ်းထောင်မှာမွေးဖွားတဲ့ ၁၀ နှစ်အောက်ကလေးတွေနဲ့ မိဘတွေကို လဝကကဖမ်းဆီးတာကြောင့် ကျန်ရစ်ခဲ့တဲ့ ကလေးတွေကို စောင့်ရှောက်ထားတာဖြစ်ပါတယ်။

    လက်ရှိအချိန်ထိ မလေးရှားအစိုးရက အကျဥ်းသား ၄,၀၀၂ ဦးရဲ့ စာရင်းကို ပြုစုထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

    DPP အထောက်အထားရရှိသူတွေဟာ တတိယနိုင်ငံမထွက်ခွာခင်အထိ မလေးရှားနိုင်ငံထဲမှာ ယာယီနေထိုင်ခွင့်ရမှာဖြစ်တယ်လို့ မလေးရှားပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။

    မလေးရှားအစိုးရရဲ့ DPP အစီအစဥ်ဟာ UNHCRရဲ့ ဒုက္ခသည်မှတ်ပုံတင်ရေးလုပ်ငန်းစဥ်ကို အစားထိုးဖို့ ရည်ရွယ်တာဖြစ်ပါတယ်။

    UNHCR ဟာ ရန်ပုံငွေဖြတ်‌တောက်ခံရမှုကြောင့် လုပ်ငန်းကြန့်ကြာတာ၊ ဒုက္ခသည်အရေအတွက် အတိအကျသိနိုင်ဖို့ လိုအပ်ချက်ရှိတာကြောင့် အစိုးရဘက်က ကိုယ်တိုင်လုပ်ဆောင်ဖို့ဖြစ်လာတာလို့ မလေးရှားအစိုးရဘက်က ပြောထားပါတယ်။

    ဒုက္ခသည်တွေဘက်ကတော့ မလေးရှားအစိုးရနဲ့ UNHCR ကြား ချိတ်ဆက်မှုအားနည်းပြီး ဒုက္ခသည်စိစစ်အကဲဖြတ်မှုအပိုင်းမှာ လွဲချော်ခဲ့ရင် ပြည်နှင်ဒဏ်ပေးခံရမှာနဲ့ အကျဥ်းချခံရမယ့် စိုးရိမ်ချက်ရှိနေတယ်လို့ ဒုက္ခသည်အကူအညီပေးရေးအဖွဲ့တွေက ဆိုထားပါတယ်။

    လတ်တလောမှာ အကျဥ်းကျနေတဲ့သူတွေကိုသာ ထုတ်ပေးနေသေးတာကြောင့် ပြင်ပမှာ DPP အတွက် လုပ်ပေးမယ်လို့ ပြောဆိုတာတွေကို မယုံဖို့နဲ့ မလေးရှားအစိုးရဝက်ဘ်ဆိုဒ်ကို ဝင်ကြည့်ဖို့ UNHCR ကသတိပေးထားပါတယ်။

    UNHCR ရဲ့ အချက်အလက်အရ မလေးရှားမှာ ဒုက္ခသည် ၂ သိန်း ၁ သောင်းကျော်ရှိပြီး မြန်မာဒုက္ခ သည်က ၁ သိန်း ၉ သောင်းဝန်းကျင်ရှိနေတာဖြစ်ပါတယ်။

    အဲဒီထဲမှာ ရိုဟင်ဂျာဒုက္ခသည်က ၁၂၄,၁၂၃ ရှိပြီး ချင်းဒုက္ခသည် ၃၂,၈၀၀နဲ့ အခြားတိုင်းရင်းသား ၃၂,၈၂၇ ရှိပါတယ်။

  13. မင်္ဂလာပါ။ ဇန်နဝါရီ ၂၂ ရက် ဘီဘီစီသတင်းများ တိုက်ရိုက်တင်ဆက်မှု စတင်ပြီဖြစ်ပါတယ်။

    နိုင်ငံတဝန်းနောက်ဆုံးရ သတင်းများကို တိုက်ရိုက်ထုတ်လွှင့်ချက်မှာ အချိန်နဲ့ တပြေးညီ ဖတ်ရှုနိုင်ပါတယ်။