အစာစားအပြီး လေလည်ဖို့ လမ်းလျှောက်ထွက်တာက ကျန်းမာရေးကောင်းနိုင်လား

ဓာတ်ပုံ ရင်းမြစ်, Getty Images
- ရေးသားသူ, ဆာရာ ဘဲလ်
- ရာထူးတာဝန်, ကမ္ဘာတဝန်းကျန်းမာရေးရာ သတင်းထောက်၊ ဘီဘီစီကမ္ဘာတလွှားအသံလွှင့်ဌာန
အများစုက ကိုယ်လေလည်တာကို ဝန်မခံတတ်ကြပါဘူး။
ဒါပေမဲ့ အစာစားအပြီး ခန္ဓာကိုယ်ထဲက လေအပိုတွေ ထွက်စေဖို့ လမ်းလျှောက်ထွက် လေလည်တာက ကျန်းမာရေးကောင်းတယ်ဆိုပြီး ဆိုရှယ်မီဒီယာပေါ်မှာ ခေတ်စားလာနေပါတယ်။ လူတိုင်း ဒီလိုလိုက်လုပ်သင့်ပါသလား။
ဒီလိုလုပ်ဖို့ ဦးဆောင်လမ်းပြခဲ့သူတစ်ဦးကတော့ ပရော်ဖက်ရှင်နယ် အိမ်တွင်းစီးပွားရေး ပညာရှင်၊ရုပ်ရှင်သရုပ်ဆောင် မယ်ရီလင် စမစ် ပါ။
ခင်ပွန်းသည်နဲ့အတူ လေလည်ထွက်တဲ့ ဗီဒီယိုအတိုတွေက အင်စတာဂရမ်နဲ့ တစ်ခ်တော့ခ်တွေပေါ်မှာ ကြည့်သူ သန်းပေါင်းများစွာရဲ့ အာရုံကို ဖမ်းစားနိုင်ခဲ့ပါတယ်။
"ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်းများစွာ၊ များစွာတုန်းက ညနေစာစားအပြီး ကျွန်မတို့ ခွေးကျောင်း ထွက်လေ့ရှိပါတယ်။ အဲဒီအခါ လေလည်ထွက်ကြစို့ဟေ့ လို့ ကျွန်မတို့ ပြောလေ့ရှိပါတယ်။ ဘာလို့လဲဆိုတော့ ခွေးကျောင်းထွက်ရင်း ကျွန်မတို့လေလည်တိုင်း ခွေးကို လက်ညှိုးထိုး အပြစ်ပုံချလေ့ရှိကြတာမို့ပါ" လို့ သူက ပြောပြပါတယ်။
လမ်းလျှောက်ထွက် လေလည်လိုက်တာက ဘာလို့ကောင်းတာလဲ
"လေလည် ထွက်တယ် " ဆိုလို့ ရယ်စရာ ဖြစ်ကောင်းဖြစ်နေမှာပါ။ ဒါပေမဲ့ ဒါက ကျန်းမာရေးအတွက် တကယ့်ကို အကျိုး ရှိပါတယ်။ အဓိကအားဖြင့် အစာစားအပြီး ခန္ဓာကိုယ်ထဲမှာ ပိတ်မိနေတဲ့ လေဆိုးတွေကို ထုတ်ပစ်ရာမှာ အထောက်အကူ ပြုစေပါတယ်။
အစာ၊ ရေနဲ့ တံတွေးတွေကို မြိုချလိုက်တဲ့အခါ လေပမာဏ အနည်းအပါးကိုလည်း မြိုချမိတတ်ပြီး အဲဒီလေတွေက အစာချေစနစ်ထဲမှာ စုလာတတ်ပါတယ်။ ဒါ့အပြင် ချေဖျက်ဖို့ ခက်တဲ့ အစာတွေကို စားပြီးရင်လည်း အစာချေဖျက်နေချိန်အတွင်းမှာ လေတွေ စုပုံလာနိုင်ပါတယ်။ တချို့ဆေးဝါးတွေနဲ့ မတည့်တဲ့အစာတွေကလည်း ခဏခဏ လေလည်စေပါတယ်။
လမ်းလျှောက်တယ်ဆိုတာက တကယ့်တကယ်မှာ ကိုယ့်ရဲ့ အူလမ်းကြောင်းကို နှိပ်နယ်ပေးတဲ့ သဘောပါ။ ဒီတော့ အထဲက လေဆိုး အပြင်ထွက်သွားအောင် ကူပြီး တွန်းထုတ်ပေးပါတယ်။
ဒါ့ကြောင့် လူအတွက် တကယ့်ကို အကျိုးပြုပါတယ် လို့ မယ်ရီလင်းက ပြောပါတယ်။ မယ်ရီလင်းဟာ ကနေဒါနိုင်ငံ တိုရွန်တိုမြို့က လူကြိုက်များတဲ့ အချက်အပြုတ်စာအုပ် ရှစ်အုပ်ကို ရေးခဲ့သူ ဖြစ်ပါတယ်။
ကိုယ်လက်လေ့ကျင့်ခန်း လုပ်တာကလည်း လူ့ အူလမ်းကြောင်းထဲမှာ ရှင်သန်နေတဲ့ သေးငယ်တဲ့ အဏုဇီဝပိုး အတော်များများကို ကောင်းမွန်အောင် ကြီးထွားစေဖို့ အထောက်အကူပေးပါတယ်။
အဲဒီ အဏုဇီဝပိုးတွေကို အထူးသဖြင့် fatty acids ဖက်တီးအက်ဆစ် ထုတ်ပေးတဲ့ အစာအိမ်ထဲမှာ တွေ့ရတတ်ပါတယ်။ သူတို့တွေက အူလမ်းကြောင်း ကျန်းမာရေးအတွက် အကျိုးပြု ပစ္စည်းတွေ ဖြစ်ပါတယ်။
"ဒီအဏုဇီဝပိုး တွေက အူလမ်းကြောင်းထဲမှာ သဘာဝအတိုင်း ရှိနေတတ်တဲ့ သည်းခြေအက်ဆစ် လိုတခြားအရာတချို့ကိုလည်း ပြောင်းလဲစေပါတယ်။ ဒီပြောင်းလဲမှုတွေက အူလမ်းကြောင်း လှုပ်ရှားမှုကို တိုးမြှင့်ပေးပါတယ်။ အဲဒီအတွက် ဝမ်းချုပ်တာကို သက်သာ ကောင်းမွန်စေပြီး လေကောင်းကောင်းလည်စေဖို့ အထောက်အကူပြုပါတယ်" လို့ အစာချေဖျက်မှုစနစ် ကောင်းမွန်ရေး ပရဟိတအဖွဲ့ဖြစ်တဲ့ ယူကေအခြေစိုက် Guts UK ရဲ့ ပြန်ကြားရေးမန်နေဂျာ ဂျူလီ သော်မဆင် က ရှင်းပြပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Mairlyn Smith
လမ်းလျှောက်တာက နှလုံးကျန်းမာရေးကို အထောက်အကူပြုပြီး ကိုယ်ခံအားကိုလည်း တိုးတက်ကောင်းမွန်စေတယ် ဆိုတာကို သိထားကြပါတယ်။ ဒါ့အပြင် လမ်းလျှောက်တာက သွေးချိုပမာဏ ကို ကူထိန်းပေးပြီး သွေးချိုတွေ ရုတ်တရက် ထိုးတက် မလာအောင် တားဆီးပေးခြင်းအားဖြင့် ဆီးချို အမျိုးအစား ၂ ဖြစ်လာမယ့်အန္တရာယ်ကိုလည်း လျှော့ချပေးပါတယ်။
"အစာစားအပြီး ထိုင်မနေဘဲ လှုပ်ရှားနေမယ်ဆိုရင် ခန္ဓာကိုယ် ကြွက်သားတွေက အစာစားအပြီး ထွက်လာတတ်တဲ့ သွေးတွင်းသကြားဓာတ်တွေ သွားလာလည်ပတ်နိုင်အောင် ရေမြှုပ်တစ်ခုလို လုပ်ဆောင်ပေးပါတယ်" လို့ မယ်ရီလင်က ရှင်းပြပါတယ်။
"ဒါက ဒီအန္တရာယ်ကို လျှော့ချဖို့ တစ်ခုတည်းသော နည်း ဖြစ်ရုံတင်သာမက ကျန်းမာရေး အဆပေါင်းများစွာ ပိုကောင်းလာစေမယ့် အလေ့အထ အနည်းအပါးထဲက တစ်ခု ဖြစ်ပါတယ်။"
"လေလည်ထွက်တာ" နဲ့ အမျှင်ဓာတ်ပါတဲ့ အစာ ဆက်နွှယ်မှု
"လမ်းထွက်လျှောက်ပြီး လေလည်တာက အမျှင်ဓာတ်တွေ ပိုစားဖို့ ရည်မှန်းချက်ကို သက်သက်သာသာနဲ့ အောင်မြင်အောင် အထောက်အကူပြုပေးနိုင်ပါတယ်" လို့ အမျှင်ဓာတ်ပါတဲ့ အစာတွေအကြောင်း စာအုပ် ရေးသားခဲ့သူ ယူကေအခြေစိုက် လက်မှတ်ရ အာဟာရပညာရှင် အယ်မာ ဘာ့ဒ်ဝဲလ် က ပြောပါတယ်။
"ကမ္ဘာတဝန်းက လူ ၉၀ ရာခိုင်နှုန်းဟာ တစ်နေ့ကို အမျှင်ဓာတ်ပါတဲ့ အစာ ၃၀ ဂရမ် စားသင့်တယ်ဆိုတဲ့ အကြံပြုချက်ကို မလိုက်နာနိုင်ကြပါဘူး။ ဒါက အမျှင်ဓာတ်ပါတဲ့ အစာတွေ စားရင် လေပွ၊ လေတက်တာမျိုးလို ဘေးထွက်ဆိုးကျိုး အတော်များများကြောင့် မစားချင်ကြတာလို့ ထင်ပါတယ်။ဒီတော့ လမ်းထွက်လျှောက်ပြီး လေလည်ပစ်တာက အမျှင်ဓာတ်ပါတဲ့ အစာတွေ စားဖို့အတွက် အကောင်းဆုံးနည်း ဖြစ်ပါတယ်" လို့ သူက ပြောပါတယ်။
အမျှင်ဓာတ်ပါတဲ့ အစာတွေ စားခြင်းအားဖြင့် ကျန်းမာရေး အကျိုးအမြတ်တွေ အများကြီး ရနိုင်တဲ့အတွက် ဒီအချက်က အရေးကြီးပါတယ်။

ဓာတ်ပုံ ရင်းမြစ်, Emma Bardwell
ဒီလိုလုပ်တာက ကိုလက်စထရော လျော့ကျအောင် အထောက်အကူ ပြုပါတယ်။ သွေးတွင်း သကြားဓာတ် ပမာဏကို ထိန်းညှိရာမှာလည်း အထောက်အကူ ပြုပါတယ်။
ဝမ်းချုပ်တာကိုလည်း တားဆီးပေးပါတယ်။ နှလုံးရောဂါနဲ့ ဆီးချို အမျိုးအစား ၂ လို ရောဂါမျိုးတွေအပြင် အထူးသဖြင့် အူမကြီး ကင်ဆာလို ကင်ဆာရောဂါတချို့ မဖြစ်အောင် ကာကွယ်ရာမှာ အထောက်အကူ ပြုပါတယ်။
ဒါ့အပြင် အမျှင်ဓာတ်ပါတဲ့ အစာတွေက အူထဲမှာရှိတဲ့ အဏုဇီဝပိုးတွေကိုလည်း အားဖြစ်စေပါတယ်။
ဒီတော့ ဒီအဏုဇီဝပိုးတွေက အမျှင်ဓာတ်ပါတဲ့ အစာတွေကို စားတဲ့အခါ ဒီအစာတွေကို အချဉ်ပေါက်စေပြီး ဇီဝဖြစ်စဉ်ပစ္စည်းတွေ ဖန်တီးပေးပါတယ်။
အဲဒီ ဇီဝဖြစ်စဉ်ပစ္စည်းတွေက ခန္ဓာကိုယ်ထဲ လှည့်လည် လှည့်ပတ်သွားပြီး B12 လို ဗီတာမင်တွေကို ပေါင်းစပ်ပေးတာကအစ ဆီရိုတိုနင် လို အာရုံကြော ထုတ်လွှတ်ပစ္စည်းတွေ ဖန်တီးပေးတာမျိုးအထိ အကျိုးကျေးဇူးများစွာ ဖြစ်ထွန်းစေပါတယ်။
စိတ်ကျန်းမာရေး အကျိုးကျေးဇူး
နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ
ပေါ့ဒ်ကတ်စ်အစီအစဉ်များ
End of podcast promotion
ကိုယ်လက်လှုပ်ရှားတာက အန်ဒေါဖင် နဲ့ ဆီရိုတိုနင် လို စိတ်ခံစားမှုကောင်းစေတဲ့ ဓာတုပစ္စည်းတွေ ထုတ်လွှတ်ပေးတာကြောင့် အပြင်ထွက် လမ်းလျှောက်တာက စိတ်ကျန်းမာရေး ပိုကောင်းအောင်လည်း အထောက်အကူပြုနိုင်ပါတယ်။
ဒါ့အပြင် စိတ်ပူပန်မှုတွေကနေ အာရုံလွှဲပေးနိုင်ပြီး ကောင်းကောင်း အိပ်ပျော်အောင်လည်း ကူညီပေးပါတယ်။လမ်းလျှောက်တာက ဖိုမ ဆက်ဆံရေး ကောင်းမွန် တိုးတက်ရေးကိုလည်း အထောက်အကူ ပြုပါတယ်။
ဇနီးမောင်နှံ နှစ်ယောက်စလုံး အလုပ်ကိစ္စ၊ မိသားစု ကိစ္စတွေနဲ့ လုံးပမ်းနေရတာမို့ အတူလမ်းလျှောက်ထွက်တာက လင်မယားစုံတွဲတွေအတွက် နှစ်ယောက်သား အချိန်ပေးနိုင်မယ့် နည်းလမ်းကောင်းတစ်ခုဖြစ်တယ်လို့ မယ်ရီလင် ကပြောပါတယ်။
"အခုဆိုရင် ကျွန်မ ယောက်ျား မရှိချိန်မှာ သူငယ်ချင်း ဒါမှမဟုတ် အိမ်နီးချင်း တစ်ဦးဦးနဲ့အတူ လမ်းလျှောက်ထွက်ပါတယ်။ ဒါက အချင်းချင်း ဆက်သွယ် ချိတ်ဆက်ဖို့ သိပ်ကိုကောင်းတဲ့ နည်းတစ်ခုပါ" လို့ သူကပြောပါတယ်။
ကိုဗစ်ကာလအတွင်းတုန်းက လူတွေကို ပျော်စေချင်တဲ့စိတ်နဲ့ မယ်ရီလင် က သူတို့ဇနီးမောင်နှံ လမ်းလျှောက် လေလည်ထွက်တဲ့ပုံတွေကို အင်စတာဂရမ်ပေါ်မှာ စတင်ခဲ့ပါတယ်။
အဲဒီနောက် ၂၀၂၃ ခုနှစ်မှာတော့ ရေခဲနေတဲ့ နေရာမှာ သူချော်လဲခဲ့ပြီး ဦးနှောက် ဒဏ်ရာ ရသွားခဲ့ချိန်မှာတော့ ဗီဒီယိုအတိုလေးတွေ ထုတ်တာက သူ့ဝေဒနာ ပြန်သက်သာလာစေမှုရဲ့ တစ်စိတ်တပိုင်း ဖြစ်လာခဲ့ပါတယ်။
"ကျွန်မ ဖုန်းကိုင်လိုက်တာနဲ့ ဒီအကြောင်းကိုပဲ စပြောနေတတ်ပါတယ်။ အဲဒါနဲ့ စဉ်းစားမိတာက ငါ့ကို လူတွေက ဒီအကြောင်းနဲ့ပဲ သတိရနေ၊ သိနေတယ်ဆိုရင် ဒါက ရီစရာ အရမ်းကောင်းလို့ဖြစ်မှာပါပဲ " လို့ သူကပြောပါတယ်။
ဘယ်လို လမ်းလျှောက်ထွက်ပြီး လေလည်မလဲ
ဖြစ်နိုင်ရင် အစာစားပြီးတိုင်း လှုပ်ရှားပေးပါ။ အကောင်းဆုံးအချိန်ကတော့ လူအများစု အစားများများစားလေ့ရှိတဲ့ ညစာ စားပြီးချိန် ဖြစ်ပါတယ်။
လမ်းလျှောက် လေလည်ထွက်ဖို့အတွက် တင်းကျပ်တဲ့ စည်းမျဉ်း စည်းကမ်းတွေ မရှိပါဘူး။
ဒါပေမဲ့ စားထားတဲ့ အစာတွေ စချေဖျက်ဖို့ အချိန် နာရီဝက်ကနေ တစ်နာရီလောက် စောင့်ပြီးမှ လမ်းလျှောက်ထွက်သင့်တယ်လို့ အယ်မာ က အကြံပြုပါတယ်။ အချိန်အကြာကြီး ဒါမှမဟုတ် ပြင်းပြင်းထန်ထန် လမ်းလျှောက်စရာ မလိုပါဘူး။
"၁၀ မိနစ်လောက်ပဲ လျှောက်ရင် ရပါပြီ။ ရှုပ်ရှုပ်ထွေးထွေးတွေ လုပ်ဖို့ မလိုပါဘူး" လို့ သူကပြောပါတယ်။
သက်တောင့်သက်တာရှိမယ့် ဖိနပ်တစ်ရန်၊ ရာသီဥတုနဲ့ လိုက်လျောညီထွေဖြစ်မယ့် အဝတ်တစ်စုံပဲ လိုပါလိမ့်မယ်။
"ဆိုရှယ်မီဒီယာပေါ်မှာတော့ ကျန်းမာရေး ကိစ္စတွေက တစ်ခါတလေ အထက်တန်းကျပြီး စျေးကြီးတဲ့ လှည့်ကွက်တွေကြောင့် နက်နဲရှုပ်ထွေးမှု ဖြစ်စေတတ်ပါတယ်" လို့ အယ်မာ ကပြောပါတယ်။
"အစာစားပြီးရင် လမ်းလျှောက်ထွက်တဲ့အကြောင်း ရိုးရိုးစင်းစင်း ပြောတာက တကယ်ပဲ စိတ်ကို လန်းဆန်း တက်ကြွစေပါတယ်။ ဒါက လူအများစု လုပ်နိုင်ပြီး အကုန်အကျ လုံး၀ မရှိလို့ပါပဲ" လို့ သူကပြောပါတယ်။
"လမ်းလျှောက် လေလည်ထွက်တာကို ကိုယ်လုပ်နေကျတွေထဲ ထည့်သွင်းလုပ်တာဟာ သေးငယ်တဲ့ အလေ့အထကောင်းလေးတစ်ခု ဖြစ်ပြီး ပိုကျန်းမာတဲ့ဘဝ တစ်ခုကို ဖြစ်လာစေနိုင်တယ်" လို့ မယ်ရီလင် က ပြောပါတယ်။
"ဒီအကြံပြုချက်ငယ်လေးတွေက ကိုယ်ခန္ဓာ သန်စွမ်းပြီး စိတ်ခံစားမှု ကောင်းမွန်စေရေးမှာအထောက်အကူ ဖြစ်စေပါလိမ့်မယ်" လို့ သူကပြောပါတယ်။
"လူတွေ ဒီလောက် စိတ်ဝင်စားမှု ရှိလာတာ အပေါ် ကျွန်မ အရမ်းကို စိတ်လှုပ်ရှား ပျော်ရွှင်မိပါတယ်။ ကျွန်မရဲ့ တစ်ခုတည်းသော ရည်မှန်းချက်က လူတွေကို ဆိုဖာပေါ်ကနေ ဆွဲထုတ်ချင်တာပါ။"












