တရုတ်ကြက်သွန်ဖြူ နဲ့ အမေရိကန်အမျိုးသားလုံခြုံရေးအန္တရာယ်ဘယ်လိုပတ်သက်သွားသလဲ

ဓာတ်ပုံ ရင်းမြစ်, Getty Images
တရုတ်ကတင်ပို့တဲ့ ကြက်သွန်ဖြူတွေဟာ အမေရိကန်အမျိုးသားလုံခြုံရေးအပေါ် သက်ရောက်မှုရှိတာမို့ အစိုးရအနေနဲ့ စုံစမ်းစစ်ဆေးပေးသင့်တယ်လို့ အမေရိကန်အထက်လွှတ်တော်အမတ်တစ်ဦးက တောင်းဆိုလိုက်ပါပြီ။
တရုတ်ကြက်သွန်ဖြူတွေကို မသန့်မရှင်းနဲ့ထုတ်လုပ်ထားတာမို့ စိတ်မချရဘူးလို့ ရီပတ်ဘလီကန်အထက်လွှတ်တော်အမတ် ရစ် စကော့က ကူးသန်းရောင်းဝယ်ရေးဝန်ကြီးထံကို စာရေးသားပြီး အကြောင်းကြားခဲ့တာဖြစ်ပါတယ်။
တရုတ်ဟာ ကမ္ဘာပေါ်မှာ လတ်ဆတ်တဲ့ ကြက်သွန်ဖြူနဲ့ အအေးခံကြက်သွန်ဖြူ အများဆုံးတင်ပို့နေတဲ့နိုင်ငံဖြစ်ပြီး အမေရိကန်က အဓိကဖောက်သည် ဖြစ်နေပါတယ်။
ဒါပေမဲ့ နှစ်နိုင်ငံကြား ကုန်သွယ်ရေးမှာ အငြင်းပွားစရာတွေရှိနေတာ နှစ်ပေါင်းများစွာ ကြာပါပြီ။
တရုတ်ဟာ ကြက်သွန်ဖြူတွေကို ထုတ်လုပ်မှုကုန်ကျစရိတ်ထက်နည်းတဲ့ တန်ဖိုးနဲ့ ဈေးကွက်ထဲတင်ပို့ပြီး ဈေးကွက်ပျက်အောင် လုပ်နေတယ်လို့ အမေရိကန်က စွပ်စွဲထားပါတယ်။
အမေရိကန်ထုတ်လုပ်ရောင်းချသူတွေဟာ ကာလပေါက်ဈေးချင်းမယှဉ်နိုင်ဘဲ ဈေးကွက်ကနေ ထွက်ခွာသွားနိုင်ခြေရှိတာကို တားဆီးတဲ့အနေနဲ့ အမေရိကန်ပြည်ထောင်စုဟာ ၁၉၉၀ ပြည့်နှစ်ကျော်ကာလတွေကတည်းက တရုတ်ပို့ကုန်တွေအပေါ် ကုန်ပစ္စည်းခွန် သို့မဟုတ် အခြားအခွန်တွေ များများစားစားကောက်ခံလာခဲ့ပါတယ်။
၂၀၁၉ ခုနှစ် ထရမ့်အစိုးရလက်လက်ထက်မှာ သွင်းကုန်ခွန်အပေါ် စည်းကြပ်တဲ့ပမာဏကို တိုးမြှင့်ခဲ့ပါတယ်။
လက်ရှိစိုးရိမ်စရာတွေနဲ့ပတ်သက်လို့လည်း အထက်လွှတ်တော်အမတ် စကော့က သူ့စာမှာ ရေးသားထားပါတယ်။
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
နိုင်ငံခြားတိုင်းပြည်တွေ အထူးသဖြင့် ကွန်မြူနစ်နိုင်ငံတရုတ်မှာ စိုက်ပျိုးတဲ့ ကြက်သွန်ဖြူတွေရဲ့ အရည်အသွေးနဲ့ အန္တရာယ်ကင်းမှုမှာ အများပြည်သူကျန်းမာရေးဆိုင်ရာ စိုးရိမ်စရာတွေရှိတယ်လို့ သူက ရေးသားထားပါတယ်။
ကြက်သွန်ဖြူတွေကို မစင်တွေလောင်းပြီး စိုက်ပျိုးတာအပါအဝင် အွန်လိုင်းဗီဒီယို၊ ချက်ပြုတ်မှုဆိုင်ရာဘလော့တွေနဲ့ မှတ်တမ်းဗီဒီယိုမှာ ဖော်ပြထားတဲ့ အလေ့အကျင့်တွေကို သူက ညွှန်းဆိုထားပါတယ်။
ထုတ်ကုန်တချို့က အမေရိကန်လုံခြုံရေးအပေါ် သက်ရောက်မှုနဲ့ပတ်သက်လို့ စုံစမ်းစစ်ဆေးခွင့်ပြုတဲ့ ဥပဒေတစ်ခုအရ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက အရေးယူဆောင်ရွက်ပေးဖို့ သူက တောင်းဆိုထားပါတယ်။
စုံစမ်းစစ်ဆေးသင့်တဲ့ ကြက်သွန်ဖြူအမျိုးအစားတွေနဲ့ပတ်သက်လို့ အထက်လွှတ်တော်အမတ် စကော့က သေသေချာချာ ရေးသားဖော်ပြထားပါတယ်။
ကြက်သွန်ဖြူ တစ်လုံးလုံးကစပြီး အမြွှာလိုက် ကြက်သွန်ဖြူ ၊ အခွံခွာထားတဲ့ ကြက်သွန်ဖြူရော မခွာထား တဲ့ ကြက်သွန်ဖြူ ရော၊ အအေးခံထားတဲ့ ကြက်သွန်ဖြူ ရော လတ်ဆတ်တဲ့ ကြက်သွန်ဖြူပါ မချန် စုံစမ်းစစ်ဆေးဖို့ သူက တိုက်တွန်းထားပါတယ်။
ရေနဲ့ ဖြစ်စေ၊ အခြားပစ္စည်းနဲ့ဖြစ်စေ အချဉ်ဖောက်ထားတဲ့ ကြက်သွန်တွေကိုလည်း စုံစမ်းစစ်ဆေးရမယ်လို့ သူက တိုက်တွန်းထားပါတယ်။
အစားအစာအန္တရာယ်ကင်းရေးနဲ့ လုံခြုံရေးဟာ အသက်ရှင်သန်ရေးဆိုင်ရာအရေးပေါ်ဖြစ်ပြီး ဒါဟာ အမျိုးသားလုံခြုံရေး၊ အများပြည်သူကျန်းမာရေးနဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတို့အတွက် ကြီးမားတဲ့ အန္တရာယ်ဖြစ်တယ်လို့ လွှတ်တော်အမတ်က ပြောထားပါတယ်။
တရုတ်မှာ ကြက်သွန်ဖြူစိုက်ပျိုးတဲ့အခါ မစင်ကို ဓာတ်မြေဩဇာအဖြစ် အသုံးပြုထားတဲ့ အထောက်အထားမရှိဘူးလို့ ကနေဒါနိုင်ငံ ကွီဘတ်က သိပ္ပံဆိုင်ရာကိစ္စတွေကို နားလည်အောင် ရှင်းပြတဲ့နေရာမှာ နာမည်ကြီးတဲ့ မက်ဂီးတက္ကသိုလ်၊ သိပ္ပံနဲ့ လူ့အဖွဲ့အစည်းဆိုင်ရာဌာနက ရှင်းလင်းထားပါတယ်။
မစင်နဲ့စိုက်ပျိုးရင်လည်း ပြဿနာမရှိပါဘူးလို့ ၂၀၁၇ ခုနှစ်မှာ တက္ကသိုလ်က ပုံနှိပ်ဖော်ပြတဲ့ ပညာရပ်ဆိုင်ရာစာတမ်းတစ်ခုမှာ ဖော်ပြထားပါတယ်။
လူသားမစင်ဟာလည်း တိရစ္ဆာန်မစင်လိုပဲ စိုက်ပျိုးရေးမှာ ဓာတ်မြေဩဇာအဖြစ် အသုံးဝင်ပြီး သီးနှံစိုက်ခင်းထဲမှာ လူသားမစင်တွေဖြန်းတာက ကြားရတာတော့မကောင်းပေမယ့် ထင်ထားတာထက်ကို ဘေးကင်းပါတယ် လို့ စာတမ်းမှာ ဖော်ပြထားပါတယ်။








