ဒေါ်လာဘီလီယံပမာဏ တရုတ်ဝယ်လိုအားရှိတဲ့ မလေးရှားထွက် ဇိမ်ခံဒူးရင်းသီး

Close up of a durian fruit being held in two hands.

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, တရုတ်က ဝယ်လိုအားကြောင့် အရှေ့တောင်အာရှမှာ ဒူးရင်းစိုက်မြို့ရွာတွေတိုးလာ
    • ရေးသားသူ, ခိုအွယ်
    • ရေးသားပေးပို့သည့်နေရာ, မလေးရှားသတင်းထောက်

မလေးရှားနိုင်ငံ၊ ရာ့ဘ် မြို့လေးကို လှည့်ပတ်ကြည့်ရင် ဒီမြို့ရဲ့ စီးပွားရေးကို မောင်းနှင်နေတဲ့ ဆူးတွေထောင်နေတဲ့ ဒူးရင်းသီးစျေးကွက်ကို လျှော့တွက်လို့မရပါဘူး။ တောင်တန်းလမ်းတွေကို ကွေ့ဝိုက်သွားလာနေတဲ့ ထရပ်ကားတွေက တဆင့် သူတို့ရဲ့ လမ်းကြောင်း တွေမှာ အနံ့လေးကျန်ရစ်ခဲ့တာကို ခံစားရရှိနိုင်ပါတယ်။

ဒါ့အပြင် ဒူးရင်းသီးလုံးကို လက်ပေါ်ကိုင်မြှောက်ထားတဲ့ ဧရာမရုပ်ထုတွေ၊ အနိမ့်နံရံတွေပေါ်မှာ ချစ်စနိုးရေးဆွဲထားတဲ့ ဒူးရင်းသီးပုံ နံရံဆေးရေးပန်းချီတွေနဲ့ "Musang King ( မူဆမ်ကင်းန်) ဒူးရင်းသီးတွေရဲ့ ဇာတိမြေ၊ ရာ့ဘ် မြို့က ကြိုဆိုပါတယ်" လို့ရေးသားထားတဲ့ လမ်းညွှန်ဆိုင်းဘုတ်တွေကို မြင်နိုင်ပါတယ်။

၁၉ရာစုက ရွှေတူးဖော်ရေးမြို့တစ်မြို့ဖြစ်ခဲ့တဲ့ ရာ့ဘ်မြို့ ဟာ မကြာသေးခင်နှစ်တွေကစလို့ သူတို့ရဲ့စီးပွားရေးမှာ အဝါရောင် အသီးတစ်မျိုးလည်း ပါဝင်လာပါတယ်။ အဲဒါက မူဆမ်ကင်းန်ဒူးရင်းသီးဖြစ်ပါတယ်။ အခုဆို ရာ့ဘ်မြို့ ကို မူဆမ်ကင်းန် ဒူးရင်းသီးရဲ့ ဇာတိမြေအဖြစ် လူသိများပါတယ်။

အဲဒီ မူဆမ်ကင်းန်ဒူးရင်းသီးဆိုတာက ချိုချဉ်အရသာရှိပြီး ထောပတ်လို ချောမွေ့တဲ့ ဒူးရင်းအမျိုးအစားတစ်ခုဖြစ်ပါတယ်။ တရုတ်လူမျိုးတွေက အဲဒီ ဒူးရင်းသီးကို Hermès (အယ်မေး - ပြင်သစ်ထုတ်ဇိမ်ခံ ပစ္စည်း)လို့ တင်စားခေါ်ဝေါ်ကြပြီး ပြင်သစ်ဖက်ရှင် ဇိမ်ခံပစ္စည်းလိုပဲ တန်ဖိုးထားလိုချင်စားချင်ကြပါတယ်။

တရုတ်ရဲ့ ကြီးထွားနေတဲ့ ဝယ်လိုအားကြောင့် ကမ္ဘာ့စျေးကွက်ထဲ ဒူးရင်းသီးကို အရူးအမူးဖြစ်လာရခြင်းရဲ့ ဗဟိုချက်မှာရှိနေတဲ့ အရှေ့တောင်အာရှမြို့ငယ်များစွာထဲမှာ မလေးရှားနိုင်ငံ၊ ရာ့ဘ်မြို့ လည်း တစ်မြို့အပါအဝင်ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်မှာ တရုတ်နိုင်ငံက ဒေါ်လာ ၇ ဘီလီယံ (ပေါင် ၅.၂ ဘီလီယံ) တန်ဖိုးရှိ ဒူးရင်းသီး ဝယ်ယူမှုတွေကို မှတ်တမ်းတင်နိုင်ခဲ့ပါတယ်။ ဒါဟာ ၂၀၂၀ ခုနှစ်ကထက် ဝယ်လိုအား သုံးဆတိုးလာမှု ဖြစ်ပါတယ်။ ကမ္ဘာ့ဒူးရင်းသီးတင်ပို့မှုရဲ့ ၉၀ ရာခိုင်နှုန်းကျော်ဟာ အခုဆို တရုတ်ကို ဦးတည်နေပါတယ်။

"တရုတ်လူဦးရေရဲ့ ၂ ရာခိုင်နှုန်းသာ ဒူးရင်းသီးဝယ်ယူလိုတယ်ဆိုရင်တောင် ဒီလောက်နဲ့တင် စီးပွားရေးလုပ်ဖို့ လုံလောက်ပါတယ်" လို့ ရာ့ဘ် မြို့ရှိ ဒူးရင်းသီးတင်ပို့သူ ဖရက်စ်ကိုဂရင်း ကုမ္ပဏီရဲ့ စက်ရုံမန်နေဂျာ ချီဆင်းဝမ်း က ပြောသည်။

၁၉၉၀ ပြည့်လွန်နှစ်တွေက စီးပွားရေးကျဆင်းမှုကာလအတွင်း လယ်သမားတွေက နိုင်ငံရဲ့ အဓိကငွေကြေးသီးနှံဖြစ်တဲ့ ဆီအုန်းပင် စိုက်ပျိုးတဲ့ နေရာလုပ်ဖို့ ဒူးရင်းပင်တွေကို ခုတ်လှဲခဲ့ပုံကို မန်နေဂျာ ဝမ်းက ပြန်လည်သတိရခဲ့ပါတယ်။

"အခုတော့ အခြေအနေက ပြောင်းပြန်ဖြစ်နေပြီ။ သူတို့တွေဟာ ဒူးရင်းပြန်စိုက်ဖို့ ဆီအုန်းပင်တွေကို ခုတ်လှဲနေကြပြန်ပြီ" လို့ သူက ပြောပါတယ်။

A giant statue of a hand holding up a durian, against sunny blue skies in the background.

ဓာတ်ပုံ ရင်းမြစ်, BBC/Koh Ewe

ဓာတ်ပုံ ပုံစာ, ဒူးရင်းသီးဟာ ရာ့ဘ်မြို့ရဲ့ ဂုဏ်ကျက်သရေဆောင် ဖြစ်ပါတယ် Durians are the pride of Raub

ဒူးရင်း ဆာလောင်နေတဲ့ တရုတ်နိုင်ငံ

Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

ခံစားသူရဲ့ အနံ့ခံနိုင်မှု အပေါ် မူတည်ပြီး ဂေါ်ဘီပုပ်အနံ့၊ ကန့်မှုန့်အနံ့ ဒါမှမဟုတ် ရေမြောင်းပုပ်အနံ့ အထိ နှိုင်းယှဉ်တာခံရတဲ့ ၊ အနံ့ပြင်းတဲ့ ဒူးရင်းသီးနဲ့ ပတ်သက်လို့ သဘောထား ကွဲပြားမှုတွေရှိပါတယ်။

တချို့ အများ ပြည်သူ့သယ်ယူပို့ဆောင်ရေးနဲ့ ဟိုတယ်တွေမှာ ဒူးရင်းသီး သယ်လာတာကို တားမြစ်ထားပါတယ်။ ဒူးရင်းသီးကို ဓာတ်ငွေ့ယိုစိမ့်မှုက ထွက်လာတဲ့ အနံ့နဲ့ နှိုင်းယှဉ်ပြစ်တင်ခံရဖူးပြီး၊ ခရီးသည်တွေက ကုန်တင်ခန်း ကနေလွင့်လာတဲ့ ဒူးရင်းအနံ့ကို ကန့်ကွက်ခဲ့လို့ လေယာဉ်တစ်စင်း မပျံသန်းရတဲ့ အခြေအနေမျိုးလည်း ကြုံခဲ့ရဖူးပါတယ်။

ဒေသခံ ဒူးရင်းသီး ဝါသနာအိုးတွေကတော့ ဒူးရင်းသီးကို "သစ်သီးတွေရဲ့ ဘုရင်" လို့ တင်စား ခေါ်ဝေါ်ကြပါတယ်။ အနံ့ကို ကျင့်သားမရသေးတဲ့ ခရီးသွားတွေရဲ့ "ကမ္ဘာ့အနံ့အဆိုးဆုံး သစ်သီး" ဆိုတဲ့ ဆိုးဆိုးရွားရွား တံဆိပ်ကပ်ခံရတာမျိုးလည်း ရှိခဲ့ပါတယ်။

ဒါပေမယ့် တရုတ်နိုင်ငံမှာ ဒူးရင်းသီးကို နှစ်သက်ခုံမင်သူတွေ တိုးပွားလာနေပြီး ချမ်းသာသူတွေ အကြား အလဲအလှယ်လုပ်တဲ့ လက်ဆောင်ပစ္စည်းအဖြစ်၊ လူမှုကွန်ယက်ပေါ်မှာ စိတ်လှုပ်ရှားဖွယ် တန်ဖိုးကြီး လက်ဆောင်ကို ဖွင့်ပြတဲ့ ဂုဏ်သိက္ခာ သင်္ကေတတစ်ခုအဖြစ်၊ ဒူးရင်းကြက်သားဟော့ပေါ့ ကနေ ဒူးရင်းပီဇာအထိ ထမင်းဝိုင်းပေါ်မှာ အစဉ်အလာ ဓလေ့သစ်တွေကို ဖန်တီးပေးတဲ့ ရှေ့ဆောင်လမ်းပြအဖြစ် ဒူးရင်းသီး ယဉ်ကျေးမှု ဖြစ်လာပါတယ်။

ထိုင်းနဲ့ ဗီယက်နမ်နိုင်ငံတို့ဟာ တရုတ်ကို ဒူးရင်းသီး အဓိက တင်ပို့တဲ့နိုင်ငံတွေ ဖြစ်ပြီး၊ တရုတ်ရဲ့ ဒူးရင်းသီးတင်သွင်းမှု အားလုံးနီးပါးကို ဖြည့်ဆည်းပေးထားပါတယ်။ မလေးရှားနိုင်ငံရဲ့ ဈေးကွက်ရှယ်ယာဟာ မူဆမ်ကင်းန်ဒူးရင်းသီးကလည်း အဆင့်မြင့် ဒူးရင်းသီး အမျိုးအစားတွေနဲ့ နာမည်ကြီးလာပြီး အရှိန်အဟုန်နဲ့ ကြီးထွားလာနေပါတယ်။

ဒူးရင်းသီးကို အလျှံပယ် စိုက်ပျိုးထုတ်လုပ်တဲ့ အရှေ့တောင်အာရှမှာ ဒူးရင်းသီးရဲ့ ပျမ်းမျှစျေးနှုန်းဟာ တစ်လုံးကို ၂ ဒေါ်လာ ခပ်လျော့လျော့ စျေးနှုန်းကစပါတယ်။ ဒါပေမယ့်မူဆမ်ကင်းန်ဒူးရင်းသီး လိုမျိုးအဆင့်မြင့် အမျိုးအစားတွေကတော့ အရည်အသွေးနဲ့ ရာသီအလိုက် ရိတ်သိမ်းမှုပေါ်မူတည်ပြီး ၁၄ ဒေါ်လာ (ပေါင် ၁၀) ကနေ ၁၀၀ ဒေါ်လာ (ပေါင် ၇၄) အထိ စျေးကွာနိုင်ပါတယ်။

"မလေးရှားဒူးရင်းသီးကို စားကြည့်လိုက်တာနဲ့ ပထမဆုံးတွေးမိတာက 'ဝိုး၊ ဒါ အရမ်းကောင်းတာပဲ။ ဒါကို တရုတ်ကို ဘယ်လိုသွင်းရမလဲ ၊ နည်းလမ်းရှာရမယ်' ဆိုတာပါပဲ" လို့ ရာ့ဘ် မြို့က ဆိုင်တစ်ဆိုင်မှာ ဒူးရင်းသီးတွေကို မြည်းစမ်းနေသူ စူး ရှင်း (Xu Xin) က ပြောပါတယ်။

အသက် ၃၃ နှစ်ရှိ စူးရှင်းဟာ တရုတ်နိုင်ငံအရှေ့မြောက်ပိုင်းမှာရှိတဲ့ သူ့ဇာတိမြို့မှာ ဒူးရင်းသီးတွေကို ရောင်းချပြီး သူ့ မြို့ဆီကို တင်သွင်းဖို့ အကောင်းဆုံးဒူးရင်းသီးအမျိုးအစားကို ရှာဖွေနေသူ တစ်ယောက် ဖြစ်ပါတယ်။

Side view of a middle-aged man in a white T-shirt holding a slice of durian in one hand and a yellow glob of durian in the other hand. Behind him are two women sitting at a table eating durians with plastic gloves.

ဓာတ်ပုံ ရင်းမြစ်, BBC/Koh Ewe

ဓာတ်ပုံ ပုံစာ, ရာ့ဘ်မြို့ကို လာလည်ကြသူတွေ ဒူးရင်းသီးကို နှစ်ခြိုက်စွာ အားပေးနေကြ

စူးရှင်းနဲ့ အတူ တရုတ်နိုင်ငံတောင်ပိုင်းကနေ ဒူးရင်းသီးတင်ပို့သူ နှစ်ဦး ပါလာပြီး၊ သူတို့ထဲက တစ်ဦးက စီးပွားရေး အခြေအနေ အရမ်းကောင်းနေတယ်လို့ ပြောပါတယ်။ အခြားတစ်ယောက်ကလည်း ဆက်လက်မျှော်လင့်ထားတယ်လို့ ဆိုပါတယ်။

"ဒါကို မမြည်းဖူးသေးသူ အများကြီးရှိသေးတယ်။ ဈေးကွက်အလားအလာ ကြီးကြီးမားမား ရှိတယ်။"

သူတို့ဘာကြောင့် ဒူးရင်းသီးစျေးကွက်အပေါ် ဒီလောက် ယုံကြည်မှုရှိတယ်ဆိုတာ နားလည်ရ လွယ်ကူလှပါတယ်။ အနီးအနားမှာပဲ မလေးရှားကျေးလက်ဒေသကို ဒူးရင်းသီး တစ်ကိုက်စားဖို့ လာရောက်လည်ပတ်ကြတဲ့ တရုတ်ခရီးသွားအုပ်စုကြီး တစ်စု ထိုင်နေတာကို တွေ့နိုင်ပါတယ်။

သူတို့ဟာ အရသာအပျော့စား ကနေ အပြင်းစားအထိ အထူး စီစဉ်ထားတဲ့ ဒူးရင်းသီးပန်းကန်ပြားတွေကို စိတ်အားထက်သန်စွာနဲ့ စားကြပါတယ်။ မှန်မှန်ကန်ကန် အစဉ်လိုက် စားသုံးပါက၊ ဒူးရင်းသီး တစ်လုံးချင်းစီတိုင်း ကနေ လတ်ဆတ်တဲ့ အရသာတွေ ပေါ်ထွက်လာလိမ့်မယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။ ကရာမဲလ် အရသာ ၊ ကပ်စတာ့ဒ် အရသာ၊ နောက်ဆုံးမှာတော့ မူဆမ်ကင်းန်ဒူးရင်းသီး ရဲ့ ယမကာလိုလို ခါးသက်သက် အရသာတစ်မျိုးဖြစ်ပါတယ်။

အခုလို အသေးစိတ် ဂရုစိုက်မှုတွေကြောင့် မလေးရှားဒူးရင်းသီးတွေ တရုတ်စားပွဲပေါ်မှာ အထူးနေရာတစ်ခု ရရှိစေခဲ့တာ ဖြစ်ပါတယ်။

"အစတုန်းက ချိုတဲ့ ဒူးရင်းသီးတွေကိုပဲ ကြိုက်တာ ။ ဒါပေမယ့် အခုတော့ အနံ့အရသာ၊ ကြွယ်ဝမှု၊ အနုစိတ်အရသာတွေလိုမျိုးကို ရှာဖွေနေကြပါပြီ" လို့ စူးရှင်းက ပြောပါတယ်။

"ဒီနေ့ခေတ်အချိန်အခါမှာ 'ဒီထက် ခါးတဲ့ဒူးရင်းသီး အမျိုးအစား ရှိလား' လို့ ဆိုင်ထဲဝင်လာပြီး မေးမြန်းတဲ့ ဝယ်လက်တွေ ပိုများလာပါတယ်"လို့ သူက ပြောပါတယ်။

Six slices of durians arranged neatly on a brown tray. Stuck on each durian is a label printed with the name of a durian variety, such as Tekka and Musang King.

ဓာတ်ပုံ ရင်းမြစ်, BBC/Koh Ewe

ဓာတ်ပုံ ပုံစာ, အလယ်အလတ်ကနေ အဆီအနှစ်အများဆုံး ဒူးရင်းသီးတွေကို တန်းစီထားရာမှာ အောက်တန်း ညာစွန်ကတော့ Musang King မူဆမ်ကင်းန် အမျိုးအစား ဖြစ်ပါတယ်။

ရာ့ဘ်မြို့က ဒူးရင်းသီးမျိုးဆက်

စူးရှင့် ရဲ့ ပန်းကန်ထဲကို ဒူးရင်းသီးတွေ ရောက်မလာခင် ဒီအသီးတွေကို ''လူရွဲ့သင်း''ဆိုသူလယ်သမား ပိုင်တဲ့ လယ်မှာ စိုက်ခဲ့တာပါ။

ရွာထဲမှာ ဦးလေးသင်းလို့ အသိများတဲ့ ဦးသင်းဟာ ဒူရင်းသီးဆိုင်တစ်ဆိုင်အပြင်၊ လယ်ယာတချို့ကိုလည်း ပိုင်ဆိုင်ပါတယ်။ ဒူးရင်းသီးတွေက လယ်သမားတွေကို သန်းကြွယ်သူဌေး ဖြစ်လာစေတဲ့ ရော့ဘ်မြို့မှာ အောင်မြင်မှု ဇာတ်လမ်းများစွာထဲ သူတစ်ယောက် အပါအဝင် ဖြစ်ပါတယ်။

သူ့လို မိသားစုလုပ်ငန်းတွေမှာ သားတွေက ဒူးရင်းသီး သယ်ယူပို့ဆောင်ရေးမှာ ကူညီလေ့ရှိပြီး သမီးတွေက စာရင်းကိုင်နဲ့ ငွေကြေးကိစ္စတွေကို ကိုင်တွယ်လေ့ရှိပါတယ်။

"ဒူးရင်းသီးက ဒီဒေသရဲ့ စီးပွားရေးအတွက် အများကြီး အထောက်အကူပြုပါတယ်" လို့ ဦးသင်းက ဆိုပါတယ်။

မနက်ခင်းတစ်ခုမှာ သူ့လယ်ကို ကားမောင်းသွားရင်း ပြောနေတဲ့ သူ့အသံထဲမှာ ဂုဏ်ယူဝင့်ကြွားမှု ပါနေပါတယ်။ သူ့ရဲ့ သစ်သီးမျိုးစုံကို အရင်က သံချေးတက်နေတဲ့ ဂျစ်ကားတွေမှာ တင်ပြီး လိုက်ပို့ရတဲ့ အခြေအနေကနေ အခု ဂျပန်ကားတွေ ဝယ်ထားနိုင်တာကို သူက ညွှန်ပြ ပြောဆိုပါတယ်။

Uncle Thing who has a long white beard is wearing a white shirt. He is reaching up to a durian dangling from a tree.

ဓာတ်ပုံ ရင်းမြစ်, BBC/Koh Ewe

ဓာတ်ပုံ ပုံစာ, ရာ့ဘ်မြို့က ဒူးရင်းသီး စိုက်ရင်း အောင်မြင်နေသူတွေထဲ ဦးလေးသင်း တယောက်လည်း ပါဝင်ပါတယ်

ဒါပေမယ့် စိုက်ပျိုးရေးသမားဘဝက ကြမ်းတမ်းလှပါတယ်။ အသက် ၇၂ နှစ်ရှိပြီဖြစ်တဲ့ ဦးသင်းဟာ မနက်စောစောထပြီး သူ့ရဲ့ တောင်ကုန်းပေါ်က လယ်မြေမှာ နေ့စဉ်လှည့်ပတ်ကာ မှည့်နေပြီဖြစ်တဲ့ ဒူးရင်းသီးတွေ ၊ သစ်ပင်တွေပေါ်က တွဲလောင်းကျနေတဲ့ အသီးတွေ (ဒါမဟုတ်) မြေကြီးနားမှာ ဆန်ခါထဲက အသီးတွေကို ရှာဖွေသိမ်းဆည်းရပါတယ်။

လွန်ခဲ့တဲ့ နှစ်နှစ်တုန်းက ပြုတ်ကျလာတဲ့ ဒူးရင်းသီးတစ်လုံးဟာ သူ့ရဲ့ ပခုံးပေါ်ကို ထိမှန်ခဲ့ဖူးလို့ ဒဏ်ဖြစ်ပြီး တခါတလေ ဒဏ်ရာဟောင်းပေါ်လာချိန် ကိုက်ခဲနာကျင်တတ်တာကိုလည်း သူကပြောပြပါတယ်။

"လယ်သမားတွေဟာ ငွေအလွယ်တကူရတယ် ထင်ရပေမယ့် တကယ်တော့ မလွယ်ကူပါဘူး" လို့ သူက ဆိုပါတယ်။

ရိတ်သိမ်းပြီးသား ဒူးရင်းသီးတွေကို ဦးသင်းရဲ့ ဆိုင်ကို ယူဆောင်လာပြီးနောက် အဆင့်သတ်မှတ်မှု လုပ်ကြပါတယ်။ အကြီးစား လုံးဝန်းတဲ့ အရည်အသွေးကောင်းအသီးတွေကို Grade A၊ အသေးစားနဲ့ ပုံသဏ္ဍာန် မမှန်တဲ့ အသီးတွေကို Grade C ဆိုပြီး ခွဲကာ ခြင်းတောင်းများထဲ ခွဲထည့်ကြပါတယ်။

ခွဲခြားသိမ်းဆည်းရာနေရာရဲ့ အလယ်ဗဟိုမှာ Grade AA အဆင့် ဒူးရင်းသီးတွေ အတွက် သီးသန့် ခြင်းတောင်းတစ်လုံး ထားရှိပါတယ်။ အဲဒီခြင်းထဲက အလုံးတွေဟာ အကောင်းဆုံး အဆင့်မြင့် အသီးတွေဖြစ်ပြီး တရုတ်နိုင်ငံကို လေယာဉ်နဲ့ အမြန်ပို့ဆောင်ပါတယ်။

Durians piled in the back of a pick-up truck parked in a durian farm. Workers are piling more durians to the back of another white pick-up truck, parked behind.

ဓာတ်ပုံ ရင်းမြစ်, BBC/Koh Ewe

ဓာတ်ပုံ ပုံစာ, နေ့စဉ် ခူးပြီးသမျှ ဒူးရင်းသီးတွေကို ဦးလေးသင်း ခြံထဲမှာတွေ့ရစဉ်

ဒူးရင်းသီး အာဏာသိမ်းမှုလား

တရုတ်နိုင်ငံရဲ့ မတင်းတိမ်နိုင်တဲ့ ဒူးရင်းသီးစားသုံးမှုဟာ သံတမန်ရေးအထိသက်ရောက်မှုဖြစ်လာနေပါတယ်။ ထိုင်း၊ ဗီယက်နမ်နဲ့ မလေးရှားလိုမျိုး ဒူးရင်းသီး အဓိက စိုက်ပျိုးထုတ်လုပ်တဲ့ နိုင်ငံတွေသာမက၊ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ လာအိုတို့လို စတင်စိုက်ပျိုးစျေးကွက်ရှာလာတဲ့ နိုင်ငံတွေနဲ့ပါ နှစ်နိုင်ငံဆက်ဆံရေး ဂုဏ်ပြုတဲ့ အနေနဲ့ ဒူးရင်းသီး ကုန်သွယ်ရေးသဘောတူညီချက်တွေကို ဘေးဂျင်း မြို့မှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။

"ဒီ ဒူးရင်းသီး ပြိုင်ပွဲမှာတော့ လူတိုင်း အနိုင်ရသူပါပဲ" လို့ ၂၀၂၄ ခုနှစ်က နိုင်ငံပိုင်မီဒီယာတစ်ခုကနေ ကြေညာခဲ့ပါတယ်။

ဒီသဘောတူညီချက်တွေဟာ ဒေသတွင်းက အခြေခံအဆောက်အအုံတွေအတွက် တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုစီမံကိန်းတွေနဲ့လည်း လိုက်လျောညီထွေ ဖြစ်နေပါတယ်။ ၂၀၂၁ ခုနှစ်မှာ စတင်လည်ပတ်ခဲ့တဲ့ တရုတ်-လာအို မီးရထားလမ်းဟာ အခုဆိုရင် နေ့စဉ် သစ်သီးတန်ချိန် ၂,၀၀၀ ကျော် သယ်ပို့နေပြီး၊ အဲဒီအထဲက အများစုက ထိုင်းဒူးရင်းသီးတွေ ဖြစ်ပါတယ်။

ဒါပေမယ့် တရုတ်ရဲ့ စားသုံးမှုကို လိုက်ဖို့ ဒီလိုအပြိုင်အဆိုင် ထုတ်ရာမှာ ကုန်ကျစရိတ်ရှိပါတယ်။

ဒူးရင်းသီးတွေကို ပိုဝါစေဖို့ အသုံးပြုတယ်လို့ ယုံကြည်ရတဲ့၊ ကင်ဆာဖြစ်စေနိုင်တဲ့ ဓာတုဆိုးဆေးတစ်မျိုးကို တရုတ်အာဏာပိုင်တွေက ထိုင်းဒူးရင်းသီးတွေထဲမှာ တွေ့ရှိပြီးနောက်၊ လွန်ခဲ့သောနှစ်က ထိုင်းဒူးရင်းသီးတွေနဲ့ ပတ်သက်တဲ့ အစားအသောက်ဘေးကင်းရေး စိုးရိမ်မှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။

ဗီယက်နမ်နိုင်ငံမှာလည်း ကော်ဖီထုတ် လယ်သမားတွေဟာ ဒူးရင်းသီး စိုက်ပျိုးရေးဘက်သို့ ဦးလှည့်လာကြပါတယ်။

ဒူးရင်းသီးကြောင့်ပဲ ရော့ဘ်မြို့မှာ နယ်မြေလုတဲ့ ပြဿနာ ပေါ်ပေါက်နေပါတယ်။ အာဏာပိုင်တွေက ပြည်သူပိုင်မြေပေါ်မှာ တရားမဝင် စိုက်ပျိုးထားတယ်လို့ ဆိုပြီး ဒူးရင်းပင် ထောင်ချီကို ခုတ်လှဲခဲ့ပါတယ်။

လယ်သမားတွေကလည်း ဆယ်စုနှစ်များစွာအတွင်း ပြဿနာမရှိဘဲ အဲဒီမြေကို အသုံးပြုခဲ့တဲ့အကြောင်း စောဒကတက်ထားပါတယ်။ အခုတော့ ဒူးရင်းတွေ ဆက်လက်စိုက်ပျိုးနိုင်ဖို့ အတွက် မြေငှားရမ်းခ ပေးဆောင်ဖို့ (ဒါမှမဟုတ်) နေရာပြောင်းရွှေ့ခံရမယ်လို့ အတင်းအကျပ်ခြိမ်းခြောက်ခံရတာတွေကြုံနေကြရပါတယ်။

Wide shot of green durian trees and palms planted on hilly terrain

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ရော့ဘ်မြို့က မြေ အများအပြားကို ဒူးရင်းသီးပင်တွေနဲ့ ဆီအုန်းပင်တွေက နေရာယူထားပါတယ်

တချိန်တည်းမှာ တရုတ်နိုင်ငံ၊ ဟိုင်နန်မှာလည်း (ဒူးရင်းသီး) အာဏာသိမ်းမှုတစ်ခု ဖြစ်လာနိုင်ပါတယ်။

နှစ်ပေါင်းများစွာ စမ်းသပ်စိုက်ပျိုးမှုတွေရဲ့ အသီးအပွင့်တွေကို စတင်ခံစားနေရတဲ့ ဟိုင်နန်ပြည်နယ်ဟာ ၂၀၂၅ ခုနှစ်အတွက် ဒူးရင်းသီး ရိတ်သိမ်းမှုပမာဏ တန်ချိန် ၂၀၀၀ အထိရှိလာမယ်လို့ ခန့်မှန်းထားပါတယ်။

လန်စာအပါအဝင် အခြားဒေသတွေက ကြီးထွားလာတဲ့ စက်မှုလုပ်ငန်းတွေလိုပဲ၊ အစားအစာထုတ်လုပ်မှုမှာလည်း တရုတ်နိုင်ငံဟာ ကိုယ်တိုင်ဖူလုံရေးကို ကြိုးပမ်း အားထုတ်လာပါတယ်။

ဒူးရင်းသီး သံတမန်ရေးရဲ့ အကျိုးကျေးဇူးတွေကို ခံစားနေရသလို၊ တစ်ချိန်တည်းမှာပဲ နိုင်ငံပိုင်မီဒီယာတွေက ဆော်သြနေတာက "ဒူးရင်းသီး လွတ်လပ်ရေး" ဖြစ်ပါတယ်။

သဘောကတော့ တခြားနိုင်ငံကိုအားကိုးရတဲ့ စျေးကွက်ကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်လာကြဖို့ဖြစ်ပါတယ်။

"အနည်းဆုံးတော့ ဒူးရင်းသီးတွေကို ထိုင်းနဲ့ ဗီယက်နမ်က ရောင်းသူတွေဆီကနေ မှီခိုစရာမလိုတော့ဘူးပေါ့" လို့ ပြီးခဲ့တဲ့ ဩဂုတ်လက ထုတ်တဲ့ တရုတ်နိုင်ငံပိုင် မီဒီယာက ဆောင်းပါးတစ်ပုဒ်မှာဖော်ပြထားပါတယ်။

 A young man in a grey sweatshirt and grey pants handles a pile of durians.

ဓာတ်ပုံ ရင်းမြစ်, BBC/Koh Ewe

ဓာတ်ပုံ ပုံစာ, ဟိုင်နန် ဒူးရင်းသီးက ရော့ဘ်မြို့က ထွက်တဲ့ ဒူးရင်းသီး အရေအတွက်ကို ကျော်တက်နိုင်မလား

ဒါပေမယ့် အဲဒီလိုဖြစ်ဖို့က ဝေးလှတဲ့ အိပ်မက်တစ်ခုလိုပါပဲ။ ဟိုင်နန်ရဲ့ ပထမဆုံး ပြည်တွင်းထုတ် ဒူးရင်းသီးတွေဟာ ၂၀၂၃ ခုနှစ်မှာ ဈေးကွက်ထဲဝင်လာခဲ့ပေမယ့်၊ အဲဒီနှစ်အတွက် တရုတ်နိုင်ငံရဲ့ စားသုံးမှုရဲ့ ၁% ထက် အောက်လျော့တဲ့ ပမာဏသာ ရှိခဲ့ပါတယ်။

ဒါပေမယ့် ဦးသင်းရဲ့ အမြင်အရတော့ "ဟိုင်နန်ဟာ သူတို့ရဲ့ စမ်းသပ်စိုက်ပျိုးမှုမှာ အောင်မြင်နေပြီ။ သူတို့မှာ ကိုယ်ပိုင်ထုတ်လုပ်မှုရှိလာပြီး သွင်းကုန်လျှော့လာရင် ကျွန်တော်တို့ရဲ့ ဈေးကွက်ထိခိုက်မယ်" လို့ ဆိုပါတယ်။

အခုဆို စျေးကွက်ထဲ ပခုံးတန်း ယှဉ်လိုက်နေတယ်လို့ ပြောပါတယ်။ "ဒါက ကျွန်တော်တို့ စိုးရိမ်စရာ ကိစ္စမဟုတ်ဘူး။ ကျွန်တော်တို့ လုပ်နိုင်တာက ကိုယ့်လယ်တွေကို ဂရုစိုက်ပြီး ထွက်နှုန်းမြှင့်တင်ဖို့ပဲ။"

ရော့ဘ်မြို့မှာ ''ဟိုင်နန်ရဲ့ ဒူးရင်းသီးအကြောင်းသွားမေးမိရင်တော့ မောက်မောက်မာမာနဲ့ "မူဆမ်ကင်းန်ဒူးရင်းသီးနဲ့ယှဉ်နိုင်ပြီလား" လို့ ပြန်မေးခွန်းထုတ်ခံရနိုင်ပါတယ်။

ဒါပေမယ့် တရုတ်နိုင်ငံက "ဒူးရင်းသီး လွတ်လပ်ရေး" ကိုအားစိုက်ထုတ်လာတာနဲ့ အမျှ Musang King မူဆမ်ကင်းန်ဒူးရင်းသီးရဲ့ တရုတ်အပေါ် သြဇာလွှမ်းနိုင်မှုကို ခြိမ်းခြောက်နေပြီဆိုတဲ့အချက်ကိုတော့လျစ်လျူရှုလို့မရပါဘူး။